အောင်ဇံဝေ
ဦးအောင်ဇံဝေ (၁၉ နိုဝင်ဘာ ၁၈၉၃ – ၂၉ ဒီဇင်ဘာ ၁၉၈၄) သည် မဟာသီရိသုဓမ္မ နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်)ရ အငြိမ်းစားဝန်ကြီး တစ်ဦး ဖြစ်သည်။ ဦးအောင်ဇံဝေကို ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ကျောက်တော်မြို့၌ အဖ ဦးစံပေါ်ဦး၊ အမိ ဒေါ်ကြာပွင့် တို့က ၁၈၉၃ခု၊ နိုဝင်ဘာလ (၁၉)ရက်နေ့တွင် မွေးဖွားသည်။ ရခိုင်လူမျိုး ဖြစ်သည်။
မဟာသီရိသုဓမ္မ ဦးအောင်ဇံဝေ | |
---|---|
![]() | |
လူမှုဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | စစ်တွေမြို့၊ ဗြိတိသျှဘားမား | ၁၉ နိုဝင်ဘာ၊ ၁၈၉၃
ကွယ်လွန် | ဒီဇင်ဘာ ၂၉၊ ၁၉၈၄ ရန်ကုန်မြို့ | (အသက် ၉၁)
နိုင်ငံသား | Myanmar |
လူမျိုး | Arakanese |
နိုင်ငံရေးပါတီ | ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် |
ကြင်ဖော်(များ) | ဒေါ်စပါယ်ဖြူ ဒေါ်စံသာနု |
ပညာရေး | စိန်ပေါလ်ကျောင်း မဟာဗောဓိကောလိပ်၊ ကိုလံဘို |
အလုပ်အကိုင် | နိုင်ငံရေးသမား |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
ပညာရေးပြင်ဆင်
ရန်ကုန်မြို့ စိန်ပေါလ်အထက်တန်းကျောင်းတွင် ပညာသင်ကြားသည်။ ထို့နောက် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ မဟာဗောဓိကောလိပ်တွင် ဆက်လက် ပညာသင်ကြားရာ လန်ဒန် မက်ထရစ် အောင်သည်။ ပထမ ကမ္ဘာစစ် ဖြစ်ပွားချိန်တွင် ပညာသင်ရပ်၍ စစ်တွေမြို့ သို့ ပြန်ခဲ့ရာ ကာလကတ္တားမြို့တွင် သောင်တင် နေခိုက် ဘုံဘေပြည်နယ် ပူးနားမြို့ ရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း တွင် စိုက်ပျိုးရေး ပညာရပ်များကို သင်ကြားဆည်းပူးခဲ့သည်။
ပထမ ကမ္ဘာစစ်ကြီး ပြီး၍ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်လာသော အခါ မှော်ဘီ၊ ပျဉ်းမနား၊ တပ်ကုန်း၊ မန္တလေး စသော မြို့များရှိ စိုက်ပျိုးရေး ဥယျာဉ်များ တွင် စိုက်ပျိုးရေး ပညာကို လက်တွေ့လုပ်ကိုင်ရင်း ဆက်လက် လေ့လာ ဆည်းပူးခဲ့သည်။ ၁၉၃၁ တွင် မြန်မာဘုရင်ခံ ဆာ ချားလ် အင်းနစ်၏ စိုက်ပျိုးရေး ပညာ နှင့် စပ်လျဉ်းသော ဂုဏ်ထူးဆောင် လက်မှတ် နှင့် ရွှေတံဆိပ်ဆုကို ချီးမြှင့်ခံခဲ့ရသည်။
နိုင်ငံရေး လှုပ်ရှားမှုပြင်ဆင်
၁၉၁၈ ခုနှစ်မှ စတင်၍ နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ပြီး ရက္ခပူရ ခေါ် ရခိုင်အသင်းကြီး ၏ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျီစီဘီအေ အသင်းကြီး ၏ အသင်းဝင်လည်း ဖြစ်ခဲ့သည်။ ထို့နောက် ကျောက်တော်မြို့တွင် အင်္ဂလိပ်-မြန်မာ အလယ်တန်းကျောင်းကို တည်ထောင်၍ ကျောင်းအုပ် အဖြစ် ဆောက်ရွက်သည်။
၁၉၃၆ ခုနှစ်တွင် အောက်လွှတ်တော်အမတ်အဖြစ် စစ်တွေမြို့ မှ အရွေးခံရသည်။ ဂျပန်ခေတ် တွင် တရားရေး ဝန်ကြီးဌာန ၌ လက်ထောက် အတွင်းဝန် အဖြစ် ဆောင်ရွက်သည်။ ၁၉၄၅ တွင် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ဖဆပလ (နောင် ဖဆပလ) အဖွဲ့ချုပ် တွင် အလုပ် အမှုဆောင်အဖွဲ့ဝင် ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ပင်လုံညီလာခံ ဖြစ်မြောက်ရေး အကြံပေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ဥက္ကဋ္ဌ အဖြစ် ပါဝင် ဖွဲ့စည်းသော မြန်မာနိုင်ငံ ဘုရင်ခံ ဆာ ဟူးဘတ်ရန့်စ် ၏ အတိုင်ပင်ခံ ဝန်ကြီးအဖွဲ့ တွင် ဦးအောင်ဇံဝေ သည် လူမှုဝန်ထမ်း၊ ကျန်းမာရေးနှင့် ဝေဒန္တရ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပါဝင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဦးအောင်ဇံဝေ သည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၊ ဆာမောင်ကြီး ၊ ဗိုလ်မှူးအောင်၊ ဦးတင်ထွဋ်(အိုင်စီအက်စ်)၊ ဗိုလ် ခင်မောင်ကလေး၊ မြို့မ-ဦးသန်းကြွယ်၊ သခင်ဝတင် နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင် ပါဝင် ဦးဆောင် ခဲ့သည်။
အသက်ဘေး မှ သီသီလေးပြင်ဆင်
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဝန်ကြီးများအား လူမသမာများက လုပ်ကြံ သတ်ဖြတ်ရာတွင် ဦးအောင်ဇံဝေသည် အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့သည်။
လွတ်လပ်ရေး ရပြီးနောက်ပိုင်းပြင်ဆင်
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပါလီမန်အမတ်အဖြစ် စစ်တွေမြို့ မှ ရွေးချယ်ခံရပြီး လူမှုဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက် ၁၉၄၉ ခုနှစ်တွင် လူမျိုးစုရေးရာ ဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၃ ခုနှစ် ဇွန်လ (၁)ရက်နေ့တွင် ရာထူးဝန်အဖွဲ့ ( ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ ) အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ဦးအောင်ဇံဝေသည် ၁၉၇၀ ပြည့်နှစ် တွင် ကျင်းပသော အမျိုးသား အောင်ပွဲနေ့ ရွှေရတုသဘင် ဖြစ်မြောက်ရေး ကော်မတီ တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
ဘဝနိဂုံးပြင်ဆင်
ဦးအောင်ဇံဝေ သည် ၁၉၈၄ ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ဇနီး ဒေါ်စံသာနု နှင့် သမီးနှစ်ယောက် သားတစ်ယောက် ကျန်ရစ်ခဲ့သည်။
ကိုးကားပြင်ဆင်
- မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၉၈) စာ-၂၉၄။