အာသဝက္ခယဉာဏ် = အာသဝေါတရားတို့ကို ကုန်စေတတ်သော သစ္စာလေးပါးကို ထိုးထွင်းသိတတ်သော အထူးသဖြင့် လောကုတ္တရာ နိရောဓသစ္စာဖြစ်သော မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကို တိုက်ရိုက်အာရုံပြုကာ ထွင်းဖောက် သိမြင်နေသော အရဟတ္တမဂ်ဉာဏ်သည် အာသဝက္ခယဉာဏ် မည်၏။

အရဟတ္တမဂ်ဉာဏ်သည် အသင်္ခတဓာတ် (= နိရောဓသစ္စာ) နိဗ္ဗာန်တရားတော်မြတ်ကို အာရမ္မဏပဋိဝေဓ သဘောအားဖြင့် အာရုံ မျက်မှောက်ပြုကာ ထွင်းဖောက်သိမြင်သောအခါ ယင်း သန္တိသုခ လက္ခဏာရှိသော အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်၏ အာရမ္မဏပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံရရှိသော အရဟတ္တမဂ်ဉာဏ်သည် ရှေးရှေးမဂ်ဉာဏ်တို့ မပယ်သတ်ရသေးသည့် ကြွင်းကျန်နေသည့် ကိလေသာ အာသဝေါတရား ဟူသမျှတို့ကို ဝါသနာ အငွေ့ဓာတ်နှင့်တကွ အကုန်အစင် ပယ်သတ်တော် မူလေသည်။ ယင်းသို့ ကိလေသာ အာသဝေါတို့ကို ကုန်ခန်းစေတတ်သောကြောင့် ယင်း အရဟတ္တမဂ် ဉာဏ်ကို အာသဝက္ခယဉာဏ်ဟုလည်း ခေါ်ဆိုပေ သည်။ တစ်ဖန် ယင်း အရဟတ္တမဂ်ဉာဏ်သည် သစ္စာ လေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟ (=အဝိဇ္ဇာ)ကိုလည်း တစ်ပါတည်း ပယ်သတ်တော်မူ သဖြင့် မသိမှု အဝိဇ္ဇာပျောက်ကာ သိမှု ဝိဇ္ဇာဉာဏ် ပေါ်ပေါက်လာပေသည်။ ယင်းသို့ မောဟကို ပယ် သတ်သောအားဖြင့် သိမှုကို အသမ္မောဟပဋိဝေဓဟု ခေါ်ဆိုပေသည်။ ထိုကြောင့် ယင်း အရဟတ္တမဂ်ဉာဏ် သည် အသင်္ခတဓာတ် နိရောဓသစ္စာတရားတော်မြတ် ကို အာရမ္မဏပဋိဝေဓ သဘောအားဖြင့်, ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာတို့ကို အသမ္မောဟပဋိဝေဓ သဘောအားဖြင့် ထိုးထွင်းသိ၏ဟု ဆိုပေသည်။ ယင်း အသမ္မောဟပဋိဝေဓအားဖြင့် သစ္စာကို သိမှုကိုပင် ကိစ္စသိဒ္ဓိအားဖြင့် သိ၏ဟုလည်း ဆိုပေသည်။ ဤသို့လျှင် အရဟတ္တမဂ်ဉာဏ်သည် သစ္စာလေးပါးကို သိသော ဉာဏ် ဖြစ်ပေသည် [၁]

ကိုးကား ပြင်ဆင်ရန်

  1. ဖားအောက်တောရဝတ်ရွတ်စဉ်။ ဖားအောက်တောရဆရာတော်