သုဿာန်ဓုတင်
သုဿာန်ဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ သုဿာန်ဓုတင် ဆောက်တည်မည့်ရဟန်းသည် သန်းခေါင်ယံပတ်လုံး သုဿာန်နေ၍ မိုးသောက်ယံ၍ သုဿာန်မှ ထွက်သင့်သည်ဟု အင်္ဂုတ္တိုရ်ဆောင်မထေရ်များက ဆိုကြသည်။
ဤတွင် လူတို့က သုဿာန်ဟု သတ်မှတ်ထားသော်လည်း လူသေအလောင်း မဖုတ်၊ မချ၊ မမြှုပ်၊ မရှို့ရသေးလျှင် သုဿာန်မမည်ပေ။[၁]
အလောင်းကို မီးရှို့ အပ်သော်သာ သုသာန် မည်၏။ အလောင်းကို မီးရှို့ရာအခါမှ စ၍ ၁၂-နှစ်တိုင် ကာလကြာအောင် စွန့်ပစ်ထားအပ်သော်လည်း သုသာန်ပင်ဖြစ်၏။ သုသာန်၌ နေသောရဟန်းသည် စင်္ကြံမဏ္ဍပ်စသည်တို့ကို ဆောက်လုပ်စေ၍ ညောင်စောင်း အင်းပျဉ် ခင်းစေကာ သောက်ရေသုံးဆောင်ရေ တည်ထားစေလျက် စာပေပို့ချပြီး မနေရ။ ဓုတင်ကို ဆောင်ရန် ဝန်လေးလှ၏။
ဆောက်တည်ပုံ
ပြင်ဆင်ရန်ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် နသုသာနံ ပဋိက္ခိပါမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ သုသာန်မဟုတ်သော အရပ်ကို ပယ်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊
သောသာနိကင်္ဂံ သမာဒိယာမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ သုသာန်၌ နေလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]
ရှောင်ကြည်ရန်များ
ပြင်ဆင်ရန်ဖြစ်၍ ဖြစ်ပေါ်လာသော ဘေးရန်ကို ပယ်ဖျောက်နိုင်ရန် သံဃာ့ထေရ်နှင့် သက်ဆိုင်ရာ အာဏာပိုင်လူကြီးမင်းတို့ကို အသိပေး၍ မမေ့မလျော့ နေရ၏။ စင်္ကြံသွားသောအခါ ထက်ဝက်သော မျက်စိဖြင့်အလောင်းကောင် မီးရှို့ရာကို စောင်းငဲ့ကြည့်ကာ စင်္ကြံသွား ရာ၏။ သုသာန်သို့ သွားသောအခါ အများတကာ သွားရိုး လမ်းမမှ မဖဲမသွားပဲ ရှောင်လွှဲခါ၍ ဖြတ်လမ်းခရီးဖြင့် (မိမိ၏ သောသာ နိကအဖြစ် မသိစေရန် လျှို့ဝှက်၍) သွားရ၏၊ လာဘသက္ကာရကို မျှော်လင့် တောင့်တ၍ ယင်းဓုတင်ကို ဆောက်တည်သော ပိယဂါမိက ရဟန်း [၂]ကဲ့သို့ ညအခါ၌ အထင်မှားသဖြင့် ကြောက်လန့်မှုမဖြစ်စေရန် နေ့အခါက သစ်ငုတ်, ချုံဖုတ် စသည်ကို မှတ် မှတ်သားသား ကြည့်ရှုထားသင့်၏။ ညအခါ၌ ကြောက်မက်ဖွယ်ရာ ဟစ်အော်ကာဖြင့် လှည့်လည်သွားလာနေသော ဘီလူး သရဲ သဘက်တို့ကို တစုံတခု ခဲဒုတ်စသည်ဖြင့် ပစ်ခတ်မှု မပြုကောင်း။ တရက်တလေမျှ သုသာန်သို့ မသွားပဲ မနေရ။ သုသာန်၌ သန်းခေါင် (မဇ္ဈိမ) ယာမ် ကုန်စေပြီးလျှင် မိုးသောက် (ပစ္ဆိမ) ယာမ်၌ ပြန်လာနိုင်၏ဟု အင်္ဂုတ္တရနိကာယ်ဆောင် မထေရ်တို့ မိန့်ဆိုကြသည်။ သောသာနိကဓုတင်ဆောင် ရဟန်းများသည် ဆီထွေး, နှမ်းလှော်, ပဲ, ထမင်း, ငါး, အမဲ, နို့ရည်, ဆီ, တင်လဲတို့ကို မစားပဲ ရှောင်ကြဉ်ရသည်။ ဒကာ, ဒကာမတို့၏ အိမ်သို့လည်း မဝင်ရချေ။
ဓုတင်ဆောင် ရဟန်း၃-မျိုး
ပြင်ဆင်ရန်ဤ၌လည်း
(၁) အမြတ်စား (ဥက္ကဋ္ဌ) ဓုတင်ဆောင် ရဟန်းသည် အလောင်းကောင်ကို မပြတ် မီးရှို့ ရာ မပြတ်အပုပ်နံ့နံရာ ငိုကြွေးသံ မပြတ်ရာ သုသာန်မှာ နေရ၏။
(၂) အလတ်စား (မဇ္ဈိမ) ဓုတင်ဆောင် ရဟန်းသည် ပြဆိုပြီး အချက်တခုခုရှိရာ သုသာန်မှာ နေရ၏။
(၃) အညံ့စား (= မုဒုက) ဓုတင် ဆောင်ရဟန်းသည် သုသာန်လက္ခဏာရောက် ကာမျှဖြစ်သော သုသာန်၌ နေနိုင်သည်။ [၃]
ဓုတင် ပျက်စီးခြင်း
ပြင်ဆင်ရန်သုဿာန်မဟုတ်သော အရပ်၌နေလျှင် သုဿာန်ဓုတင် ပျက်၏။ သုဿာန်သို့ မသွားသောနေ့၌ ဓုတင်ပျက်သည်ဟု အင်္ဂုတ္တိုရ်ဆောင် ရဟန်းများက ဆိုကြသည်။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍ ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁]
သောသာနိက ဓုတင်ဆောင်ရကျိုး
ပြင်ဆင်ရန်- (၁) သေခြင်း၌ ဖြစ်သောသတိကို အဖန်ဖန် ရနိုင်ခြင်း၊
- (၂) မမေ့မလျော့ နေလေ့ရှိသူ ဖြစ်ခြင်း၊
- (၃) အသုဘနိမိတ်ကို ရခြင်း၊
- (၄) ကာမရာဂကို ပယ်ဖျောက်နိုင်ခြင်း၊
- (၅) အမြဲ မပြတ် ခန္ဓာကိုယ်၏ အသုဘ သဘောကို မြင်ခြင်း၊
- (၆) သံဝေဂ များစွာ ဖြစ်ခြင်း၊
- (၇) အာရောဂျမဒ (ကျန်းမာခြင်းကို စွဲ၍ မာန်ယစ်ခြင်း) စသည်ကို ပယ်ဖျောက် နိုင်ခြင်း၊
- (၈) ဘေးကြီး ဘေးငယ်ကို သည်းခံနိုင်ခြင်း၊
- (၉) ဘီလူး သရဲ သဘက်တို့၏ လေးစားမှုကို ခံရခြင်း၊
- (၁၀) အပ္ပိစ္ဆတာ စသော ဂုဏ်တို့အားလျော်သော အသက် မွေးမှုရှိခြင်း ဟူသော အကျိုးတို့ကို ရနိုင်သည် [၄]။[၃]
တိုက်တွန်းချက်
ပြင်ဆင်ရန်သုသာန်ဓုတင်ဆောင်ပုဂ္ဂိုလ်သည် မရဏာနုဿတိဘာဝနာ အစွမ်းကြောင့် အိပ်မက်၌လည်း မမေ့မလျော့ရှိ၏။ များစွာသော အသုဘနိမိတ်တို့ကြောင့် ကာမရာဂတည်းဟူသော ကိလေသာစိတ်များ မဖြစ်စေနိုင်ကုန်။ ပြန့်ပြောကြီးကျယ်များပြားသော ထိတ်လန့်တတ်သော သံဝေဂဉာဏ်သို့ ရောက်သောကြောင့် မာန်ယစ်ခြင်းကို ပယ်နိုင်၍ သေခြင်းကင်းရာ ငြိမ်းအေးချမ်းသာသော နိဗ္ဗာန်ကို ဦးတည်လျက် ကောင်းစွာလုံ့လပြု၍ ကြိုးစားအားထုတ်တတ်၏။ ဤသို့လျှင် များပြားလှစွာသော ဂုဏ်ကျေးဇူးတို့ကို ဖြစ်ထွန်းစေတတ်သောကြောင့် ယောဂီရဟန်းမြတ်သည် သုသာန်ဓုတင်ဆောင်ခြင်းကို ကောင်းစွာကြိုးစား အားထုတ်အပ်ပေတော့သတည်း။ [၅]