အိမ်ရှေ့မင်းထန်းတော
အိမ်ရှေ့မင်းထန်းတောသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင်တည်ရှိသော သမိုင်းဝင်နေရာတစ်ခုဖြစ်သည်။ မန္တလေးမြို့၏မြောက်ဘက် မနီးမဝေးတွင်ရှိကာ သခင်မတောင်ခြေရင်းတွင် တည်ရှိသည်။မြန်မာနိုင်ငံအနှံ့ ထန်းတောများ အများအပြားရှိသည့်အနက် အိမ်ရှေ့မင်းထန်းတောကဲ့သို့ စနစ်တကျ သမိုင်းဝင်စိုက်ပျိုးထားသော ထန်းတောမှာ ရှားပါးသည်။[၁][၂]
တည်နေရာ
ပြင်ဆင်ရန်မန္တလေးမြို့၏အရှေ့မြောက်ဘက် ပုသိမ်ကြီးမြို့နယ်တွင် တည်ရှိသည်။ မန္တလေး-မတ္တရာလမ်းမှ အရှေ့ဘက်သို့ ၂မိုင်ခန့် ကွာဝေးသည်။ အိမ်ရှေ့မင်းထန်းတော တည်ရှိသော ရွာမှာ ထန်းဥယျာဉ်ကျေးရွာဖြစ်ပြီး အရှေ့ဘက်တွင် ဇီးတောရွာ၊ မင်းဂံရွာ၊ ဘုတ်ရွာနှင့် တောစုရွာ၊ တောင်ဘက်တွင် အင်ကျယ်ရွာ၊ မြောက်ဘက်တွင် ဂန္ဓမာရွာ၊ ဒဟက်တောရွာ၊ ရှေ့မြောက်ယွန်းယွန်းတွင် ကန်ပြင်ရွာ၊ ရုံးပင်ရွာ၊ ကံကြီးရွာ နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်တို့တည်ရှိပြီး အနောက်ဘက်တွင် ကြာနီကန်ရွာ တို့ရှိသည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်လက်ရှိအိမ်ရှေ့မင်းထန်းတောနေရာသည် ကုန်းဘောင်ခေတ်က အိမ်ရှေ့စံမင်းသား ကနောင်မင်းသားကြီး တောကစားထွက်ရာနေရာ ဖြစ်ခဲ့သည်။ ဤဒေသရှိ ထန်းပင်များသည် အိမ်ရှေ့စံကနောင်မင်းသားကြီးကိုယ်တိုင် စိုက်ပျိုးစေခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ထိုနေရာသည် ပုဂံခေတ်က ရွှေဖျင်းကြီး၊ ရွှေဖျင်းငယ်ညီနောင်တို့နှင့် မရွှေဥ တို့၏ သမိုင်းကြောင်းများနှင့်လည်း ဆက်စပ်နေသည်။ ထန်းပင်များအပြင် သရဖီပန်းပင်များလည်း ပေါက်ရောက်နေသည်။ ထန်းတော၏အရှေ့ဘက်တွင် မန္တလေးတူးမြောင်းမကြီးရှိနေသည်။
ယနေ့ခေတ်အခြေအနေ
ပြင်ဆင်ရန်နှစ်ပေါင်း (၁၇၀)ကျော်လာပြီဖြစ်သော ဤထန်းတောကြီးသည် မူလက အပင်ပေါင်း (၆,၀၀၀)ခန့်ရှိခဲ့သော်လည်း ယခုတွင်မူ နည်းပါးလာပြီဖြစ်သည်။ ထန်းပင်များမှ ထန်းသီးများ၏ အရည်အသွေးသည် ကောင်းမွန်ပြီး သကြားပါဝင်နှုန်း ၁၀ - ၁၃ အထိရှိသဖြင့် ထန်းထွက်ပစ္စည်းများပြုလုပ်ရန် ကောင်းမွန်သည်။ ထန်းပင်များနှင့်စပ်လျဉ်း၍ ပညာပေးမှုများ၊ ထွက်ကုန်များအတွက် သင်တန်းများ ပေးလျက်ရှိသည်။ ထို့အပြင် အိမ်ရှေ့မင်းထန်းတောမှ ထန်းပင်များ၊ သခင်မတောင်၊ သရဖီပန်းပင်များပါဝင်သော ဤဒေသကို ယူနက်စကိုယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရန်အတွက်လည်း ကြိုးပမ်းနေကြသည်။ ယူနက်စကိုဥက္ကဋ္ဌ၏အဆိုအရ ထန်းပင်များကို အိမ်ရှေ့မင်းသားက ဤကဲ့သို့ စနစ်တကျစိုက်ပျိုးခဲ့ပုံမျိုးမှာ အာဆီယံနိုင်ငံများတွင် မရှိသေးဘဲ ထင်ရှားသောအမွေအနှစ်တစ်ခုဟု မှတ်ချက်ပြုခဲ့သည်။
ထန်းသီးများ၊ ထုတ်ကုန်များနှင့်ပက်သက်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ ပြည်ပသို့တင်ပို့နိုင်ရေး ဆွေးနွေးမှုများလည်း ပြုလုပ်နေကာ ယူနက်စကိုအမွေအနှစ်အဖြစ်သာ သတ်မှတ်ခံရပါက ခရီးသွားကဏ္ဍအပြင် ဒေသတွင်း ဖွံ့ဖြိုးလာနိုင်မည့်အနေအထညးတွင်ရှိနေသည်။ လက်ရှိတွင် အိမ်ရှေ့မင်းထန်းတောသည် မန္တလေးမြို့၏ မြို့ပြနေထိုင်မှုမှလွတ်ကင်းပြီး ကျေးလက်သဘာဝကို ခံစားနေနိုင်သည့် နေရာတစ်ခုအဖြစ် တည်ရှိနေသည်။[၂]