Sai khun naung
မြန်မာနိုင်ငံတွင် နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ ဆုတော်ငွေ အထုတ်ခံရသည့် ပုဂ္ဂိုလ်သုံးဦးမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာစံ နှင့် ဗိုလ်စံဖဲ တို့ဖြစ်သည်။ ထိုသုံးဦးထဲတွင် ပထမဆုံး ဆုတော်ငွေ အထုတ်ခံရသူမှာ ဗိုလ်စံဖဲဖြစ်သည်။
ဗိုလ်စံဖဲကို မြန်မာသက္ကရာဇ် ၁၂၆၇ ခုနှစ် တန်ခူးလပြည့်ကျော် ၁၀ ရက်နေ့ (၁၉၀၆ ခုနှစ် ဧပြီလ ၁၇ ရက်) အင်္ဂါနေ့တွင် သာစည်မြို့ နယ် ဂုံညင်းနွယ်ဘွဲ့ခြားရွာ၌ အဘဦးဖိုးသိန်း၊ အမိဒေါ်စံမယ်တို့မှ ဖွားမြင်ခဲ့သည်။ ဦးဖိုးသိန်း ဒေါ်စံမယ်တို့တွင် သားသမီး ခုနစ်ယောက် (မသင်း၊ မအေးချမ်း၊ ကိုသူတော်၊ မစောခင်၊ ကိုစံဖဲနှင့် မစောရှင်) ရှိရာ ကိုစံဖဲမှာ နို့ညှာဖြစ်သည်။ ထို့နောက် မိဘများသည် ဂုံညင်းနွယ်ဘွဲ့ခြားရွာမှာ အရှေ့ဘက် မဲတောရွာသို့ ပြောင်းရွှေ့ခဲ့သည်။ စံဖဲ၏ ယောက်ဖ ကိုလုံးသည် သာစည်မြို့သားရေကုမ္ပဏီပိုင်ရှင် ဂျာမန်အမျိုးသား မစ္စတာတရစ်ထံတွင် အလုပ်ဝင်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် မစ္စတာတရစ်က စံဖဲကို မွေးစား၍ ကျောင်းထားပေးသည်။ ၄ တန်းသာ နေခဲ့သည်။ စံဖဲကို မစ္စတာ တရစ်က အမဲလိုက်ရာသို့ ခေါ်၍ သေနတ်ပစ်သင်ပေးခဲ့ရာ များမကြာမီ စံဖဲသည် လက်ဖြောင့်သေနတ်သမားပမာ သေနတ်ပစ်ကျွမ်းကျင်သွားသည်။ ယင်းနောက် စံဖဲသည် မဲတောရွာမှ ဦးစံလှ ဒေါ်မယ်လှတို့၏ သမီး မသိန်းရင်နှင့် အိမ်ထောင်ကျခဲ့သည်။
မသိန်းရင်သည် ရုပ်ရည်ချောမောလှပသဖြင့် ရွာ၏ ကွမ်းတောင်ကိုင်ဖြစ်သည်။ မသိန်းရင်ကို မဲတောရွာသူကြီး ဦးရာပိုင်၏ သား ငပုဆိုသူက တဖက်သတ်ချစ်ကြိုက်နေရာ မသိန်းရင်ကို စံဖဲလက်ထပ်ယူခဲ့သဖြင့် စံဖဲအပေါ် မကျေမနပ်ဖြစ်နေသူဖြစ်သည်။ ထိုစဉ်အတွင်း သာစည်မြိ့ုတွင်ဓါးပြမှုတစ်ခုတွင် ဓားပြများထံမှ တူမီးသေနတ်တစ်လက်သိမ်းဆည်းရမိသည်။ ထိုသေနတ်မှာ သားရေကုမ္ပဏီပိုင်ရှင် မစ္စတာတရစ် အိမ်မှ ပျောက်သွားသော သေနတ်ဖြစ်နေသည်။ ဤတွင် ငပုက နယ်ချဲ့ပုလိပ်နှင့်ပေါင်းကာ စံဖဲအား မသင်္ကာမှုဖြင့် ချောက်တွန်း၍ ထောင် ၆ လ ချလိုက်သည်။ စံဖဲ ပထမအကြိမ် မတရားခံလိုက်ရခြင်းဖြစ်သည်။ စံဖဲထောင်ကျနေခိုက် အကြံသမား ငပုက မသိန်းရင်အား အရယူလို၍ မသိန်းရင်၏ မိဘများကို အမျိုးမျိုးဒုက္ခပေး၍ နှိပ်စက်ခဲ့သည်။ နောက်ဆုံးတွင် မသိန်းရင်အား စံဖဲထံ ကွာရှင်းစာတောင်းခိုင်းပြီး မသိန်းရင်အား သိမ်းပိုက်လိုက်သည်။ စံဖဲသည် ဒုတိယအကြိမ် ငပု၏ မတရားမှုခံလိုက်ရပြန်သည်။ မဲတောသူကြီးသား ငပုသည် စံဖဲထောင်ကျနေစဉ်အတွင်း ဇနီးအား မတရားသိမ်းပိုက်သည်ကို မကျေနပ်နိုင်သေးဘဲ အင်္ဂလိပ်အလိုတော်ရိ အရာရှိအချို့နှင့် ပူးပေါင်းကာ စံဖဲထောင်မှ ပြန်လွတ်ချိန်တွင် ပြန်လည်ဒုက္ခပေးမည့်ရန်မှ ကြောက်ရွံ့သည့်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် အက်တူးလူဆိုးစာရင်းဝင်ဖြစ်ရန် လာဘ်ပေးဖန်တီးထားသည်။ တဖန် စံဖဲအား မဲတောရွာ၌ ပြန်လည်နေထိုင်ခွင့်မပေးဘဲ သဲတောမြို့နယ် ဆူးပန်းကျေးရွာသို့ အက်တူးစာရင်းဝင်လူဆိုးအဖြစ် ပြောင်းရွှေ့ထားရန် စီမံထားခဲ့သည်။ ဤသည်မှာ စံဖဲအား တတိယအကြိမ် မတရားမှုပြုခဲ့မှုပင် ဖြစ်သည်။ ဤသို့ သုံးကြိမ်တိုင်တိုင် မတရားပြုခံရသဖြင့် စိတ်နာကျည်းနေသော စံဖဲသည် ထောင်မှလွတ်၍ သာဂရရွာရောက်နေသော စံဖဲအား ရာဇဝတ်အုပ် ဦးညီမောင်သည် ၁၉၂၆ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖမ်းဆီး၍ စစ်ဆေးရန် သာဂရသူကြီး ဦးလာဘအိမ်သို့ ခေါ်ဆောင်လာသည်။ သူကြီးကတော် ဒေါ်နန်းနွယ်က ရာဇဝတ်အုပ်စားရန် မြေပဲလှော်နှင့်လက်ဖက်ရည်ကြမ်းချထားရာ စံဖဲက ဆာဆာနှင့် ကောက်ယူစားလိုက်ရာ ဤတွင် ရာဇဝတ်အုပ်ဦးညီမောင်က “ဟေ့ကောင် ဒါလူစားတဲ့အစာကွ မင်းလိုတရားခံလူမျိုး စားဖို့ ချထားတာမဟုတ်ဘူး” ဟူ၍ ငေါက်လိုက်သည်။ ထို့နောက် ရာဇဝတ်အုပ် ဦးညီမောင်က စက္ကူတောင်းသဖြင့် သူကြီးကတော် အခန်းထဲဝင်သွားစဉ် စံဖဲသည် စိတ်မထိန်းနိုင်တော့ဘဲ သူနှင့် နှစ်တောင်ကွာလောက်တွင်ရှိသော သူကြီးထောင်ထားသည့် ဓါးကိုယူ၍ လက်ထိပ်ခတ်ထားသော လက်နှစ်ဖက်ဖြင့်စုံကိုင်၍ ဦးညီမောင်ကို ခုတ်သတ်လိုက်သည်။ အစောင့်အဖြစ် လိုက်ပါလာသော ပုလိပ်ငကြွယ်မှာလည်း စံဖဲ၏ဓါးချက်မိ၍ ထွက်ပြေးသွားသည်။ ထိုနေ့မှစ၍ စံဖဲသည် ဝရမ်းပြေးတောပုန်းဖြစ်သွားလေ၏။ ထိုအခါ ဗန္ဓုလသတင်းစာတိုက်က အထူးသတင်းထောက်များလွှတ်၍ စံဖဲသတင်းကို ဗန္ဓုလတွင် အပတ်စဉ် တခမ်းတနား ထည့်သွင်းရာ စံဖဲသတင်းသည် ဟိုးလေးတကျော် ဖြစ်သွားတော့သည်။ အစိုးရက စစ်ပုလိပ်များလွှတ်ကာ စံဖဲကို ဖမ်းခိုင်းသည်။ မမိ။ ဖမ်းလေ၊ မမိလေဖြစ်၍ တဖြည်းဖြည်း ကြာလာသောအခါ စံဖဲသည် ဆုငွေ ၅၀၀၀ ထုတ်ထား ရသော ဝရမ်းပြေးတောပုန်းဖြစ်လာသည်။
ထိုသို့ စံဖဲသတင်းကြီးနေစဉ် ဗန္ဓုလသတင်းစာ၊ ဂျာနယ်တို့က ‘စံဖဲဒိုင်ယာရီ” ဟူ၍ လည်းကောင်း၊ ‘စံဖဲဇာတာဗေဒင်ဟောစတမ်း” ဟူ၍ တဖုံ စံဖဲသတင်းကို အပ်ချစရာမကျန်အောင် တခမ်းတနား ရေးကြလေသည်။ စံဖဲဓါတ်ပုံ၊ စံဖဲမိခင်ဓါတ်ပုံ၊ စံဖဲနေရစ်ခဲ့သော ကျောင်းပုံ စသဖြင့် စုံလှသည်။ ပုသိမ်ဦးဘသော် ဆိုသူကလည်း အင်္ဂလိပ်ဒဏ္ဍာရီပါ ‘တောပုန်းကြီးရော်ဘင်ဟု’ အကြောင်းကို ဘာသာပြန်၍ ဗန္ဓုလသတင်းစာတွင် အပတ်စဉ်ထည့်ကာ စံဖဲကို ချီးမြှောက်ခဲ့ကြသည်။ ထို့အပြင် လူဆိုးကြီးစံဖဲနှင့် ပုလိပ်ရာဇဝတ်ဆိုင်ရာဘွဲ့ လေးချို့း’ ခေါင်းစဉ်တပ်၍- ဩော်… ကြငှာန်းမအေးပေဘူ့၊ ဝရမ်းပြေးကိုလ၊ ဖမ်းပေးသူမပေါ်လာသဖြင့်၊ အော်ခါသာ ပုလိပ်မင်းတို့ရယ်က၊ ကြော်ငြာစာ တဆိတ်နှင်းတဲ့ပြင်၊ စိတ်တွင်းဘလောင်ဆူသည့်၊ အမောင်လူစုံထောက်ကြီးတို့မှာပဲ အချောင်ယူကာ နုံသလောက်ခရီးမှာတော့၊ တုန်ကြောက်၍ ငြီးပုံတကယ်ဟာမို့၊ နတ်ရွာမှာ တညံညံသဲပေတဲ့၊ ထယ်ထယ်ဝါဝါ ငစံဖဲကိုလ ဆလံကြဲကာ မယှဉ်နိုင်ဘူ့၊ တမင်မှိုင်ကာ ခက်လှသည့်အခင်းတွေနှင့်၊ ရင်ဆိုင်လာလျှင် လက်ရမခွင်းတာကြောင့်၊ သတင်းမလှလို့ ပြည်နဂရာမှာ နော်ဗျာ၊ ဩော် အရင်းပထမတော့ ဖျင်းကြပေတာ’ ဟူ၍ ရေးသားကာ စံဖဲကို ဂုဏ်ပြုထားလေသည်။ ထို့နောက် “ ဆာဂျေအေမောင်ကြီးနှင့် စံဖဲဘွဲ့ လေးချို့း” ခေါင်းစဉ်ဖြင့် - “အခါတာရှည်တဘောင်သံမလွဲပေဘူ့၊ အညာသာစည်မှာ မောင်စံဖဲရယ်က၊ ဗြောင်အမှန်ကြဲပါလို့၊ နှိပ်စက်လျှင် အတန်ကြာ (အို့… ဗျာ) အောင်လံမစွဲတာကြောင့်၊ ပုလိပ်ဘက်မှာဖြင့် မကြံသာ။ ဩော်…. ၎င်းအတွက်ကယ်ကြောင့်၊ ဒေါင်းကနက်များဖြင့်၊ မောင်းနှက်သလို ဆူဆူညာ၍ လူတကာစိတ်မှာ မအေးအောင်ပ၊ ကူပါ ကူပါ ဘိတ်စာပေးသည်သို့၊ ထိတ်စရာအရေးနော်ဖန် လာကြုံတဲ့အပြင်၊ မြန်မာဘုံမှာ ပါဝါဒြပ်တွေနဲ့၊ ပြန်ကာလှန်ကာ တုန်သလို ဆာအမတ်ရယ်က၊ ရွာရပ်တွင် တခါမွှေသည့်၊ အညာပြေ “ငစံဖဲ” ကိုလ၊ (မင်းတို့ပုလိပ်) မဆလာတွေဟာ အမှန်မရဲတယ်လို့၊ ရန်ပွဲလိုအော်ခါ မန်၍ ကြော်ငြာအတန်တန်ချ လျက်နှင်းတာကြောင့် စလျော်ရှာပြန်ငါ့လက်ထက် တွင်းမှာဖြင့်၊ စိတ်ပျက်ပါတယ် သိပ်ရှက်စရာ သတင်းရယ်လို့၊ အကျဉ်းတွေသမို့ ဗဟိုနာဂရာမှာ နော်ဗျာ ဩော်…. ယွန်းဓလေ့ငယ်နှင့် ဖျင်းကြပေတာ” ဟူ၍ စံဖဲအရေးကြောင့် ဆာဂျေအေမောင်ကြီး ရှက်လေဟန်ဖြင့် စံဖဲကို ထပ်၍ ချီးကျူးထားကြပြန်လေသည်။ ထိုမျှမကသေး ဗန္ဓုလသတင်းစာနှင့် ဂျာနယ်တိုက်ပိုင်ရှင် ဗန္ဓုလဦးစိန်က ‘သတိုးစိန်’ ကလောင်ခွဲဖြင့် စံဖဲအကြောင်းကို ဝတ္ထုရေး၍ ချီးမြှောက်ခဲ့ပြန်သည်။ စံဖဲဝတ္ထုကြော်ငြာပုံကိုကြည့်ပါ။ “မရွံ့မထိတ်၊ ခြငေ်္သ့စိတ်နှင့်၊ ထိတ်ထိတ် ကြဲ သတ္တိခဲ၊ အာဇာနည်စံဖဲဝတ္ထု” ဟူ၏။ (၁၄-၁၁-၂၇) ထုတ် ဗန္ဓုလသတင်းစာတွင်လည်း “စံဖဲဘယ်မှာလဲ” (ဒုတိယတွဲ) ဝတ္ထုကြော်ငြာကို တွေ့ရသေးသည်။ ထိုမျှမကသေး ဆရာကျင်ခဲ(ရွှေတိုင်ညွှန့်ဖခင်)နှင့် နန်းတော်ရှေ့ ဆရာတင်တို့ကလည်း “စံဖဲသီချင်း” ကိုရေး၍ တိုင်းပြည်ကို ဖြန့်လိုက်သေးသည်။ ဤသို့ ဖြင့် စံဖဲသတင်းသည် တောရွာအနှံ့ပျံ့၍ စံဖဲသီချင်းသည် လူထုနှုတ်ဖျားဝယ်သီးနေတော့သည်။ စံဖဲကို ကရုဏာဖြစ်သူတို့ကလည်း မရှား။ “သင်းကလေး မတရားတာကို မခံနိုင်လွန်းလို့ ဒီလိုဖြစ်ရတာ” ဟူ၍ ကရုဏာပွားကာ ခွင့်လွှတ်ကြလေသည်။ လူထုက စံဖဲသွားလာလှုပ်ရှားမှု ကို ၎င်းအား အန္တရာယ်ဖြစ်မည်စိုး၍ သိုဝှက်ထားကြသည်။ ထိုသို့ စံဖဲကို ကရုဏာဖြစ်သူတို့အထဲတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းလည်း ပါလေသည်။ စံဖဲ၏ သတ္တိကို ချီးကျူး၍ ဇာတိမာန်လည်း ဖြစ်ရလေသည်။ ထိုအခါ ဆရာကြီးသည် စံဖဲနှင့် ပတ်သက်သော “ပုံတော်နိုင်မော်ကွန်းဋီကာ” တွင်လည်းကောင်း၊ ‘တရုတ်ဒီပနီ ဆောင်ပါးများ” တွင်လည်းကောင်း စံဖဲအကြောင်းဆောင်းပါးကို ရေးလေသည်။ ဆရာကြီးသည် ဓူဝံမဂ္ဂဇင်းတွင် ‘စုံတော်မူမှာတမ်း’ အမည်ဖြင့် စံဖဲ၏ မျိုးရိုးနှင့် ပတ်သက်သော အကြောင်းကို ရေးသား၍ ဇာတိမာန်ဖြစ်လိုက်သေးသည်။ ဆရာကြီးသည် “လူမှာအမျိုး၊ ကြက်မှာအရိုး” ဟူသော စကားအတိုင်းမျိုးရိုးကိုအလွန် လေးစားသူဖြစ်သည်။ ထို့အပြင် ဆရာကြီးပိုမိုလေးစားဟန် ရှိသော မျိုးရိုးမှာ ရှေးမြန်မာမင်းလက်ထက်က အမှုထမ်း၊ အရာထမ်း၊ မင်းမျိုး၊ မှူးမတ်မျိုးတို့ဖြစ်သည်။ မည်သူသည် မည်သည့်အမတ်ကြီး၏ အဆက်အနွယ်ဖြစ်သည်ဟု ကြားလိုက်ရလျှင် ဆရာကြီးသည် ရှေးမြန်မာမင်းများလက်ထက်ကို လွမ်းလာတတ်လေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြို့လုလင်မှ အင်္ဂလိပ်ကို တော်လှန်ခဲ့သော ဦးမင်းရောင်၏ မြေးဖြစ်သည်ဟု ကြားလိုက်ရသောအခါ ဆရာကြီးသည် ဗိုလ်ချုပ်အောင်ဆန်းကို တော်လှန်ရေးမျိုးရိုးပေပဲဟု ပိုမိုကြည်ညိုလေးစားလေသည်။ ဆရာကြီးစိတ်သည် မြန်မာ့သမိုင်းကို နှစ်သက်သောစိတ်၊ ထို့အပြင် သမိုင်းပါ ရှေးမြန်မာများကို လေးစားသောစိတ် အားထားတတ်သော စိတ်မျိုးဖြစ်လေသည်။ စံဖဲသည် မြင်ကွန်းမြင်းခုံတိုင်အရေးက မြင်ကွန်းတို့ဖက်က ပါဝင်တိုက်ခိုက်ခဲ့သော မြင်းတပ်ဗိုလ်၏ မြေးဖြစ်သည်ကို သိရပြန်သောအခါ ဆရာကြီး ဇာတိမာန်ဖြစ်ရပြန်လေသည်။ စံဖဲသည် မျိုးရိုးအရ သတ္တိကောင်းသူကလေးဟု ချီးကျူး၍ ဘေးကင်းပါစေဟုလည်း ကရုဏာအစွမ်းဖြင့် မေတ္တာပို့သခဲ့လေသည်။ ထို့ကြောင့် ဆရာကြီးသည် စံဖဲဘွဲ့ကဗျာမဟာလေးချိုးတွင် - “ဩော်… သရဲဘော်သွေးဟာက မနဲသောအကလေးပေပေါ့၊ မဲတောမွေးရှာသနဲ့ ရှေးမြန်မာအခါရှိစဉ်က၊ ဇာတိအမျိုးပါ ရိုးရာစစ်ပြန်တော့၊ မြန်မာပြည်ကိုးစရာအဆိုးမှာတကယ်လို့၊ သတိုးမဟာဓမ္မရာဇာအဆူဆူနှင်း အပ်ဘူးပေတဲ့၊ အဖိုးမြန်မာဖြစ်သူ မြင်းတပ်မှူးပေမို့ တဦးမှာ အောင်လံစွဲနေကျ၊ မောင်စံဖဲဆိုတာ ဒါယကာကြီးမြေးပေမို့ သွေးအခြေအနေစစ်စရာ ကရိုဏ်းတွေနှင့်၊ ဝေးတမြေခေတ်သာတဲ့ စစ်ကိုင်းဆီက မစ္စတာမှိုင်းကြီး ဟို့နှယ်သည့်နှယ် ကြားရပြန်တော့၊ တပည့်သူငယ်အားမှာအပြစ်ဘယာမညှိုးစေဘို့၊ မေတ္တာပို့ကာ ဆရာသနားမိတဲ့ပြင်” ဟူ၍ ဖွဲ့ဆိုခဲ့သည်။ ထို့အပြင် စုံတော်မူမှာတမ်း၌လည်း စံဖဲဘွဲ့လေးဆစ်တွင်- “ရဲသောဇာနည်၊ မဲတောသာစည်တဲ့ရှင့် ပဝေအခါဆီ အဖြစ်မှန်းပြန်တော့၊ ပြေဌာနီအသစ်ဖန်းကိုမှ ခေတ်နွမ်းအောင် တမင်တွန်းခဲ့တဲ့၊ မြင်ကွန်းစံသူပုန်ထစဉ်က ဂုဏ်ပြမည် ဗျူဟာဆင်တော့၊ အသူရာဘုရင်ဝတိံကဆင်းအောင်ပ သူဇာသခင်အရှိန်ရတဲ့၊ ဣန္ဒသနင်းတွင်မှ ကျွန်ရင်းဝိရုဠ်အမတ်လိုပ၊ တရှိဂုဏ်ဒြပ်အတည်အရည်အချင်းရယ်နှင့်၊ ဩော်…. မဟာသမ္မတတွေနဲ့၊ အာဏာပါဏာပြနိုင်တဲ့ မြန်မာ့ခေတ်ကတခိုမှာ၊ မာဃစစ်ဗိုလ်နဲ့လဲမယွင်းပေဘု ကြုံးဆောင်ကာ၊ ရုန်းတောင်လို့ ကျင်းခဲ့တဲ့ (အမယ်မင်း) နဝင်းစိတ်ကယ်နှင့်၊ မင်းဒြပ်မျို့မသေးစေဘို့၊ ယင်းအရပ်က အချို့ရွေးလိုက်တော့၊ (ဩော်) အတင်းသတ်ဖို့ဖြတ်ဖို့ သွေးရယ်ဆင့်၊ (ကိုစံဖဲမှာတောင်၊ မြင်းတပ်ဗိုလ်မြေး။” ဟူ၍ ရေးဖွဲ့ခဲ့သည်။ ထိုအချိန်မှစ၍ စံဖဲသတင်းသည် မြန်မာတစ်နိုင်ငံလုံးတွင် ဟိုးလေးတကျော်ဖြစ်သွားသည်။ အင်္ဂလိပ်ကို မုန်းတီးသော ပြည်သူလူထု ကလည်း အဖိအနှိပ်ခံ စံဖဲ၏သတ္တိကို ချီးမွမ်းလာကြသည်။ စံဖဲသည် သာဂရရွာမှ ထွက်ပြေးပြီး တောပုန်းဘဝဖြင့် တစ်ရွာတည်းသား ငနီ၊ ချစ်ကောင်း၊ ကံကြီးမောင်တို့နှင့်အတူ တောပုန်းဘဝဖြင့် အင်္ဂလိပ်အလိုတော်ရိလက်ပါးစေများအား ဒုက္ခအမျိုးမျိုးပေးတော့သည်။ ပုလိပ်စိန်ရိုး၏ မြင်းနှင့်သေနတ်အား အိမ်ပေါ်တက်သိမ်းခြင်း၊ နှမ်းကန်သူကြီး ဦးပန်းရည်၏ သေနတ်အား လုယူခြင်း စသည်များ ကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ စံဖဲသည် မယားခိုးငပုအား သတ်ရန်အတွက် အတင့်ရဲစွာ သာစည်မြို့ပေါ်ထိ တက်ရောက်လာသည်။ စံဖဲသည် သာစည်နယ်ပိုင်ဝန် ထောက် ဦးအောင်ကျော် အိမ်ရှေ့အနီးမှ သေနတ်ပစ်ဖောက် ထွက်သွားလေ့ရှိသည်။ သတ္တိရှိပြီး လက်ဖြောင့်တပ်သားစံဖဲကို ပုလိပ်တို့က ထွက်၍ မတိုက်ဝံ့ဘဲဖြစ်နေသည်။ စံဖဲသည် မယားခိုးငပုအား မသတ်ရသောအခါ မဲတောရွာနေ ငပု၏ အစ်မတော်သူ မပုအား ၁၉၂၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ ညက သေနတ်ဖြင့် ပစ်သတ်သွားရာ ပုလိပ်တို့လည်း မျက်လုံးပြူးကြရသည်။ စံဖဲအား အမိဖမ်းနိုင်သူအား ဆုတော်ငွေ ၅၀၀၀ ကျပ် ထုတ်ထားသော်လည်း မည်သူမျှ မဖမ်းဝံ့ဘဲ ဖြစ်နေသည်။ ဤကဲ့သို့ ဆုတော်ငွေ ထုတ်ပြန်သည်ကို တန်ပြန်သည့်အနေဖြင့် စံဖဲကလည်း မယားခိုးငပုနှင့် သာစည်နယ်ပိုင်ဝန်ထောက်တို့၏ ဦးခေါင်းကို ရရှိအောင် မိမိအားကူညီလျှင် ဆုတော်ငွေ ၁၀၀၀ ကျပ်ပေးမည်ဟု (၁၀)တန်ငွေစက္ကူတွင်ရေး၍ သာစည်မြို့ပိုင်ရုံးတွင် ရဲရဲဝံ့ဝံ့ ကပ်ထားလေသည်။ ထိုအချိန်မှစ၍ စံဖဲက အင်္ဂလိပ်အစိုးရအား စိန်ခေါ်ရာမှ ဗိုလ်စံဖဲအမည်တွင်ခဲ့သည်။ တောပုန်းကြီးစံဖဲသည် တောပုန်းဘဝတွင် မဲတောရွာမှ ချစ်သူ မငွေနုအိမ်သို့ ညအခါ လာလေ့ရှိကြောင်း သတင်းရရှိထားသော မိတ္ထီလာအပိုင်မှ ရာဇဝတ်အုပ်ဝန်ထောက်ကလေး အောင်ကျော်မိုး၊ ရာဇဝတ်အုပ် ဦးရွှေခဲ၊ ရာဇဝတ်အုပ် ဦးရွှေအောင်နှင့် ပုလိပ်တပ်ဖွဲ့ဝင်များ သည် ၁၉၂၇ ခုနှစ် မတ်လ ၁၃ ရက်နေ့ ညတွင် မဲတောရွာသို့ စံဖဲအား ဖမ်းဆီးရန်ရောက်ရှိလာကြသည်။ မဲတောရွာရှိ ၎င်း၏ချစ်သူနေအိမ်သို့အလာ ပုလိပ်အဖွဲ့နှင့် ဗိုလ်စံဖဲတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ၊ ရာဇဝတ်ဝန်ထောက် အောင်ကျော်မိုးမှာ လက်တွင် သေနတ်ဒဏ်ရာ ရရှိပြီး ပုလိပ်တပ်သားချစ်မိုးမှာ ဗိုလ်စံဖဲလက်ချက်ဖြင့် သေဆုံးသွားလေသည်။ ဗိုလ်စံဖဲသည် မည်သည့်ဒဏ်ရာမှမရရှိဘဲ လွတ်မြောက်သွားသည်။ ဤသို့ဖြင့် ဗိုလ်စံဖဲသည် တောပုန်းဘဝဖြင့် ကျောက်ဆည်ခရိုင်၊ ရမည်းသင်းခရိုင်၊ မိတ္ထီလာခရိုင်အတွင်း သွားလာလှုပ်ရှားပြီး အင်္ဂလိပ်တို့၏ လက်နက်တုတ်ပုလိပ်တပ်ဖွဲ့အား နည်းမျိုးစုံဖြင့် ဒုက္ခပေးလေသည်။ ဗိုလ်စံဖဲသည် ဤကဲ့သို့ စစ်ပုလိပ်များ၊ စုံထောက်များ ဝန်းရံချထားသည့်ကြားမှ ရုပ်အမျိုးမျိုးပြောင်း၍ သာစည်မြို့ပေါ်တက်၍ ဆံပင်ညှပ်ခြင်း၊ လက်ဖက်ရည်သောက်ခြင်း၊ ညောင်ရမ်းဈေးသွားခြင်း၊ ရွှေဂူကြီးဘုရားပွဲလာခြင်း စသည်ဖြင့် ဝင်ရောက်သွားလာကာ ပုလိပ်များအား လက်တစ်လုံးခြားလှည့်စားသွားလေ့ရှိသည်။ ဗိုလ်စံဖဲသည် ၁၉၂၇ ခုနှစ် မတ်လ ၁၅ ရက်နေ့ညတွင် ရွှေရင်မျှော်ဘုရားပွဲသို့လာမည်ဖြစ်ကြောင်း ကြိုတင်သတင်းလွှင့်ထားသည်။ အစိုးရဘက်မှ ရွှေရင်မျှော်ဘုရားပွဲအတွင်း ပုလိပ်များထူထပ်စွာ လုံခြုံရေးချထားလိုက်သည်။ ဗိုလ်စံဖဲသည် ရုပ်ဖျက်၍ ရွှေရင်မျှော်ဘုရားအား အေးအေးဆေးဆေး ဖူးမြော်ကာ ပန်းဆီမီးကပ်လှူပူဇော်၍ ဘုရားရွှေချကာ ပြန်လည်ထွက်ခွာသွားရာ မည်သူမျှ မသိလိုက်ချေ။ ဗိုလ်စံဖဲသည် အဝေးရောက်မှ သေနတ်ဖောက်၍ အသံပေးမှ စံဖဲ ပွဲတော်တွင်းသို့ လာသွားကြောင်း ပုလိပ်တို့ သိရှိကြရသည်။ ဗိုလ်စံဖဲအား ထုတ်ပြန်ထားသော ဆုတော်ငွေကို မက်၍ လိုင်စင်သေနတ်ကိုင်ထားသူ ဝမ်းတွင်းမြို့မှ နယ်ချဲ့အစိုးရအလိုတော်ရိ ရှေ့နေ ဦးရွှေဗျိုင်းနှင့် စာရေးကြီး ဦးသက်ထွန်းတို့သည် စံဖဲအား ဖမ်းရန် သာဂရရွာမှ ဦးသက်ထွန်း၏ ညီတဝမ်းကွဲ ကိုကံစ၏အိမ်သို့ လာရောက် စုဝေးကြသည်။ ထိုနေ့ကား ၁၉၂၇ ခုနှစ် မေလ ၅ ရက်နေ့ဖြစ်သည်။ ထိုသတင်းကို ဗိုလ်စံဖဲကြားထားသည့်အတွက် ကိုကံစ၏ အိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ ရှေ့နေကြီး ဦးရွှေဗျိုင်းမှာ ဆုငွေမရလိုက်ဘဲ စံဖဲလက်ချက်ဖြင့် အသက်ပါသွားခဲ့သည်။ စာရေးကြီး ကိုသက်ထွန်း၊ ကိုကံစတို့မှာ ဒဏ်ရာရပြီး ကိုသက်ထွန်း၏ ဇနီး မပုမှာ အချောင်သေဆုံးသွားခဲ့လေသည်။ တောပုန်းကြီးဗိုလ်စံဖဲ၏ ရဲစွမ်းသတ္တိကြောင့် နယ်ချဲ့အစိုးရမှာလည်း သိက္ခာကျဆင်းပြီးရင်း ကျလာကာ လုံခြုံရေးပါ ထိခိုက်လာသဖြင့် သာစည်တွင် ပုလိပ်တပ်ဖွဲ့များစုပေါင်း၍ စီမံချက်ချကာ အမိအရ ဖမ်းဆီးရေးအတါက် မြင်းစီးပုလိပ်တပ်ဖွဲ့များဖြင့် တောနင်းပိုက်စိပ်တိုက် ရှာဖွေကြတော့သည်။ ဗိုလ်စံဖဲလွတ်မြောက်နေကာ အစိုးရအား အမျိုးမျိုးနှောင့်ယှက်နေသဖြင့် ကြွက်မနိုင်ကျီမီးနှင့်ရှို့ဆိုသလို စံဖဲဝင်ထွက်သွားလာရာ ကျေးရွာများကိုလည်း အစိုးရက အမျိုးမျိုးနှိပ်ကွပ်တော့သည်။ ဗိုလ်စံဖဲအား ဖမ်းဆီးနိုင်ရေးအတွက် ကျေးရွာများတွင် လာရောက်တပ်စခန်းချ နေသော စစ်ဗာရီစစ်ပုလိပ်များအတွက် ထင်း၊ ရေ၊ ကြက် ဟင်းချက်စရာ နေ့စဉ်ပေးပို့နေရရုံမျှမက လှည်းကူလီ၊ လူကူလီလိုက်ရလွန်းသဖြင့် ကျေးရွာသားတို့သည် မိမိအလုပ်ကိုမိမိ မလုပ်နိုင်တော့ချေ။ ထို့အပြင် ဗိုလ်စံဖဲထွက်ပြေးလွတ်မြောက်သွားခြင်းသည် သာဂရရွာသားများ သူကြီးကို အကူအညီမပေးခြင်းကြောင့်ဟု ဆိုကာ ကျေးရွာအက်ဥပဒေပုဒ်မ (၁၃)အရ တရွာလုံးကို ဒဏ်ငွေ ၆၆၅ ကျပ် ဒဏ်ရိုက်တော့သည်။ ထိုစဉ်က ယင်းဒဏ်ငွေသည် အလွန်ဝန်လေးသော ကိစ္စဖြစ်သည်။
ယင်းနောက် ၁၉၂၇ ခုနှစ် ဩဂုတ်လ ၂၅ ရက် ကြာသပတေးနေ့ကျပ် သာစည်မြို့နယ် မောင်းမဆည်ရွာအနီး တောထဲတွင် သေနတ်ခေါင်းအုံး၍ ငှက်ဖျားရောဂါဖြင့် လဲနေသော ဗိုလ်စံဖဲကို အစိုးရတပ်များက တောနင်းရှာဖွေရာ ရှာမတွေ့ဘဲဖြစ်နေရာ ဗိုလ်စံဖဲက ပုလိပ်ကို လက်ယပ်ခေါ်ပြီး `ငါစံဖဲဖြစ်တယ်´ ဟု သူကိုယ်တိုင် အဖမ်းခံရမှ ဖမ်းမိတော့သည်။ အစိုးရအစွမ်းကြောင့် ဖမ်းမိခြင်းမဟုတ်ဘဲ ငှက်ဖျားရောဂါကြောင့်သာ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ တောပုန်းကြီးဗိုလ်စံဖဲ၏ အမှုကို မိတ္ထီလာမြို့တရားရုံးတွင် တရားသူကြီး မစ္စတာမက်ကနော ဦးဆောင်၍ တစ်နှစ်ကြာ စစ်ဆေးခဲ့သည်။ တောပုန်းကြီးဗိုလ်စံဖဲအမှုတွင် ပါဝင်ခဲ့သော ကံကြီးမောင်နှင့်ငနီတို့ကို အားပေးကူညီပူးပေါင်းမှုဖြင့် ထောင်ဒဏ် (၄၁) နှစ်စီ ကျခံရန် စီရင်ချက်ချခဲ့သည်။ နောက်ပိုင်း အယူခံဝင်၍ ကံကြီးမောင်အား ထောင်ဒဏ်တသက်တကျွန်း (နှစ် ၂၀) ပြောင်းလဲသတ်မှတ်ပေး ခဲ့သည်။ ဗိုလ်စံဖဲအား ပြစ်မှုထင်ရှားသည်ဟုဆိုကာ ၁၉၂၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ နံနက် ၆း၃၀ နာရီတွင် မြင်းခြံထောင်ကျပ် ကြိုးပေးကွပ်မျက်လိုက်လေသည်။ (ဇွဲသန်းသျှင် (သုံးဆယ်) ရေးသားသော `ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့်တောပုန်းကြီစံဖဲ´ ဆောင်းပါး (မော်နီတာဂျာနယ် ၁၉-၆-၂၀၁၁) ၌ ၁၉၂၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ဟူ၍လည်းကောင်း၊ သမိုင်းသုတေသနဦးစီးဌာနမှ ထုတ်ဝေသော `မြန်မာ့ရက်စဉ်သမိုင်း´ ပထမတွဲ စာမျက်နှာ ၂၅၂ ၌ ၁၉၂၈ ခုနှစ် ဧပြီလ ၁ရက်နေ့ဟူ၍လည်းကောင်း မှားယွင်းစွာ ဖော်ပြထားသည်။) ဗိုလ်စံဖဲသည် ကွယ်လွန်စဉ်က အသက် ၂၂ နှစ် သာ ရှိသေးသည်။ မည်သို့ဆိုစေ… နယ်ချဲ့ဗြိတိသျှအစိုးရ အုပ်စိုးနေသော ကိုလိုနီခေတ်၌ ပထမဆုံးဆုတော်ငွေ အထုတ်ခံရသည့် နယ်ချဲ့ဆန့်ကျင်ရေးသမား ဗိုလ်စံဖဲ၏ မတရားမှုအတွက် ခေါင်းငုံ့မခံဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်တိုက်ခိုက်ခဲ့သော သူ၏ သတ္တိကို ဂုဏ်ပြုရမည်ဖြစ်ပေသည်။
(၁) ဇွဲသန်းသျှင် (သုံးဆယ်) `ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့်တောပုန်းကြီစံဖဲ´ ဆောင်းပါး (မော်နီတာဂျာနယ် ၁၉-၆-၂၀၁၁) (၂) ကိုတင်လှိုင် (မိတ္ထီလာ) `နယ်ချဲ့အစိုးရ၏ ပထမဆုံးဆုငွေအထုတ်ခံရသည့် တော်လှန်ရေးသမား စံဖဲ´ (မော်နီတာဂျာနယ် ၆-၁၁-၂၀၁၁) (၃) ဦးဟုန်ဝမ် `သခင်ကိုယ်တော်မှိုင်းနှင့်စံဖဲ´ တက္ကသိုလ်ပညာပဒေသာစာစောင် တွဲ-၆၊ အပိုင်း-၄၊ ၁၉၇၁။ (၄) သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် ပထမအတွဲ၊ ပညာရွှေတောင်စာပေ၊ ပထမအကြိမ် ၂၀၁၀။ (၅) L.U.G. Tripp, Boh San Pe and Other Glimps of life in Burma, Bombay, Mody’s Diamond Printing Works,1944. (၆) မာဂဓီသာစည်၊ နယ်ချဲ့တော်လှန်ရေးသမားကြီးဗိုလ်စံဖဲ၊ ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၉၉။ မိုးမခမီဒီယာ
သန်းဝင်းလှိုင် ဧပြီ ၁၈၊ ၂၀၁၃==ဗိုလ်စံဖဲ==

သန်းဝင်းလှိုင် ဧပြီ ၁၈၊ ၂၀၁၃