သုံးပန်လှစေတီသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့တွင် တည်ရှိသည်။ တောင်ဘက်စောင်းတန်းမုခ်ဦးတွင် ခြင်္သေ့ကြီး နှစ်ကောင် ရှိသည်။ မြို့ကြီးကုန်းမြောက်ဘက် မင်္ဂလာကန်တော်အတွင်း တည်ရှိ၍ ဉာဏ်တော် ၁၆၆ ပေ ရှိသည်။ လေးထောင့်အုတ်ခုံပေါ်တွင် ပစ္စယာခံ၍ ခေါင်းလောင်းပုံ စေတီ ပေါက်ထားသည်။ ပစ္စယာ ငါးဆင့် ရှိပြီး အောက်ဆုံး ပစ္စယာ၏ထောင့်လေးထောင့်တွင် ခြင်္သေ့တကောင်စီ ရှိသည်။ ပစ္စယာအဆင့်ဆင့်ရှိ အရံစေတီပေါင်းသည် ၆၅ ဆူ ရှိသည်။ ပစ္စယာများပေါ် တက်ရန် အရပ်လေးမျက်နှာတွင် နတ်လှေကား တစင်းစီ ရှိသည်။ သီရိဓမ္မာသောကမင်း တည်သော သံတောင် ၅ တောင် (၈.၃ ပေ)ရှိ တလုပ်ဗမ္ဗူက မုဋ္ဌောစေတီအား သာသနာနှစ် ၇၇၅ ခုနှစ်တွင် ပျူစောထီးမင်းက ရွှေထီး ၇ ဆင့်ဖြင့် မွမ်းမံတည်ဆောက်ခဲ့ပြီး သဗ္ဗညူဟု ဘွဲ့မည် ဆက်ကပ်သည်။ သာသနာနှစ် ၁၆၆၁ ခုနှစ်တွင် နရပတိစည်သူမင်းက ရွှေထီး ၉ ဆင့် တင်လှူမွမ်းမံသည်။ သမ္ဘူလစေတီဟု ဘွဲ့မည် ကပ်လှူသည်။ သာသနာ ၁၇၆၇ ခုနှစ်တွင် နန်းတောင်းများမင်း ဇေယျသိင်္ခသည် ထီးတော် ၁၁ ဆင့် တင်၍ မွမ်းမံသည်။ သုံးပန်လှ ဘွဲ့မည် ကပ်လှူသည်။ သာသနာ ၂၁၈၈ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် ပြိုပျက်သဖြင့် သာလွန်မင်း ပြုပြင်တည်ဆောက်ခဲ့သည်။ ထို့နောက် ၂၃၈၈ ခုနှစ်တွင် ငလျင်ဒဏ်၊ ၂၄၅၄ ခုနှစ်တွင် မိုးကြိုးဒဏ်တို့ကြောင့် အနည်းငယ် ပျက်စီးသဖြင့် ခေတ်အဆက်ဆက် ပြုပြင်လာခဲ့ကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ခွန်စိုင်းဝမ်း (၂၀၀၂၊ ဧပြီလ)။ တလုပ်မြို့သုံးပန်လှစေတီ။ နက္ခတ္တရောင်ခြည်။ p. ၁၉။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)