"ASO တက်နေတိုင်း လေးဖက်နာဆေး သောက်ရမှာလား?"

      မြန်မာပြည်ရှိ လူနာ အများစုသည် ASO တက်ပြီး pen V သောက်နေရပါသည် ဟုသော အကြောင်းကို ဂုဏ်ယူပြီး ပြောစရာ ထင်နေကြပါသည်။

“ASO တက်နေတယ်၊ ကျမမှာ လေးဖက်နာ ရှိနေတယ်”

“ASO တက်နေတယ်ဆိုပြီး ဆေးခန်းတစ်ခုက ပင်န်နီစလင် တွေ သောက်ခိုင်းထားတယ်”

“ကျမမှာ ASo လေးဖက်နာပိုးတက်တဲ့ လေးဘက်နာရှိ​နေလို့ ပင်န်နီစလင်တွေ နေတိုင်းစွဲသောက်နေရတယ် ဆရာ “

စသည့် စကားများကို နားနှင့် ဆန့်အောင် ကြားရလွန်းပါသည်။

          အဆိုပါ အစွဲ အလမ်းများကို ချွေချွတ်ရန် လူနာများ အနေဖြင့် ASO နှင့် လေးဖက်နာ အကြောင်းကို သေချာသိရှိရန် လိုအပ်ပါသည်။ လေးဖက်နာရောဂါ အမျိုးအစား မြောက်များစွာ ရှိပါသည်။ ဥပမာ-ပိုးလေးဖက်နာ၊သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ၊အရေပြားမာလေးဖက်နာ၊တုပ်ကွေးနောက်ဆက်တွဲ လေးဖက်နာတို့အပြင် အခြား လေးဖက်နာ အမျိုးအစားများစွာ ရှိပါသည်။ အဆိုပါ လေးဖက်နာများထဲမှ  ASO တက်ပြီး ဖြစ်တတ်သော ပိုးလေးဘက်နာအကြောင်းကို သိရှိရန် လိုအပ်ပါသည်။

-ASO ဆိုသည်မှာ လေးဖက်နာ ပိုးမဟုတ်ပါ

-ASO တက်နေတိုင်း လေးဖက်နာ ရောဂါမဟုတ်ပါ

-ASO တက်နေတိုင်း Penicillin သောက်ရန် မလိုပါ

          ASO ဆိုသည်မှာ Antistreptolysin O ဟုခေါ်သော ဓာတ်တစ်မျိုးဖြစ်ပါသည်။ လူ့ခန္ဓာကိုယ်တွင်streptococcus ဘက်တီးရီးယား ပိုးကူးစက်ခံရပါက ခန္ဓာကိုယ်မှ တုန့်ပြန်ပြီးထုတ်သော Antibody ကို ASO /Antistreptolysin O ဟု ခေါ်ပါသည်။ အဆိုပါ ပိုး၀င်ပြီးသော လူတိုင်းတွင် ASO တက်နေနိုင်သောကြောင့်အသက်အရွယ်မရွေး ကျားမ မရွေး လည်ချောင်းနာ၍ ဖျားလျှင် ASO တက်နေနိုင်ပါသည်။ ASO တက်ပြီး ဖြစ်တတ်သော ပိုးလေးဘက်နာဟု သတ်မှတ်ရန် အောက်ပါ အချက်များ လိုအပ်ပါသည်။

(က) အဓိက သတ်မှတ်ချက်များ ( Major Criteria )

၁။ Carditis ( နှလုံးရောင်ခြင်း)

၂။ Arthritis ( အဆစ်များ ရောင်ခြင်း)

၃။ Subcutaneous nodule(အရေပြားအောက်တွင် အဖု အကျိတ် ဖြစ်ပေါ်ခြင်း)

၄။ Chorea ( လက်ခြေ အကြောဆွဲခြင်း)

၅။ E marginatum ( အရေပြားအနီကွက်ပေါ်ခြင်း)

(ခ) အဓိက မဟုတ်သော သတ်မှတ်ချက်များ( Minor Criteria )

၁။ History of rheumatic fever(ယခင် လေးဖက်နာဖြစ်ခဲ့ဖူးခြင်း)

၂။ Arthralgia (အဆစ်နာခြင်း)

၃။ Fever ( အဖျားတက်ခြင်း)

၄။ သွေးတွင်း CRP တက်နေခြင်း ( သွေးစစ်ကြည့်မှသိနိုင်ပါသည်)

၅။ Leucocytosis (သွေးဖြူဥ များနေခြင်း၊သွေးစစ်ကြည့်မှသိနိုင်ပါသည်)

၆။ သွေးတွင်း ESR တက်နေခြင်း ( သွေးစစ်ကြည့်မှသိနိုင်ပါသည်)

၇။ Prolong PR interval (ECG ဆွဲမှသိနိုင်ပါသည်)

    ASO တက်ပြီး ဖြစ်နေသော ပိုးလေးဘက်နာဟု သတ်မှတ်ရန် အထက်ပါ Major အချက်ကြီး ၅ ချက်ထဲက ၂ချက် ( သို့မဟုတ်) Major အချက်ကြီး ၁ ချက် + Minor အချက် ၂ ချက်ရှိမှသာလျှင် လေးဖက်နာ ရောဂါဟု ပြောပိုင်ခွင့် သတ်မှတ်ပိုင်ခွင့် ရှိပါသည်။ ဥပမာ ပြောရလျှင် - Major ၂ ချက်ကို

နှလုံးရောင်ခြင်း+ အဆစ်များ( အထူးသဖြင့် လက်ကောက်ဝတ်လို အဆစ်ကြီးများ ရောင်ရမ်းခြင်း) ဟု သတ်မှတ်နိုင်ပါသည်။ အဆိုပါအချိန်တွင်  ASO တက်သည် ဖြစ်စေ မတက်သည် ဖြစ်စေ ASO တစ်ခုထဲနှင့် ရောဂါအမည်တပ်၍ မရကြောင်းကို တိကျစွာ သိရှိထားရန်လိုပါသည်။ယခင်က ပိုးကူးစက်ခံထားရသောကြောင့် ASO တက်နေသည့် အချိန်တွင်  လေးဘက်နာ ရောဂါ အချက်များနှင့် မကိုက်ညီပဲ ပိုးသတ်ဆေး ပေးခြင်း၊ ပိုးသတ်ဆေးစွဲသောက်နေခြင်းတို့သည် လွန်စွာ မှားယွင်းနေသော အယူအဆများ ဖြစ်ပါသည်။

            သို့သော်၊ တစ်ချို့ ဆရာဝန်များပင်လျှင် အမှတ်မှားနေကြသည်ကို တွေ့ရှိရတတ်ပါသည်။ တစ်ချို့ဆေးခန်းများသည် လူနာ ASO တက်နေလျှင် penicillin ပေးပစ်လိုက်ကြတတ်ပါသည်။ အသက် လေးငါးဆယ် အရွယ်လေးဘက်နာ လက္ခဏာ မရှိပါသော်လည်း penV သောက်နေရသည့် လူနာပေါင်းများစွာ တွေ့ခဲ့ရဖူးပါသည်။( လူနာအမည်၊ ဆရာဝန်အမည်၊ ဆေးခန်းအမည်တွေကို ဖော်ပြရန် မသင့်လျှော်ပါ) အမှန်တကယ်တွင် ASO တက်ပြီး ဖြစ်တတ်သော လေးဘက်နာ ရောဂါသည် အသက်ကြီးသော လူတွေမှာ မဖြစ်တတ်ကြောင်း၊ကလေးများသာ ဖြစ်တတ်ကြောင်း၊ အသက် ၂၁ နောက်ပိုင်းတွင် ထပ်ပြီး မဖြစ်နိုင်ကြောင်းကို သီအိုရီစာအုပ်များတွင် အတိအလင်း ရေးသားဖော်ပြထားပါသည်။ အသက် ၂၁ နောက်ပိုင်းအရွယ်များတွင် ဖြစ်လေ့ရှိကြသော နှလုံးအဆို့ရှင် ကျဉ်း/ ကျယ်ရောဂါများသည် ငယ်ငယ် ကလေးဘဝများကတည်းက နှလုံးအဆို့ရှင်ထိခိုက်သည်အထိ ဖြစ်ခဲ့ဖူးသော ပိုးလေးဖက်နာ၏ နောက်ဆက်တွဲများသာ ဖြစ်ပါသည်။

        သို့ဖြစ်၍ မလိုအပ်ဘဲပိုးသတ်ဆေးများကို ရေရှည်စွဲသောက်ပါက ပဋိဇီ၀ ဆေးယဉ်ပါးခြင်းဖြစ်နိုင်သလိုဆေး၏ ဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ အမှန် တကယ်လိုအပ်ပြီးမသောက်ပါက ပိုးလေးဖက်နာကြောင့်လေးဖက်နာနှလုံးရောဂါဖြစ်သွားနိုင်ပါသည်။ မည်သို့ပင် ဆိုစေကာမူ ကျန်းမာရေးဆိုင်ရာ ပြဿနာ တစ်ခုခု ကြုံလာရရင်လျှင် နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် ပြသတိုင်ပင်ပြီး စနစ်တကျ ကုသမှု ခံယူခြင်းသည်အကောင်းဆုံးဖြစ်ပါသည်။  

                          Dr. ခွန်လတ်နောင်( အထွေထွေ ရောဂါကု သမားတာ်)

                      Memories of Emancipated Soul

                                    ၂၉.၁.၂၀၂၃( တနင်္ဂနွေ )

မီငြမ်း#

၁။ Oxford Handbook of Clinical Medicine 10th edition

၂။ Davison’s principle and practice of Medicine 24 th Edition