ဓဇဂ္ဂသုတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၆၈ -
ဓဇဂ္ဂသုတ္တံ နိဋ္ဌိတံ။
 
♻ ဓဇဂ္ဂသုတ်ရွတ်ဖတ်ရခြင်းအကျိုး.....
 
ဤသုတ်ကို ရွတ်ဖတ်ပွားများလျှင် ပိုမို၍ ဉာဏ်ကောင်းလာစေနိုင်သည်။ မည်သည့်နေရာသို့ဖြစ်စေ နေ့နေ့ညည တယောက်တည်း သွားရဲလာရဲ နေရဲစေသည်။ စိတ်တန်ခိုးလည်း ကြီးလာလိမ့်မည်။ ပရိသတ်အလယ်မှာ ပြောရဲဆိုရဲ ရှိလာနိုင်သည်။ မိမိ၏ဘဝအခြေအနေ ခိုင်မြဲစေသည်။ ရာထူး တည်မြဲရေး၊ စည်းစိမ် တည်မြဲရေးအတွက် အကျိုးပြုလိမ့်မည်။ (ဘုရား၊ တရား၊ သံဃာဂုဏ်တော် များကို သီးသန့် ပွားများနိုင်သည်။
 
♻ ဓဇဂ္ဂသုတ်မြန်မာပြန်.....
 
(၁) ဤဓဇဂ္ဂသုတ်ပရိတ်တော်ကို အောင့်မေ့ဆင်ခြင်ကာမျှဖြင့် ကောင်းကင်၌ပင် တည်ခိုက်ကြုံသော်လည်း မြေပြင်မှာလို ခိုင်ခိုင်မြဲမြဲ တည်ခွင့်ရလေသည်။
 
(၂) ဤဓဇဂ္ဂသုတ် ပရိတ်တော်ကြောင့် ဘီလူးဘေး၊ ခိုးသူဘေးစသော ဘေးအန္တရာယ် အသွယ်သွယ်မှ လွတ်မြောက်ကြရသော လူတို့ကိုရေတွက်၍ မကုန်နိုင်ပါချေ။ ယခုအခါ ဤပရိတ်တော်ကို ကျွနု်ပ်တို့ စုပေါင်း ရွတ်ကြပါကုန်စို့။
 
(၃) သံဃဥက္ကဌ သံဃနာယက ဖြစ်တော်မူသော မဟာကဿပ အရှင်ဘုရား…. အကျွနု်ပ် အာနန္ဒာသည် ဤဓဇဂ္ဂသုတ် ပရိတ်တော်ကို မြတ်စွာဘုရားထံတော်မှ တိုက်ရိုက် ဤကဲ့သို့ ကြားနာ မှတ်သားထားလိုက်ပါ၏ ။
 
အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္တိပြည် အနာထပိဏ်သူဌေးကြီး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော ဇေတဝန် ကျောင်းကြီး၌ သီတင်းသုံးနေပါသည်။
 
(၄) ထိုသို့နေတော်မူစဉ်အခါ မြတ်စွာဘုရားက “ရဟန်းတို့” ဟူ၍ ရဟန်းအများကို ခေါ်တော်မူပါသည်။ ရဟန်းတို့လည်း မြတ်စွာဘုရား စကားတော်ကို ခံယူရန် အသင့်ဖြစ်ကြပါသည်။ ထိုအခါ မြတ်စွာဘုရားက ဤသို့မိန့်ကြား ဟောမြွက်တော်မူပါသည် --
 
ချစ်သားတို့…. ရှေးအခါက တာဝတိံသာနတ်နှင့် အသုရာ နတ်စစ်သည်တို့ စစ်ခင်းခဲ့ကြဖူး၏။ ထိုအခါ သိကြားမင်းသည် တာဝတိံသာနတ် စစ်သည်တို့ကို ခေါ်ယူပြီး ဤသို့ပြောကြားခဲ့၏။
 
“အမောင်နတ်သားတို့၊ သင်တို့သည် စစ်မြေပြင်မှာ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ဖြစ်ခဲ့သည် ရှိသော် ငါသိကြားမင်း၏ တံခွန်ဖျားကို မော်၍ ကြည့်လိုက်ကြကုန်လော့။ ဤသို့ ကြည့်လိုက်ပါလျှင် သင်တို့ အကြောက်ပြေကြလိမ့်မည်။ မတုန်မလှုပ် ရဲရင့်လာကြလိမ့်မည်။ ကြက်သီးမွေးညှင်း ထခြင်းများလည်း ပြေပျောက်သွားကြလိမ့်မည်”။
 
(၅) “အကယ်၍ ငါ၏တံခွန်ဖျားကို မော်၍ မကြည့်ဖြစ်လျှင် ပဇာပတိ နတ်မင်း၏ တံခွန်ဖျားကို မော်၍ ကြည့်ကြ၊ ဤသို့ ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို ကြည့်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ပျောက်ကင်းသွားလိမ့်မည်”။
 
(၆) “အကယ်၍ ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို မကြည့်ဖြစ်ခဲ့သော် ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မော်၍ကြည့်ကြ၊ ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မော်၍ကြည့်ဖြစ်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း ၊ ကြက်သီးမွေးညှင်း ထခြင်းများ ပြေပျောက်သွားပေလိမ့်မည်”။
 
(၇) “အကယ်၍ ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မကြည့်ဖြစ်ခဲ့သော် ဤသာနနတ်မင်း၏ တံခွန်ဖျားကို မော်၍ ကြည့်ကြ၊ ဤသာနနတ်မင်း၏တံခွန်ဖျားကို မော်၍ကြည့်ဖြစ်ကြလျှင် ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ပြေပျောက်သွားပေလိမ့်မည်။” ဤသို့လျှင် သိကြားမင်းက တာဝတိံသာနတ်တို့ကို အသိပေးလေ၏ ။
 
(၈) ချစ်သားရဟန်းတို့…. နတ်တို့အရှင် သိကြားမင်း၏ တံခွန်ဖျားကို မော်၍ကြည့်သောနတ်များ၊ သို့တည်းမဟုတ် ပဇာပတိနတ်မင်း၊ ဝရုဏနတ်မင်း၊ ဤသာနနတ်မင်းတို့၏ တံခွန်ဖျားကို မော်၍ ကြည့်သော နတ်များအား ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ပျောက်သော်လည်း ပျောက်မည်၊ မပျောက်ဘဲလည်း နေချင်နေလိမ့်မည်။
 
(၉) အကြောင်းမူကား နတ်တို့အရှင် သိကြားမင်းလည်း ရာဂကင်းသူ မဟုတ်၊ ဒေါသကင်းသူ မဟုတ်၊ မောဟကင်းသူ မဟုတ်၊ သူ့ကိုယ်နှိုက်က ကြောက်တတ်၏။ တဆတ်ဆတ်တုန်တတ်၏။ လန့်ဖျပ်တတ်၏။ ထွက်ပြေးတတ်၏ ။
 
(၁၀) ချစ်သားရဟန်းတို့….ငါဘုရားသည်ကား မလွဲဧကန် ဤသို့ ဟောပေအံ့၊ ရဟန်းတို့အနေနှင့် တောထဲ၌ တပါးတည်း နေသောအခါ သစ်ပင်ရင်း၌နေသောအခါ ဆိပ်ငြိမ်ရာအရပ်များ၌ နေသောအခါများ၌ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း တခုခုဖြစ်လာခဲ့လျှင် ဘုရားဂုဏ်တော်ကို ဤသို့ အောင့်မေ့ကြကုန်လော့။
 
(၁၁) မြတ်စွာဘုရားသည် ကိလေသာတို့မှ ကင်းဝေးတော်မူ၏။ ကိလေသာ ရန်သူတို့ကို ပယ်သတ်ပြီး ဖြစ်၏။ သံသရာ စက်ဝန်း၏ အကန့်အထောက်များကို ဖျက်ဆီးပြီး ဖြစ်၏။ ပစ္စည်းလေးပါး ပူဇော်အထူးကို ခံယူတော်မူထိုက်၏။ ဆိပ်ကွယ်ရာ အရပ်၌ပင်လျှင် မကောင်းမှုဒုစရိုက်ကို ရှောင်တော်မူ၏။ သို့ဖြစ်၍ “အရဟံ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။
 
မြတ်စွာဘုရားသည် ကောင်းမွန်လှစွာ သယမ္ဘူဉာဏ် မြတ်မဟာဖြင့် မိမိအလိုလို သစ္စာလေးပါး တရားမြတ်ကို ထိုးထွင်း၍ သိတော်မူ၏။ သို့ဖြစ်၍ “သမ္မာသမ္ဗုဒ္ဓ” ဟူသောဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
 
မြတ်စွာဘုရားသည် ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏ တဆယ့်ငါးပါးတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူပါပေ၏။ သို့ဖြစ်၍ “ဝိဇ္ဇာစရဏ သမ္ပန္နော” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
 
မြတ်စွာဘုရားသည် နိဗ္ဗာန်သို့သာလျှင် ဖြောင့်ဖြောင့်မတ်မတ် ကောင်းစွာသွားတော်မူ၏။ စကားဆိုရန် ခွင်းခြောက်တန်တို့တွင် ဟုတ်မှန်ကျိုးကြောင်း စကားကောင်းကိုသာ ဆိုတော်မူတတ်၏။ သို့ဖြစ်၍ “သုဂတော” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
 
မြတ်စွာဘုရားသည် ကာမလောက၊ ရူပလောက၊ အရူပလောက ဟူသော လောကသုံးပါး၊ တနည်းအားဖြင့် သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက ဟူသော လောကကြီးသုံးပါးတို့ကို မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူ၏။ သို့ဖြင့်၍ “လောကဝိဒူ”" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
 
မြတ်စွာဘုရားသည် မိမိကိုယ်တိုင်လည်း အတုမရှိ သူတပါးတို့အားလည်း အတုမရှိသော မိမိ၏တရားဖြင့် ဆုံးမတတ်၏။ ဆုံးမထိုက်သောလူ၊ နတ်၊ ဘီလူး၊ တိရိစ္ဆာန်ကြမ်းများကိုပင် သေဝပ် ငြိမ်သက်အောင် နိုင်နင်းစွာ ဆုံးတော်မူနိုင်၏။ သို့ဖြစ်၍ “အနုတ္တရော ပုရိသ ဒမ္မသာရထိ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
 
မြတ်စွာဘုရားသည် လူအပေါင်း နတ်အပေါင်းတို့အား ကောင်းစွာ သွန်သင်ဆုံးမတတ်သော လူနတ်တို့၏ ဆရာကောင်း ဖြစ်တော်မူ၏။ သို့ဖြစ်၍ “သတ္တာဒေဝမနုဿာန” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
 
မြတ်စွာဘုရားသည် တရားအားလုံးကို ကိုယ်တိုင်လည်း ထိုးထွင်းသိမြင်တော်မူ၏။ သူတပါးတို့အားလည်း သစ္စာလေးပါး တရားကို သိမြင်အောင် ဟောပြော ပြသနိုင်၏။ သို့ဖြစ်၍ “ဗုဒ္ဓေါ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
 
မြတ်စွာဘုရားသည် အစိုးရခြင်း၊ တရားရှိခြင်း၊ အခြံအရံမျာခြင်း၊ ကျက်သရေရှိခြင်း၊ အလိုအတိုင်း ဖြစ်ခြင်း၊ လုံ့လ စွမ်းအား အပြည့်ရှိခြင်း ဟူသော ဘုန်းတော် ခြောက်ပါးနှင့်လည်း ပြည့်စုံတော်မူပါပေ၏။ သို့ဖြစ်၍ ဘဂဝါ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
 
(၁၂) ဤကဲ့သို့ ငါဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ဆင်ခြင်အောင့်မေ့ကြလော့။ ဘုရားဂုဏ်ကို ဆင်ခြင် အောက်မေ့မိသည် ရှိသော် သင်တို့အား ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း ဟူသမျှ ပျောက်ကင်းသွားပေလိမ့်မည် ။
 
(၁၃) အကယ်၍ ဘုရားဂုဏ်တော်ကို မဆင်ခြင် မအောက်မေ့မိသည်ရှိသော် မြတ်စွာဘုရား ဟောကြားထားသော တရားတော်၏ ဂုဏ်တော်ကို ဤသို့အောက်မေ့သတိရကြ။
 
(၁၄) တရားတော်သည် မြတ်စွာဘုရားက ကောင်းစွာ ဟောကြားထားသော တရားတော် ဖြစ်သောကြောင့် “သွာက္ခာတ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။
 
တရားတော်သည် မျက်မှောက်၌ပင် ကောင်းကျိုးချမ်းသာကို ပေးတတ်သောကြောင့် “သန္ဒိဋ္ဌိက” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။
 
တရားတော်သည် အခါမလင့် အကျိုးပေးတတ်သောကြောင့် “အကာလိက” ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။
 
တရားတော်သည် လာပါ၊ ရှုပါ၊ ကျင့်ကြံပါ ဟူ၍ မပါပါအောင် ခေါ်ဆောင် တိုက်တွန်း ပြညွှန်းခြင်းငှာ ထိုက်သောကြောင့် “ဧဟိပဿိက” ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။
 
တရားတော်သည် လူတို့အား နတ်ရွာနိဗ္ဗာန်သို့ ပို့ဆောင်ပေးတတ်သောကြောင့် “သြပနေယျိက” ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။
 
တရားတော်သည် ပညာရှိသူ ရှင်လူအပေါင်း သူတော်ကောင်းတို့အနေဖြင့် အသီးသီး တဦးစီ တဦးစီ မိမိတို့၏ စိတ်၌ ကပ်၍ ဆောင်ထားထိုက်သောကြောင့် “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏ ။
 
(၁၅) ဤသို့လျှင် တရားတော်၏ဂုဏ်တော်ကို ဆင်ခြင် အောက်မေ့မိသောသူအား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း ဟူသမျှ လုံးဝ ပျောက်ကင်းသွားပေလိမ့်မည်။
 
(၁၆) အကယ်၍ ဘုရားဂုဏ်တော်ကိုသော်၎င်း၊ တရားဂုဏ်တော်ကိုသော်၎င်း မဆင်ခြင် မအောက်မေ့ဖြစ်ပါက မြတ်စွာဘုရား၏ တပည့်သား သံဃာတော်၏ ဂုဏ်ကျေးဇူးကို အောက်မေ့ရာ၏။
 
(၁၇) မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် နိဗ္ဗာန်အကျိုးငှာ ကောင်းသောအကျင့်ကိုသာ ကျင့်တော်မူတတ်ပေ၏။ သို့ဖြစ်၍ “သုပ္ပဋိပန္နော” ဟူသောဂုဏ် ရှိပေ၏။
 
သံဃာတော်သည် နိဗ္ဗာန်မဂ်ဖိုလ် ရရှိရေးအတွက် ဖြောင့်မတ်စွာ လမ်းမှန်သော အကျင့်ကိုသာ ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍ “ဥဇုပ္ပဋိပန္နော” ဟူသောဂုဏ် ရှိပေ၏။
 
သံဃာတော်သည် နိဗ္ဗာန်ရရှိရေးနှင့် သင့်လျော်လောက်ပတ်သော အကျင့်ကိုသာ ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍ “ဉာယပ္ပဋိပန္နော” ဟူသောဂုဏ် ရှိပေ၏။
 
သံဃာတော်သည် အရိုအသေပြုခြင်းကို ခံယူထိုက်အောင် အကျင့်သီလကို ကောင်းစွာ ဖြည့်ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍ "သာမိစိပ္ပဋိပန္နော" ဟူသောဂုဏ် ရှိပေ၏။
 
ထိုဘုရားတပည့် အရိယာသံဃာသည် (အချုပ်အားဖြင့်) အရေအတွက်(၄)စုံ၊ ပုဂ္ဂိုလ်(၈)ယောက် ရှိပေ၏။ ထိုသံဃာတော်သည် အဝေးမှ တကူးတက ဆောင်ယူ၍ ပူဇော်သမှုပြုခြင်းကိုလည်း ခံယူထိုက်၏။ သို့ဖြစ်၍ “အာဟုနေယျော” ဟူသောဂုဏ် ရှိပေ၏။
 
ဧည့်သည်တို့အား ရည်စူး၍ အထူးပြုလုပ်ထားသော ပစ္စည်းဝတ္ထုတို့ကိုလည်း မိမိအား လှူလျှင် ကောင်းစွာခံယူထိုက်၏။ သို့ဖြစ်၍ “ပါဟုနေယျော” ဟူသောဂုဏ် ရှိပေ၏။
 
လောက၌ အမြတ်ဆုံး အကောင်းဆုံးဖြစ်သော အလှူကိုလည်း ထိုက်ထိုက်တန်တန် ခံယူနိုင်ပေ၏။ သို့ဖြစ်၍ “ဒက္ခိဏေယျော” ဟူသောဂုဏ် ရှိပေ၏။
 
လူနတ်တို့၏ ရှိခိုးခြင်းကိုလည်း ခံထိုက်၏။ သို့ဖြစ်၍ “အဉ္စလိကရဏီယော” ဟူသောဂုဏ် ရှိပေ၏။
 
လူတို့က ကောင်းမှုတည်းဟူသော မျိုးစေ့ကို စိုက်ပျိုးရာ ကြဲချရာ အတုမရှိ လယ်မြေကောင်းသဖွယ်လည်း ဖြစ်၏။ သို့ဖြစ်၍ “အနုတ္တရံ ပုညက္ခေတ္တံ လောကဿ” ဟူသောဂုဏ် ရှိပေ၏။
(၁၈) ဤသို့လျှင် သံဃာတော်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ဆင်ခြင်အောက်မေ့ရာ၏။ သံဃာ့ဂုဏ်သို့ စိတ်ညွှတ်၍ အာရုံပြုမိသော သင်တို့အား ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းဟူသမျှ ကင်းပျောက်သွားလိမ့်မည်။
 
(၁၉) ထိုစကားမှန်ပေ၏။ အကြောင်းမူကာ ဝိပဿီ စသော ရှေးရှေးသော ဘုရားရှင်များနည်းတူ ကောင်းစွာ ပွင့်ထွန်းလာသော ငါဘုရားသည် လူသူလေးပါးကင်းသည့် ဆိပ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို မပြုမလုပ်၊ ကောင်းစွာ ကိုယ်တိုင် သစ္စာတရားမြတ်ကို ထိုးထွင်းသိမြင်ပြီးဖြစ်၏။ တဏှာရာဂ လုံးဝကင်း၏။ အမျက်ဒေါသ လုံးဝကင်း၏။ မသိမောဟ လုံးဝ ကင်း၏။ ကြောက်လည်း မကြောက်တတ်၊ အကြောက်အလန့် မရှိ၊ ကြောက်၍တုန်လှုပ်သည်ဟူ၍ လုံးဝမရှိ၊ မထိတ်တတ်၊ မလန့်တတ်၊ ကြောက်လန့်၍ ထွက်ပြေးသည် ဟူ၍လည်း ဘယ်အခါမျှမရှိ။ ထို့ကြောင့် ဤသို့သော ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို အာရုံညွှတ်၍ ကြည်ညိုစိတ်ထား ပွားများသူများမှာ ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်းထခြင်းဟူသမျှ ကင်းပျောက်ရမြဲ ဖြစ်လေ၏ ။
 
(၂၀) မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ ထို့နောက်ဆက်လက်၍ ဤသို့တဖန် မိန့်ကြားတော်မူပြန်၏ -
 
(၂၁) ချစ်သားရဟန်းတို့…..သင်တို့သည် တော၌ဖြစ်စေ၊ သစ်ပင်ရင်း၌ဖြစ်စေ၊ ဆိပ်ကွယ်ရာအရပ်၌ ဖြစ်စေ (နေခိုက်) ဘုရားဂုဏ်တော်ကို သတိရကြ၊ သတိရလျှင် သင်တို့ မကြောက်မရွံ့ နေနိုင်ကြလတ္တံ ။
 
(၂၂) လူနတ်တို့၏ အကြီးအမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား၏ ဂုဏ်တော်ကို မဆင်ခြင် မအောက်မေ့ ဖြစ်ကြလျှင် သံသရာမှ ထွက်မြောက်ကြောင်း ကောင်းစွာဟောကြားထားသော တရားတော်၏ ဂုဏ်ကို သတိရကြ။
 
(၂၃)တရားတော်၏ဂုဏ်ကို အမှတ်မရကြလျှင် ကောင်းမှုမျိုးစေ့ စိုက်ပျိုးရာ အတုမရှိ လယ်မြေကောင်းနှင့်တူသော သံဃာတော်၏ ဂုဏ်ကို ဆင်ခြင်ပွားများကြ။
 
(၂၄) ဤကဲ့သို့ မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ၊ တရားတော်မြတ်၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ၊ သံဃာတော်၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ ဆင်ခြင်အောက်မေ့သည်ရှိသော် ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း ဟူသမျှ လုံးဝ မဖြစ်ပေါ်လတ္တံ။
[[Category:သံယုတ္တနိကာယ်]]