အာဟာရဓာတ်များ
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ယနေ့ခေတ်လူများသည် ရှေးခေတ်လူများ စားသောက်ခဲ့ကြရသည့် အစားအစာမျိုးကိုသာ ဆက်လက် စားသောက်နေကြရလျှင် အမှန်မုချ အော့အန်ကြမည် ဖြစ်၏။ ရှေးခေတ်လူများသည် ရှေးခေတ် အလျောက် မည်သည့်ပစ္စည်းကိုမျှ တီထွင်ဆန်းသစ်နိုင်ကြခြင်းမရှိသေးသောကြောင့် ရသမျှ အသီးအနှံများ၊ သစ်ဥသစ်ဖု၊ သစ်မြစ်များနှင့် သားငယ် ငါးငယ် များကို အစိမ်းလိုက် စားခဲ့ကြရလေသည်။ ထိုလူများသည် သားငါး တိရစ္ဆာန်များကိုရလျှင် ပျော်ရွှင်စွာ စားသောက်ကြပြီး ကံမကောင်းအကြောင်းမလှသောကြောင့် မရကြလျှင်လည်း အငတ်ခံကာ နေခဲ့ကြရသည်။
ရှေးခေတ်လူများ သာမက ယနေ့ခေတ် လူများပင်လျှင် အစာ၏ အာဟာရဓာတ်ကို လူတိုင်းစေ့ အပြည့်အဝ မရကြချေ။ မော်တော်ကားတွင် ဓာတ်ဆီသည် အလွန်အရေးကြီးသကဲ့သို့ လူတို့၏ အစားအစာ၌လည်း အာဟာရဓာတ်သည် အလွန် အရေးကြီး၏။ ဓာတ်ဆီသာမရှိလျှင် မည်မျှပင်ကောင်း သည့် မော်တော်ကားပင် ဖြစ်လင့်ကစား သွားနိုင်မည် မဟုတ် သကဲ့သို့ အာဟာရဓာတ် မရှိသည့်အစာကို စားသောက်ရသည့် လူတစ်ဦး သည်လည်း အလုပ်တစ်ခုကို လုပ်နိုင်ကိုင်နိုင် ကြံစည်နိုင်မည်မဟုတ်တော့ချေ။
အစားအစာများတွင် လိုအပ် သည့် အာဟာရဓာတ်များ နည်းပါးခဲ့လျှင် ခန္ဓာကိုယ် အစိတ် အပိုင်း များတွင်လည်း အာဟာရဓာတ် ခေါင်းပါးမည် ဖြစ်သဖြင့် လုပ်ရမည့် အလုပ်များကို လုပ်ကိုင်နိုင်ကြတော့မည်မဟုတ်ချေ။ လက်ရုံးရည်နှင့် နှလုံးရည်ကို ကောင်းစွာ စွမ်းဆောင်နိုင်ရေး အတွက်သော်လည်းကောင်း၊ ခန္ဓာကိုယ်ကြီးပြင်း၍ အလေးချိန်တိုးလာ စေရန်အတွက်သော်လည်းကောင်း၊ ပျက်စီးယိုယွင်းလျက်ရှိ သော ကိုယ်ကို ပြန်လည် ဖြည့်တင်းပေးရန်အတွက်သော်လည်း ကောင်း၊ ကျန်းမာမှု ရရှိရေးအတွက်သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မျှတလုံလောက်သော အစား အစာကို များစွာ လိုအပ်လှပေသည်။
အစားအစာကို လိုသည် ထက် ပို၍စားလျှင်သော်လည်းကောင်း၊ နည်း၍စားလျှင်သော် လည်းကောင်း မမျှတသဖြင့် ရောဂါဖြစ်ပွားတတ်သည်။ မကြာ သေးမီကမှ အစားအစာနှင့် စပ်လျဉ်းသော အကြောင်းအရာ များကို ဘာသာရပ်တစ်ခုအနေနှင့် သင်ကြားလိုက်စားလာခဲ့ကြ လေသည်။ ထိုဘာသာရပ်သည် ခန္ဓာဗေဒပညာရပ်များတွင် အလွန်အရေးပါအရာရောက်သည်။ ယခုအခါ ထိုအစားအစာ ဘာသာရပ်ကို အာဟာရဓာတ်ပညာဟူ၍ ခေါ်တွင်လေသည်။ ထိုအာဟာရဓာတ်ပညာ တိုးတက်အောင်မြင်ရေးအတွက် သိပ္ပံပညာရှင်များသည် တစ်ဦးတည်း တစ်ဖွဲ့တည်း မဟုတ်ပဲ အစိုးရများနှင့် ပူးပေါင်းကြပြီးလျှင် မည်သည့်အစား အစာ များတွင် မည်သည့် အာဟာရဓာတ် ပါ၍ မည်သို့ အကျိုးရှိ ကြောင်းကို စုံစမ်းစစ်ဆေးခဲ့ကြသည်။
စစ်ပြီးခေတ်တွင် ကမ္ဘာ့ကုလသမဂ္ဂမှ ကြီးမှူးသော အာဟာရဓာတ် စုံစမ်းရေးအဖွဲ့သည် ရန်ကုန်မြို့သို့ပင် လာရောက် စုံစမ်းစစ်ဆေးခဲ့သည်။ ထိုအဖွဲ့တွင် နိုင်ငံ အသီးအသီးမှ ကိုယ်စားလှယ်များ ပါဝင်ကြ၍ မဆုတ်မနစ်သော လုံ့လဖြင် လိုအပ်သည့် ကိစ္စအဝဝတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ထိုအဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ အစားအစာ မြောက်မြားစွာ ထွက်မှုအတွက် ဂရုမပြုမူ၍ ထွက်သည့်အစားအစာများတွင် လိုအပ်သည့် အာဟာရဓာတ်များ ပြည့်စုံမှု မပြည့်စုံမှုကိုသာလျှင် စုံစမ်းစစ်ဆေးရန် ဖြစ်လေသည်။
အစားအစာများကို စားသုံးရာတွင် စားသုံသူများ၏ အသက်အရွယ်၊ ရာသီဥတု၊ အလုပ်အကိုင်တို့ကို လိုက်၍ ချင့်ချိန် စား သောက်ကြမှသာလျှင် အာဟာရဓာတ် ဖြစ်ပြီး ကျန်းမာသန်စွမ်းကြပေမည်။ အာဟာရဓာတ်နည်းပါး၍ မမျှတသော အစားအစာများကိုသာ မှီဝဲ သုံးဆောင်သောသူများသည် ရောဂါ ဝေဒနာ ဖိစီးနှိပ်စက်ခြင်း ခံရကြောင်း ထိုဆေးပညာရပ်ဖြင့် စုံစမ်းသိရှိခဲ့ကြသည်။ အာဟာရဓာတ် ပြည့်စုံသည်၊ မပြည့်စုံသည်ကို စုံစမ်းကြသည့် ပုဂ္ဂိုလ်ကြီးများမှာ သိပ္ပံပညာရှင်ကြီးများနှင့် ပါမောက္ခ ကြီးများဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်ကြီးများ စုံစမ်းရှာဖွေချက်အရ လူ၏ခန္ဓာကိုယ်သည် ပရိုတင်းဓာတ် တစ်ခုတည်းကိုသာလျှင် လိုအပ်သည်မဟုတ်၊ သကြားဓာတ်၊ ကစီဓာတ်၊ ထုံးဓာတ်၊ သံဓာတ်၊ ဖှော့စ်ဖှရပ်စ် ဓာတ်၊ ကလိုရီးန်ဓာတ်၊ မဂ္ဂနီးဆီယမ် ဓာတ်၊ ဆာလ်ဖှာ(ကန့်)ဓာတ်နှင့် အခြားသတ္တုဓာတ်များလည်း လိုအပ်ပေသည်။
ထို့ပြင် စားသောက်သည့် အစားအစာများတွင် ဗီတာမင်များလည်း ပါဝင်ရမည်ဖြစ်၏။ လူများ စားသောက်လျက်ရှိသည့် အချို့သော အစာများသည် အပူနှင့် စွမ်းအင်ကို ဖြစ်စေ၏။ အချို့သည် သွေးသားများကို ဖြစ်စေပြီးလျှင် အချို့သည် အခြားလိုအပ်သည့်ပစ္စည်းများကို ဖြစ်စေသည်။ ထိုကြောင့် အာဟာရဓာတ်ပါသောအစာများကို စားသောက်သူများသည် ကျန်းမာသန်စွမ်းစွာဖြင့် အလုပ်အကိုင် အကြံ အစည်များကို ပြီးမြောက်သည်တိုင်အောင် လုပ်ကိုင် ဆောင်ရွက်သွားနိုင်ကြသည်။
ဓာတုဗေဒပညာရှင်များသည် မိမိ တို့၏နည်းဖြင့် စုံစမ်းရှာဖွေခဲ့ကြရာ ခန္ဓာကိုယ်အစိတ်အပိုင်း များတွင် အာဟာရဓာတ် မည်မျှလိုကြောင်းကို ပြောနိုင်ကြ သည်။ ထိုအာဟာရဓာတ်ကို လုံလောက်အောင် မပေးနိုင်လျှင် မည်သို့သောရောဂါ စွဲကပ်နိုင်ကြောင်းကိုလည်း ပြောနိုင်ကြသည်။ သိပ္ပံပညာရှင်ကြီးများသည် အစားအစာများတွင် ပါဝင် သည့် အာဟာရဓာတ်များကို ငါးမျိုး ပိုင်းထားကြသည်။ ထို ငါးမျိုးမှာ
(၁) အဆီမော်လီကျူးများ၊
(၂) ပရိုတီးန် မော်လီကျူးများ၊
(၃) သကြားနွယ်မော်လီကျူးများ၊
(၄) သတ္တုအမှုန်များ၊
(၅) ဗှစ်တမင်များ ဖြစ်ကြသည်။
အဆီဓာတ်၊ ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ် ဓာတ်တို့သည် စွမ်းအင်နှင့် အပူဓာတ်ကို ဖြစ်စေသည်။ ပရိုတင်းနှင့် သတ္တု ဓာတ်များသည် ကိုယ်လက်အင်္ဂါ ကြီးထွားစေသည့်ပြင် ကိုယ် ခန္ဓာ၌ ဖြစ်သော အာဟာရချို့ယွင်းချက်များကိုလည်း ဖြည့်စွက် ပြုပြင် ပေးကြလေသည်။ သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ် တို့သည် ခန္ဓာ ကိုယ်တွင်း၌ ဓာတ်ပြောင်းလဲမှုများ မှန်မှန်ဖြစ်နိုင်အောင် အကူ အညီ ပေးကြသည်။ သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်တို့ အကူ အညီ ပေးကြသကဲ့သို့ ရေကလည်း အကူအညီပေးသေးသည်။
ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပို၍ လှုပ်ရှားလေလေ အပူဓာတ်ကို ပို၍ လိုလေလေ ဖြစ်၏။ အရွယ်နှင့် အချိုးကျ အစာကို စားရာတွင် ကလေးသည် လူကြီးထက် ပို၍စားနိုင် သည်။ အလုပ်ကို ပိုလုပ်သော လူကြီး တစ်ဦးသည် လှုပ်ရှားမှု နည်းသည့် အခြားလူကြီး တစ်ဦးထက်ပို၍ အစာကို စားနိုင် သည်။ ထို့ပြင် ခန္ဓာကိုယ် ထွားကြိုင်းသူသည် မိမိခန္ဓာကိုယ် လှုပ်ရှားစေရာတွင် စွမ်းအင်ကို ပို၍ အသုံးပြုသောကြောင့် ခန္ဓာကိုယ် ငယ်သူထက် ပို၍စားသည်။
ရာသီဥတု အေးသော တိုင်းပြည်များတွင် နေထိုင်သည့် လူများသည် အပူဓာတ်ကို အထူးလိုအပ်သောကြောင့် အပူ ဓာတ်ကို ဖြစ်စေသည့်အစာများကို ပို၍စားကြရသည်။ အပူကို ဖြစ်စေသည့် အစားအစာများမှာ အဆီပင် ဖြစ်သည်။ ထိုကြောင့် အေးသည့်တိုင်းပြည်များတွင် နေထိုင်သူများသည် ပူသည့် တိုင်း ပြည်များ၌ နေထိုင်သူ များထက် အဆီကိုပို၍ စားသုံးပေးကြ ရသည်။ အနောက်နိုင်ငံများတွင် အလေးချိန်များကို ပေါင်ဖြင့် တိုင်းတာလေ့ရှိကြသကဲ့သို့ အပူကိုလည်း ကယ်လိုရီဖြင့် တိုင်းတာလေ့ရှိကြသည်။ ကယ်လိုရီဆိုသည်မှာ တစ်ဂရမ် အလေးချိန်ရှိသည့် ရေကို တစ်ဒီဂရီစင်တီဂရိတ် အပူချိန် မြှင့်တင်ပေးနိုင်သော အပူအတိုင်းအဆပင် ဖြစ်သည်။
ရှစ်နှစ်ရွယ်မျှရှိသည့် ကလေးတယောက်သည် တစ်နေ့လျှင် အပူကယ်လိုရီ ၁၅ဝဝမျှလို၍ ကျောင်းသားရွယ် ကလေး တယောက်သည် တစ်နေ့လျှင် အပူ ကယ်လိုရီ ၄ဝဝဝ မျှ လိုပြီးလျှင် လူကြီးတယောက်မှာကား တစ်နေ့လျှင် အပူ ကယ်လိုရီ ၃၅ဝဝ လောက်သာ လိုမည်ဟု မှန်းဆထားသည်။ လူများ စားသောက်ကြသည့် အစားအစားများမှ အပူ အမျိုးမျိုးကို ရနိုင်သည်။ ဆီနှင့်ဝက်ဆီများသည် မီးလောင် လွယ်ကြောင်းကို လူတိုင်းပင် သိကြ၏။ ထိုကဲ့သို့ လောင်ကျွမ်း ရာတွင် အလွန်ပူသည့် မီးတောက်ကို ဖြစ်စေသည်။ ထိုနည်း အတူ လူများ စားသောက်လိုက်ကြသည့် ထောပတ်နှင့် ဆီများ သည်လည်း လူ၏ ကိုယ်အတွင်းသို့ ရောက်သွားသောအခါတွင် အပူကယ်လိုရီ မြောက်မြားစွာကို ဖြစ်စေသည်။ အစားအစာ များတွင် အဆီများသည် အပူကို အများဆုံး ဖြစ်စေသည့် အစာများပင် ဖြစ်သည်။ ဆီကို အသားနှင့် ဟင်းသီး ဟင်းရွက် များမှ ရနိုင်သည်။ ထောပတ်၊ မလိုင်၊ ဝက်ဆီများသည် အသားများမှရသည့် အဆီများ ဖြစ်ကြ၍ သံလွင်ဆီနှင့် ကိုကိုး ထောပတ်များသည် ဟင်းသီးဟင်းရွက်များမှရသည့် အဆီများ ဖြစ်ကြသည်။
လူများသည် အဆီများကို အပူနှင့် စွမ်းအင်အတွက် လက်ငင်းလိုသည်ထက်ပို၍ စားလိုက်သောအခါ ပိုသည့် အဆီ များသည် ကိုယ်တွင်း၌ အဆီအဖြစ်ဖြင့် အရေပြား အောက်တွင် သိုလှောင်၍ ရှိကြသည်။ အစားအစာများ မစားသောက်ကြ ရသည့်အခါများတွင် ထိုအဆီများ သိုလှောင် ရှိနေခြင်းကြောင့် အသက်ရှင်၍ နေနိုင်ကြသည်။ ရှေးခေတ်လူများသည် အစား အစာများကို အချိန်မှန်မှန် မစားခဲ့ကြရချေ။ အစားအစာ ပေါများသည့်အခါ ဖောဖောစားကြရ၍ ရှာဖွေမရသည့်အခါ အငတ်ခံနေခဲ့ကြရလေသည်။ မည်သို့ပင် အကြိမ်ကြိမ် အစာ ငတ်နေရငြားလည်း မသေပဲ အသက်ရှင်လျက် ရှိနေ နိုင်ခြင်း အကြောင်းမှာ ဖောဖော စားရသည့်အခါ ကိုယ်တွင်း၌ စုဆောင်း သိုမှီးထားသော အဆီများကြောင့် ဖြစ်သည်။ ကာဗိုဟိုက်ဒရိတ်များ ဖြစ်ကြသည့် သကြားနှင့် ကစီများ သည်လည်း အပူကို ဖြစ်စေသော အစာများ ဖြစ်ကြသည်။ ကြွက်သားများ လှုပ်ရှားမှုအတွက် သကြားသည် အဆီထက်ပို၍ အပူဓာတ်ပေးနိုင်သည်။
သို့ရာတွင် ကာဗိုဟိုက်ဒရိတ် တစ်ပေါင် လျှင် အပူကယ်လိုရီပေါင်း ၁၈၂ဝ မျှသာ ပါဝင်၍ အဆီတစ် ပေါင်လျှင် အပူကယ်လီရီပေါင်း ၄ဝ၈ဝ မျှ ပါဝင်လေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ကာဗိုဟိုက်ဒရိတ်များတွင် ပါရှိသည့် အပူဓာတ်သည် အဆီတွင် ပါရှိသည့် အပူဓာတ် တစ်ဝက် အောက်ပင် နည်းသေးသည်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်သည် သကြားနှင့် ကစီတို့ကို လက်ခံနိုင်သလောက် အဆီကို လက်မခံနိုင်ကြောင်း သတိမူအပ်ပေသည်။ ကာဗိုဟိုက်ဒရိတ် များတွင် ပေါင်မုန့်၊ အာလူး၊ အသီးအနှံနှင့် ဟင်းရွက်ဟင်းသီး များ ပါဝင်သည်။
ပရိုတင်းဓာတ်များဖြစ်သော ဥနှင့် အဆီနည်းပါးသည့် အသားတို့သည် ခန္ဓာကိုယ်တွင် အပူဓာတ်များကို ပေးပြီးလျှင် အထူးသဖြင့် ခန္ဓာကိုယ်၏ တစ်ရှူးများကို ချို့ယွင်းနေက ပြုပြင်ပေး၍ အားနည်းနေက ဖြည့်တင်းပေးသည်။ ခန္ဓာကိုယ် ကြီးထွား သန်မာလာစေရန် ပရိုတင်းဓာတ်ပါသော အစာများကို အစဉ် စားပေးနိုင်ရန် လိုလေသည်။ ကြွက်သားများ ကြီးထွား စေလိုလျှင် ပရိုတင်းဓာတ်ပါသည့် အစားများကို စာပေးရပေ မည်။ ဤသို့ မစားလျှင် ကြွက်သားများ ကြီးထွားလာနိုင်မည် မဟုတ်ချေ။ ကြီးထွားပြန်လျှင်လည်း သန်မာမည် မဟုတ်ချေ။ ပရိုတင်းဓာတ်များကို အသားများနှင့် ဟင်းရွက်ဟင်းသီးများမှ ရနိုင်သော်လည်း အာဟာရဓာတ် ပါဝင်ရာ၌ အတိုင်းအဆ အားဖြင့် တစ်မျိုးနှင့်တစ်မျိုး မတူကြချေ။ အသားများတွင် ပရိုတင်းဓာတ် ရာခိုင်နှုန်း အများဆုံး ပါဝင်၏။ နွားနို့၊ ဥ၊ ငါး၊ ခရု၊ ကမာနှင့် ကျောက်ပုဇွန်ထုပ် ကဲ့သို့သော အခွံရှိသည့် ရေသတ္တဝါများ၊ ဒိန်ခဲ၊ ခွံမာသီး၊ ပဲတောင့်၊ စားတော်ပဲနှင့် ကောက်နှံများတွင်လည်း ပရိုတင်းဓာတ် အမြောက်အမြား ပါဝင်သည်။
လူများ နေ့စဉ် မှီဝဲစားသောက်လျက်ရှိသော အစာများတွင် သတ္တုဓာတ် အမြောက်အမြား ပါဝင်လျက်ရှိ သောကြောင့် ခန္ဓာ ကိုယ်တွင် လိုနေသည့် သတ္တုဓာတ်များကို စားသည့် အစားများ ရနိုင်လေသည်။ သို့ရာတွင် အရေးကြီးသည့် သတ္တုဓာတ်နှစ်မျိုး သည် အစာတိုင်း၌ မပါတတ်သဖြင့် ထိုသတ္တုဓာတ်မျိုးပါစေရန် ဂရုပြုသင့်ပေသည်။ ထိုနှစ်မျိုးအနက် တစ်မျိုးမှာ ကယ်လဆီ ယမ်ခေါ် ထုံးဓာတ်ဖြစ်၍ ထိုဓာတ်လိုသလောက်မရလျှင် အရိုး များ သေးသိမ် ချည့်နဲပြီးလျှင် အချိုးအစားပင်မကျ ဖြစ်တတ် ချေသည်။ သွားများလည်းမကောင်း ဖြစ်တတ်သည့်ပြင် သွေး အားလည်း နည်းတတ်သည်။
ထိုကယ်လဆီယမ်ဓာတ်ကို နို့မှ အကောင်းဆုံး ရရှိနိုင်သည်။ ကလေးတစ်ယောက်သည် တစ်နေ့ လျှင် ၅ဝ ဝင် တစ်ပုလင်းမျှသာ နို့ကို စားသုံးပေးရန် လိုအပ် ၏။ လူကြီးများသည် အခြားသောအစာများ၏ အာဟာရဓာတ် ကို ကြည့်၍ တစ်နေ့လျှင် နို့အစိတ်သားခန့်အထိ လိုမည်ဖြစ် သည်။ အခြားသော အစာများထက် ဥ၏ အနှစ်နှင့် ဒိန်ခဲများတွင် ကယ်လဆီယမ်ဓာတ်ပို၍ ပါဝင်သည်။ အချို့သော ဟင်းရွက် ဟင်းသီးများတွင် ကယ်လဆီယမ်ဓာတ် အနည်းငယ်ပါ၍ အသားများတွင် ကယ်လဆီယမ်ဓာတ် နည်းလှ၏။ ထိုကြောင့် မာသောအရိုးများနှင့် ခိုင်သော သွားများ ရရှိနိုင်စေရန် နို့ပါ သော အစားအစာ များကို စားအပ်လှပေသည်။
သံဓာတ်သည်လည်း ကြီးထွားသန်မာ၍ ကျန်းမာလာစေရန် အရေးကြီးသည့် သတ္တုဓာတ်တစ်ခုဖြစ်သည်။ သံဓာတ်နည်းလျှင် သွေးအားလည်း နည်းနိုငါသဖြင့် အားအင်မရှိသောကြောင့် ခန္ဓာ ကိုယ်တစ်ခုလုံးသို့ လိုအပ် သော အောက်ဆီဂျင်ဓာတ်ကို ပို့ ဆောင်ခြင်းငှာ စွမ်းနိုင်မည် မဟုတ်ချေ။ ထိုအခါ သွေးအား လျော့သည့် ရောဂါဖြစ် ပေါ်လာနိုင်ပြီးလျှင် အင်အားယုတ်လျော့ သွားတတ်သည်။ အသည်းများ၊ ဥအနှစ်များ၊ ယိုများ၊ ဂျုံများ၊ စားတော်ပဲ၊ သင်္ဘောသီးများနှင့် အချို့သော ဟင်းရွက်ဟင်းသီး များတွင် သံဓာတ်များ ပါဝင်သည်။ အဆီနည်းပါးသော အနီရောင်အသား သည်လည်း သံဓာတ်အများ ဆုံး ရနိုင်သော အစာဖြစ်သည်။
သို့ရာတွင် အစားအစာများ တွင်ရှိသော သံဓာတ်အားလုံးကို တင်းပြည့်ကျပ်ပြည့် မရနိုင် ချေ။ ဟင်းရွက် ဟင်းသီးများမှ ရာခိုင်နှုန်း ၂၅၊ အသည်းမှ ရာခိုင်နှုန်း ၆ဝ၊ အမဲသားမှ ရာခိုင်နှုန်း ၅ဝ မျှသာ အသီးသီး ရရှိနိုင်လေသည်။ သွေးအား ပိုမိုကောင်းလာစေရန် သံဓာတ်သာ လျှင် လိုသည်မဟုတ် ကြေးနီ ဓာတ်ကိုလည်း လိုပေသည်။ နေ့ စဉ် စားသုံးနေကြသော အချို့အစားများတွင် ဖော့စဖော ရပ်နှင့် အိုင်အိုဒင်းဓာတ်များ လိုနေသည်ကို တွေ့ကြရလေသည်။ သို့ရာတွင် ပရိုတင်းဓာတ်သာ လုံလောက်စွာ ရနိုင်မည်ဆိုလျှင် ဖော့စဖောရပ်ဓာတ် မရနိုင်သော်လည်း မစိုးရိမ်ရတော့ချေ။ အဘယ်ကြောင့်ဆိုသော် ပရိုတင်းဓာတ်ပါသော အစာများတွင် ဖော့စဖော့ရပ်ဓာတ်လည်း ပါဝင်သောကြောင့် ဖြစ်၏။ ကယ်လီ ဆီယမ်ဓာတ်ကဲ့သို့ပင် ဖော့စဖောရပ်ဓာတ်သည် အရိုးနှင့် သွား များအတွက် လိုအပ်သောဓာတ် ဖြစ်သည်။ ထိုဓာတ်သည် နဗ် ကြော တစ်ရှူးများတွင်လည်း ပါဝင်သော ဓာတ်ဖြစ်၏။
အိုင်အိုဒင်းနှင့် အိုင်အိုဒင်းဒြဗ်ပေါင်းများသည် လည်ပင်းကြီး နာအတွက် လိုအပ်သောဓာတ်များ ဖြစ်၏။ လည်မျိုနောက် ဘက်တွင်ရှိသော သိုင်းရွိုက်ဂလင်းခေါ် အကျိတ်တွင် အိုင်အို ဒင်း ဓာတ်ပါသော သိုင်ရော့ဆင်းရည်ထွက်လျက် ရှိ၏။ အိုင်အိုဒင်းဓာတ်နည်း၍ မရှိသလောက် ဖြစ်သောအခါတွင် သိုင်းရွိုက် ဂလင်းသည် ကြီးလာ၍ နောက်ဆုံးတွင် လည်းပင်း ကြီးနာ ဖြစ်လာတတ်သည်။ ပင်လယ်နှင့်ဝေးသော ဒေသများရှိ ရေမြေတို့တွင် အိုင်အိုဒင်းဓာတ် မရှိသောကြောင့် ထိုဒေသတွင် နေထိုင်သောလူများသည် ပင်လယ်ငါးများနှင့် အိုင်အိုဒင်းဓာတ် ပါသော ဆားများကို သုံးဆောင်ရန် လိုပေသည်။ စားသောက် သော အစားအစာများတွင် အိုင်အိုဒင်းဓာတ် ချို့တဲ့မှုကြောင့် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ အမေရိကန်နိုင်ငံရှိ အချို့သောဒေသတို့၌ နေထိုင်ကြသူများသည် လည်ပင်းကြီးရောဂါ စွဲကပ် တတ်ကြသည်ကို တွေ့ကြရသည်။ ကိုယ်ခန္ဓာထဲတွင် အစားအစာများမှ စွမ်းအင်များအဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် အာဟာရဓာတ်ပစ္စည်း များကို ဗီတာမင် ဟု ခေါ်သည်။ ထိုဗီတာမင်များကို အေ၊ ဘီ၊ စီ၊ ဒီ၊ အက်(ဖ)၊ ဂျီ ဟူသော အမည်များဖြင့် ခွဲခြားထားသည်။
အပူဓာတ်နှင့် သွေးသားဖြစ်စေသည့် အစားအစာများကို သုံးဆောင် စားသောက်ပါသော်လည်း ဗီတာမင်ဓာတ်များ မပါဝင်ပါက ခန္ဓာကိုယ်သည် ကျေနပ်လောက်သော အာဟာရ ဓာတ်များကို မရရှိနိုင်ချေ။ ယခု စစ်ပြီးခေတ်တွင် ဗီတာမင်ဓာတ်များ အမြောက်အမြား ပေါ်ထွက်လျက်ရှိရာ ရောဂါအမျိုးမျိုးအတွက် အထူးပင် အထောက်အပံ့ရလေသည်။ ထို့ပြင် မည်သည့် အစာများတွင် ဗီတာမင်ဓာတ် အမြောက် အများပါ၍ ထိုပစ္စည်းများ လိုသလောက်မရခဲ့လျှင် မည်ကဲ့သို့ ဖြစ်တတ်ကြောင်းကို ယခုအခါ ကောင်းစွာ သိကြလေပြီ။ အချို့လူများတွင် အမည်မမှည့်နိုင်သော ရောဂါများ ဖြစ်တတ်ကြခြင်းမှာလည်း ထိုဗီတာမင်ဓာတ်များ လိုနေခြင်းကြောင့်ပင် ဖြစ်သည်။ မောပန်းခြင်း၊ အင်အား ချည့်နဲ့ခြင်းနှင့် မကြာမကြာ အအေးမိတတ်ခြင်းများ သည်လည်း ထိုလိုအပ်သော ဗီတာမင်ဓာတ်များ နည်းပါးမှုကြောင့်ပင် ဖြစ်သည်။ များစွာသော ဟင်းရွက် ဟင်းသီးတို့တွင် ကြမ်းသော အစာများ ပါရှိ၏။ ထိုကြမ်းသော အစာများကို နေ့စဉ်စားသောက်ကြသည့် အစားအစာများတွင် ထည့်၍ စားသောက်သင့်ကြသည်။ ထို အစာများသည် အစာချေ အင်္ဂါစုကို အားပေးနိုင်ကြသည်။ သစ်ရွက်စိမ်း၊ သစ်သီးစိမ်းများကို အစာကြမ်းများအဖြစ်ဖြင့် စားမည်ဆိုလျှင် သတ္တုဓာတ်ကိုလည်း ရနိုင်လေသည်။ လူများ စားသောက်လျက် ရှိကြသည့် အစာများတွင် ရေပါဝင်ပြီးဖြစ်သော်လည်း တစ်နေ့လျှင် ခြောက်ခွက်မျှသောရေကို သောက်ရန်လိုကြသေးသည်။ သို့မှသာလျှင် ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် လိုအပ်သည့် ကိစ္စများကို ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။ အမှန်မှာ လူတစ်ယောက်၏ အလေးချိန် သုံးပုံနှစ်ပုံသည် ရေသာလျှင် ဖြစ်၏။ အသက်ရှူရှိုက်ရာ၌ ရေပါဝင်သည်။ ချွေးသည် ရေပင်ဖြစ်သည်။ ကျင်ကြီး ကျင်ငယ်တွင်လည်း ရေပါဝင်သည်။ မျှတလုံလောက်သော အစာများကိုသာလျှင် အချိုးကျမှန်မှန် ငယ်ရွယ်စဉ်မှ ကြီးသည့်တိုင်အောင် စားသောက်သွားနိုင်မည်ဆိုလျှင် လူသည် ကျန်းမာသန်စွမ်းနိုင်မည် ဖြစ်ပြီးလျှင် အကြံသစ် ဉာဏ်သစ်များကိုလည်း တီထွင်နိုင်မည် ဖြစ်လေသည်။ ယခုအခါတွင် ကူးသန်းရောင်းဝယ်ရေး ကောင်းမွန်လျက်ရှိပြီဖြစ်သဖြင့် လိုအပ်သည့် အာဟာရဓာတ်များကို လွယ်ကူစွာနှင့်ပင် ရနိုင်ကြပေပြီ။
ကာဗိုဟိုက်ဒရိတ်များ ပါဝင်သော ပရိုတင်းဓာတ် အစာများမှာ အမဲသား၊ ဆိတ်သား၊ ဝက်သား၊ ကြက်သား၊ ဥများ၊ ဆာမန်ငါးများ၊ ဟဲရင်းငါးများ ဖြစ်ကြသည်။ ကာဗိုဟိုက်ဒရိတ်များဖြစ်သည့် ပရိုးတင်ဓာတ်ပါသော အစာများမှာ နို့၊ ဒိန်ခဲ၊ စားတော်ပဲ၊ ပဲတောင့်များ ဖြစ်ကြသည်။ ကာဗိုဟိုက်ဒရိတ်ပါသည့် အစာများမှာ ပေါင်မုံ့ (အညိုက အဖြူထက်ပို၍ကောင်းသည်။) ဆန်(ထမင်း)၊ ယို၊ သကြား၊ အာလူး၊ စွန်ပလွံသီး၊ စပျစ်သီးခြောက်၊ ငှက်ပျောသီးများ ဖြစ်ကြသည်။ အဆီပါသော အစာများမှာ ထောပတ်၊ မလိုင်၊ ဒိန်ခဲ၊ ဝက် ဆီ၊ ဝက်သားများ ဖြစ်ကြသည်။ သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်များပါသော အစာများမှာ စားတော်ပဲ၊ ပဲတောင့်၊ ဂေါ်ဖီထုပ်၊ မုန်လာဥဝါမျိုး၊ မှိုများ၊ လိမ်မော်သီး၊ သစ်တော်သီး၊ ငှက်ပျောသီး(ထောပတ်)၊ ဆီးသီး၊ ခရမ်းချဉ်သီးများ ဖြစ်ကြသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)