သောင်လွမ် ( လာအို: ພຣະທາດຫຼວງ သို့မဟုတ် ທາດຫຼວງ, IPA: [tʰâːt lwǎːŋ] 'ပုထိုးတော်ကြီး') လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့လယ်ရှိ ရွှေချထားသော ပုထိုးဖြစ်သည်။ [၁] ၃ ရာစုတွင် စတည်သော်လည်း ပြန်ပရန်များကြောင့် ကြိမ်ဖန်များစွာ ပြုပြင်ခဲ့ရသည်။ လာအိုရှိ အထင်ရှားဆုံးအမျိုးသားအထိမ်းအမှတ်နှင့်အမျိုးသားသင်္ကေတအဖြစ် မှတ်ယူကြသည်။ [၂]

သောင်လွမ်

သမိုင်း ပြင်ဆင်ရန်

 
ပရဝုဏ်အတွင်းမှ တွေ့ရစဉ်

လာအိုလူမျိုးတို့ အဆိုအရ ၁ ရာစုတွင် ဟိန္ဒူဘုရားကျောင်းအဖြစ် ဆောက်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့ကမူ အာရီယာန်အင်ပါယာရှင် အာသောကဘုရင်က စေလွှတ်သည့် သာသနာပြုရဟန်းများအနက် ဘူရီချန် (သို့မဟုတ်) ဖရားချန်သာဘူရီ ပစ္ဆိသီဆပ်နှင့် အခြား ရဟန္တာ ၅ ငါးတို့ ဘုရားရှင်၏ ဓာတ်တော် (ရင်ဘတ်ရိုး) ဖြင့် တည်သည်ဟု ယုံကြည်ကြသည်။ ၁၃ ရာစုတွင် ခမာတို့ ဝင်လာသော် ဘုရား ပြိုလေသည်။

၁၆ ရာစု အလယ်ပိုင်းတွင် ဆဿသီရပ်မင်းက နန်းတော်ကို လွမ်ပရာဘွမ်မှ ဗီယင်ကျန်းသို့ ရွေ့ပြီး ၁၉၆၆ ခုတွင် သောင်လွမ်ကိုလည်း ပြုပြင်ရန် အမိန့်ပေးသည်။ [၃] ဗီယက်ကျင်းမြို့လယ်မှ သောင်လွမ်ကြား ၄ ကီလိုမီတာရှည်သော လမ်းဖောက်ပြီး ဘုရားသောင်လွမ်လမ်းဟု အမည်ပေးသည်။ [၂] ဘုရားအခြေမှာ တဖက်လျှင် ၆၉ မီတာစီ ရှိပြီး ၄၅ မီတာ မြင့်သည်။ အရံစေတီ ၃၀ နှင့် ရံထားသည်။ ဘွဲ့မည်ရင်းမှာ ဘုရားစေတီ လောကစူဠာမဏိ (Pha Chedi Lokajulamani) ဖြစ်သည်။

၁၆၄၁ ခုတွင် ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီ၏ တမန်ဖြစ်သော ဂဲရစ်ဗန်ဝူဆော့ဖ် သည်ဗီယင်ကျန်းသို့ အလည်ရောက်ရာ ဘုရင် သူရိယဝံသက သောင်လွမ်ဘုရား၌ အလှူပြုကာ ဧည့်ခံသည်။ ထိုအတွေ့အကြုံကို အလေးချိန် ပေါင်တသောင်းခန့်ရှိသော ရွှေရွက်ဖြင့် ဖုံးထားသော အထွဋ်ရှိသည့် ပိရမစ်ကြီး ဟု ရေးသားခဲ့သည်။ [၄] ထိုအထွဋ်ကို ဗမာ၊ ယိုးဒယားနှင့် တရုတ်တို့က အကြိမ်ကြိမ် လုယူဖူးသည်။ [၃]

၁၈၂၈ ခုနှစ် ထိုင်းတို့ ကျူးကျော်မှု ကြောင့် ဘုရားပြိုကာ အကြီးအကျယ်ပျက်စီးသွားသည်။ ၁၈၆၇ ခုတွင် ပြင်သစ် ဗိသုကာနှင့်စူးစမ်းရှာဖွေသူ လူးဝစ် ဒေလာပို ဆွဲခဲ့သောအဆောက်အဦပုံများအပေါ် အခြေခံ၍ ပြင်သစ်တို့က ၁၉၀၀ ပြည့်၌ ပြန်တည်သည်။ [၃] သို့သော် မအောင်မြင်သောကြောင့် ၁၉၃၀ ဝန်းကျင်တွင် ပုံစံပြန်ချပြီး ထပ်တည်သည်။ ပြင်သစ်-ထိုင်းစစ်ပွဲအတွင်း ထိုင်းတို့၏ လေကြောင်းရန်ကြောင့် အကြီးအကျယ် ပျက်စီးပြန်သည်။ ဒုတိယကမ္ဘာစစ်အပြီး၌ ပြန်တည်ခဲ့သည်။

အဆောက်အအုံ၏ ဗိသုကာလက်ရာတွင် လာအိုယဉ်ကျေးမှုနှင့် ဝိသေသလက္ခဏာများကိုထည့်တည်ထားရာ လာအိုအမျိုးသားရေးဝါဒ၏ အမှတ်အသားဖြစ်လာသည်။

ပုထိုး၌ ဗုဒ္ဓဘာသာသုံး ပစ္စယာ ၃ ဆင့် ပါသည်။ ပထမပစ္စယာ၌ ၆၇x၆၈ မီတာ၊ ဒုတိယပစ္စယာ၌ ၄၇ မီတာပတ်လည်၊ တတိယပစ္စယာမှာ ၂၉ မီတာပတ်လည် အသီးသီးဖြစ်သည်။ [၃] မြေပြင်မှ အထွဋ်အထိ ဉာဏ်တော် ၁၄၇.၆ ပေ (၄၄ မီတာ) မြင့်သည်။

အထွဋ် ရွှေအစစ် ချထားပြီး ကျန်အပိုင်းများကိုရွှေရောင် ခြယ်ထားသည်။ ပုထိုးတွင်းသို့ ဝင်သော တံခါးများကို ယွန်းနီ သုတ်သည်။

ယခင်က ဘုရားဖူးများအနေဖြင့် ပရဝုဏ်အတွင်းထိ ကားနှင့် ဝင်နိုင်သည်။ ဘုရင် ဆဿသီရပ်၏ ရုပ်တုတွင် အက်ကွဲရာများ ပေါ်လာပြီးနောက် ယာဉ်ကြော မပိတ်စေရန်နှင့် တုန်ခါမှုကြောင့် အဆောက်အဦများ မထိခိုက်စေရန် ဘုရားပရဝုဏ်ကို ဝင်းခတ်ထားသည်။ ဝင်းအကျယ်မှာ ၂၇၉ ပေ (၈၅ မီတာ) ပတ်လည်ဖြစ်ပြီး ဘုရားဝင်းအတွင်း ဂျေယာဗာမန် (၇) အပါအဝင် လာအိုနှင့် ခမာပန်းပုလက်ရာ များစွာရှိသည်။ [၃]

ဘုရားပွဲ ပြင်ဆင်ရန်

ဘုရားပွဲကို စိုက်ပျိုးရေးရာသီကုန်ပြီး မိုးလေလွတ်သည့် နိုဝင်ဘာလ (လတွက်နှစ် ၁၂ လမြောက်) တွင် နှစ်စဉ် ကျင်းပသည်။ ပွဲရက်မှာ ၃၇ ရက်ကျော် ဖြစ်သည်။ ဘုရားပွဲမတိုင်မီကပင် ပွဲဈေးကို ကြိုခင်းထားတတ်သည်။

ဘုရားပွဲစသည့် ညနေတွင် ရင်ပြင်၌ ဘုန်းကြီးများက ပြဿဒ်ပုံဖော်ထားသော ရောင်စုံဖယောင်းတိုင်နှင့် ပူဇော်လေ့ရှိသည်။ ထို့နောက် ဘုရားအား လက်ယာရစ် ၃ ပတ်လှည့်ကာ အမွှေးတိုင်၊ ပန်း၊ တံခွန်ကုက္ကားတို့ဖြင့် ပူဇော်ကြသည်။ တံခွန်ကုက္ကားတို့မှာ သေးလျှင် ဝါးကို စိတ်ကာသုံးပြီး ကြီးလျှင် ငှက်ပျောပင် (ပင်စည်) ကို သုံးသည်။

တနိုင်ငံလုံးအတွက် အရေးအကြီးဆုံး ဘုရားပွဲဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ လူတို့က ဝတ်ကောင်းစားလှတို့ဖြင့် အစုအဖွဲ့လိုက် ဘုရားပွဲ လာကြသည်။ လူတန်းဖြင့် လာပြီး ရိုးရာအဝတ်အစားဝတ်ကာ အတီးအမှုတ်၊ အဆိုအကတို့လည်း ပါသည်။ ဘုရားသို့ရောက်လျှင် ဘုန်းကြီးများနည်းတူ လက်ယာရစ်လှည့် ပူဇော်ကြသည်။

ဘုရားဝင်း၌ မြို့တည်တိုင်ရှိပြီး ဒဏ္ဍာရီများအရ ထိုတိုင်အောက်၌ မိမိဆန္ဒအလျောက် စတေးခံခဲ့သော ကိုယ်ဝန်သည် နန်းစီမှာ နတ်အဖြစ် ရှိနေသည်ဟု ယုံကြည်ကြသည်။ ထိုနတ်ကိုလည်း ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်တို့ဖြင့် ပူဇော်သည်။

ဘူမိသုန္ဒရီ ခေါ် မြေစောင့်နတ်သမီးကို ပူဇော်သူများလည်း ရှိသည်။ မြေပြင်သို့ ရေစင်သွန်းကာ လွန်လေပြီးသော အဆွေအမျိုးတို့ကို အမျှယူစေခြင်း ဖြစ်သည်။ ငှက်လွှတ်ခြင်း၊ ငါးလွှတ်ခြင်းတို့လည်း ပြုကြသည်။

ဆွမ်းဆန်စိမ်းလောင်းကာ ဘုရားပွဲ ပိတ်သည်။

 
ခမာအင်ပါယာဘုရင် ဂျေယာဗာမန် (၇) ။

ရုပ်ပုံတိုက် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. "Laos: A day in Vientiane is full of temples, colonial architecture and surprises"၊ USA Today / AP၊ 2004-12-28။ May 22, 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 30 May 2007။ 
  2. ၂.၀ ၂.၁ Half Day Tour In Vientiane။ Lasi Global။ 2 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 26, 2009 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ Pha That Luang (built 1566, reconstructed 1930)။ Asian Historical Architecture။ September 26, 2009 တွင် ပြန်စစ်ပြီး။
  4. Lonely Planet Country Guides:Laos။ Lonely Planet။