ဝီကီပီးဒီးယားမှ နွေးထွေးစွာ ကြိုဆိုပါတယ် Ling Kee Dai ! ပြင်ဆင်ရန်

--Welcome-Bot (ဆွေးနွေး) ၁၈:၁၅၊ ၁၇ မတ် ၂၀၂၃ (UTC)အကြောင်းပြန်ရန်

ဒိုင်(ချင်း) မျိုးနွယ်စု ပြင်ဆင်ရန်

ဒိုင်(ချင်း) မျိုးနွယ်စုတို့၏ သမိုင်း၊ စာပေယဉ်ကျေးမှု နှင့် လူမှုစီးပွားရေးအကျဉ်း ပြင်ဆင်ရန်

​​​​​​​Rev. Bawi Zaw( Mindat)

အမည်နာမ။​​ ပြင်ဆင်ရန်

ဒိုင်(DAI) မျိုးနွယ်စု အမည်နာမနှင့်ပါတ်သက်၍၊ ရှေးယခင်က ဒိုင်လူမျိုးများဟု ခေါ်ဝေါ်သုံးစွဲ ခဲ့ကြ သော်လည်း မည်သည့်ကာလ အချိန်တွင် စတင်ခေါ်ဝေါ်ကြောင်းကို တိတိပပ ရေးသွင်း မှတ်တမ်း တင်ရန်ခက်ခဲသည်။ သို့သော် အင်္ဂလိပ်တို့သည် ၁၈၉ရ ခုနှစ်၊ ချင်းတောင်ကို သိမ်းယူပြီး၊ မျိုးနွယ်စု များကို ရေးသွင်းမှတ်တမ်းတင်ရာတွင် Yindu Dai( ယင်ဒူး ဒိုင်) ဟု အဦးဆုံး ရေးသား မှတ်တမ်း တင်ပေးခဲ့သည်။ Captain G.C Rigby ၏ ယောတွင်းနှင့် ရခိုင်ဒေသ၏ မြောက်ဖက်ရှိ တောင်ပေါ် တိုင်းရင်းသားများ၏ ဖြစ်တည်မှု ဆန်းစစ် သုတေသန ပြုလုပ်ရာတွင် မုန်းချောင်းအနောက်ဖက်ရှိ ဒိုင်ချင်းများကို ယဉ်ကျေးမှု မဖွံဖြိုးသေးသော ဒိုင်လူမျိုးများ “ Wild Chins or Wild Dais” ဟု မှတ်တမ်းတင်ခဲ့ပါသည်။ သူကိုယ်တိုင်မှ ရှင်းပြရာတွင် Wild Dais ဟုသုံးနှုန်းခြင်းသည် သူတို့၏မလုံ့ တလုံ၀တ်စားဆင်ယင်မှုကို ရည်ညွှန်းကြောင်း ဖော်ပြပါသည်။ သူတို့သည် မုန်းချောင်း အနောက်ဖက် နှင့် ရခိုင်ရိုးမဖက်တွင် နေထိုင်ကြသည်ဆိုထား၏။ ၄င်း ဒိုင်( Dai) လူမျိုးများသည် တစ်ဖန် Races of Burma စာအုပ်တွင် စလင်းချောင်းနှင့်မုန်းချောင်းကြား၊ မုန်းချောင်းနှင့် လေမြိုမြစ်ကြား(ဖုန်လောင်း) တွင် နေထိုင်ကြပြီး အမျိုးသမီးများသည် ပန်းရဲထိုးကြသည်ဟုဆို၏။

၁၉၆ရ ခုနှစ်တွင် ထုတ်ဝေသော တိုင်းရင်းသား ရိုးရာဓလေ့ထုံးစံ(ချင်း)စာအုပ်တွင်လည်း ရင်ဒူး(ဒိုင်) ကန်ပက်လက်မြို့နယ်၊ ဒိုင်(ယင်ဒူး) မတူပီမြို့နယ်ဟု သုံးနှုံးဖော်ပြထားပါသည်။ ၁၉၆၈ ခုနှစ်တွင် ဒိုင်နယ်သို့ရောက်ရှိလာသော ခရစ်ယာန်သာသနာပြု ဆရာကြီးများမှလည်း အထက်ပါအတိုင်း အ မည်နာမကို Dai သုံးနှုံးကာ မှတ်တမ်းမှတ်ရာ အသင်းတော်သမိုင်းထဲတွင် ဒိုင်သာသနာနယ်( Dai Mission Field) သုံးနှုံးခဲ့သည်။ ပြည်ထဲရေးနှင့် အစိုးရအဖွဲ့အစည်းများ၏ အသုံးအနှံးများတွင်လည်း ယင်ဒူး(ဒိုင်) သို့မဟုတ် ဒိုင်(Dai)မျိုးနွယ်စုဟု၄င်း၊ သာသနာရေးရာနှင့် မျိုးနွယ်စုအဖွဲ့အစည်းများတွင် လည်းဒိုင်(Dai)ဟူ၍၄င်းတရားဝင်သုံးနှုံးလာခဲ့ကြရာ၊ယနေ့ထိဒိုင်မျိုးနွယ်စုများ၏အမည်ကို ဒိုင်(Dai) ဟုပင်သုံးနှုံးကြရသည်။

စာပေ။ ပြင်ဆင်ရန်

ရှေးယခင်က ဒိုင်(Dai) မျိုးနွယ်စုများတွင် စာပေဟူ၍မရှိခဲ့ပေ။ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက် မြို့ နယ်များတွင် ချိုးစာ၊ မတူပီမြို့နယ်တွင် ဟားခါးစာပေနှင့် ပလက်ဝမြို့နယ်တွင်ခူမီးစာပေကိုသာ မူလ တန်းဆင့်တွင်သင်ယူခဲ့ကြသည်။ သို့သော် ခရစ်ယာန်သာသနာပြုများသည် ဒိုင်နယ်သို့ ရောက်ရှိလာ ပြီး ဒိုင်စာပေ နှင့် ဗျည်းအက္ခရာများ တည်ထွင်ပေးခဲ့ကြသည်။ ၁၉၆၈ ခုနှစ်တွင် မတူပီမြို့နယ်တွင် Siip Dai စာပေကို၄င်း၊ ၁၉၇၅ ခုနှစ်တွင် ဦးချိုင်ဆောမှ ကန်ပက်လက်မြို့နယ်တွင် Yang Dai စာပေ ကို၄င်း၊ Presbyterian သာသနာပြုများမှ မင်းတပ်မြို့နယ်တွင် Dai စာပေကို ၁၉၇၈ခုနှစ်တွင် လည်း ကောင်း၊ ပလက်ဝမြို့နယ်တွင် မရာဧဝံဂေလိအသင်းတော် သာသနာမှ လေးမြို့ Dai စာပေကို၄င်း၊ မက်သဒစ် အသင်းတော်၌ ၁၉၈၄ ခန့်တွင် အသင်းတော်အတွင်း အသုံးပြုရန် Dai စာပေကို၄င်း အသီးသီးကွဲပြားစွာ သုံးစွဲလာခဲ့ကြသည်။

၂၀၀၉ ခုနှစ်တွင် မြို့နယ်အလိုက် စာပေ(၅)မျိုးခန့်ကွဲပြားနေသည်ကို မျိုးနွယ်စုတစ်စု၊ စာပေတစ်ခု ဖြစ်ဖို့ရည်ရွယ်လျှက် ဒိုင် ဘုံစာပေအတွက် Bible International ဘာသာဗေဒ ပညာရှင်များ၏ အကူအညီဖြင့် Dai Literacy work shop ပြုလုပ်ပြီး တောင်ပိုင်း ၄ မြို့နယ် ခေါင်းဆောင်များ တက်ရောက်၍ ဘုံဗျည်း အက္ခရာများ အတည်ပြုခဲ့ကြသည်။ ၂၀၁၀ ခုနှစ် လေးမြို့နယ် ပထမအကြိမ် ဒိုင်(Dai) ညီလာခံ၊ မင်းတပ်မြို့မှ ၄င်းဘုံဗျည်းအက္ခရာများကို အတော်ကြာ ဆွေးနွေးပြီးနောက် လေးမြို့နယ် ဒိုင်(ချင်း) ဘုံဗျည်း အက္ခရာအဖြစ် ထပ်မံအတည်ပြုခဲ့ကြသည်။ ၂၀၁၄ ခုနှစ်တွင် ၄င်းဘုံ ဗျည်းအက္ခရာဖြင့် ဒိုင်တိုင်းရင်းစာပေကို ဒိုင်နယ်ရှိ အစိုးရကျောင်းများတွင် သင်ကြားနိုင်ရေးအတွက် အဆိုပြုလွှာ တင်သွင်းခဲ့ကြရာ၊ ဒိုင်(Dai)တိုင်းရင်းစာပေ သင်ကြားခွင့်ကို အစိုးရမှ ၂၀၁၄ ခုနှစ်တွင် အတည်ပြုပေးခဲ့ပြီး၊ Grade 1,2, 3 ကို ၂၀၁၆ ခုနှစ်တွင် အခြေခံပညာရေးဦးစီးဌာနမှ အုပ်ရေ ၃၆၀၀ အခမဲ့ထုတ်ဝေပေးပါသည်။

၄င်းနောက် ဒိုင်တိုင်းရင်းစာပေအဖွဲ့ မှတ်ပုံတင်နိုင်ရေးအတွက် ဒိုင်စာပေ နှင့်.ယဉ်ကျေးမှု ကော်မီတီ (ဗဟို)မှတဆင့် တောင်း လျှောက်ခဲ့ကြရာ၊ ၂၀၁၈ ခုနှစ်တွင် ဒိုင်(ချင်း) တိုင်းရင်း စာပေ နှင့် ယဉ်ကျေးမှု အသင်း မှတ်ပုံတင်အမှတ်/ ၁ ပြည် တွင်း/၀၇၀၅ ဖြင့်တရားဝင် စာပေနှင့်ယဉ်ကျေးမှုအသင်း မှတ်ပုံ တင်ခဲ့ကြသည်။ ထို့ကြောင့် ဗဟိုဒိုင်စာပေ နှင့် ယဉ်ကျေးမှုအသင်း(လေးမြို့နယ်ကိုယ်စားပြု)အား ၂၀၁၀ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြပြီး၊ ယခုတွင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့၊ နဝဒေးလမ်းတွင် ရုံးဖွင့်ထားကြပါသည်။ ၄င်းအပြင် မြို့နယ်အဆင့် အသီးသီးတွင် စာပေနှင့်ယဉ်ကျေးမှုအသင်းအား ဖွဲ့စည်းနိုင်ခဲ့ကြပြီး၊ ကျောင်းပြင်ပတွင် Primer အဆင့်ကို ၂၀၁၀ မှ ၂၀၁၄ တွင်၄င်း၊ ၂၀၁၆ မှ ယနေ့ထိ Grade 1,2,3 ကို ကျောင်းချိန်ပြင်ပတွင် သင်ယူနိုင်ခဲ့ကြပါသည်။

ဆင်းသက်လာပုံသမိုင်းကြောင်း။ ပြင်ဆင်ရန်

ချင်းမျိုးနွယ်စု(၅၃)စုတွင် ဒိုင်(Dai) မျိုးနွယ်စုသည် တစ်ခုအပါ အဝင်ဖြစ်ပါသည်။ ဒိုင်(ချင်း) မျိုးနွယ်စုများသည် အေဒီ ၁၂၀၀ နှင့် ၁၃၀၀ ကြားတွင် ချင်းတောင်သို့ ရောက်ရှိခဲ့ကြပြီး၊ ချင်းတောင်ဒေသသို့ အရပ်လေးမျက်နှာ လှည့်လည်ရင်း လက်ရှိဒိုင်ဒေသတွင် နှစ်ပေါင်း ၈၀၀ ခန့်ကြာ အခြေစိုက် နေထိုင်လာခဲ့ကြသည်။

ဒိုင်မျိုးနွယ်စုများသည် တိဗက်-မြန်မာအုပ်စုဖြစ်ပြီး၊ ချင်း-ကချင် အဖွဲ့တွင်ပါ၀င်သည်။ ချင်း-ကချင်များသည် မွန်-ခမာ များထက်စော၍ မြန်မာပြည်တွင်းသို့ ရောက်ရှိခဲ့ကြပြီး၊ တိဗက်ကုန်းမှ မြန်မာနိုင်ငံ အရှေ့မြောက်ဖက်တွင် ၀င်ရောက်လာကြကာ တကောင်း- ကျောက်ဆည်ဒေသတွင် အခြေချ နေထိုင်ခဲ့သည့် အထောက်အထားများတွေ့ရှိရသည်။ ၄င်းမှတဆင့် ပုဂံဒေသတွင် အတန်ကြာနေထိုင်ခဲ့ကြပြီး၊ အေဒီ ၈၃၅ ၀န်းကျင်တွင် ဧရာဝတီ- ချင်းတွင်းမြစ်ဆုံတွင် ချင်းပြည်ချင်းရွာတည်၍ အခိုင်အမာနေထိုင်လာခဲ့ကြသည်။ တရုတ်ပြည်ယူနန်ဒေသမှ နန်ချိုတို့၏ တို်က်ခိုက်မှုကြောင့် ချင်းပြည်ချင်းရွာ ပျက်စီးသွားခဲ့သည်။ တစ်ချို့သည် ချင်းတွင်းမြစ်ဆုံမှတဆင့် ချင်းတွင်းမြစ်အတိုင်းဆန်တက်၍ ကလေး-ကဘော်ဒေသတွင်၄င်း(ယခုတွင် မြောက်ပိုင်းချင်းဖြစ်လာမည့်သူများ)၊ တစ်ချို့သော သူတို့သည် ဧရာဝတီမြစ်ကို ဖြတ်ကျော်၍ ပခုက္ကူ-တောင်တွင်းကြီး-ပုပ္ပါးအရပ်တွင်၄င်း၊ ၄င်းမှတဆင့် မြောက်ဖက်သို့သွားပြီး ပုံတောင်ပုံညာကို ဖြတ်ကျော်လျှက် ယောတွင်းဒေသ( ယခုတွင် တောင်ပိုင်းချင်းဖြစ်လာမည့်သူများ)သို့၄င်း၊ တစ်ချို့သောချင်းများသည် ပဲခူးရိုးမ၊ စစ်တကောင်းတောင်တန်း နှင့် ရခိုင်ရိုးမဘက်သို့ ရေကြည်ရာ မြက်နုရာ ဦးတည်ပျံ့နှ့ံလာခဲ့ကြသည်။

ယခုချင်းပြည်တောင်ပိုင်းရှိ ဒိုင်မျိုးနွယ်စုများသည် ဒိုင်ဒေသသို့ အခြေချနေထိုင်ခြင်းမရှိမှီ လာရာလမ်းကြောင်း(၃)မျိုးခန့်ရှိသည်ဟု ခန့်မှန်းရသည်။၄င်းတို့မှာ

(၁) မြောက်ယောဖက်မှ ချင်းတောင်သို့ တက်သည့်အဖွဲ့၊ (၂) တောင်ယောဖက်မှ ချင်းတောင်သို့တက်သည့်အဖွဲ့၊(၃) လောင်းရှည်ဒေသမှ ချင်းတောင် သို့တက်သည့်အဖွဲ့ နှင့်(၄) ရခိုင်ရိုးမ နှင့် စစ်တကောင်းဘက်မှ ချင်းတောင် တက်လာသည့်အဖွဲ့ ( Msak Kai) စသည်ဖြင့် လာရာလမ်းကြောင်း လေးကြောင်းခန့်ဖြင့် ချင်းတောင် ဒိုင်ဒေသသို့ ရောက်ရှိလာကြသည်။

မြောက်ယောဖက်မှ ချင်းတောင်တက်လာသူများသည် ဘုံတလာကို ဖြတ်ပြီး မော်ပီးတောင်ကို လွန်ကာ ဒိုင်နယ်သို့ ရောက်လာသည့်အဖွဲ့ကို မော်မီးမှ ဆင်းသက်လာသူများ( Mawpi K’law)၊ ထီးလင်းနယ် ထလင်းရွာမှ စွန်တောင်ရွာဖက် တက်လာပြီး ဟီးလောင်း၊ ချာလောင်းဒေသ ဖြတ်သန်းလာသူများကို မြေပြန့်ဖက်မှ

( M’vak Kai) ဆင်းသက်လာသည့်အဖွဲ့ဟူ၍၄င်း၊ အလောင်းစည်သူမင်း လက်ထက် ချင်းတောင်သို့ ခေါ်ဆောင်လာသည့် စစ်သူကြီး မင်းထင်( နယ်ခြားစောင့် စစ်သူကြီး) မှ ချင်းအမျိုးသမီးကို ထိမ်းမြား၍ ထိုသူမှ ပေါက်ဖွားလာသူများသည် ကောင်းကင်သံတံခါးမှ ဆင်းသက်လာသူများအဖွဲ့( Khan Kchak K’law) ဟူ၍၄င်း၊ ချင်းတွင်းဒေသမှ ရခိုင်ပြည်၊ စစ်တကောင်းဘက်သို့ ကျင်လည်ခဲ့ရာမှ အရှေ့မြောက်ဖက်သို့ တက်လာသူများကို (Msak Kai) အဖွဲ့ဟူ၍၄င်း ခေါ်ဆိုသမုတ်ကြလေသည်။

မြေပြန့်မှ ချင်းတောင်တက်လာသူတို့သည် “ ချင်းမှန်လျှင် ပုဂံက” သမိုင်းသုတေသီ တို့၏အဆိုကို လက်ခံကြသည်။ ၄င်းတို့သည် ပုဂံပြည်မှ ပုံတောင်ပုံညာကို ဖြတ်ကျော်လာပြီး၊ ယောနယ် အလယ်ပိုင်း ထီးလင်းဒေသတွင် နေထိုင်ခဲ့ကြကြောင်း၊ ဒိုင် ဘိုးဘေးတို့၏ ရှေးသီချင်းများတွင် သူတို့၏ လာရာ နောက်ကြောင်း ဖော်ကျူးရာ ” ကွမ်းစုတ်တွင် စေတီ၊ ထလင်းတွင် ကျောင်းအိမ် တည်ခဲ့လေသည်” စသည်ဖြင့် သီဆိုခဲ့ကြသည်။ ထို့နောက်တစ်ဖန် Dai M’sawn Lung ဟူသော ကျောက်ဖြာကိုလည်း တည်ခဲ့ကြောင်း ၄င်းကျောက်ဖြာသည် လုံယူးပွဲတော်၏ မူလအစဖြစ်သည်ဟုဆိုကြ၏။ ၄င်းအုပ်စုသည်ထလင်းမှ ချင်းတောင် စွန်တောင်နယ်ကို ဖြတ်ကျော်ပြီး၊ ဟီလောင်း ချာလောင်းအရပ်တွင် အိုးအိမ်တည်၍ နေထိုင်ခဲ့ကြလေသည်။ ယခုတွင် မင်းတပ်မြို့နယ် တိုက်နယ်အမှတ်(၁၃)ရှိ အောက်ချိုင်၊ အထက်ချိုင်ဒေသ နှင့် တိုက်နယ်အမှတ်(၁၁) သွယ်ဖသားစုအဖွဲ့၊ ဒုတ်နှင့် ကန်ပက်လက်မြို့နယ်တွင် မဆွီ၊ လုံအိမ်၊ မှော်လောင်းလုံး၊ ပျော့နှင့်ငရှောင် တို့ဖြစ်ပြီး သူတို့သည် ယောနယ်မှ ဟီလောင်းဒေသ ကိုဖြတ်ကျော်ပြီး ဒိုင်နယ်သို့ အခြေချနေထိုင် လာခဲ့ကြသည်။

မော်ပီးအဖွဲ့တွင် ညီအစ်ကိုများဖြစ်သည့် Khüp Küi, Sai Küi, Ling Küi တို့သည် ဘုံတလာဖက်မှာပြီး မော်ပီးတောင်ကို ဖြတ်ကျော်ကာ မင်းတပ်မြို့နယ် တိုက်နယ် အမှတ်(၁၀) နှင့် (၁၁)တို့တွင် အခြေချနေထိုင်ခဲ့ကြသည်။ သူတို့၏ ညီအစ်ကို M’kang Haküi သည် ကာဏ်းအုပ်စုတွင် ပါ၀င်ပြီး၊ ရိုးဖောင်( ဖိုင်ခေါ်ဒေသ)တွင် အခြေချနေထိုင်ခဲ့သည်။ Ling Küi ဖသားစုသည် ခင်ဖောင်တွင် ရောက်ရှိအခြေချကြရသည်။ ခုပ်ကီးဖသားစုသည် ယခုတွင် စမ်းဒေသ၊ ချောသာသွယ်၊ ထားအိမ်နူးဒေသအထိ နေထိုင်ကြသည်။ ဆာကီး အုပ်စုတွင် မင်းတပ်မြို့နယ် မကွီအိမ်နူးဒေသ နှင့် ပလက်ဝနယ် ထိန်ကောင်း၊ လုံတူအထိပါ၀င်သည်။

မတူပီမြို့နယ် မားဒူကျေးရွာရှိ Xümca အဖွဲ့နှင့် မင်းတပ်မြို့နယ် ခင်ဖောင် Xümca တို့သည်လည်း ယောနယ်မှတဆင့် အရှေ့ဖက်မှ မော်ပီးကို ဖြတ်သန်းလာပြီး၊ မော်ပီ၏ အနောက်ဖက်ခြမ်း ဒိုင်ဒေသတွင် အခြေချနေထိုင်လာကြသည်။ သို့သော် ခင်ဖောင် ( Khimphong) အဖွဲ့သည် မွင်း အုပ်စုဖြစ်သော လုံခါအဖွဲ့၏ ညီအစ်ကိုများဖြစ်သည်။

မတူပီမြို့နယ်ရှိ မားဒူနှင့် ဝေလူးဒေသရှိ ဒိုင်များသည် မင်းတပ်နယ် ဒိုင်မျိုးနွယ်စုများနှင့် ဘာသာစကားပို၍ နီးစပ်ရှိပြီး၊ Mvak Kai အဖွဲ့နှင့် အတူဆင်းသက်လာကြရသည်။ ရုးန်၊ ရောက်ထန်၊ အွယ်စီ နှင့် ငပန်ရာများသည် ပလက်ဝမြို့နယ် ဟန်ဒိုင် အဖွဲ့နှင့် ပို၍နီးစပ်မှုရှိသည်။ အမ်ဆွေး၊တွီရှိပ်၊ပန်တွီး၊ ရှိလှည့်၊ ဘွေရှိ၊ ပလာရို၊ လိန်တွီး၊ ထုံနား၊ ကွီးစာ နှင့် ကိပ်နားတို့သည် မတူ( Batu) အဖွဲ့နှင့်အတူလာပြီး၊ မင်းတပ်မြို့နယ် ဝေးလောင်းနှင့် ကျွန်နာမ်အရပ်ကို ဖြတ်ကျော်ပြီး၊ မတူပီမြို့နယ်် ဒိုင်ဒေသတွင် ရောက်ရှိ လာကြသည်။

ကန်ပက်လက်မြို့နယ်ရှိ ဒိုင်ကျေးရွာများဖြစ်သော ဖုံအိမ်၊ ခါရိုင်း၊ ချောင်ရိုင် အဖွဲ့သည် တောင်ယောဖက်မှ တက်လာသည့်အဖွဲ့ဖြစ်ပြီး၊ သူတို့သည် လောင်းရှည်ရွာကိုလည်း တည်ခဲ့ကြကြောင်း၊ ထိုမှတဆင့် ပင်လောင်းကို ဖြတ်၍၊ ဖာဒိုဒေသတွင်၄င်း၊ အနောက်ဖက်ရွေ့သွားကာ လေမြိုမြစ်ဖက်သို့ အခြေချနေထိုင်ခဲ့ကြသည်။ တစ်ဖန် ပြန်လှည့်လာကြပြီး၊ ကန်ပက်လက်မြို့နယ်တွင်နေထိုင်လာခဲ့ကြသည်ဟု ဆို၏။ ကန်ပက်လက်နယ်ရှိ ရန် ( Yang) ဒိုင်တို့သည် ဖုန်လောင်းမှတဆင့်အရှေ့ဖက်သို့ ပြန်လှည့်လာပြီး ဆယ်ရုံး ခင်ရိုး၊ ရှစ်-အုံအရပ်ဒေသနှင့် ခေါနူးတောင်အောက်ဖြတ်ကျော်ပြီး ရန်ဒေသတွင် အခြေစိုက်နေ ထိုင်လာခဲ့ကြသည်ဆို၏။ ၄င်းတို့တွင် မှူးချိန်ဒိန်၊ရန်စဲ နှင့် အောက်ရင်းတို့ပါ၀င်သည်။

ပလက်ဝမြို့နယ်ရှိ ဒိုင်များတွင် ဟန်ဒိုင်( Hang Dai) လေးမြို့ဒိုင်( Laymyoh Dai)၊ ဆာကီးဒိုင်( Sai Küi Dai) နှင့် ဆောင်းဗက် ဒိုင်များ ရှိကြသည်။ ဟန်( Hang) ၊ ဗက်( Vet) ၊ ဆောင်း ( Sawng) များသည် ရှေးယခင်က အတူတကွ နေထိုင်ခဲ့ကြသည်။ သူတို့သည် ဒိုင်များဖြစ်သည်။ ပလက်ဝမြို့နယ်ရှိ ချိုင်စနူး၊ ထော့နူ၊ ရန်လောင်းထော့၊ လောင်ဒန်၊ နာမ့်ပိုင်၊ဘော ၊ ဆတ္တူး၊ မှူတုနူး၊ မှူမ်း၊ အာစာ၊ ကိုဖေရှည်၊ လေးစာ တို့သည် ဟန်ဒိုင်များဖြစ်သည်။ တစ်ခါတစ်ရံ လေးမြို့ဒိုင် ဟုလည်းခေါ်ကြသည်။ ထိန်ကောင်း၊ လုံဒူ ၊ တွီစပ် နှင့် လောင်ဒန်များသည် ဘာသာစကားတွင် ဟန်ဒိုင်များနှင့်ပိုနီးစပ်သော်လည်း မျိုးနွယ်စုအရ ဆာကီးအုပ်စုတွင် ပါ၀င််ကြသည်။ မားဒွမ်းဆမ်း၊ ပိုင်ဒိုး၊ ရန််လောင်းဆမ်း တို့သည် မင်းတပ်မြို့နယ် ဆယ်ရုံးခင်ရိုးမှတဆင့် ခေါနူးတောင်ခြေရင်းကို ဖြတ်၍၊ ဖုန်လောင်းဖက်သို့ ရွေ့ကာ ပလက်ဝနယ် ဒိုင်ဒေသို့ အခြေချလာခဲ့ကြသော ငရှောင်(ဆာမ်းမျိုးနွယ်ဝင်)များဖြစ်သည်။ သူတို့သည် Mvak kai အုပ်စုတွင် ပါ၀င်သည်။ ပူးချောင်းဝ၊ နှာရှိပ်နှင့်သံထောင်ဒေသသည် ဗက်နှင့်ပို၍နီးစပ်မှုရှိသော်လည်း ဒိုင်များသာ ဖြစ်သည်။

ကိိုးကွယ်ယုံကြည်မှု။​​ ပြင်ဆင်ရန်

ဒိုင်မျိုးနွယ်စုများသည် ရှေးယခင်တွင် မိရိုးဖလာဘာသာ( Traditional Religion)တွင် သက်ဝင် ယုံကြည်ခဲ့ကြသည်။ သူတို့သည် ဘုရားတစ်ဆူဝါဒ( Monotheism) ကိုလက်ခံကြသည်။ ဖန်ဆင်းရှင်သည် ဘုရားသခင်ကို Khyühnam ဟုခေါ်ပြီး၊ မိုးကောင်းကင်အထက်တွင် စံမြန်းတော်မူသည်ဟု ယုံကြည်ကြသည်။ ထိုဘုရားသခင်သည် ဤကမ္ဘာမြေကြီးကို ဖန်ဆင်းရာ၌ ပထမတွင် မြေမျက်နှာသွင်ပြင် အကြမ်းသဘောဖြင့် ဖန်ဆင်းပြီး၊ ၄င်းနောက် နားပါး(Napa) ဟုခေါ်သော တမန်တစ်ပါးဖြင့် ကမ္ဘာမြေကြီး အားလုံးပြန့်သွားအောင် ဖန်ဆင်းခိုင်းသည်။ သို့သော် ယခု တောင်တန်းကြီးများအဖြစ် ကျန်နေသော ချင်းတောင်ကို ပြန့်အောင် ဖန်ဆင်းပြုလုပ်နေဆဲတွင် သူ့အမေဆုံးပါး၍ ကောင်းကင်မှ ပြန်လာခေါ်ကြသဖြင့် လက်စကို အဆုံးမသတ်ဘဲ အိမ်ပြန်ခဲ့သဖြင့် ချင်းတောင်သည် တောင်တန်း လျှိုမြောင်ကြီးတွေအဖြစ် ကျန်ရစ်သည်ဟု ဆိုခဲ့ကြသည်။

ဒိုင်ချင်းတို့သည် တမလွန် ဘဝကို ယုံကြည်လက်ခံကြသည်။ သူတို့၏ ရှေးရိုးသီချင်းတွင် ဤကမ္ဘာ မြေကြီးသည် ၀င်ရိုးတိုင် ခြောက်ခုဖြင့် ဖန်ဆင်းထားရာ၊ ယာယီမှီခိုရသည့် နေရာသာဖြစ်သည်။ သေပြီး သော သူ၏ ၀ိညာဉ်သည် အိုခြင်း၊နာခြင်း၊သေခြင်း ကင်းသော မော်ပီး( Mawpi)ဟူသော ၀င်ရိုးတိုင် ကိုးခုဖြင့် ထောက် ၍ဖန်ဆင်းသော ထာဝရငြိမ်းချမ်းသော ၀ိညာဉ်ကမ္ဘာသစ်သို့သွားရမည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သေသောသူတို့ဝိညာဉ်သည် မော်ပီးတောင်ထိပ် တောင်ဇလပ်အပင်ကြီးအကျော် ဂူဝတွင် ၀င်သွားပြီး၊ အတိတ်မေ့စမ်းရေ( Hmitui) သောက်ကာ၊ ၀ိညာဉ်သည် တစ်ဖက်ကမ္ဘာသစ်ဆီသို့ ကူးသွားသည် ဟုဆိုကြ သည်။ မော်ပီး တံခါးဝတွင် သေမင်းသခင် မော်နူးအွယ်( King of the Death) ၏တရားစီရင်ခြင်းကို ခံပြီး၊ လူ့ဘဝနေထိုင်စဉ် ကောင်းသောအမှုကို ပြုသောသူတို့သည် ငြိမ်းချမ်းသော မော်ပီးပြည်သစ်သို့ ၀င်စား ခွင့်ပေးကာ၊ ဆိုးညစ်သော သူတို့၏ ၀ိညာဉ်နှင့်အမျိုးညံ့၍ ဆင်းရဲသော သူတို့အား ရားသာ(Yatai)ဖက်သို့ မြက်ပေါင်းထူ၍ ခဲယဉ်းသောလမ်းဖြင့် ပို့သည်ဟုဆိုကြသည်။ မော်ပီးဟူသော ၀ိညာဉ်ပြည်သစ်တွင် ဆန်ရေစပါးပေါကြွယ်ဝပြီး၊ ရာသီသုံးလီ စပါးပင် နှင့် သီးနှံများ စိမ်းစို သီးပွင့် ဝေဆာလှပကြောင်း၊ ထို့ကြောင့် သက်ကြီးရွယ်အိုများသည်လူ့ပြည်ကိုစွန့်၍ ထိုပြည်သို့သာ သွားချင်လှကြောင်းတမ်းတစကား ဆိုတတ် ကြသည်။

သူတို့သည် လောကဝိညာဉ်များစွာရှိသည်ကိုလည်း ယုံကြည်ကြသည်။ လောကဝိညာဉ်( Earthly Spirit)များတွင် တန်ခိုးရှိသည်ဟု လက်ခံကြသည်။ ထိုဝိညာဉ်များတွင် ၀ိညာဉ်ဆိုး နှင့် ၀ိညာဉ်ကောင်း ဟူ၍ နှစ်မျိုးရှိသည်။ ၀ိညာဉ်တမန်ကောင်းများတွင် ခေါ( Khaw)၀ိညာဉ်တမန်သည် မိုးရေကို ပေးသူ သို့မဟုတ် ဆန်ရေ စပါး ကောင်းကြီးပေးသူဖြစ်သည်။ အိမ်စောင့်ဝိညာဉ်( Im bawi) မိသားစု အသက်ကို ကာကွယ်သူ၊ တမန်ဝိညာဉ်( Ng’zo) ၀ိညာဉ်ပြည်နှင့်လူသားများကြား အောင်သွယ်သူ စသည်တို့ဖြစ်ပြီး၊ ၀ိညာဉ်ဆိုးများမှာ နတ်ဆိုး လူ့ဝိညာဉ်ကို ဖမ်းစားသူ သို့မဟုတ် နာစေသူ ( Khaw Yam)၊ ယာတောတွင်လှည့်လည်သူ ( Sung Yai)၊ အပင်ကြီးကို စောင့်သောသူ (Thingkung Yai)၊ တောင်ထိပ်တွင် နေထိုင်သူ( M’ cung Yai)၊ သဘာဝရေကန်ကို စောင့်ထိ်န်းသူ (Bawli Yai) ၊ စွန်ရဲကဲ့သို့ ကောင်းကင်တွင် ပျံသန်းသူ ( Hmümcha) တို့ဖြစ်သည်။ တစ်ခါတစ်ရံ ကောင်းသော ၀ိညာဉ်များ( Benevolent Spirits) ထံယစ်ကောင်များပူဇော်ပြီး ကောင်းကျိုးများ တောင်းခံကြသကဲ့သို့ မကောင်းသောဝိညာဉ်( Malevolent Spirit) များထံလည်း နိမိတ်ဆိုးများ ကျရောက်ခြင်း မရှိစေရန် သင့်မြတ်စေသောယစ် ပူဇော်ခဲ့သည့် ဓလေ့များရှိခဲ့သည်။

ဒိုင်ချင်းများတွင် ယောကျ်ား၌ ၀ိညာဉ်(၆)ပါး၊ မိန်းမ၌ ၀ိညာဉ်(၅) ပါးရှိသည်ဟု ယူဆကြသည်။ အငယ်ဆုံးသော အသက်စောင့်ဝိညာဉ်သည် အိမ်တံခါး၀ အပြင်သို့ထွက်သော အချိန်သည် လူ့အသက် ထွက်သော နေ့ဟုယုံကြည်ကြသည်။ ဘာသာတရားတွင် ယောကျ်ားများသည်သာလျှင် ယစ်ကောင်ကို ယစ်စင်သို့တင်သော ယစ်ပုရောဟိတ်အဖြစ် ခွဲခန့်လေ့ရှိသည်။ ထိုသူအား ( K’tai Yü) ဟုခေါ်ပြီး၊ ကြက်ဥဗေဒင်၊ သစ်သားဗေဒင်၊ ဂျင်းချ ဗေဒင်တွက်ပေးသူများကို ဗေဒင်ဆရာ သို့မဟုတ် ကြိုမြင်သူ(Kpük kai) ဟုခေါ်ဆိုကြသည်။

အခါတော်ပွဲများ( ရိုးရာပွဲများ) ပြင်ဆင်ရန်

ဒိုင်(Dai) ချင်းများသည် ရာသီတစ်ခုစီတွင် ပွဲတော်အနည်းဆုံးတစ်ခုစီ ကျင်းပလေ့ရှိသည်။ နွေဦး လုံယူး( Lung Zu) ပွဲတော်သည် ဒိုင်တိုင်းရင်းသားများတွင် အလွန်စည်ကားသော ပွဲတော်တစ်ခု ဖြစ်သည်။ ၄င်းကို ကျောက်ပြင်ချီပွဲ ဟုလည်း ခေါ်သည်။ အလှူပွဲ တစ်မျိုးလည်း မည်၏။ ၄င်းပွဲတော်သည် မိသားစု(ချမ်းသာသူ)မှ တိုင်ခံ ကျင်းပသော ပွဲဖြစ်သည်။ နွားနောက်ပွဲတော်ဟုလည်း သိရသည်။ ၄င်းပွဲတော်ကို တိုင်ခံမည့်သူသည် အနည်းဆုံး သုံးနှစ်မှ ငါးနှစ်အတွင်း နွားနောက်နှင့် ဆန်စပါးများကို သိုလှောင်စု ဆောင်းရသည်။ နွားနောက် အနည်းဆုံး နှစ်ကောင်မှစတင် ပွဲခံနိုင်သည်။ နွားနောက်အကောင် ၃၀ မှ ၆၀ အထိ သတ်ဖြတ် တိုင်ခံခြင်းဖြင့် စံချိန်တင် သူဌေးနွယ်ဝင် ဖြစ်ကြရသည်။ ပွဲတော်သည် ရက်ပေါင်း(၇)ရက်မှ (၁၁)ရက်အထိ ကြာခဲ့သည်။ ရပ်ဝေးရပ်နီးမှ ဆွေမျိူးဧည့်သည်တော်များ၊ လူပျို အပျိုများ၊ ကလေး မိန်းမ အားလုံးမှ ပါ၀င်ဆင်နွှဲသည့် ပွဲတော်ပင်ဖြစ်သည်။

မိုးရာသီတွင် ကျင်းပသော ပွဲမှာ မိုးရာသီပွဲ( Kcui Kbawi) ဟုခေါ်သည်။ ဤပွဲသည်ပင်လျှင် မိသားစု တစ်စု၏ အလှူပွဲပင်ဖြစ်သည်။ ဤပွဲကို များသောအားဖြင့် ယာပျိုးခင်းယစ်အတွက် နွားနောက်တစ်ကောင်( Lo Se) နှင့် ၀က်တစ်ကောင်သတ်၍ ကျင်းပကြသည်။ မိုးရာသီ ဇွန်လလယ်၊ ယာစပါးများ ယာတောအပြည့် စိမ်းစို လန်းစ ပြုချိန်တွင် ကျင်းပရသည်။

ဆောင်းရာသီတွင် ကျင်းပသော ပွဲမှာ ကောက်ရိုးမီးရှို့့ပွဲ သို့မဟုတ် ကောက်ရိတ်သိမ်းပွဲ ဖြစ်သည်။ ကောက်ရိတ်သိမ်းပွဲသည် တစ်နှစ်တာလုံး တောင်ယာလုပ်ငန်း ပင်ပန်းစွာလုပ်ကိုင်၍ သီးနှံစပါး စုသိမ်း၍အပြီး ပျော်ပွဲ ရွှင်ပွဲပမာ ကျင်းပကြရသည်။ ပွဲရက်မတိုင်မီ ချောင်းသွားပြီး ငါးဖမ်း၍၄င်း၊ ငါးစိုများကို ၀ါးကျည်များတွင် ချက်၍တစ်မည်၊ စပါးခေါင် ချိုချိုများကို ထိပ်ယူ ပြင်ဆင်၍၄င်း မြိန်ယှက်သော စားသောက်ပွဲကို ကျင်းပရသည်။ ညတွင် တခင်းလုံးထိန်ထိန်လင်းအောင် မီးပုံပွဲပြုလုပ်ကာ၊ ယောကျ်ားများသည် ၀ိုင်းပတ်လည်ကပြီး၊ နပန်းပွဲများ ကျင်းပကြသည်။ ထိုနှစ်၏ နပန်းချန်ပီယံ ဖြစ်လိုသောသူများ ပွဲဝင်၍ နပန်းပြိုင်ကြရာ၊ ကလေးသူငယ်ကအစ ရွာသူရွာသားများသည် ပွဲကို ကြည့်ရှု အားပေးကြရသည်။ ခေါင်ရည်နှင့်ကောက်ညှင်းထမင်းဖြင့် ညစာကို လည်းစားသောက်ကြရသည်။

ရိုးရာဓလေ့ထုံးစံများနှင့် နေ့ထူးနေ့မြတ်များ ပြင်ဆင်ရန်

ဒိုင်လူမျိုးတို့တွင် လူသိများသော အခါတော်ပွဲများဖြစ်သည့် နွေဦးလုံယူးပွဲတော်၊ မိုးတွင်း ယာပွဲတော် နှင့် ဆောင်းတွင်း ကောက်ရိတ်သိမ်းပွဲများအပြင် နှစ်သစ်ကူးပွဲတော်( Dü Küi/ K’kawng Keng)၊ အောက်မေ့ပွဲတော် သို့မဟုတ် ၀ိညာဉ်များ အစာကျွေးပွဲတော်( M’chatui Thak)၊ သားကောင်အောင်ပွဲ( Sa Dawi) နှင့် ဆွေမျိုးစု ယစ်တင်ပွဲတော်( Paca ng’kyeng) စသည်ဖြင့် ကျင်းပကြရသည်။

(က) ထိမ်းမြားခြင်း ဓလေ့။

ထိမ်းမြားသည့်ဓလေ့တွင် လူပျိုယောကျ်ားသည် မိမိ၏ မိခင် ဖက်အမျိုး( Pu Ca)၏ သမီးကိုသာ ယူရမည်ဖြစ်သည်။ ဒိုင်မျိုးနွယ်စု များသည် လက်ထပ်ထိမ်းမြားခြင်း ဓလေ့ဥပဒေ ရှိသည်။ လက်ထပ်သင့်သော အမျိုးထဲမှ သူတို့သမီးနှင့် ထိမ်းမြားပါက မင်္ဂလာရှိသည်ဟုယူဆပြီး၊ အတွင်းဖိုးကို နွားနောက်မိတွဲ သာပေးရသည်။ မယူသင့်သော အမျိုးကို ယူမိပါက သူတို့သား နှင့် သူတို့သမီး နှစ်ဦးစလုံး အဆိပ် ကျိန်စာရေကို တိုက်၍ အဆုံးစီရင်ရသည်။ ထိုသို့မဟုတ် ထွက်ပြေးတိမ်းရှောင်နိုင်ပါက ပြန်လာကြသည့် နှစ်တွင် လျော်ကြေး ပေးလျော်စေရာ၊ အော်လံကျောက်မီးသေနတ်တစ်လက်၊ ယာကွက် အနည်းဆုံး(၇) ကွက်၊ နွားနောက် (၆) ကောင်၊ ရွှေနားပက် တစ်ရံ( နွားနောက်ထီး တစ်ကောင်ဖိုး)၊ သူတို့သမီး မိဘကို တောင်းပန်သည့်အနေဖြင့် နွားနောက်မ တစ်ကောင် စသည်ဖြင့်ပေးလျော်စေရာ၊ သူတို့သားသည် မိမိဘဝကို အတွင်းဖိုး မကျေသော် သားစဉ်မြေးဆက်အထိ ပေးလျော်ရသည်။

မယူဖူးသော အမျိုးဖက်က သူတို့သမီးကို ယူသော် လမ်းရှင်းခ နွားနောက်တစ်ကောင် အရင် ခယကြေးအဖြစ်ပေးပြီး၊ နွားနောက်မိတွဲကို အတွင်းဖိုးအဖြစ် ပေးရသည်။ သူတို့သမီးဖက်ကလည်း အတွင်းဖိုးကို သုံးပုံနှစ်ပုံ ပြန်အမ်းရ ထုံးစံရှိသည်။ ထိမ်းမြားချိန်တန်သော် သူတို့သားအတွက် မိဘများမှ ယူသင့်သော သမီးပျိုကို စေ့စပ်ပေးရသည်။ စေ့စပ်ပွဲတွင် စကားချီး ဆိုနိုင်ရန်အတွက် ကြက် တစ်ကောင်၊ ခေါင်ရည် (၃) ဗူးတင်ဆက်ရသည်။ စေ့စပ်ကြောင်းလမ်း အဆင်ပြေပြီဆိုပါက သူတို့သမီးအား သွားခေါ်ပြီး အမျိုးအိမ်တွင် (၁)ရက်ခန့် ထားရသည်။ ဘိုးဘေးမိဘများခေတ်တွင် သူတို့သားနှင့် သမီးကို ညဉ့်ဦးယံတွင် ကျေးရွာရှိ အသရေရှိသော ယစ်ပရောဟိတ်( Viallage Priest) မှ လက်ထပ်စေကာ၊ သံဓိဌာန်ချသည့် အနေဖြင့် တိရစ္ဆာန်၏ အသွေးကို သူတို့၏ နဖူးတွင်ဖြစ်စေ၊ ခြေသလုံးတွင်ဖြစ်စေ ဂတိစကားဆိုစေပြီး ရာသက်ပန်အတွက် သုတ်လိမ်းသင်္ကေတပြုရသည်။ ညတွင် တစ်ယောက်နှင့်တစ်ယောက် မြင်တွေ့ခြင်းမရှိစေဘဲ ညမှောင် အောက်တွင် လက်ထပ်သည့်အသားကောင်းများရွေးပြီး အတူစားစေပြီးနောက်၊ သူတို့သမီးအား သူတို့သား အမျိုးအိမ်တွင် ပြန်သွားခိုင်းရပါသည်။ ဆိုလိုသည်မှာ ရာသက်ပန် ခရီးလျှောက်သွားရမည့် အကြင်လင်မယားသည် လက်ထပ်ညတွင် အတူအိပ်ခွင့်မရှိခဲ့ပေ။ သူတို့သမီးသည် သူတို့သားအမျိုးတွင် ရေတွက်ဝင်ခြင်း ပြုရသောညဖြစ်သောကြောင့် ထားခဲ့သော ဆွေမျိုးသားချင်း များအတွက် ငိုကြွေးခြင်း နှင့်လွမ်းဆွတ်ခြင်း အတွက် ညများလွန်စေသော အချိန်ကာလများ ပေးထားရသည်။

(ခ) အမျိုးကို ရေတွက်ခြင်း။​​

ဒိုင်မျိုးနွယ်စုများတွင် အမျိုးကိုရေတွက်ရာ၌ ယောကျ်ားဖက် တွင်အမျိုးကိုရေတွက်ရသည်။ သမီးသည် အိမ်ထောင်ကျလျှင် ကိုယ့်ရဲ့ ခင်ပွန်းအမျိုးသို့ သွတ်သွင်းရသည်။ ထို့ကြောင့်သူတို့သမီးသည် အိမ်ထောင်ကျပြီ ဆိုသော် ယခင်ကကဲ့သို့ ဖခင်နှင့် မွေးချင်း ယောကျ်ားများနှင့်အတူ ကြက်သား၊၀က်သား၊ ဌက်သား အတူမစားရတော့ပေ။ ဖခင်ဖက်အမျိုးမှ ဌက်သား၊ ၀က်သားပြင်ပေးပြီး၊ သူတို့သမီးဖက်ကမူ ကြက်သားပြင်ပေးရသည်။ ရော၍အတူမစားရ။ ရော၍စားမိပါက သူတို့သမီးဖက်မှာ သားသမီး မထွန်းကားတတ်ဟု အယူရှိသည်။

(ဂ) လက်စားချေစနစ် နှင့် အသက်အတွက် အသက်စနစ်။​​​

ဒိုင်မျိုးနွယ်စုများတွင် အသက်အတွက် အသက်စနစ် ကျင့်သုံးကြသည်။ တမင်သက်သက်ဖြစ်စေ၊ ကြံစည်တင်ကူး၍ဖြစ်စေ၊ မတော်တဆ ရန်ပွဲတွင်ဖြစ်စေ၊ တောလိုက်၍ မှားပစ်မိသည်ဖြစ်စေ လူတစ်ယောက်၏ အသက်ဆုံးပါးစေပါက၊ မိမိအသက်ဖြင့် ပြန်ဆပ်ရသည်။ အကယ်၍ ထွက်ပြေးတိမ်းရှောင်ပါက သူနှင့်အနီးစပ်ဆုံး တန်သည်ဟု ယူဆသောလူကို အသတ်ခံသူဖက်မှ ပြန်သတ်ရမည်။ လူနှင့်လူချင်း အရည်အချင်း နှင့် အလွှာအတန်းကွာပါက အောင်တမန် သတ်မှတ်သော လျော်ကြေးဖြင့် တဖက်သားအား ပြန်ဖြည့်ပေးရသည်။ လက်စားချေစနစ်သည် မကောင်းသော ဓလေ့ဟု အများက ယူဆကြသော်လည်း ကောင်းသောအချက်မှာ သူတပါးအသက်အား မတော်တဆဖြစ်စေ၊ တမင်ရည်ရွယ်၍ဖြစ်စေ၊ တောကောင်နှင့်မှားပစ်ခြင်းစသည့် အမှားတရားနှင့် ကင်းလွတ်စေရန် လူအတွက်လူ၊ တိရစ္ဆာန်အတွက် တိရစ္ဆာန်၊ အသက်အတွက် အသက်ဟု တင်းကျပ်သော လူကျင့်ဝတ်တစ်ပါး သတ်မှတ်ခြင်းသာ ဖြစ်သည်။

(ဃ)​ယာခုတ်သည့်ဓလေ့။​​

ဒိုင်ချင်းများတွင် ဘိုးဘွားပိုင်မြေကိုယ်စီရှိကြသည်။ ယခုနှစ်တွင် ခုတ်ထွင်ရမည့် ယာတောဧရိယာကို ပြီးခဲ့သည့် သြဂုတ်လ ပထမပတ်တွင် ရွာသူကြီးနှင့် ယစ်ဝတ် ဦးစီး ယစ်ပုရောဟိတ်တို့မှ ဦးစီး၍ ၄င်းယာတောဧရိယာတွင် အများဆုံးမြေကွက်ပိုင်ဆိုင်သူတို့နှင့် ညှိနှိုင်း အတည်ပြုရသည်။ တောင်ယာကို စပါးမရိတ်ခင် စက်တင်ဘာလ နှင့် နှစ်သစ် ဇန္နာဝါရီလအတွင်းအပြီး ခုတ်ပြီး၊ မတ်လတွင် ယာမီးရှို့ရသည်။ ယာမီးမရှို့ခင် မီးတားလမ်းကို ၂-၃ ရက်ကြိုတင်ရှင်းထားရသည်။ ယာမီးရှို့ပွဲကို တောင်ယာမီးရှို့မည့် နေ့တွင် ရွာသူ၊သားများ စုရုံးပြီး ၄င်းယာကွက် အဝင်တစ်နေရာတွင် စားပွဲသောက်ပွဲများ ကျင်းပရသည်။ နေညို၍ ညနေစောင်းလာသည့် အချိန်တွင် ယာမီးရှို့ခြင်းစတင်ကြရသည်။ တောင်ယာတွင် ယာမီးအေးစေသောကာလ ရှေင်ရက်ကို (၃) ရက်သတ်မှတ်သည်။ ၄င်းနောက် ယာနင်းရက် သတ်မှတ်ပြီး တဲဆောက်ခြင်း၊ ယာသစ် နင်းပွဲ နှင့် စူးထိုး မျိုးစေ့ချ လုပ်ငန်းများ လုပ်ဆောင်ကြရသည်။ တောင်ယာကို တစ်နှစ်တစ်ကြိမ် ပေါင်းနုတ်ပေါင်းသင်းပေးရသည်။ အောက်တိုဘာလ တွင် စပါးရိတ်ကြပြီး၊ နိုဝင်ဘာလတွင် စပါးအား ကျီသွင်းရသည်။ တောင်ယာပြောင်းသည့် စနစ်ကျင့်သုံးခဲ့ကြပြီး မေလလယ်မှ ဒီဇင်ဘာလကုန်အထိ ယာလုပ်ငန်း လုပ်ကိုင်ရင်း နေထိုင်ပြီး၊ ဒီဇင်ဘာနောက်ဆုံးပတ်တွင် တစ်စုတစ်စည်းတည်းဖြင့် အိမ်ပြောင်း လာ ခဲ့ကြသည်။

(င)ရိုးရာအဝတ်အစား​။

ရှေးယခင်တွင် အမျိုးသားများသည် ခါးစည်းဝတ်၍၊ ခါးတွင်ကြိမ်ပတ်ကြသည်။ တစ်ချို့သော ဒိုင်တို့တွင် ထိုသို့ဓလေ့မရှိပေ။ ယောကျ်ားများသည် ရှေ့နဖူးထိပ်တွင် ဆံထုံးထုံးကြပြိး၊ ပွဲလမ်းသဘင်များတွင် ရိုးရာစောင်( Bäi Mang) ကို သင်တိုင်းပတ်ချုံကြသည်။ အမျိုးသမီး များသည် မီနီဆကဒ် အနက်ရောင်ကို ၀တ်ဆင်ကြပြီး၊ သဘက်စောင် အနက်ရောင်အား ရင်မှဒူးအထိ ရှေ့ခြမ်းလုံအောင် ပတ်ရသည်။ ဤသို့ ၀တ်ဆင်သည်ကို ကြည့်ပြီး ဗမာများက ယင်ဒူး(ဒိုင်)၊ ရင်မှဒူးအထိ သဘက်စောင်အနက် ဆင်ယင်ခြင်းကို အမှတ်ပြု၍ ခေါ်ဆိုလာကြခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဂျပ်ခုတ်ဖြင့် ရက်လုပ်သော အင်္ကျီကို ၀တ်ဆင်လာပြီး၊ တရုတ်ချည်ဖြင့် ရက်လုပ်သော ထမီစကဒ်ကို ၀တ်ဆင်လာကြသည်။ ပွဲလမ်းသဘင်တွင် အမျိုးသမီးများသည် ​ဗူးခါးသီးအသေးကို ဖြတ်၍ ပျားဖယောင်းသိပ်ထည့်ပြီး ၄င်းတွင် အဖိုးတန်ပုတီးလုံးကလေးများကို စီတန်းစွာ ထည့်ပေးကာ၊ ရောင်စုံတင့်၍ လှပသော ပုတီးရောင်စုံကို နားပေါက်တွင် လျှိုကာ အလှဆင်ကြသည်။ လည်တွင်ရွှဲထားသော ပုတီးများတွင် ကြီးစည်ငယ်လိုက် သီကုံးကာ နေ့ထူးနေ့မြတ်၌ လည်တွင်ဆွဲ၍ အလှဆင်ရသည်။

ယခုခေတ်တွင် ခေတ်နှင့်လျော်ညီစွာ ဒီဇိုင်းများဖော်၍ ဒိုင်အမျိုးသား၊သမီးများ ၀တ်စုံချုပ် လုပ်ဝတ်ဆင်ကြရသည်။ ထိုကြောင့် လေးမြို့နယ်တွင် ပျံ့ကြဲနေသော ဒိုင်မျိုးနွယ်စုများသည် တူညီသော ၀တ်စုံ၊အလံ နှင့် စာပေများ ထားရှိရေးကို ဦးတည်ကာ ဒိုင်စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မီတီကို ၂၀၁၉ ခုနှစ်တွင် ရန်ကုန်မြို့( ရွှေခုံတိုင်)တွင် လေးမြို့နယ်ကိုယ်စားလှယ်များမှ ဖွဲ့စည်းပြီး၊ ၄င်းဗဟိုကော်မီတီ၏ ဦးဆောင်မှုဖြင့် သက္ကရာဇ် ၂၀၁၀ တွင် ပထမအကြိမ် ဒိုင်(ချင်း)ညီလာခံကို မင်းတပ်မြို့တွင် ကျင်းပခဲ့ကြသည်။ ယင်းညီလာခံမှ ဘုံဗျည်းအက္ခရာများ အတည်ပြုခဲ့ကြသည့်အပြင် ၀တ်စုံ၊ အလံ နှင့် လော်ဂိုများကို လည်းသတ်မှတ်ခဲ့ကြပါသည်။

နေ့ထူးနေ့မြတ်များ။​​​ ပြင်ဆင်ရန်

ဒိုင်မျိုးနွယ်စုများတွင် တူညီသော နေထူးနေ့မြတ်များ သတ်မှတ် ကျင်းပခြင်း မရှိခဲ့သော်လည်း၊ ရှေးယခင်က ကျင်းပသော နှစ်သစ်ပွဲတော် ( Dü Küi) ကို ခရစ်ယာန်သာသနာ ၀င်ရောက် လာပြီးနောက် နှစ်သစ်ကူးပွဲတော်အဖြစ် အစားထိုးပြီး ဇန္နာဝါရီလ(၁) ရက်နေ့တွင် ကျင်းပရသည်။

လုံယူးပွဲတော်ကို မတ်လ ပထမအပတ်တွင် ကျင်းပလေ့ရှိပြီး၊ မိုးဦးပွဲတော်ကို ဇွန်လ ပထမအပတ်တွင် ကျင်းပရသည်။ ကောက်ရိတ်သိမ်းပွဲကို နိုဝင်ဘာလ ဒုတိယအပတ်တွင် ကျင်းပရပြီး၊ အောက်မေ့ပွဲတော်ကို ဒီဇင်ဘာနောက်ဆုံးပတ်တွင် ကျင်းပကြရသည်။

အောက်မေ့ပွဲတော်သည် သေပြီးသော သူတို့ကို အောက်မေ့သတိရခြင်း၊ သူတို့၏ ၀ိညာဉ်များကို ဖိတ်ခေါ်၍ သင်္ချိုင်းသို့ အာရုံဦးအချိန်တွင် ရပ်ကွက်အလိုက် လူပျို၊အပျိုများ သွားရောက်ပြီး အစာရေစာ (၆)မျိုးစီအား ဆွေမျိုးအလိုက် စီထားသော ကျောက်ပြင်ပြားပေါ်သို့ တင်၍ ပို့ဆက် လုပ်ကျွေးရသည်။ သေလွန်သောသူတို့၏ ၀ိညာဉ်များ စားသောက်၍အပြီး ယောင်္ကျားအတွက် သေနတ် (၆)ချက်၊ မိန်းမအတွက် (၅) ချက်စီဖောက်ပြီး၊ မိုးမလင်းခင် အိမ်အရောက်ပြန်ကြရသည်။ ပြီးမှ စားပွဲသောက်ပွဲ ကျင်းပကြရသည်။

ဒေသရှိထင်ကရနေရာများ။ ပြင်ဆင်ရန်

တိဗက်ကုန်းကုန်းပြင်မြင့်မှ ဆင်းသက်လာသော တောင်စဉ်တောင်တန်းများသည် ဒိုင်ဒေသကို ဖြတ်ကျော်ပြီး၊ ရခိုင်ရိုးမဖက်သို့ သွယ်ဆင်းသွားကြသည်။ ထို့ကြောင့်ဒိုင်(ချင်း) ဒေသသည် မြေပြန့်ဟူ၍ မရှိသလောက်ရှားပါးသည်။ တောင်ကုန်းတောင်တန်းများဖြင့် ဖွဲ့စည်းထားသည်။ ကြိမ်တောနှင် ဒိုင်ဝါး များဖြင့် လွှမ်းခြုံထားသည်။

ဒိုင်ဒေသတွင် လီစန်း( Mt. Li Cang) တောင်သည် အမြင့်ပေ ၈၇၀၀ ခန့်ရှိပြီး၊ မတူပီမြို့နယ် ရှိလှဲ့ရွာ ထိပ်တွင် တည်ရှိပြီး၊ ဒိုင်ဒေသတွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သည်။ ဒိုင်ချင်းများအနေဖြင့် မီးကို လီစန်းတောင်မှ ရရှိအသုံးပြုလာခဲ့ကြောင်း ဒဏ္ဍာရီတစ်ပုဒ်တွင် ဆိုခဲ့ဖူးကြသည်။ ၄င်းနောက် မင်းတပ်မြို့နယ်၊ ဒုတ်ရွာနှင့် အထက်ချိုင်ရွာကြားရှိ မချာန်းစုမ်းတောင် ( Mt. Mkhyang M’Cung) သည် အမြင့်ပေ ရ၈၀၀ ရှိသည်။ ၄င်းတောင်သည် ယခင်က အနောက်ဘက်မျက်နှာမူခဲ့ပြီး တောင်တန်းကြီး မျက်နှာမူရာ မုန်းချောင်း တစ်ဝိုက်တွင် ဆန်ရေစပါးပေါကြွယ်၀ ဖူးကြောင်း၊ နောင်တွင် နဂါးကြီးနှင့် လူမိန်းမတို့၏ ပြဿနာကြောင့် ထွက်ပြေးသော နဂါးကြီးမှ မချာန်းစုမ်းတောင်ကို အနောက်ဖက်သို့ မျက်နှာမူရန် လှည့်ပြောင်းပါသဖြင့် ၄င်းတောင်မျက်နှာမူရာဖက်ဖြစ်သော လည်မျိုမြစ်တစ်လျှောက် ဆန်စပါး အထွက်တိုးကြောင်း ဒိုင်(ချင်း) ဒဏ္ဍာရီမှ ဆိုခဲ့ဖူးပါသည်။

၄င်းနောက် မင်းတပ်မြို့နယ် ခင်ဖောင်ရွာအထက်တွင် ဘုတ်ဒိုင်( Buk Tai Mcung)တောင်သည် အမြင့်ပေ ၆၈၀၀ ခန့်၊ ကိတ်နားရွာနားတွင် အာထောင်တောင်သည် အမြင့်ပေ ၆၅၀၀ ခန့်၊ ပီကုန်းရွာအနီးရှိ ငွေတောင်ထိပ်သည် အမြင့်ပေ ၆၀၀၀ ကျော် နှင့် မဒါအိမ်နူးအနီးတွင် ငူစွန်တောင်သည် အမြင့်ပေ ၈၀၀၀ ကျော်စသည်တို့သည် ဒိုင်နယ်တွင် ထင်ရှားသော တောင်များဖြစ်သည်။

ထင်ရှားသော မြစ်ချောင်းများမှာ လေမြိုမြစ်(ဖုန်လောင်းမြစ်)၊မုန်းချောင်း(ခ) မှော်လောင်း ချောင်း၊ ဒက်ချောင်း၊ ပီချောင်း၊ ရူးချောင်း၊ အွတ်လောင်းချောင်းတို့ဖြစ်ပြီး မြောက်မှတောင်သို့ စီးဆင်းကြ သည်။

ငွေတောင် သဘာဝကန်သည် ချင်းပြည်နယ်တွင် ဒုတိယ အကြီးဆုံးကန်ဖြစ်ပြီး၊ ၄င်းသဘာဝကန် ၀န်း ကျင်ကို ဘေးမဲ့တောအဖြစ်သတ်မှတ်သည်။ ယင်းနောက် မတူပီမြို့နယ၊် ဒိုင်ဒေသတွင် ရှိသော အွယ်စီကန်( Awi Ci Li) သည် ရေကြည် သဘာဝကန်အဖြစ် ထင်ရှားသည်။ ၄င်းကန်၏ထူးခြားချက်မှာ ရာသီသုံးလီ ရေကြည်လင်ပြိီး၊ ကန်၏အလယ်တွယ် ရေပွက်စီ ထွက်လာသည်။ အွယ်စီကန်၏ ပုံသဏ္ဍာန်မှာ တြိဂံပုံသဏ္ဍာန် ဖြစ်သည်။ လှုပ်ဘော( Hlüp Baw) သဘာဝကန်သည် မတူပီမြို့နယ် ချိုင်စာရွာနှင့် ထုံနားရွာကြား တွင်တည်ရှိပြီးူ ဘဲဥပုံဖြင့် ဖွဲ့စည်းထားသည်။ မင်းတပ်မြို့နယ် အထက်ချိုင်ရွာ အရှေ့ဖက်(၅) မိုင်ခန့် တွင်တည်ရှိသော ခွတ်ဘွေ သဘာဝကန်သည် အနားစွန်းထောင့် (၅)ခုရှိသဖြင့် လှပသော ကြယ်ပွင့် သဏ္ဍာန် သဘာဝရေကန် တစ်ခုဖြစ်သည်။

စီးပွားရေး၊ အဓိကထုတ်ကုန် ပြင်ဆင်ရန်

ဒိုင်လူမျိုးများသည် အဓိကအားဖြင့် တောင်ယာစပါးကို စိုက်ပျိုးကြသည်။ တောင်စောင်းနှင့် လေမြိုမြစ်တစ်လျှောက်တွင် တောင်ယာကွက်များဖြင့် ပြည့်နှက်နေမည်ဖြစ်သည်။ ဒိုင်ဝါးပေါက်သော ဒေသနှင့် ချောင်းနား၊မြစ်နား အပူုပိုင်းဒေသတွင် တစ်ဧက စပါးအထွက်နှုံးသည် လယ်၏ တစ်ဧက အထွက်နှုံး နှင့်ညီမျှသည်။ စပါးအပြင်၊ ပြောင်းဖူး၊ဆပ်ဝါ၊ ဆပ်နီ နှင့် အခြားဟင်းသီးဟင်းရွက်များကို တောင်ယာတွင် စိုက်ပျိုးကြသည်။ ယခုတွင်မူ ၀ဥ စိုက်ပျိုးခြင်းကို တွင်ကျယ်စွာ ပြုလုပ်လာပြီး၊ အဓိက မိသားစု ၀င်ငွေ ဖြစ်လာ သည်။

မွေးမြူရေးတွင် အဓိက နွားနောက်ကို မွေးမြူကြရသည်။နွားနောက်သည် အအေးပိုင်း စိုစွတ်ရာသီဥတုကို ကြိုက်သည်။ ရှေးယခင်မှစ၍ နွားနောက်သည် အခါပွဲတော်များတွင် အသုံးပြုကြရသည်။ နွားနောက်မ တစ်ကောင်၏တန်ဖိုးသည် ရွှေတစ်ကျပ်သားနှင့်ညီမျှသည်။ ၄င်းအပြင် ဆိတ်၊ကျွဲ၊နွား၊ကြက်၊ ၀က်များကို တပိုင်တနိုင်စနစ်ဖြင့် မွေးမြူကြရသည်။

သစ်တောထွက်ပစ္စည်းများတွင် ကျွန်းသစ်၊ သစ်မာ၊ ထင်းရှူး၊ ၀ါး၊ကြိမ်၊ လျှော်ပင်၊ သစ်ခွပန်းမျိုးစုံ၊ ပျားရည်။ ပျားဖယောင်း၊ ဆိုးဆေး၊ ၀ဥ၊ ကြက်ဆူ၊ သဘာဝလျှော်ပင်၊ တိရစ္ဆာန်သားရေ၊ ဆတ်ချို၊ ဦးချိုများ၊ ၀က်ဝံသည်းခြေ၊ ဆင်စွယ်၊ ကျားသားရေ၊ ၀က်ဝံစွယ်၊ စပါးကြီးမြွေခွံ၊ သင်းခွေချပ်၊ ဖျံသားရေ၊ ကျားစွယ်၊ ပြောင်ဦးခေါင်း၊ ပြောင်ဦးချို၊ ငှက်တော်မြီး နှင့် ဂျီစွယ်များ တို့ထွက်သည်။

လူမှုရေး ပြင်ဆင်ရန်

ဒိုင်ဒေသတွင် တော်လှန်ရေးကောင်စီတက်ပြီးနောက်ပိုင်း၌သာ မူလတန်းဆင့် မြန်မာစာ သင်ကျောင်းများ ဖွင့်လှစ်ပေးခဲ့ကြသည်။ ၁၉၇၀ မတိုင်ခင်တွင် ဒိုင်ဒေသ၌ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ မရှိသလောက် ရှားပါးခဲ့သည်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ၊ ဘွဲ့ရဦးရေ နှင့် ၀န်ထမ်းများ တိုးပွားလာကြောင်းတွေ့ရသည်။ ယခုတွင် ဓမ္မပါရဂူဘွဲ့ရများ၊ စကျူလာ ပါရဂူဘွဲ့ရများနှင့် မာစတာ အဆင့် ပြည်ပပညာတော်သင်များလည်း တိုးပွားလာကြောင်းတွေ့ရသည်။

ဘာသာရေးတွင် ရှေးယခင်က မိရိုးဖလာဘာသာ ကိုးကွယ်ခဲ့ကြပြီး၊ ဘုရားတစ်ဆူ( Monotheist) ကိုးကွယ်သူများဖြစ်သည်။ ၁၉၇၀ နောက်ပိုင်းတွင် ခရစ်ယာန်သာသနာပြုများ ရောက်ရှိလာကြပြီး၊ ဒိုင်နယ်တွင် ခရစ်ယာန်ဘာသာသည် ၁၀၀% ဖြစ်သည်ဟု ဆိုရပေမည်။ ဒိုင်နယ်တွင် ပရက်စ်ဘီတေးရီးယာန်းအသင်းတော် နှင့် မက်သဒစ်အသင်းတော်သည် အများစုဖြစ်ပြီး၊ ချင်းပြည်တောင်ပိုင်းတွင် Regional Synod (2) ခုစီဖြင့် ရပ်တည်ထားကြသည်။ ၄င်းနောက် နှစ်ခြင်းအသင်းတော်၊ ညီအစ်ကိုများအသင်းတော်၊ ယုံကြည်သူများ အသင်းတော်၊ ရိုမင်ကက်သလိပ် အသင်းတော်၊ လွတ်လပ်သော ဧဝံဂေလိ အသင်းတော် နှင့် အေဂျီ အသင်းတော်၊ Dai Convention Church နှင့် Salvation Army စသည်ဖြင့်ဂိုဏ်းဂနအသီးသီး ရှိကြသည်။

ဒိုင်မျိုးနွယ်စုများသည် နေ့စဉ်ဘဝတွင် သူတို့၏ လှုပ်ရှားမှု၊ တောင်ယာလုပ်ငန်း လုပ်ကိုင်မှု၊ ယစ်တင်ပွဲများကျင်းပခြင်း၊ အခါပွဲတော်များ ကျင်းပခြင်းအားလုံးသည် ဘာသာတရားနှင့်ဆက်နွယ်သည်။ သူတို့၏ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာများ အားလုံးသည် နိုင်ငံရေးထက် ဘာသာရေးတွင် ပို၍ တည်မှီခဲ့သည်။ ထို့ကြောင့်ရွာသူကြီးထက် ကျေးရွာ၏ ယစ်ပုရောဟိတ်( Tai Yü) သည် ပို၍ သြဇာသက်ရောက်ခဲ့သည်။

သူတို့တွင် စုပေါင်းသက်ရှင်ခြင်း( Communal Life) ပုံစံကိုတွေ့ရသည်။ စပါးစူးထိုးခြင်း၊ နေအိမ်ဆောက်လုပ်ခြင်း၊ အမဲလိုက်ခြင်း၊ ချောင်းသွားခြင်း၊ စပါးစူးထိုးခြင်း၊ စပါးရိတ်သိမ်းခြင်း၊ ရွာစဉ်လမ်းများ ရှင်းလင်းခြင်း၊ ဘုရားကျောင်းနှင့် သာသနာပြုများ နေအိမ်ဆောက်လုပ်ခြင်း နှင့် နာရေးကြုံသူတို့အား ကူညီပံ့ ပိုးခြင်း၊ မုဆိုးဖို မုဆိုးမများကူညီကြရာတွင် ရွာသူ၊သားများနှင့် အမျိုးသမီးများအတူစုရုံးပြီး စုပေါင်း လုပ်ကိုင် သည့် ဓလေ့များတွေ့ရသည်။

အလံ နှင့် Dai Logo:​​​ ပြင်ဆင်ရန်

ဒိုင်(ချင်း) တို့၏အလံသည် အစိမ်း၊အဖြူ၊ အနီတို့ဖြင့်ဖွဲ့စည်းထားပြီး၊ ကြယ်လေးခု၏ အလယ်တွင် Dai Logo ငှက်မင်းသည် ဒိုင်ဝါးတွင် ခြေချနားနေသည့် ပုံဖြစ်သည်။ အနီရောင်သည် သတ္တိသွေးကို ဖော်ဆောင်ပြီး၊ အဖြူရောင်သည် သန့်ရှင်းဖြူစင်ခြင်းဖြစ်သည်။ အစိမ်းရောင်သည် ဒိုင်နယ်၏ သဘာဝစိမ်းစိုသာယာပုံကို ဖော်ညွှန်းသည်။ ကြယ်လေးလုံးသည် ချင်းပြည်တောင်ပိုင်း လေးမြို့နယ်တွင် ဒိုင်မျိုးနွယ် စုများ ပျံ့နှံ့နေ ထိုင်ခြင်းကို ဖော်ဆောင်ကာ၊ ငှက်မင်း(ငှက်တော်)သည် ငှက်တကာတို့၏ လိုရာပန်းတိုင် စားကျက်ကောင်း သို့ပို့ဆောင်တတ်သည့် ခေါင်းဆောင်ကောင်းပီသသူ၊ သူ၏ရှည်လျားသော အမြီး( pair Long tail) သည် ယောကျင်္ားကောင်းတို့၏ အောင်ပွဲဆင် သဘင်ပွဲများတွင် ပန်ဆင်ကာ သတ္တိကောင်းဖြင့် အောင်ပွဲဆင်ခြင်းကို ဖော်ပြလေ့ရှိသဖြင့် ခေါင်းဆောင်ကောင်းတို့၏ သင်္ကေတ ကို ဖော်ညွှန်းပေးပါသည်။ ငှက်မင်း ခြေချနားခိုသည့် ဒိုင်ဝါး( Dai Yaw) သည် ဒိုင်ဒေသ ဟူသမျှတွင် ပေါက်သော ၀ါးဖြစ်သောကြောင့် ဒိုင်မျိုးနွယ်စုကို ကိုယ်စားပြု သည်ဝါးပင်ဖြစ်ကြောင်း သင်္ကေတပြုထားပါသည်။

ရှေးယခင်တွင် ဒိုင်လူမျိုးများသည် ၀ါးကို နေရာတကာတွင် အသုံးပြုကြသည်။ အိမ်ဆောက်ခြင်း၊တဲဆောက်ခြင်း၊တံတားဆောက်ခြင်း၊ စပါးကျီ ဆောက်ခြင်းနှင့် အဆောက်အဦဟူသမျှတွင် ဒိုင်ဝါးကို အခင်း၊အကာ၊ အမိုး နှင့် နှီးအဖြစ် အသုံးပြုလာခဲ့ကြသည်။ ထို့ကြောင့် ဒိုင်ဒေသရောက်လျှင် အေးမြသော ၀ါးအိမ်များဖြင့် တည်ဆောက်ထားသော ရွာစဉ်များကို တွေ့ရှိနိုင်မည်းဖြစ်သည်။ ရှေးလူကြီးများက “ ဒိုင်မှန်လျှင် ၀ါးအိမ်၊ ဗမာမှန်လျှင် ထန်းအိမ်” ဟု ဆိုရိုးပြုခဲ့ကြပါသည်။


မှီးငြမ်းကိုးကားစာအုပ်များ

၁။​ချင်းလူမျိုးများ၏ သမိုင်းဖြစ်စဉ်နှင့် ရိုးရာယဉ်ကျေးမှု၊ ချင်းသမိုင်းရှာဖွေပြုစုရေး ကော်မီတီ၊ ၂၀၀၁။

၂။​တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း(ချင်း)၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီစည်းရုံးရေး။ ​၁၉၆၇။

၃။​မတူပီမြို့နယ်စာပေသမိုင်း၊ ပြုစုရေးကော်မီတီ(၁၉၇၈)၊ မတူပီမြို့

၄။​Rev. Kum Hlui, ဒိုင်(ချင်း)လူမျိုးသမိုင်း၊ မတူပီမြို့။ ၂၀၁၅။

၅။ ​ချင်းအမျိုးသားညီလာခံစာတမ်း “ ချင်းလူမျိုးထဲက မျိုးနွယ်စုများ အကြောင်း” ဖက်ဒရယ် ဂျာနယ်၊ ထုတ်ဝေသူ ကျဲအိုဘိခ်ထောင်၊ ရန်ကုန်၊ ၂၀၁၃။

၅။​Rev. Bawi Zaw “ပုဂံပြည်က ချိုးခြေရာ” ပဲင်ဆော(ဒိုင်)မျိုးနွယ်စု ဆင်းသက်လာပုံသမိုင်းအကျဉ်း၊ ငွေရတုအထိမ်းအမှတ် မဂ္ဂဇင်း၊ အထက်ချိုင် PCM,2003.

၆။​မနားရှင်း( ငချင်းပျံ) “ဒိုင်ဓလေ့” ကန်ပက်လက်မြို့၊ ၂၀၁၃

ရ။​Rev. Mar Ling “ချင်းလူမျိုးစုဝင်- ဒိုင်မျိုးနွယ်စုတို့၏ တည်ရှိမှုကို ဆန်းစစ်ခြင်း” ထိပ်တန်းပုံနှိပအ်တိုက်၊ ရန်ကုန်၊ ၂၀၁၄။

  1. F.K. Lehman, The Structure of Chin Society. Illinois: The University of Illinois, 1963.
  2. Captian G.C Rigby, History of Operation in Northern Arakan and the Yawdwin Chin Hills(1896-97) with a Description of the Country and Its Resources, Notes on the Tribes, and Diary. India, Mizoram: Mizoram Goernment Press,1897.
  3. Bawi Zaw, A Comparative Study of Mawpi in Dai Religion and New Heaven and New Earth in New Testament. B.D Thesis, Unpublished, Aizawl:ATC, 2005.

ပဥ္စမအကြိမ်မြောက် လေးမြို့နယ် ဒိုင်(ချင်း) ညီလာခံတွင် တင်သွင်းသော စာတမ်း “ ဒိုင်(ချင်း) စာပေ နှင့် သမိုင်းအကျဉ်း” ကို မွမ်းမံဖြည့်ဆည်းပြီး ပြုစုတင်ပြခြင်းဖြစ်သည်။ Ling Kee Dai (ဆွေးနွေး) ၀၉:၁၉၊ ၁၈ မတ် ၂၀၂၃ (UTC)အကြောင်းပြန်ရန်

မှီငြမ်းကိုးကားစာအုပ်များရဲ့စာမျက်နှာကိုလည်းဖေါ်ပြသင့်သည်။ Ling Kee Dai (ဆွေးနွေး) ၀၉:၄၇၊ ၁၈ မတ် ၂၀၂၃ (UTC)အကြောင်းပြန်ရန်