အသည်းရောင်အသားဝါ အေရောဂါကာကွယ်ဆေး
အသည်းရောင်အသားဝါ အေရောဂါကာကွယ်ဆေး (အင်္ဂလိပ်: Hepatitis A vaccine)သည် အသည်းရောင်အသားဝါ အေရောဂါကို ကာကွယ်ပေးသည့် ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။[၁] ဤကာကွယ်ဆေးသည် (၉၅)ရာခိုင်နှုန်းခန့်ကို ကာကွယ်မှုပေးနိုင်သည်။ ဤကာကွယ်ဆေးထိုးပြီးနောက် အနည်းဆုံး(၁၅)နှစ်မှ ဘဝတစ်သက်လုံးအထိ ကာကွယ်ပေးနိုင်သည်။[၁][၂] ဤကာကွယ်ဆေးကို နှစ်ကြိမ်ပေးရပြီး ပထမအကြိမ်ကို ကလေးအသက်(၁)နှစ်တွင် ပေးရသည်။ ဤကာကွယ်ဆေးကို ကြွက်သားထဲသို့ ထိုးနှံရသည်။[၁]
အသည်းရောင်အသားဝါ အေရောဂါအသင့်အတင့်ဖြစ်ပွားသောနေရာများတွင် ဤကာကွယ်ဆေးကို ကျယ်ပြန့်စွာပေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားသည်။ ရောဂါအဖြစ်များသောနေရာများတွင်တော့ လူများအားလုံးနီးပါးသည် ကလေးဘဝထဲက ရောဂါကူးစက်ခံခဲ့ရပြီး ခုခံအားရရှိခဲ့နိုင်သောကြောင့် ကျယ်ပြန့်စွာကာကွယ်ဆေးပေးရန် မလိုအပ်ပါ။[၁] အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနှင့်တိုက်ဖျက်ရေး ဗဟိုဌာန၏ အကြံပြုချက်မှာ ရောဂါကူးစက်ခံနိုင်ရခြေရှိသော ကလေးများနှင့် လူကြီးများအားလုံးကို ဤကာကွယ်ဆေးထိုးသင့်သည်။[၃]
အသည်းရောင်အသားဝါ အေရောဂါကာကွယ်ဆေးကြောင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။ ကာကွယ်ဆေးထိုးခံရသော ကလေးပေါင်း(၁၅)ရာခိုင်နှုန်းခန့်နှင့် လူကြီးတစ်ဝက်ခန့်၌ ဆေးထိုးသည့်နေရာတွင် နာကျဉ်ခြင်းဖြစ်တတ်သည်။ ဤကာကွယ်ဆေးအများစုမှာ အသက်မရှိတော့သော ရောဂါပိုးဖြင့်ပြုလုပ်ထားသော်လည်း အချို့မှာ အသက်ရှိသော်လည်း အားပျော့သည့်ရောဂါပိုးပါဝင်သည်။ ကိုယ်ဝန်ဆောင်နေသူများနှင့် ကိုယ်ခံအားကျဆင်းနေသူများတွင် အသက်ရှိသော်လည်း အားပျော့သည့်ရောဂါပိုးပါဝင်သောဆေး မပေးသင့်ပါ။ ဤကာကွယ်ဆေးကို အသည်းရောင်အသားဝါ ဘီရောဂါကာကွယ်ဆေးနှင့် သို့မဟုတ် အူရောင်ငန်းဖျားရောဂါကာကွယ်ဆေးနှင့် ရောစပ်၍လည်း ရရှိနိုင်သည်။[၁]
ပထမဆုံး အသည်းရောင်အသားဝါ အေရောဂါကာကွယ်ဆေးကို ဥရောပနိုင်ငံတွင် (၁၉၉၁)ခုနှစ်တွင် အတည်ပြုခဲ့ပြီး အမေရိကန်နိုင်ငံတွင်အသုံးပြုရန် (၁၉၉၅)ခုနှစ်တွင် ခွင့်ပြုခဲ့သည်။[၄] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၅] အမေရိကန်နိုင်ငံတွင် (၅၀-၁၀ဝ)ဒေါ်လာခန့်ပေးရသည်။[၆]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ "WHO position paper on hepatitis A vaccines – June 2012." (Jul 13, 2012). Wkly Epidemiol Rec 87 (28/29): 261–76. PMID 22905367.
- ↑ Ott JJ, Irving G, Wiersma ST (December 2012). "Long-term protective effects of hepatitis A vaccines. A systematic review". Vaccine 31 (1): 3–11. doi: . PMID 22609026.
- ↑ Hepatitis A In-Short (July 25, 2014)။ 7 December 2015 တွင် ပြန်စစ်ပြီး။
- ↑ Patravale၊ Vandana; Dandekar၊ Prajakta; Jain၊ Ratnesh (2012)။ Nanoparticulate drug delivery perspectives on the transition from laboratory to market (1. publ. ed.)။ Oxford: Woodhead Pub.။ p. 212။ ISBN 9781908818195။
- ↑ 19th WHO Model List of Essential Medicines (April 2015)။ WHO (April 2015)။ May 10, 2015 တွင် ပြန်စစ်ပြီး။
- ↑ Hamilton၊ Richart (2015)။ Tarascon Pocket Pharmacopoeia 2015 Deluxe Lab-Coat Edition။ Jones & Bartlett Learning။ p. 314။ ISBN 9781284057560။