အာစိဏ္ဏကံ
အာစိဏ္ဏဟူသော ပါဠိကား မြန်မာလို “အမြဲမပြတ်၊ ဆည်းပူး လေ့လာအပ်၊ တိုးပွားစေအပ်ခြင်း”ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် အကုသိုလ်အရာ၌ သတ်ခြင်း ခိုးခြင်း စသည်တို့ဖြင့် အမြဲအသက် မွေးမှုသည်လည်းကောင်း ကုသိုလ်အရာ၌ ပိဏ္ဍပါတ်ဆွမ်းလောင်းလှူ ခြင်း, ငါးပါးသီလ ဆောက်တည်ခြင်း, ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းခြင်း, စာပေသင်ကြားပို့မူ စသည်တို့ကို အမြဲမပြတ် လေ့လာ ဆည်းပူးမှုသည်လည်းကောင်း အာစိဏ္ဏကံဖြစ်ပါသည်။
ထို့ပြင် အကြိမ်ကြိမ် အဖန်ဖန် ထပ်တလဲလဲ ပြုလုပ်နေမှ အာစိဏ္ဏကံ မည်သည်မဟုတ်၊ တစ်ကြိမ်ကုသိုလ်ပြုပြီးသည့်နောက် ထိုကုသိုလ်ကို ထပ်တလဲလဲ ကြိမ်ဖန် များစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမှုသည်လည်းကောင်း၊ တစ်ကြိမ် အကုသိုလ်ပြုပြီးနောက် ထိုအကုသိုလ်ကို အကြိမ်ကြိမ်အဖန်ဖန် စိုးရိမ် ပူပန်နေမှုသည်လည်းကောင်း အာစိဏ္ဏကံ မည်ပါသည်။[၁] [၂]
အာသန္နကံနှင့် အာစိဏ္ဏကံပြဿနာ
ပြင်ဆင်ရန်အာသန္နကံ၊ အာစိဏ္ဏကံ ၂-မျိုးတွင် ဒုတိယဘဝ၌ ပဋိသန္ဓေကျိုး ပေးမှုကို မငဲ့ပဲပင်ကို သဘောအတိုင်းဆိုပါက အာသန္နကံထက် အာစိဏ္ဏကံက အားကောင်း၏၊ ထို့ကြောင့် အင်္ဂုတ္တိုရ်အဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာ[၃]တို့၌ “ယဂ္ဂရုကံ၊ ယဗ္ဗဟုလံ၊ ယဒါသန္နံ၊ ကဋတ္တာကမ္မံ” ဟု အာသန္နကံ၏ ရှေ့က အာစိဏ္ဏကံကိုထား၍ အစဉ်တစ်မျိုးစဉ်ထားသည်။
ထို့ကြောင့် အင်္ဂုတ္တိုရ်ဋီကာနှင့် ဝိသုဒ္ဓိမဂ်ဋီကာ[၄]တို့၌ “ဂရုကကံသည် ကျန်ကံသုံးပါးတို့၏ ရှေးဦးစွာအကျိုးပေးသည်။ ဂရုကကံမရှိသော် အာစိဏ္ဏကံအကျိုး ပေးသည်။ အာစိဏ္ဏကံမရှိသော် အာသန္နကံအကျိုးပေးသည်။ အာသန္နကံ မရှိသော် ကဋတ္တာကံအကျိုးပေးသည်”ဟု ဖွင့်ဆိုတော်မူကြခြင်းဖြစ်သည်။ သို့ဖြစ်၍ ဤကံလေးပါး၏ ရှေ့နောက်စီစဉ်ပုံမှာ ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ မဟာကမ္မဝိဘင်္ဂဉာဏ်အရာသာဖြစ်သည်။ သာဝကတို့၏ ဉာဏ်အရာမဟုတ်ဟု ဝိသုဒ္ဓိမဂ်မဟာဋီကာ၌ ကောက်ချက်ချထားတော်မူသည်။ (ယဗ္ဗဟုလံ ဆိုသည်မှာ အာစိဏ္ဏကံပင် ဖြစ်သည်)။
ဤသို့ ပင်ကိုသဘောအားဖြင့် အာသန္နကံထက် အာစိဏ္ဏကံက အားရှိသော်လည်း တမလွန် (ဒုတိယ)ဘဝ၌ ပဋိသန္ဓေကျိုးပေးရာတွင် မရဏာသန္နဇောဝီထိနှင့် နီးကပ်နေသော အာသန္နကံသာလျှင် သာလွန်၍ အရေးပါ အရာရောက်၏၊ မှန်၏၊ မရဏာသန္နဇော၌ ကံ ကမ္မနိမိတ် ဂတိနိမိတ်တစ်ပါးပါးသည် ပဋိသန္ဓေကျိုးပေးမည့်ကံ၏အစွမ်းကြောင့် ထင်လာရမြဲ ဓမ္မတာဖြစ်၏။ ထိုသို့ထင်စေနိုင်သောကံသည် အမှန်ပဋိသန္ဓေကျိုးကို ပေးရတော့မည်။ ထိုကဲ့သို့ မရဏာသန္နဇော၌ နိမိတ်တစ်ပါးပါးထင်စေဖို့ ကိစ္စကိုလည်း ရှေးရှေးက အလေ့အကျက်များခဲ့သော အာစိဏ္ဏကံထက် မရဏာသန္နဇောနှင့် နီးကပ်လျက်ရှိသော အာသန္နကံကသာလွန်၍ ဆောင်ရွက်နိုင်ဖွယ်ရှိ၏။
ဤအဓိပ္ပာယ်ကို ရည်ရွယ်၍ အင်္ဂုတ္တရအဋ္ဌကထာ[၅] စသည်၌ နွားခြံကြီးထဲတွင် အားခွန်ဗလကောင်းသော နွားငယ်၊ လိမ္မာသော နွားပျိုများ ရှိနေကြသော်လည်း နွားခြံတံခါးကို ဖွင့်လိုက်သည့်အခါ ခြံတံခါး အနီး၌ရောက်နေသော အားအင်ချိနဲ့သည့် နွားအိုကြီးကသာ ခြံတံခါးဝနှင့် နီးသောကြောင့် ရှေ့ဆုံးကထွက်ရသကဲ့သို့ အာစိဏ္ဏကံစသည့်အခြားကံများ ရှိသော်လည်း အာသန္နကံသည်သာ သေခါနီးကာလနှင့် နီးသည့်အတွက်
ထိုကံကသာ ပဋိသန္ဓေကျိုးကို ပေးသည်ဟု ဥပမာဆောင်ပြထားလေသည်။ ဤနည်းအရ အာသန္နကံက အာစိဏ္ဏကံထက် ရှေ့ဦးစွာအကျိုးပေးလှည့်ကျသောကြောင့် အာသန္နကံကို အာစိဏ္ဏကံ၏ ရှေ့မှာချ၍ သင်္ဂဟအဋ္ဌကထာ၌ စဉ်ပြထားခြင်း ဖြစ်ပါသည်။ [၂]