အလဇ္ဇီ ဆိုသည်မှာ ပညတ်တော်ကို သိသောစိတ်နှင့် စေ့ဆော်၍ အာပတ်ကို လွန်ကျူး၏၊

ပုထုဇဉ်ဂတိဖြင့် စွန်းငြိသော အာပတ်ကို လျှို့ဝှက်ဖုံးလွှမ်း၏၊

အဂတိလေးပါးသို့လည်း လိုက်စား၏။ ဤသို့သဘောရှိသည့် ပုဂ္ဂိုလ်ကို "အလဇ္ဇီပုဂ္ဂိုလ်" ဟု ဆိုသည်။ [၁][၂]

အလဇ္ဇီရဟန်း၏ လက္ခဏာ ပြင်ဆင်ရန်

အောက်ပါ သုံးပါးသော လက္ခဏာတို့နှင့် ပြည့်စုံသည့်ရဟန်းကို "အလဇ္ဇီရဟန်း" ဟု ဆိုအပ်သည်။ ၎င်းတို့မှာ -

  1. ဤအမှုကို ပြုလျှင် ဧကန်အာပတ်သင့်သည်ဟု သိလျက် ထိုအမှုကို ပြုခြင်း လက္ခဏာတစ်ပါး
  2. မသိ၍သော်လည်းကောင်း၊ သိလျက်နှင့် စိတ်ကို မချုပ်တည်းနိုင်၍သော်လည်းကောင်း ပြုမိ၍ အာပတ်သင့်နေမှန်းသိခဲ့လျှင် ထိုအာပတ်ကို လျှို့ဝှက်ဖုံးလွှမ်း၍ နေ့ကူးအောင် ထားခြင်း လက္ခဏာတစ်ပါး
  3. ပစ္စည်းဘဏ္ဍာကို ဝေဖန်ရာဌာန စသည်၌ အဂတိလေးပါးသို့ လိုက်စား၍ မတရားသဖြင့် ပြုခြင်းသည်လည်း လက္ခဏာတစ်ပါး။[၂]

အလဇ္ဇီပုဂ္ဂိုလ်များ ပြင်ဆင်ရန်

ဤအင်္ဂါ (၃)ပါးနှင့် ပြည့်စုံသူသည် အလဇ္ဇီပုဂ္ဂိုလ် ဖြစ်၍ ဤအင်္ဂါ (၃)ပါး အပြန်အားဖြင့် လှည့်၍ ယူလျှင် လဇ္ဇီပုဂ္ဂိုလ် အရှက်ရှိသော ပုဂ္ဂိုလ် ဖြစ်သည်။ အဂ္ဂိယမှု, ကုလဒူသနမှု, သဘင်ခံမှု, ငွေတိုးပေးမှု, ရောင်းမှုဝယ်မှု, ရွှေ ငွေ အလှူခံမှု, ဗေဒင်ဟော, ဆေးကု, လက္ခဏာဖတ်မှု, ဓာတ်စီး နတ်စီး အတိတ်ဟော အနာဂတ်ဟောမှု စသည်တို့ကို ပြုနေသော ရဟန်းတို့ကို အလဇ္ဇီဟု သိရာ၏၊

ပေါရာဏကမ္မ သင်္ကန်းချုပ်ဆိုး ဆံရိတ် လက်သည်း ခြေသည်းလှီးခြင်း, သေနာသနဝတ် ကျောင်းပြုပြင်ခြင်း စသည်နှင့် အာစရိယဝတ် ပိဏ္ဍာစာရိကဝတ် ဝတ္တခန္ဓကလာ ဝတ်အမျိုးမျိုးတို့မှတစ်ပါး အခြားသော ဂီဟိကမ္မ (= လူတို့၏ အမှုကိစ္စ) ဖြစ်သော ပန်းချီ, ပန်းပု, စူး, ဆောက်, လက်သမားမှု စသော နဝကမ္မအမှုတို့၌သာ အလေ့အလာများသော လူမှုကိစ္စတို့၌သာ အချိန်ကုန်နေသော ရဟန်းကိုလည်း ဆရာတို့က အလဇ္ဇီဟုပင် ဆိုကြသည်။ အလဇ္ဇီ ပုဂ္ဂိုလ်ဟူသည် အရှက်မရှိသော ဘုရားစကား မနာယူ ပြုချင်ရာပြုနေသော သူတည်း။

အလဇ္ဇီဒုဿီလရဟန်းတို့ကား အလှူခံတစ်ကျိပ်လေးယောက်တို့၌ မပါဝင်ဟု “အလဇ္ဇီဘာဝါဒိ ပကာသက”ကျမ်း၌ အတိအလင်း ဆိုထား၏၊ အလဇ္ဇီဒုဿီလရဟန်းတို့ကို ထောက်ပံ့လှူဒါန်းအားပေးနေသော ဒါယကာ ဒါယိကာမတို့ကား သာသနာဖျက်နေသောသူများ ဖြစ်၏၊ ဤအချက်ကို သာသနာပြုနေပါသည်ဟု ဆိုသောသူတို့ သတိထားသင့်သော အချက် ဖြစ်သည်။[၃]

အဂတိတရား (၄) ပါး ပြင်ဆင်ရန်

၁။ ဆန္ဒာဂတိ = ချစ်သဖြင့် မလားအပ်သည်သို့ လားခြင်း။

၂။ ဒေါသာဂတိ = မုန်းသဖြင့် မလားအပ်သည်သို့ လားခြင်း။

၃။ မောဟာဂတိ = မသိနားမလည်သဖြင့် မလားအပ်သည်သို့ လားခြင်း။

၄။ ဘယာဂတိ = ကြောက်ရွံ့သဖြင့် မလားအပ်သည်သို့ လားခြင်း။

ကျောင်းတိုက်တစ်ခု, ဌာနတစ်ခု, အဖွဲ့အစည်းတစ်ခုခုမှာ အကြီးအကဲပြုလုပ်နေသောသူသည် အဂတိတရားလေးပါး မလိုက်မှားဖို့ အရေးကြီး လှသည်။[၃]

အလှူခံ တစ်ကျိပ်လေးယောက် ပြင်ဆင်ရန်

၁။ တိရစ္ဆာန် = ခွေး ဝက် ကြက် ငှက် သားသမင် စသည်များ၊

၂။ ဒုဿီလ = မုဆိုး တံငါ လူလိမ် လူညာ သီလမရှိသူများ၊

၃။ သီလဝန္တ = သီလနှင့် ပြည့်စုံသော ရှင်, လူ, ရဟန်းများ၊

၄။ တာပသ = ကိလေသာကို ပူပန်စေသော စျာန်ရ, စျာန်မရ ရသေ့များ၊

၅။ မဂ္ဂဋ္ဌ = မဂ်ဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်၊

၆။ ဖလဋ္ဌ = ဖလဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်၊

၇။ ပစ္စေက = ပစ္စေကဗုဒ္ဓါအရှင်မြတ်များ၊

၈။ သမ္ဗုဒ္ဓ = မြတ်စွာဘုရားရှင်၊

တိရစ္ဆာနေ ဒုဿီလေ စ၊ သီလဝန္တေ စ တာပသေ။

မဂ္ဂဋ္ဌေတေ ဖလဋ္ဌေ စ၊ ပစ္စေကေ စေဝ သမ္ဗုဒ္ဓေ။[၃]

သာသနာတော်ကို လဇ္ဇီပုဂ္ဂိုလ်တို့သည်သာ စောင့်ရှောက် ပြင်ဆင်ရန်

လဇ္ဇီပုဂ္ဂိုလ် ဝိနည်းတတ်သော် သာသနာတော် တည်၏၊ အလဇ္ဇီပုဂ္ဂိုလ် ဝိနည်းတတ်သော်လည်း မကျင့်သောကြောင့် ထိုသူသန္တာန်၌ သာသနာတော် မတည်။ သူတစ်ပါးကိုလည်း သာသနာတော်တည်အောင် မတတ်နိုင်။ ထို့ကြောင့် လဇ္ဇီဝိနည်းတတ်သော သူတို့သည်သာ သာသနာတော်ကို စောင့်လတ္တံ့။ “အနာဂတေ သာသနံ လဇ္ဇီ ရက္ခိဿန္တိ = နောင်အခါ သာသနာတော်ကို လဇ္ဇီပုဂ္ဂိုလ်တို့သည်သာ စောင့်ရှောက်ကုန်လတ္တံ့”ဟု သင်္ဂါယနာထေရ်အရှင်တို့ မိန့်ဆိုတော်မူကြသည်။[၃]

လဇ္ဇီပုဂ္ဂိုလ်ဟူသည် ပြင်ဆင်ရန်

လဇ္ဇီပုဂ္ဂိုလ် အရှက်ရှိသော သူတို့၏ သဘောသည် အနည်းငယ်မျှသော အပြစ်ကလေးကိုပင် အပြစ်ကြီးဟု နှလုံးပိုက်၏၊ မိမိ၏ အသက်ကို မငဲ့, ဒါယကာတို့ ဒါယိကာမတို့ မျက်နှာကို မငဲ့, ပစ္စည်းလေးပါး လာဘ်လာဘကို မငဲ့, မိမိ၏ ပတ်ဝန်းကျင် သီတင်းသုံးဖော်တို့၏ မျက်နှာကို မငဲ့, ဘုရားရှင်၏ ရွှေမျက်နှာတော်ကိုသာ ငဲ့၍ ဝိနည်းဒေသနာတော်နှင့်အညီ မချွတ်မယွင်း အမှားမရှိအောင် သတိဆောင်၍ ကျင့်ရာသည်။[၄][၃]

ပုဂ္ဂိုလ် (၄) မျိုး ပြင်ဆင်ရန်

ဤသာသနာတော်၌ ---

၁။ လဇ္ဇီသူတော်ကောင်း၊

၂။ လဇ္ဇီသူယုတ်မာ၊

၃။ အလဇ္ဇီသူတော်ကောင်း၊

၄။ အလဇ္ဇီသူယုတ်မာဟု ပုဂ္ဂိုလ်လေးမျိုး ခွဲခြား မှတ်သားသင့်၏၊

ထိုလေးယောက်တို့တွင် ---

၁။ ဝိနည်းအရာ၌ ရိုသေလေးစားမှု ရှိ၍ ဣဿာ = သူတစ်ပါး စည်းစိမ်ကို ငြူစူမှု၊ မစ္ဆရိယ = မိမိစည်းစိမ်ကို လျှို့ဝှက်မှု၊ မာယာ = မိမိ၌ ရှိသော အပြစ်ကို ဖုံးကွယ်လှည့်ပတ်မှု၊ သာဌေယျ = မိမိ၌ မရှိသော ဂုဏ်တို့ကို ဖော်ပြ၍ ကောက်ကျစ်စဉ်းလဲမှု စသည် မရှိသူ ရိုးသားဖြောင့်မတ်သူသည် လဇ္ဇီသူတော်ကောင်း မည်၏၊

၂။ ဝိနည်းအရာ၌ ရိုသေလေးစားမှုရှိ၍ ဣဿာ မစ္ဆရိယ မာယာ သာဌေယျစသည် များပြားသောသူသည် လဇ္ဇီသူယုတ်မာမည်၏၊

၃။ ဝိနည်းအရာ၌ ရိုသေလေးစားမှု မရှိမူ၍ (ဝါ) မရှိသော်လည်း ဣဿာ မစ္ဆရိယ မာယာ သာဌေယျ စသည် နည်းပါး, ရိုးသားဖြောင့်မတ်၍ မိမိ မကျင့်နိုင်စေကာမူ ကျင့်သူကို အားပေး အမှန်ကို ရေးသားပြောဆိုခြင်း စသည်ဖြင့် စိတ်ကောင်းရှိသူသည် အလဇ္ဇီသူတော်ကောင်း မည်၏၊

၄။ နောက်ဆုံး လေးနံပါတ်ပုဂ္ဂိုလ်သည်ကား ဝိနည်းကိုလည်း ရိုသေလေးစားမှု မရှိ၊ သိက္ခာပုဒ်တော်တို့ကို လွန်ကျူးကျော်နင်းရန်လည်း ဝန်မလေး၊ ဣဿာ မစ္ဆရိယ မာယာ သာဌေယျ စသည် ပေါများ၍ ရိုးသားဖြောင့်မတ်ခြင်း မရှိ၊ မိမိလည်း မကျင့် သူတစ်ပါးကိုလည်း အပြစ်ဆို ကိုယ်လိုရာသို့ဆွဲ သူတော်ကောင်းတွေကို ရှုတ်ချ၍ မဟုတ်မတရား ရေးသား ပြောဆိုတတ်သော သူသည် အလဇ္ဇီသူယုတ်မာ မည်၏၊

ထို ပုဂ္ဂိုလ်လေးမျိုးလေးစားတို့တွင် မိမိသည် လဇ္ဇီသူတော်ကောင်း ဟုတ်သည် မဟုတ်သည်ကို မိမိသာလျှင် အသိဆုံးဖြစ်၍ ကိုယ်တိုင်ဆုံးဖြတ်ချက်ချကာ လဇ္ဇီမဖြစ်သေးလျှင် လဇ္ဇီလက္ခဏာသုံးပါးနှင့်အညီ လဇ္ဇီဖြစ်အောင် သူတော်ကောင်း မဟုတ်သေးလျှင် သူတော်ကောင်းလက္ခဏာနှင့်အညီ သူတော်ကောင်း ဟုတ်အောင် ပြုပြင်ပါလေ။[၃]

ကိုးကား ပြင်ဆင်ရန်

  1. သဉ္စိစ္စ အာပတ္တိ အာပဇ္ဇတိ... ဧဒိသော ဝုစ္စတိ အလဇ္ဇီ ပုဂ္ဂလော။ ဝိ၊၅၊၂၇၉။ ဝိ၊ဋ္ဌ၊၃၊၁၄၁။ ကင်္ခါ၊၁၀၀။ ဝဇိရ၊၄၄၅။ (ဝိ၊သင်္ဂဟ၊၁၆၉။ မ၊ဋ္ဌ၊၁၊၉၉။ သံ၊ဋ္ဌ၊၂၊၁၃၁။)
  2. ၂.၀ ၂.၁ လယ်တီဆရာတော် (သာသနာ ၂၅၅၀၊ ကောဇာ ၁၃၆၈၊ ခရစ် ၂၀၀၆ (ဒုတိယအကြိမ်))။ မုံရွာမြို့ ကျမ်းပြုအကျော် ကမ္ဘာကျော် လယ်တီဆရာတော်ဘုရားကြီး ပြုစုရေးသားတော်မူသော ဓမ္မဒီပနီ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ ဝိနည်းပဒေသာ သင်တန်း
  4. (ဝိနည်းဥပဒေတော်ကြီး၊ ၁၉၁၊၊)