နိရောဓသစ္စာ

ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။

ချုပ်မှုအမှတ်တရား - လောကီနိရောဓသစ္စာ

(နိဗ္ဗာန်)- လောကုတ္တရာ နိရောဓသစ္စာ []

နိဗ္ဗာန်နှင့် ချုပ်ငြိမ်းခြင်းကို သည်မှာ ကြည့်ပါ။

နိရောဓသစ္စာအနက် ၄-ချက်

ပြင်ဆင်ရန်

ယင်း နိရောဓသစ္စာ၌ နိဿရဏဋ္ဌ = ဝဋ်ဒုက္ခမှ ကျွတ်လွတ်ခြင်းသဘော,

ပဝိပေကဋ္ဌ = အနှောက်အယှက်မှ ကင်းဆိတ်ခြင်းသဘော,

အမတဋ္ဌ = ပျက်ဆုံးခြင်းမရှိသော သဘော,

အသင်္ခတဋ္ဌ = အဖန်ဖန်ပြုပြင်စီရင်မှု မရှိသော သဘောအားဖြင့် နိရောဓသစ္စာအနက် ၄-ချက်ရှိ၏။ [][]

နိဿရဏဋ္ဌ

ပြင်ဆင်ရန်

ထိုတွင် ဒိဋ္ဌိ, ဝိစိကိစ္ဆာအမှူးရှိသော အလွန်မည်းညစ်လှစွာသော ကိလေသာဝဋ်မှ အပြီးကျွတ်လွတ်မှု ဒုစရိုက် ၁၀-ပါး ဒုရာဇီဝ တရား-ဟူသော အကုသိုလ်ကမ္မဝဋ်မှ အပြီး ကျွတ်လွတ်မှု အပါယ်ဘဝဟူသော ဝိပါက ဝဋ်မှ အပြီးကျွတ်လွတ်မှုသည် သောတာပန် ပုဂ္ဂိုလ်တို့ ခံစားရသော နိဿရဏဋ္ဌ မည်၏။ []

ပဝိဝေကဋ္ဌ

ပြင်ဆင်ရန်

သောတာပန်ပုဂ္ဂိုလ်တို့သည် ဘဝများစွာ ကမ္ဘာများစွာ ကြာမြင့်သော်လည်း မိမိတို့၏ သန္တာန်၌ မိစ္ဆာဒိဋ္ဌိတရားတို့၏ နှောင့်ယှက်မှု ဒုစရိုက်ဒုရာဇီဝတရားတို့၏ နှောင့်ယှက်မှု, အပါယ်ဒုက္ခတို့၏ နှောင့်ယှက်မှုမှ လုံးဝအချင်း ခပ်သိမ်း ကင်းငြိမ်းကုန်၏။ ဤသို့ သံသရာ၌ အလွန်တရာ ယုတ်မာဆိုးဝါးလှသော ပါပဓမ္မ အပါယဒုက္ခတို့၏ အနှောင့်အယှက် အဖျက် အဆီးမှ ကင်းဆိတ်မှုသည် သောတာပန် ပုဂ္ဂိုလ်တို့ ခံစားရသော ပဝိဝေကဋ္ဌ မည်၏။ []

အသင်္ခတဋ္ဌ

ပြင်ဆင်ရန်

သောတာပန်ပုဂ္ဂိုလ်တို့ ဆိုက်ရောက်ရရှိ တည်နေရာဖြစ်သော ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ဒုစရိုက်, ဒုရာဇီဝ, အပါယဒုက္ခတို့၏ လုံးဝအပြီးတိုင် လွတ်ငြိမ်းမှုဟူသော သဥပါဒိသေသနိဗ္ဗာန်သည် ဘဝကမ္ဘာအသင်္ချေကြာသော်လည်း ပျက်ကွက်ခြင်းရှိတော့သည်မဟုတ်၊ အနမတဂ္ဂ သံသရာနှင့်အမျှ နိစ္စထာဝရဖြစ်၍ တည်၏၊ ထိုသို့ ပျက်ကွက်ခြင်း အလျင်းမရှိ နိစ္စထာဝရ တည်ရှိသောတရား ဖြစ်ပေသောကြောင့် အသစ်တဖန် ထူထောင်ပြုပြင်မှု ဒုက္ခဟူ၍ မရှိပြီ၊ ထိုနိဗ္ဗာန်ဆွေးမြေ့ ပျက်စီးပြန်၍ မိမိ သန္တာန်၌ ထိုနိဗ္ဗာန်ကို တဖန်ဖြစ်ပေါ်လာရန် ဒါနပြုမှု ဒုက္ခတွင်းသို့ ဆင်းရပြန်သည်ဟု မရှိပြီ၊ သီလသီတင်း ကျင့်သုံးခြင်း-ဟူသော ဒုက္ခတွင်းသို့ ဆင်းရပြန်သည်-ဟု မရှိပြီ၊ ရသေ့ရဟန်းပြုလုပ်ရခြင်း ဒုက္ခတွင်းသို့ ဆင်းရပြန်သည်-ဟု မရှိပြီ ဆိုလိုသည်။ ဤသို့ အဖန်ဖန်ပြုပြင်ရခြင်း-ဟူသော သင်္ခါရဒုက္ခ တို့မှ လွတ်ငြိမ်းမှုသည် သောတာပန်ပုဂ္ဂိုလ်တို့ ခံစားကြရသော အသင်္ခတဋ္ဌ မည်၏။ []

ထိုသက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, ဒုစရိုက်, ဒုရာဇီဝ, အပါယဒုက္ခတို့၏ အပြီးလွတ်ငြိမ်းမှု-ဟူသောအား သဥပါဒိသေသနိဗ္ဗာန်သည် အနမတဂ် သံသရာ၌ ဘယ်အခါမှ ဆွေးမြေ့ ပျက်ဆုံး သည်-ဟူ၍ မရှိပြီ၊ ဝိသာခါ, အနာထပိဏ် အစရှိသော ဘုံစဉ်စံ သောတာပန်ပုဂ္ဂိုလ်တို့ တစ်ဘဝလျှင်တစ်ခါ ခန္ဓာငါးပါး ပျက်ဆုံးမှုကား ရှိကြ၏၊ မိမိတို့ရရှိပြီးသော ထိုနိဗ္ဗာန်ကား ခန္ဓာပျက်ဆုံးသော ပျက်ဆုံးခြင်း မရှိပြီ၊ ခန္ဓာဘဝတစ်ခုပျက်ဆုံး၍ ခန္ဓာဘဝ တစ်ခုသို့ ရောက်ကြရပြန်လျှင် ထိုနိဗ္ဗာန်တွင်း၌သာ ရောက်ကြပြန်၏၊ ပုထုဇန်ခန္ဓာသို့ ရောက်ပြန်၍ ရောက်ကြကုန်သည်ဟု မရှိပြီ၊ ခန္ဓာတို့ကား မတဓာတ်မျိုးဖြစ်၍ တစ်ဘဝ တစ်ခါ ပျက်ဆုံးကြကုန်သည်။ ထိုနိဗ္ဗာန်သည်ကား အမတဓာတ်မျိုးဖြစ်၍ ခန္ဓာပျက်သော်လည်း တစ်ရံတစ်ခါမျှ ပျက်ဆုံးသည်ဟူ၍လည်း မရှိပြီ၊ အနုပါဒိသေသနိဗ္ဗာနဓာတ်နှင့် တစ်ဆက်တည်း ဆက်မိတော့သည်။ ထိုသောတာပန်ပုဂ္ဂိုလ်တို့အား ဘဝများစွာ ကမ္ဘာ များစွာ သံသရာ၌ ကျင်လည်၍ နေကြကုန် ငြားသော်လည်း ထိုငြိမ်းမှုကုန်ဆုံး၍သွားမည်ကို ကြောက်ဖွယ်မရှိပြီ။ ဤသို့ သောတာပတ္တိမဂ်သို့ ရောက်သည့်ဘဝမှစ၍ အနုပါဒိသေသနိဗ္ဗာန်သို့ ဆိုက်ရောက်သည်တိုင်အောင် ဘဝများစွာ ကမ္ဘာများစွာ ကြာချင်တိုင်းကြာသော်လည်း တစ်ရံတစ်ခါမျှ ပျက်ကွက်ခြင်း မရှိမူ၍ ထိုဘုံစဉ်စံ သောတာပန်ပုဂ္ဂိုလ် အနန္တတို့၏ ကိုးကွယ်ရာ, လည်းလျောင်းရာ, ပုန်းအောင်းရာအနေနှင့် အမြဲစောင့်ရှောက်ကာ ပါရှိ၍နေသောအမှုသည် ထိုသောတာပန် ပုဂ္ဂိုလ်တို့ ခံစားရသော အမတဋ္ဌ မည်၏။

ဤကားသောတာပန်ပုဂ္ဂိုလ်တို့ ခံစားကြရသော သဥပါဒိသေသနိဗ္ဗာန် (နိရောဓသစ္စာ)၏ အနက်လေးချက်တည်း။[]

သကဒါဂါမ်, အနာဂါမ်, ရဟန္တာပုဂ္ဂိုလ်တို့ ခံစားရသော သဥပါဒိသေသနိဗ္ဗာန် (နိရောဓသစ္စာ) အနက် လေးချက်ကိုလည်း ဝေဖန်စိတ်ဖြာ၍ သိရာ၏၊ နိရောဓသစ္စာ၏အနက် ၄-ချက်ကား သစ္ဆိကရဏကိစ္စ၏ အချက်တည်း။ လယ်တီ စတုသစ္စဒီပနီ–ကြည့်။

လက္ခဏာစသည်

ပြင်ဆင်ရန်

ယင်း နိရောဓသစ္စာသည် လေငြိမ်ရာရှိ ဆီမီးတောက်ပမာ တည်ကြည်ငြိမ်သက်ခြင်း လက္ခဏာရှိ၏၊

ကောင်းကင်ပညတ်ပမာ မပျက်စီး၊ မစုတေခြင်း အစ္စုတိရသရှိ၏၊

(သတ်ဖြတ်မည်ကြံစည် ရန်သူဖမ်းဆီး၍ ချွေးများယိုထွက်ကာ ကြောက်လန့်စွာပြေးလာသူကို ဆီးယူကြိုဆို သကဲ့သို့ ဇာတိ, ဇရာ, မရဏ-စသော ဒုက္ခတို့ကို မြင်၍ သံသရာတွင် အလွန်လျှင် ငြီး ငွေ့ မပျော်သော ယောဂီပုဂ္ဂိုလ်တို့ကို သက်သာအေးမြအောင်ပြုခြင်း အဿာသကရဏ ရသရှိ၏။)

အရိယာသူမွန်တို့၏ ဉာဏ်တွင် လုံးလုံးလျောင်းလျောင်း ပေါင်း၍တည်ဟန် သဏ္ဌာန်အထည်မရှိခြင်းလျှင် ထင်သော အခြင်းအရာ အနိမိတ္တပစ္စုပဋ္ဌာန်ရှိ၏။

(ခန္ဓာ, အာယတန, ဓာတ်တို့၏ အစဉ်မပြတ်ဖြစ်ခြင်းဟုဆိုအပ်သော သံသရာအစဉ်ကို ချဲ့ထွင်တတ်သော တဏှာ, မာန, ဒိဋ္ဌိ-ဟူသော ပပဉ္စတရား ၃-ပါးတို့၏ ရှောင်ရှားလွင့်ပြယ် ပျောက်ကွယ်ချုပ်ကင်း မရှိခြင်း နိပ္ပပဉ္စပစ္စုပဋ္ဌာန်ရှိ၏)။ [][]

နိရောဓသစ္စာနှစ်မျိုး

ပြင်ဆင်ရန်

နိရောဓသစ္စာပိုင်း၌ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိမြင်အပ်သော နိရောဓသစ္စာ, အရိယမဂ်ဉာဏ် ဖိုလ် ဉာဏ်တို့ဖြင့် ထိုးထွင်းသိအပ်သော နိရောဓသစ္စာဟု နှစ်မျိုးရှိပေသည်။ ထိုတွင် ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိရသော နိရောဓသစ္စာပိုင်းကို ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူခဲ့၏။ []

ရဟန်းတို့ ...ဒုက္ခနိရောဓအရိယသစ္စာဟူသည် အဘယ်နည်း?

  • အဝိဇ္ဇာ၏သာလျှင် အရဟတ္တမဂ်ကြောင့် အကြွင်း မဲ့ ချုပ်ခြင်းကြောင့် သင်္ခါရ၏ ချုပ်ခြင်းသည် ဖြစ်၏၊
  • သင်္ခါရချုပ်ခြင်းကြောင့် ဝိညာဏ်၏ ချုပ်ခြင်းသည် ဖြစ်၏၊
  • ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ်၏ ချုပ်ခြင်း သည် ဖြစ်၏၊
  • နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတန၏ ချုပ်ခြင်းသည် ဖြစ်၏၊
  • သဠာယတနချုပ်ခြင်းကြောင့် ဖဿ၏ ချုပ်ခြင်းသည် ဖြစ်၏၊
  • ဖဿချုပ်ခြင်းကြောင့် ဝေဒနာ၏ ချုပ်ခြင်းသည် ဖြစ်၏၊
  • ဝေဒနာချုပ်ခြင်း ကြောင့် တဏှာ၏ ချုပ်ခြင်းသည် ဖြစ်၏၊
  • တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန်၏ ချုပ်ခြင်းသည် ဖြစ်၏၊
  • ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ၏ (= ကမ္မဘဝ+ဥပပတ္တိဘဝ၏) ချုပ်ခြင်းသည် ဖြစ်၏၊
  • ဘဝ (= ကမ္မဘဝ) ချုပ်ခြင်းကြောင့် ဇာတိ၏ ချုပ်ခြင်းသည် ဖြစ်၏၊
  • ဇာတိ ချုပ်ခြင်းကြောင့် ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည် ချုပ်ကုန်၏။

ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံ ၏ ချုပ်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ ...ဤ ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့၏ ချုပ်ငြိမ်းမှုသဘောတရားကို (= ပဋိလောမပဋိစ္စသမုပ္ပါဒ် သဘောတရားကို) ဒုက္ခနိရောဓအရိယသစ္စာ-ဟူ၍ ဆိုအပ်၏။ []

ဤရှုကွက်နှင့်ပတ်သက်၍ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် ဥဒယဗ္ဗယာနုပဿနာဉာဏ်ပိုင်း စာမျက်နှာ (၅၃)တွင် ဤသို့ လာရှိ၏။ []

ဆိုလိုရင်းသဘောတရား

ပြင်ဆင်ရန်

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီး၌ ဥဒယဗ္ဗယဉာဏ်ခန်းတွင် - အဝိဇ္ဇာသမုဒယာ ရူပသမုဒယော = အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ - ဤသို့ စသည်ဖြင့် ခန္ဓာ တစ်ပါးတစ်ပါး၌ ဥဒယဉာဏ် (၅)ပါးစီ ရှုကွက်ကို ဟောကြားထားတော်မူ၏။ ခန္ဓာငါးပါးလုံး၌ ဥဒယဉာဏ် (၂၅)ပါး ဖြစ်၏။

အလားတူပင် - အဝိဇ္ဇာနိရောဓာ ရူပနိရောဓော = အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ - ဤသို့ စသည် ဖြင့် ခန္ဓာတစ်ပါးတစ်ပါး၌ ဝယဉာဏ် (၅)ပါးစီ ရှုကွက် ကိုလည်း ဟောကြားထားတော်မူ၏။ ခန္ဓာငါးပါးလုံး၌ ဝယဉာဏ် (၂၅)ပါး ဖြစ်၏။

ဥဒယဉာဏ် (၂၅) + ဝယဉာဏ် (၂၅) = နှစ်ရပ်ကို ပေါင်းသော် ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်း (၅၀) ဖြစ်၏။ ယင်းရှုကွက်များကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း ခွဲခြားဖော်ပြထား၏။

၁။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာငါးပါးတို့၏ ထင်ရှားဖြစ်ခြင်းကို ရှုမြင်တတ်သော ဉာဏ်သည် ပစ္စယတော ဥဒယဒဿနဉာဏ် = အကြောင်းတရားအားဖြင့် ဖြစ်မှုကို ရှုမြင်တတ်သော ဉာဏ် မည်၏။

၂။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ (အရဟတ္တမဂ်ကြောင့် အကြွင်း မဲ့) ချုပ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါးတို့၏ အကြွင်းမဲ့ ချုပ်ခြင်းကို ရှုမြင်တတ်သော ဉာဏ်သည် ပစ္စယတော ဝယဒဿနဉာဏ်= အကြောင်းတရားအားဖြင့် အချုပ် ကို (= အပျက်ကို) ရှုမြင်တတ်သောဉာဏ် မည်၏။

ဤ ပစ္စယတော ဥဒယဒဿနဉာဏ်နှင့် ပစ္စယတာ ဝယဒဿနဉာဏ် နှစ်ခုကို ပေါင်းလိုက်သော် ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ် = အကြောင်းတရားအားဖြင့် ဥဒယနှင့် ဝယကို ရှုသော ဉာဏ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

၃။ ခန္ဓာတို့၏ဖြစ်မှု ( = နိဗ္ဗတ္တိလက္ခဏာ)ကို ရှုမြင် တတ်သောဉာဏ်သည် ခဏတော ဥဒယဒဿနဉာဏ် = ခဏအားဖြင့် အဖြစ်ကို ရှုမြင်တတ်သောဉာဏ် မည်၏။

၄။ ခန္ဓာတို့၏ အပျက် (= ဝိပရိဏာမလက္ခဏာ)ကို ရှုမြင်တတ်သောဉာဏ်သည် ခဏတော ဝယဒဿန ဉာဏ် = ခဏအားဖြင့် အပျက်ကို ရှုမြင်တတ်သော ဉာဏ် မည်၏။

ယင်း ခဏတော ဥဒယဒဿနဉာဏ်နှင့် ခဏတော ဝယဒဿနဉာဏ် နှစ်ခုကို ပေါင်းလိုက်သော် ခဏတော ဥဒယဗ္ဗယဒဿနဉာဏ် = ခဏအားဖြင့် ဖြစ်ပျက်ကို ရှုမြင်တတ်သောဉာဏ် မည်၏။ []

အနုပ္ပါဒနိရောဓနှင့် ဥပ္ပါဒနိရောဓ

ပြင်ဆင်ရန်

အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့သည် မည်သည့်အခါ ၌ ချုပ်ငြိမ်းသွားကြမည်နည်း၊ ခန္ဓာတို့သည်လည်း မည်သည့်အခါ၌ ချုပ်ငြိမ်းသွားကြမည်နည်းဟု မေးရန် ရှိ၏။

[] အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့သည် အရဟတ္တမဂ် ဆိုက်ရောက်သည့်အချိန်၌ အရဟတ္တမဂ်ဉာဏ်နှင့် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တို့ ပေါင်းဆုံမိသော အခါ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော် မြတ်၏ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကြီးကို ဆက်ခံရသော အရဟတ္တ မဂ်ဉာဏ်က ပယ်သတ်လိုက်သည့်အတွက် နောက်ထပ် တစ်ဖန် မည်သည့်အခါမှ ပြန်မဖြစ်နိုင်သော ချုပ်ခြင်း ဖြင့် ချုပ်ငြိမ်းသွားကြ၏။ ယင်းသို့ နောင်တစ်ဖန် မဖြစ် သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကို အနုပ္ပါဒနိရောဓဟု ခေါ်ဆို၏။

အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားသည့်အခါ ဘဝသစ်ကို တွယ်တာမက်မောနေသည့် တဏှာအဖော်သဟာယ်ကို ရရှိပါမှသာလျှင် ဘဝသစ်ဟူသော အကျိုးခန္ဓာကို ဖြစ်စေနိုင်သော သင်္ခါရ ကံတို့သည်လည်း အဝိဇ္ဇာနှင့် တဏှာ အဖော်သဟာယ်ကို မရရှိသဖြင့် ဘဝသစ်ဟူသော အကျိုးခန္ဓာကို ဖြစ်စေနိုင်သည့် စွမ်းအင်များ လည်း ကုန်ခန်းသွားပြီ ဖြစ်၏။ ထို့ကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့သည် အရဟတ္တမဂ်ကြောင့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားကြ၏ဟု ဆိုရ၏။

အကြောင်းတရားတို့၏ အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကြောင်းတရား မရှိတော့သည့်အတွက် အကျိုးခန္ဓာတို့လည်း မရှိနိုင် တော့ရကား အကျိုးခန္ဓာတို့လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီး ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်၌ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ် သည့် အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်း သွားကြ၏။

အကြောင်းတရားတို့၏ အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ငြိမ်းမှုကို သဥပါဒိသေသနိဗ္ဗာန် ဟု လည်းကောင်း, အကျိုးခန္ဓာတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းမှုကို အနုပါဒိသေသနိဗ္ဗာန် ဟုလည်းကောင်း ခေါ်ဆိုပေသည်။

ယင်းသို့ ပရိနိဗ္ဗာနစုတိသို့ မဆိုက်မီ အတွင်းဝယ် အကြောင်းတရားနှင့်တကွသော ခန္ဓာတို့၏ ခဏမစဲ တသဲသဲ ဖြစ်မှု ပျက်မှုသည်ကား အကြောင်းတရားများ လုံးဝ မချုပ်ငြိမ်းကြသေးသဖြင့် အကြောင်းတရားတို့က ဖြစ်ပေါ်အောင် ကျေးဇူးပြုပေးနေသည့်အတွက် အကျိုး တရားတို့လည်း ချုပ်ပျက်ပြီးနောက် ထပ်ဖြစ်ကြသေး ၏။ ပရိနိဗ္ဗာန် မစံမချင်း ထိုနည်းနှင်နှင် သွားကြ၏။ ယင်းကဲ့သို့ ပျက်ပြီးနောက် နောင်တစ်ဖန် ဖြစ်ခွင့်ရှိသော ပျက်မှု (= ချုပ်မှု)ကို ဥပ္ပါဒနိရောဓ (= နောင် တစ်ဖန် ဖြစ်ခွင့်ရှိသော ချုပ်ပျက်နည်း)ဟု ခေါ်ဆို၏။

ယောဂါဝစရပုဂ္ဂိုလ်သည် ဥဒယဗ္ဗယဉာဏ်ပိုင်းသို့ ရောက်ရှိသောအခါ --

  • ၁။ ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်
  • ၂။ ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်

- တစ်နည်း

  • ၁။ အနုပ္ပါဒနိရောဓ
  • ၂။ ဥပ္ပါဒနိရောဓ

ဤ ဉာဏ်အမြင် နှစ်မျိုးလုံးကို ရရှိအောင် ကြိုးပမ်းရမည် ဖြစ်ပေသည်။ ထိုသို့ ကြိုးပမ်းလိုက်သော အခါ ဝိပဿနာအခိုက် သစ္စာလေးပါး ထင်ရှားလာပုံကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဤသို့ ဖွင့်ဆိုထား၏။ []

၁။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာတို့၏ ထင်ရှားဖြစ်မှုကို ရှုမြင်တတ်သော ပစ္စယတော ဥဒယဒဿနဉာဏ်အမြင်ကို ရရှိသဖြင့် -- ခန္ဓာ တို့ကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနကအကြောင်း တရားကို ထိုးထွင်းသိမြင်ခြင်းကြောင့် - ထိုယောဂါဝစရ ပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် သမုဒယသစ္စာတရားသည် ထင်ရှားလာ၏။

၂။ ခန္ဓာတို့၏ ခဏမစဲ တသဲသဲ ဖြစ်မှု ဥဒယကို ရှုမြင်တတ်သော ခဏတော ဥဒယဒဿနဉာဏ် အမြင်ကို ရရှိသဖြင့် ခန္ဓာတို့၏ ဖြစ်မှု (= ဇာတိ) ဒုက္ခကို ထိုးထွင်းသိမြင်ခြင်းကြောင့် -- ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ဒုက္ခသစ္စာတရားသည် ထင်ရှားလာ ၏။

၃။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် အနုပ္ပါဒ နိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးခန္ဓာတို့၏ ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းမှုကို ရှုမြင် တတ်သော ပစ္စယတော ဝယဒဿနဉာဏ်အမြင်ကို ရရှိသဖြင့် - (အကြောင်းတရားတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကြောင်း တရားရှိသော အကျိုးတရားတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းမှုကို ထိုးထွင်းသိမြင်သော ကြောင့်) -- ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ နိရောဓသစ္စာတရားသည် ထင်ရှားလာ၏။

၄။ ခန္ဓာတို့၏ ခဏမစဲ တသဲသဲအားဖြင့် ချုပ်ပျက်မှု (= ဝိပရိဏာမလက္ခဏာ)ကို ရှုမြင်တတ်သော ခဏတော ဝယဒဿနဉာဏ်အမြင်ကို ရရှိသဖြင့် - ခန္ဓာ တို့၏ ခဏမစဲ တသဲသဲ သေကျေ ပျက်စီးနေခြင်း မရဏဒုက္ခကို ထိုးထွင်းသိမြင်ခြင်းကြောင့် - ထိုယောဂါ ဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဒုက္ခသစ္စာတရားသည်ပင် ထင်ရှားလာ၏။

၅။ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ပစ္စယတော ဥဒယဗ္ဗယဒဿန + ခဏတော ဥဒယဗ္ဗယဒဿနဟူသော နှစ်မျိုးသော ဥဒယဗ္ဗယဒဿနဉာဏ် အမြင်သည် ရှိ၏၊ ယင်းနှစ်မျိုးသော ဥဒယဗ္ဗယဒဿန ဉာဏ်အမြင်သည် ထိုအကြောင်းတရားနှင့်တကွသော ခန္ဓာတို့၏ အပေါ်၌ မသိအောင် ဖုံးလွှမ်းထားတတ် သည့် သမ္မောဟတရားကို တဒင်္ဂအားဖြင့် ပယ်သတ်နိုင်ခြင်းကြောင့် -- လောကီ မဂ္ဂသစ္စာတရားသည် ထင်ရှားလာ၏။ [၁၀]

ယခုတင်ပြခဲ့သော နိရောဓသစ္စာ အဝင်အပါ သစ္စာလေးပါးတို့ကား ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ် + ခဏတော ဥဒယဗ္ဗယဒဿနဉာဏ် ဟူသော နှစ်မျိုးသော ဥဒယဗ္ဗယဒဿနဉာဏ်ဖြင့် ထိုးထွင်းသိအောင် ကျင့်ရမည့်, ယင်းဥဒယဗ္ဗယဉာဏ်ဖြင့် ထိုးထွင်း သိသည့် ဝိပဿနာအခိုက် သစ္စာလေးပါး ဖြစ်သည်။

အရိယာအဖြစ်သို့ တက်လှမ်းလိုသော ပုထုဇန် သူတော်ကောင်းသည် ဥဒယဗ္ဗယဉာဏ်ပိုင်းသို့ ရောက် ရှိလာသောအခါ ယင်းသစ္စာလေးပါးကို ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအောင် ကျင့်ရမည် ဖြစ်သည်။ အထက်အထက်သော မဂ်ဖိုလ်ကို အလို ရှိသော သေက္ခ (= ကျင့်ဆဲ) အရိယာသူတော်ကောင်းသည်လည်း အထက် မဂ်ဖိုလ်အတွက် ဝိပဿနာ ကျင့်သုံးသောအခါ ယင်းသစ္စာလေးပါးကို သိအောင် ကျင့်ရမည်သာ ဖြစ်ပေသည်။[၁၁]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ တိပိဋကအဘိဓာန် အတွဲ-၁၂
  2. (ပဋိသံ၊၂၉၆။)
  3. ဝိသုဒ္ဓိ၊၂၊၁၃၉။ ဥဘိန္နံ အပ္ပဝတ္တိ နိရောဓသစ္စံ။ ဒီ၊ဋ္ဌ၊၂၊၃၅၆၊ ၃၆၃၊ ၃၉၁။ မ၊ဋ္ဌ၊၁၊၂၇၈။ အဘိ၊ဋ္ဌ၊၂၊၆၉။ ဝိသုဒ္ဓိ၊၁၊၁၉၆။ ဒီ၊ဋီ၊၁၊၁၉၀။ မ၊ဋီ၊၁၊၁၂၁။ (အဘိ၊ပု၊ ၁၀၂။ သံ၊ဋ္ဌ၊၃၊၆၇။) နိရောဓသစ္စံ (ပ၊ ဧ)–ဒီ၊ဋ္ဌ၊၃၊၂၀၂။ မ၊ဋ္ဌ၊၄၊၅၃။ သံ၊ဋ္ဌ၊၃၊၁၀၅။ အဘိ၊ဋ္ဌ၊၁၊၂၈။ အဘိ၊ဋ္ဌ၊၂၊၇၉၊ ၈၂၊ ၈၃။ အဘိ၊ဋ္ဌ၊၃၊၂၉၊ ၁၆၆။ ဝိသုဒ္ဓိ၊၂၊၁၂၆၊ ၁၄၂၊ ၁၆၇။ သုတ္တနိ၊ဋ္ဌ၊၁၊၃၇။ မဟာနိ၊ဋ္ဌ၊၁၆၂။ စူဠနိ၊ဋ္ဌ၊၇။ သာရတ္ထ၊၂၊၂၄၂။ ဒီ၊ဋီ၊၁၊၁၅၁။ ဒီ၊ဋီ၊၂၊၅၈။ သီ၊ဋီ၊သစ်၊၁၊၄၀၈၊ ၄၇၉၊ ၄၉၇၊ ၄၉၈။ မ၊ဋီ၊၁၊၁၃၈၊ ၃၀၇။ မ၊ဋီ၊၂၊၁၃၀၊ ၃၁၉။ မ၊ဋီ၊၃၊၄၁၉။ သံ၊ဋီ၊၁၊၂၃၀။ အံ၊ဋီ၊၁၊၅၄၊ ၆၂။ နေတ္တိ၊ဝိ၊၂၂၆။ နိရောဓသစ္စံ (ဒု၊ ဧ)–ပဋိသံ၊ ၂၆၊ ၂၈။ ဝိ၊ဋ္ဌ၊၃၊၂၅၆။ သံ၊ဋ္ဌ၊၁၊၆၄၊ ၁၇၇။ အံ၊ဋ္ဌ၊၂၊၁၈၃။ အဘိ၊၄၊၁။ ၂၁၁။ ပဋိသံ၊ဋ္ဌ၊၁၊၅၀။ ထေရ၊ဋ္ဌ၊၂၊၂၁၁။ မဟာနိ၊ဋ္ဌ၊၁၁၂။ သာရတ္ထ၊၃၊၁၃၈။ ဝိမတိ၊၁၊၄၉။ နိရောဓသစ္စဿ (ဆ၊ ဧ)—ပဋိသံ၊ဋ္ဌ၊၁၊၂၃၉။ ပဋိသံ၊ဋ္ဌ၊၂၊၁၉၈။ ဥဒါန၊ဋ္ဌ၊၄၁။ သာရတ္ထ၊၃၊၁၄၁။ မ၊ဋီ၊၁၊၂၈၀။ နိရောဓသစ္စေ (သ၊ ဧ)—နေတ္တိ၊ဋ္ဌ၊၅၈။ ဒီ၊ဋီ၊၃၊၂၃၃၊ ၂၃၄။
  4. ကတမဉ္စ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊ အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊ ဝိညာဏနိရောဓာ နာမရူပနိရောဓော၊ နာမရူပနိရောဓာ သဠာယတနနိရောဓော၊ သဠာယတနနိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာနိရောဓာ တဏှာနိရောဓော၊ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ။ (အံ၊၁၊၁၇၈။ တိတ္ထာယတနသုတ္တန်)
  5. (အံ၊၁၊၁၇၈။)
  6. ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ၊ ၁။ အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။ ၂။ တဏှာနိရောဓာ။ ပ ။ ၃။ ကမ္မနိရောဓာ။ ပ ။ ၄။ အာဟာရနိရောဓာ။ ပ ။ ၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဝယံ ပဿတိ။ ရူပက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။ (ပဋိသံ၊၅၃။)
  7. (ဝိသုဒ္ဓိ၊၂၊၂၆၇။)
  8. အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ (မဟာဋီ၊၂၊၄၂၁။)
  9. ဣစ္စေဿဝံ ပစ္စယတော စေဝ ခဏတော စ ဒွေဓာ ဥဒယဗ္ဗယံ ပဿတော ပစ္စယတော ဥဒယဒဿနေန သမုဒယသစ္စံ ပါကဋံ ဟောတိ ဇနကာဝဗောဓတော။ ခဏတော ဥဒယဒဿနေန ဒုက္ခသစ္စံ ပါကဋံ ဟောတိ ဇာတိဒုက္ခာဝဗောဓတော။ ပစ္စယတော ဝယဒဿနေန နိရောဓသစ္စံ ပါကဋံ ဟောတိ ပစ္စယာနုပ္ပါဒေန ပစ္စယဝတံ အနုပ္ပါဒါဝဗောဓတော။ ခဏတော ဝယဒဿနေန ဒုက္ခသစ္စမေဝ ပါကဋံ ဟောတိ မရဏဒုက္ခာဝဗောဓတော။ ယဉ္စဿ ဥဒယဗ္ဗယဒဿနံ။ မဂ္ဂေါ ဝါယံ လောကိကောတိ မဂ္ဂသစ္စံ ပါကဋံ ဟောတိ တတြ သမ္မောဟဝိဃာတတော။ (ဝိသုဒ္ဓိ၊၂၊၂၆၇-၂၆၈။)
  10. (ဝိသုဒ္ဓိ၊၂၊၂၆၇-၂၆၈။)
  11. ဖားအောက်တောရဝတ်ရွတ်စဉ် ဖားအောက်တောရဆရာတော်