[] ပြင်းထန်သော-အားကြီးသော-မှီရာအကြောင်းတရားအဖြစ်ဖြင့် ကျေးဇူးပြတတ်သော ပစ္စည်းတရား။ []

ဥပ-အားကြီးသော၊ နိဿယ-မှီရာအကြောင်း၊ သာမာန်မဟုတ်ဘဲ နိဿယသတ္တိထက်ပင်လွန်ကဲစွာဖြစ်သော မှီရာသတ္တိကိုသာ ဥပနိဿယဟု ခေါ်သည်။

မိုးသည် သစ်ပင်နှင့်သတ္တဝါတို့၏ အရေးကြီးသော မှီရာဖြစ်သကဲ့သို့ ပစ္စယုပ္ပန်တရားတို့၏ အားကြီးသော မှီရာအကြောင်းကို “ဥပနိဿယ”ဟုခေါ်သည်။ ထို့ကြောင့် ဥပနိဿယပစ္စည်းကို မိုဃ်းနှင့်တူ၏ဟု ဥပမာပြကြသည်။

ဥပနိဿယသည် အာရမ္မဏူပနိဿယ အနန္တရူပနိဿယ ပကတူပနိဿယ ဟု သုံးမျိုးရှိသည်။ ထိုတွင် အနန္တရူပနိဿယဆိုသည်ကား အနန္တရတရားစုပင်တည်း။ နောက်နောက်စိတ်ဖြစ်ဘို့ရာ လွန်စွာအရေးကြီးသော မှီရာအကြောင်းဖြစ်၍ အနန္တရူနိဿယအမည် ရပြန်လေသည်။ သတ္တိချင်းကွဲပြားပုံကား မိမိ၏အခြားမဲ့၌ ထိုက်သင့်သောစိတ္တုပ္ပဒ်ကို ဖြစ်စေနိုင်သော သတ္တိသည် အနန္တရသတ္တိမည်၏။ နောက်နောက်စိတ်ဖြစ်ဘို့ရာ လွန်စွာကြီးမားသော မှီရာအကြောင်း၏အဖြစ်သည် ဥပနိဿယသတ္တိမည်၏။ ဤသို့လျှင် တရားကိုယ်အရ မထူးသော်လည်း သတ္တိအမျိုးမျိုးရှိသောကြောင့် သတ္တိအားလျော်စွာ အမည်အမျိုးမျိုးတပ်၍ ဟောတော်မူအပ် ပြန်လေသည်။ [] []

(က) အာရမ္မဏူပနိဿယပစ္စည်း၊ မိမိကို အာရုံမပြုဘဲ မနေနိုင်လောက်အောင် ဆွဲဆောင်မှုပြင်းထန်ကြီးမား အားကောင်းသော မှီရာအကြောင်းတရား အဖြစ်ဖြင့် ဆိုင်ရာအာရမ္မဏိက အကျိုးပစ္စယုပ္ပန်တရားတို့အား ကျေးဇူးပြုတတ်သော ဣဋ္ဌနိပ္ဖန္နရုပ်စသော အာရုံခြောက်ပါးပစ္စည်းတရား။

(ခ) အနန္တရူပနိဿယပစ္စည်း၊ မိမိ၏ အခြားမဲ့ တဆက်တည်းဖြစ်သော နောက်နောက် စိတ်စေတသိက်တရားတို့ကို ဖြစ်စေရာ၌ ပြင်းထန်ကြီးမားအားကောင်းသော မှီရာ အကြောင်းတရားအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောရှေးရှေးသော စိတ်စေတသိက်တည်းဟူသောပစ္စည်းတရား။

(ဂ) ပကတူပနိဿယ ပစ္စည်း၊ အကျိုးမပေးဘဲ မနေနိုင်လောက်အောင် မိမိသန္တာန်၌ ဖြစ်စေအပ်ပြီး, ဆည်းကပ်မှီဝဲသုံးစွဲအပ်ပြီးသောကြောင့် ပြင်းထန် ကြီးမား အားကောင်းသော-အာရမ္မဏ အနန္တရတို့နှင့် မတွဲမဖက် သူ့ချည်းသက်သက်ပင် ပြင်းထန် ကြီးမားအားကောင်းသော ရာဂ ဒေါသစသော, သဒ္ဓါ သီလစသော, သုခ ဒုက္ခ ဥတု ဘောဇန သေနာသနစသောပစ္စည်း တရား။

(ဃ) သုတ္တန်ပကတူပနိဿယပစ္စည်း၊ ပဋ္ဌာန်း ပါဠိတော်၌ မလာသည်ဖြစ်၍ သုတ္တန် နည်းလာ ပရိယာယ်အားဖြင့်သာ ဆိုင်ရာ ရုပ်နာမ်တရားတို့အား ပြင်းထန် ကြီးမား အားကောင်းသော မှီရာအကြောင်းတရား အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောပစ္စည်းတရား။ [] []

နိဿယနှင့်ဥပနိဿယအထူး

ပြင်ဆင်ရန်

အရင်းအမြစ် အခြေခံဖြစ်သော မှီရာသတ္တိသည် ဥပနိဿယ, အကျိုးတရား ပေါ်ချိန်ကျမှ မကင်းရာမကင်းကြောင်းဖြစ်သော မှီရာသတ္တိသည် နိဿယတည်း။ ဥပမာ-သလေးထမင်းဖြစ် ဘို့အရေး၌ သလေးမျိုးစေ့ သလေးခင်း မိုဃ်းရေတို့သည် အရင်းအမြစ် အခြေခံမှီရာဖြစ်၍ ထမင်းအိုး ထင်းမီးစသည်တို့မှာ သလေးထမင်းဖြစ်ချိန်ကျမှ မကင်းရာ မကင်းကြောင်း မှီရာဖြစ်သကဲ့သို့ ထို့အတူ စက္ခုဝိညာဏ် ဝိပါက်စိတ်ဖြစ်ဘို့အရေး၌ ကံသည် အခြေအမြစ် အားကြီးသော မှီရာအကြောင်း ဥပနိဿယ ဖြစ်၍ စက္ခုဝတ္ထုမှာ စက္ခုဝိညာဉ်ပေါ်ချိန်မှ မကင်းရာမကင်းကြောင်း မှီရာနိဿယသာ ဖြစ်သည်။

ဥပနိဿယ ၃-မျိုး

ပြင်ဆင်ရန်
  1. အာရမ္မဏူပနိဿယ
  2. အနန္တရူပနိဿယ
  3. ပကတူပနိဿယ

အာရမ္မဏူပနိဿယ

ပြင်ဆင်ရန်

သာမာန်အာရုံမျိုးမဟုတ်ဘဲ တန်းတန်းစွဲ ငန်းငန်းတက် စွဲမက်လောက်သော လောဘနေယျအာရုံ, ပီတိပဿဒ္ဓိဖြစ်စရာ လွန်စွာကြည်နူးဘွယ်ကောင်းသော အာရုံများသည် အာရမ္မဏိက စိတ်ဖြစ်ဘို့ရာ လွန်စွာကြီးကျယ်သော အကြောင်းရင်းဖြစ်ရကား အာရမ္မဏူပနိဿယ အမည်ရပြန်လေသည်။ တရားကိုယ်မှာ အာရမ္မဏာဓိပတိနှင့် ပစ္စည်း ပစ္စယုပ္ပန် ပစ္စနိက် အားလုံးတူ၏။ သတ္တိချင်းထူးပုံကား မိမိနှင့်စပ်သော အာရမ္မဏိကစိတ္တုပ္ပါဒ်တို့ကို အာရုံမပြုလျှင် မနေနိုင်လောက်အောင် ဆွဲဆောင်အုပ်စိုး လွှမ်း မိုးနိုင်သော သတ္တိသည် အာရမ္မဏာဓိပတိ သတ္တိမည်၏။ အာရမ္မဏိကစိတ္တုပ္ပါဒ်တို့ဖြစ်ဘို့ရာ လွန်ကဲသော မှီရာ၏အဖြစ်သည် အာရမ္မဏူပနိဿယသတ္တိမည်၏။[]

အနန္တရူပနိဿယ

ပြင်ဆင်ရန်

အနန္တရပစ္စည်း တရားစုပင်လျှင် နောက်နောက်စိတ်တို့ဖြစ်ဘို့ရာ လွန်စွာအရေးကြီး သော မှီရာအကြောင်းဖြစ်၍ အနန္တရူပနိဿယအမည်ရပြန်လေသည်။ သတ္တိချင်းကွာခြားပုံကား-မိမိ၏အခြား မဲ့၌ ထိုက်သင့်သော စိတ္တုပ္ပါဒ်ကိုဖြစ်စေနိုင်သော သတ္တိသည် အနန္တရသတ္တိမည်၏။ နောက်နောက်စိတ်ဖြစ်ဘို့ ရာ လွန်စွာကြီးမားသော မှီရာအကြောင်း၏ အဖြစ်သည် ဥပနိဿယသတ္တိမည်၏။ ဤသို့လျှင် တရားကိုယ်အရ မထူးသော်လည်း သတ္တိအမျိုးမျိုးရှိသောကြောင့် သတ္တိအားလျော်စွာ အမည်အမျိုးမျိုး တပ်၍ ဟောတော်မူအပ် ပြန်လေသည်။[]

ပကတူပနိဿယ

ပြင်ဆင်ရန်

ဧကန်မုချ အကျိုးတရားကို ဖြစ်စေနိုင်လောက်အောင် ပြုအပ်ပြီးသော အားကြီးသော မှီရာအကြောင်းသည် ပကတူပနိဿယမည်၏။ အာရမ္မဏသတ္တိ အနန္တရသတ္တိနှင့် မရောနှောဘဲ ပင်ကိုသဘော အားဖြင့်ပင် အားကြီးသောအကြောင်းသည် ပကတူပနိဿယမည်၏။ ဥပမာ-ရှေးဥုးစွာ သဒ္ဓါတရားဖြစ်ပြီး နောက် ထိုသဒ္ဓါတရားကို အစွဲပြု၍ နောက်နောက်ကုသိုလ်ပွားရာ၌ ရှေးသဒ္ဓါတရားသည် အာရမ္မဏ အနန္တရ သတ္တိမရှိ၊ ပကတိနဂိုရ်အတိုင်းပင် နောက်နောက်ကုသိုလ်တရား ပွားများဘို့ရာ လွန်စွာကြီးမားသော အကြောင်း တစ်မျိုးဖြစ်လေသည်။ ဤ၌ အနန္တရ အာရမ္မဏသဘောနှင့် လုံးလုံးမရောရဟု မမှတ်နှင့်, အာရမ္မဏ အနန္တရသဘောနှင့် ရောနှောခြင်းမရှိ-ပကတိနဂိုရ်အားဖြင့်ပင် အာကြီးသောအကြောင်း ဖြစ်နိုင်ပြီ၊ အာရမ္မဏ အနန္တရသဘောနှင့် ရောပါမူ ဘာပြောဘွယ်ရာရှိတော့အံ့နည်းဟု မှတ်ပါ။[]

ပစ္စည်း ပစ္စယုပ္ပန် ပစ္စနိက်
ဗလဝဖြစ်သော ရှေးရှေးသော စိတ်

၈၉၊ စေ ၅၂၊ ရုပ် ၂၈၊ အချို့ပညတ်

နောက်နောက်သော

စိတ် ၈၉၊ စေ ၅၂၊

ရုပ်အားလုံး

မိမိကိုယ်အစွဲပြု၍ နောက်အခါ၌ စိတ်စေတသိက် ဖြစ်နိုင်လောက်ရုံမျှကို (ဗလဝ)အားရှိသည် ဟုမဆိုရ။ အတော့်ကို ထက်ထက်မြက်မြက် အားကောင်းမှသာ ဗလဝဟုဆိုရမည်။ ဥပမာ-ကံသည် ကံတစ်ပါး မနှောက်ယှက်လောက်အောင် အားကောင်းသောကံ, ကံတစ်ပါးက နှောက်ယှက်လျှင် ပျက်ပြယ်မည့်ကံဟု နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးတို့တွင် ဗလဝကံသာ ပကတူပနိဿယနှင့်ဆိုင်သည်။ ဒုဗ္ဗလကံ (အားမရှိသောကံ) ကား ဤ ပကတူပနိဿယနှင့်မဆိုင်။ အသုဘပညတ် ကသိုဏ်းပညတ် ကောဋ္ဌာသစသည့် ပညတ်တို့သည် ပကတူပနိဿယပစ္စည်းမဖြစ်, ပုဂ္ဂိုလ် ကျောင်းစသော ပညတ်သည်သာ ပကတူပနိဿပစ္စည်းဖြစ်သည်။ ထို့ကြောင့် “ပစ္စည်းထိုက်သော အချို့သောပညတ်”ဟုဆိုသည်။

သင်္ဂြိဟ်ကျမ်းအရ ပကတူပနိဿယ၏ အကြောင်းအကျိုး

ပြင်ဆင်ရန်
ပစ္စည်း ပစ္စယုပ္ပန်
ရာဂ ဒေါသ မောဟ မာန ဒိဋ္ဌိ ပတ္ထနာ

သဒ္ဓါ သီလ သုတ စာဂ ပညာ ကာယိကသုခ ကာယိကဒုက္ခ ကလျာဏမိတ္တစသောပုဂ္ဂိုလ် စားစရာဘောဇဉ် အချမ်းအပူ ဥတု အိပ်ယာနေရာ ကျောင်း

ကုသိုလ်စိတ်+စေတသိက်

အကုသိုလ်စိတ်+စေတသိက် ဝိပါက်စိတ်+စေတသိက် ကြိယာစိတ်+စေတသိက်

ကုသိုလ်စိတ်+စေတသိက်ရှိကံ

အကုသိုလ်စိတ်+စေတသိက်ရှိကံ

ဝိပါက်စိတ်+စေတသိက်

ရာဂစသည်ကြောင့် ကုသိုလ်စသည်ဖြစ်ပုံ

ပြင်ဆင်ရန်

ရှေးဦးစွာ ကာမဂုဏ်၌ တက်မက်မှုရာဂဖြစ်၏, ထိုရာဂကြောင့် ကာမဂုဏ်ခံစားဘို့ရန် လူပြည်နတ်ပြည်ရောက်ကြောင်းကောင်းမှုကိုပြု၏, ထိုရာဂ ငြိမ်းဘို့ရန်ဖြစ်စေ ထိုရာဂကို အကြွင်းမဲ့ သတ်ဖြတ်ဘို့ရန်ဖြစ်စေ ဒါနသီလကိုပြု၏, သမထဝိပဿနာကို အားထုတ်၏, အားထုတ်၍ ဈာန်အဘိညာဉ်မဂ်ကိုရ၏။ ထိုကဲ့သို့ဖြစ်ရာ၌ ရာဂသည် ပကတူပနိဿယပစ္စည်း, ပြခဲ့သော ကာမ မဟဂ္ဂုတ် လောကုတ္တရာကုသိုလ်များသည် ပကတူပနိဿယပစ္စည်း၏ ပစ္စယုပ္ပန်။

ရှေးဦးစွာရာဂဖြစ်၍ ထိုရာဂကြောင့် နောက်နောက်ရာဂတိုးပွားရာ ထိုရာဂကို အကြောင်းပြု၍ မိမိ အလိုမပါသူတို့ကို သတ်ဖြတ်မှု ဖျက်ဆီးမှု လုယက်မှုစသည်တို့ကို ပြုရာ၌ ရှေးရှေးရာဂသည် ပကတူပနိဿယပစ္စည်း, နောက်နောက်အကုသိုလ်များသည် ပကတူပနိဿယပစ္စည်း၏ ပစ္စယုပ္ပန်။ ထိုထိုရာဂကို အကြောင်းပြု၍ ကုသိုလ်အကုသိုလ်၏ အကျိုးဝိပါက်ကို ခံစားရာအခါ ရာဂကို အကြွင်းမဲ့သတ်ဘို့ မဂ်ကိုအားထုတ်၍ ဖိုလ်စိတ်ကြိယာစိတ်များ ဖြစ်ရာအခါတို့၌ ရာဂသည် ပစ္စည်း, ဝိပါက် ကြိယာ အဗျာကတသည် ပစ္စယုပ္ပန်၊ မိမိသန္တာန်၌ဖြစ်သောရာဂကို တပါးသူတို့က ရွံမုန်းစက်ဆုပ်၍ ကုသိုလ်ပြုရာ, သို့မဟုတ် တယောက်၏ ရာဂကိုသိ၍ တယောက်၌ ရာဂစိတ်ဖြစ်ပြန်ရာ, သို့မဟုတ် ထိုရာဂကို အကြောင်းပြု၍ ကောင်းမကောင်းသော အကျိုးဝိပါက်ကြိယာတို့ကိုဖြစ်စေရာ၌ မိမိရာဂသည် ဗဟိဒ္ဓသူတပါး၌ဖြစ်သော ကုသိုလ်အကုသိုလ်အဗျာကတအား ကျေးဇူးပြုပြန်လေသည်။ ဤသို့လျှင် ရာဂသည် မိမိသန္တာန်၌လည်းကောင်း သူတပါးသန္တာန်၌လည်းကောင်း ကုသိုလ် အကုသိုလ် အဗျာကတအား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုနိုင်သည်။ ဒေါသစည်တို့က ကျေးဇူးပြုပုံကိုလည်း ချဲ့ထွင်၍ ကြည့်ပါ။

သဒ္ဓါစသည်ကြောင့် ကုသိုလ်စသည်ဖြစ်ပုံ

ပြင်ဆင်ရန်

ရှေးဦးစွာ သဒ္ဓါဖြစ်၏။ ထိုသဒ္ဓါတရားကြောင့် ဒါနသီလ အစ မဂ်တိုင်အောင် ကုသိုလ်များကို ပြုလုပ်အားထုတ်၏။ သဒ္ဓါသည် ပကတူပနိဿယပစ္စည်း, ဒါနစသော ကုသိုလ်ကား ပကတူပနိဿယပစ္စည်း ပစ္စယုပ္ပန်။ ထိုသဒ္ဓါတရားကို အကြောင်းပြု၍ ဒါနစသည်ပြုလေရာ (ဥပမာ-ကျောင်းဆောက်ပြီးလှူရာ၌ မတရားသောဘုန်းကြီးကို ကိုးကွယ်မိသဖြင့် “ဧးစေဘို့ တရားနာ, ပူဇာစ အကျိုး” ဆိုတာမျိုးကဲ့သို့) အကုသိုလ် တိုးပွားရလျင် သဒ္ဓါသည် ပစ္စည်း, အကုသိုလ်သည် ပစ္စယုပ္ပန်။ ထိုသဒ္ဓါကြောင့် ကုသိုလ်အကုသိုလ်ဖြစ်ပြီးနောက် ဆိုင်ရာဝိပါက်ကြိယာကို ရရာ၌ သဒ္ဓါသည်ပစ္စည်း, အဗျာကတ တရားစုသည် ပစ္စယုန်။ မိမိသဒ္ဓါတရားကို အကြောင်းပြု၍ သူတပါးအား ဟောပြောသဖြင့် သူတပါး၌ သဒ္ဓါတိုးပွားရာ, ဟောပြောသည်ကို မနာခံလိုသဖြင့် အကုသိုလ်တိုးပွားရာ, ကောင်းကျိုးမကောင်းကျိုးကို ရရာတို့၌ မိမိသဒ္ဓါက သူတပါး၏ ကုသိုလ် အကုသိုလ် အဗျာကတအား ပကတူပနိဿယပစ္စသတ္တိဖြင့် ကျေးဇူးပြုသည်။ ဤသို့လျင် သဒ္ဓါသည် မိမိသန္တာန်၌လည်းကောင်း သူတပါးသန္တာန်၌လည်းကောင်း ကုသိုလ် အကုသိုလ် အဗျာကတအား ကျေးဇူးပြုသည်။ သီလ, သုတစသည်တို့က ကျေးဇူးပြုပုံကိုလည်း ချဲ့ထွင်ကြည့်လေ။

သုခစသည်ကြောင့် ကုသိုလ်စသည်ဖြစ်ပုံ

ပြင်ဆင်ရန်

ခန္ဓာကိုယ် ချမ်းသာသုခရသည့်အခါ ထိုသုခကိုအကြောင်းပြု၍ အချို့က အဆက်ဆက်သုခပွားရန် ဒါနသီလစသော ကောင်းမှုကိုပြု၏။ အချို့ကား စည်းစိမ်ကိုခံစားလျက် အကုသိုလ်တိုးပွားစေ၏။ ထိုကောင်းမှုမကောင်းမှုအတွက် ပစ္စက္ခမှာဖြစ်စေ တမလွန်မှာဖြစ်စေ ကောင်းမှု မကောင်းမှုကို ခံစားရ၏။ ထို့ကြောင့် မိမိသုခသည် မိမိ၏ ကုသိုလ် အကုသိုလ် အဗျာကတအားကျေးဇူး ပြု၏။ လူတစ်ယောက် သုခခံစားရပုံကို မြင်ရကြားရ၍ အခြားသူတို့က ထိုသုခမျိုးရလိုသဖြင့် ကုသိုလ်စသည် ပြုရာ၌ အခြားသူတို့ ကုသိုလ်စသည်တို့အားလည်း ကျေးဇူးပြု၏။ ဒုက္ခခံစားနေရသည့်အခါ ထိုဒုက္ခမျိုးမှ ကင်းလွှတ်ဖို့ရာ ဒါနစသည်ပြုရာ၌ ဒုက္ခ,က ကုသိုလ်အားကျေးဇူးပြု၍, ဒုက္ခမှ သက်သာစေတော့အနေဖြင့် အကုသိုလ်ပြုရာ၌ အကုသိုလ်အားလည်းကောင်း, အကျိုးပေးသည့်အခါ အဗျာကတအားလည်းကောင်း ကျေးဇူးပြုသည်။ လူတစ်ယောက် ဒုက္ခကို မြင်ရကြားရ၍ ကုသိုလ်စသည်ပြုရာ၌ ထိုသူ့ဒုက္ခ,က သူတပါး၏ ကုသိုလ် စသည်အား ကျေးဇူးပြုသည်။

ကလျာဏမိတ္တ စသည်ကြောင့် ကုသိုလ်စသည်ဖြစ်ပုံ

ပြင်ဆင်ရန်

ကလျာဏမိတ္တပုဂ္ဂိုလ်ကို မှီခိုရ၍ ကုသိုလ်ဖြစ်ရာ, ရဟန္တာဖြစ်အောင် အားထုတ်၍ အရတ္ထဖိုလ်ကြိယာဈာန်များကို ရရာ, ဘုရားသာသနာကိုမှီ၍ မတရားကြံသူ များကဲ့သို့ ကလျာဏမိတ္တကြောင့် အကုသိုလ်ဖြစ်ရာတို့၌ ကလျာဏမိတ္တပုဂ္ဂိုလ်က သူတပါး၏ ကုသိုလ် အဗျာကတ အကုသိုလ်အား ကျေးဇူးပြု၏။ အကလျာဏမိတ္တကြောင့် အကုသိုလ်ဖြစ်ပုံ, “စိုင်ကော်၍ ချုံပေါ်ကျ ဆိုသလို” မသူတော်အတွက် သံဝေဂရ၍ ကုသိုလ်ဖြစ်ပုံ ဝိပါက်ကြိယာအဗျာကတဖြစ်ပုံကိုလည်း ကောင်း, လျောက်ပတ်သော ဥတု, လျောက်ပတ်သော အစာ အိပ်ရာ နေရာ ကျောင်းကို ရ၍ တရားအားထုတ်ကာ ကုသိုလ်အဗျာကတတိုးပွားပုံကိုလည်းကောင်း, “သူတောင်းစား ထမင်းဝသလို” အကောင်းအမွန်ကို တွေ့ကာမှ စိတ်နေစိတ်ထား ဟန်မကျ၍ အကုသိုလ်တိုးပွားရပုံကိုလည်းကောင်း ချဲ့ထွင်ကြည့်ပါ။

ဥပနိဿယပစ္စည်း၌အထူးမှတ်ဖွယ်

ပြင်ဆင်ရန်

ပစ္စည်းတရားဘက်၌ စိတ် စေတသိက် ရုပ် ပညတ် အားလုံးပါ၍ ပစ္စယုပ္ပန်ဘက်၌ စိတ် စေတသိက်သာ ပါ၏။ ရုပ်တရားများမပါ။ ဆိုလိုရင်းကား-ဤပစ္စည်းအရ နာမ်ရုပ်က နာမ်ကိုသာ ကျေးဇူးပြုသည်, ရုပ်ကို ကျေးဇူးမပြု။ အကြောင်းကား-ဥပနိဿယဟူသည် မှီဝဲဆည်းကပ်မှု ဖြစ်စေမှုတည်း။ မှီဝဲဆည်းကပ်မှု ဖြစ်စေမှုဟူသည် မှီဝဲတတ်ဖြစ်စေတတ်သော နာမ်တရားနှင့်သာ ဆိုင်၏။ မမှီဝဲတတ် မဖြစ်စေတတ်သော နာမ်တရားနှင့်မဆိုင်။ သို့ဖြစ်၍ “ကိုယ်လုပ်မှ ကိုယ်ရ” ဆိုတာလို ရာဂ, သဒ္ဓါစသည်ကို ဖြစ်စေခဲ့သော ပုဂ္ဂလစသည်ကိုမှီဝဲခဲ့သော နာမ်တရားအစဉ်သာလျှင် ရာဂ ပုဂ္ဂလစသည်၏ အကျိုးကို ခံစားခွင့်ရှိသည်။ သို့သော် “ အကျိုးတရားမှန်သမျှသည် အကြောင်းကြောင့်ဖြစ်၏။ အကြောင်း မရှိလျှင် အကျိုးမဖြစ်”ဟူသော သုတ္တန်တရားတော်လာ ပကတူပနိဿယသတ္တိအားဖြင့်ကား ရုပ်တရားများလည်း ကျေးဇူးပြုခံရသည်သာ။ ထို့ကြောင့် စိတ်, စေတသိက်, ရုပ်, ပညတ်တို့က စိတ်စေတသိက်အား ကျေးဇူး ပြုရာ၌ အဘိဓမ္မာနည်း သုတ္တန်နည်း နှစ်မျိုးရ၍, ရုပ်အားကျေးဇူးပြုရာ၌ သုတ္တန်နည်းသာရသည်။ []

ပုဂ္ဂိုလ်ကျောင်းက ကုသိုလ်စသည်ဖြစ်စေရာ၌ မှတ်ဖွယ်

ပြင်ဆင်ရန်

ပုဂ္ဂလသေနာသနတို့က ကုသိုလ် အကုသိုလ် အဗျာကတအား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု သည်ဟု ဆိုသော်လည်း ပုဂ္ဂလသေနာသနဟူသော နာမည်ပညတ်က ကျေးဇူးပြုသည်မဟုတ် ပုဂ္ဂလဟူသော နာမည်ပညတ်၏စွဲမှီရာ ရုပ်နာမ်တရားတို့ကလည်းကောင်း, သေနာသနဟူသော နာမည်ပညတ်၏စွဲမှီရာ ရုပ်တရားတို့ကလည်းကောင်း ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုသည်။ ထို့ကြောင့် ပုဂ္ဂလသေနာသနတို့က ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုသည်ဟု ဆိုသောစကားသည် ပရိယာယ်စကားဟု မှတ်ပါ။ []

သဒ္ဓါစသည်ကြောင့် သဒ္ဓါစသည်ဖြစ်ပုံ

ပြင်ဆင်ရန်

မြေအောက်၌ ရေရှိသည်ဟု ယုံကြည်သူသည် ရေတွင်းတူးသလို ကံ, ကံအကျိုး, နောင်ဘဝ ယုံကြည်မှု သဒ္ဓါရှိသူသည် အလှူဒါနကို ပြု၏။ ထိုသို့ဖြစ်ရာ၌ သဒ္ဓါသည် ဒါနအား ပကတူပနိဿယဖြင့် ကျေးဇူးပြုသည်။ သီလရှိသူသည် သီလ၏အကျိုးကိုသိ၍ သီလရှိသူအား ပေးလှူ၏။ အထက်အထက် သီလကို ဆောက်တည်၏။ သီလပြည့်စုံခြင်းမှီ၍ ဈာန်ကို ဖြစ်စေ၏။ ဗဟုသုတရှိသူသည် ကုသိုလ်သည် ကောင်းကျိုးပေး၏ဟု သိပြီး အလှူပေး၏။ ဒါန(စာဂ)၌ ပျော်မွေ့သူသည် ဒါနကို ပြု၏။ သီလဆောက်တည်ပြီးလှူရင် ပို၍ အကျိုးကြီးကြောင်းသိ၍ သီလဆောက်တည်ပြီး လှူ၏။ ဥပုသ်စောင့်၏။ ထိုသို့ ပြု၍ စိတ်စင်ကြယ်ပြီး ဈာန်ရ၏။

ပညာရှိသူသည် ပစ္စုပ္ပန် တမလွန် ချမ်းသာဖို့, လောကမှ လွန်မြောက်ဖို့ ဒါနပြုဖို့သင့်သည်ဟု ဆင်ခြင်ပြီး အလှူပေး၏။

ထို့ပြင် ရှေ့သဒ္ဓါ, သီလ အစရှိသည်တို့သည် နောက်သဒ္ဓါ သီလ အစရှိသည်တို့အား ပကတူပ နိဿယစသည်တို့အား ကျေးဇူးပြုသည်။ ဤသည်ကိုပင် ဗုဒ္ဓက “ သဒ္ဓါ သီလံ သုတံ စာဂေါ ပညာ သဒ္ဓါယ သီလဿ သုတဿ စာဂဿ ပညာယ”ဟု ဟောသည်။ []

ဒိဗ္ဗစက္ခု,က ဒိဗ္ဗသောတစသည်အား ကျေးဇူးပြုပုံ

ပြင်ဆင်ရန်

အဝေးက ရူပါရုံကို မြင်၍ ထိုရူပါရုံပိုင်ရှင်၏ အသံကို ကြားလိုသဖြင့် ဒိဗ္ဗသောတအဘိညာဉ် ဖြစ်စေရာ၌ ဒိဗ္ဗစက္ခုက ဒိဗ္ဗသောတအား ပကတူပဖြင့်ကျေးဇူးပြုသည်။ ရူပါရုံပိုင်ရှင်တို့၏ နေရာကို သွားလို၍ ဣဒ္ဓိဝိဓအဘိညာဉ် ဖြစ်စေရာ၌ ဒိဗ္ဗစက္ခုက ဣဒ္ဓိဝိဓအဘိညာဉ်အား ကျေးဇူးပြုသည်။ []

မဂ်ကြောင့် သမာပတ်, ဝိပဿနာနှင့် ပဋိသမ္ဘိဒါဉာဏ်ဖြစ်ပုံ

ပြင်ဆင်ရန်

မဂ်နှင့်ကိလေသာကို လျော့ချပြီး ပယ်သတ်ပြီး၍သာ ဖလသမာပတ်စသည်ကို ဝင်စားနိုင်ကုန်၏။ ထိုဖြစ်စဉ်တွင် မဂ်သည် သမာပတ်အား ပကတူပနိဿယဖြင့် ကျေးဇူးပြုသည်။ အထက်မဂ်ရဖို့ ဝိပဿနာရှုလျှင် ဝိပဿနာကုသိုလ်ကို ကျေးဇူးပြုသည်။ မဂ်ရပြီးမှသာ ပဋိသမ္ဘိဒါဉာဏ်ဖြစ်နိုင်သဖြင့် မဂ်သည် ပဋိသမ္ဘိဒါဉာဏ်အား ကျေးဇူးပြုသည်ဟု ဆိုသည်။

လောကုတ္တရာက အကုသိုလ်အား ကျေးဇူးပြုပုံ

ပြင်ဆင်ရန်

ငါတို့၏ ဆရာသည် ရဟန္တာဟု ချစ်မြတ်နိုးလျှင် ဆရာသန္တာန်ရှိ လောကုတ္တရာ,က တပည့်သန္တာန်ရှိ အကုသိုလ်တရားအား ပကတူပနိဿယဖြင့် ကျေးဇူးပြုသည်။[၁၀]

အရှင်သုဒိန်သည် မယာဟောင်းနှင့် သားဖြစ်သူ ဗီဇကတို့ သာသနာတော်ဘောင်၌ ရဟန်းပြုကြသောအခါ အရဟတ္ထဖိုလ် မျက်မှောက်ပြုသွားကြသည်ကို အကြောင်းပြု၍ ကုက္ကုစ္စ ဝိပ္ပဋိသာရ တရားများ ဖြစ်ပွာရလေရာ ထိုမယားဟောင်းနှင့်သားဗီဇကတို့ သန္တာန်၌ဖြစ်သော အရဟတ္ထဖိုလ်သည် အရှင်သုဒိန် သန္တာန်၌ဖြစ်သော ကုက္ကုစ္စ ဝိပ္ပဋိသာရ အကုသိုလ်အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုသည်။ [၁၁]

အကုသိုလ်က ကုသိုလ် ဝိပါက် ကြိယာအား ကျေးဇူးပြုပုံ

ပြင်ဆင်ရန်

အကုသိုလ်ကို ပယ်ခြင်းငှါ ကုသိုလ်ကို ပြုရာ၌ ကုသိုလ်အား ကျေးဇူပြု၏။ ကုသိုလ်က ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးအပြုခံရလျှင် ထိုကုသိုလ်၏ ဝိပါက်သည်လည်း ကျေးဇူးအပြုခံရသည်။ အနာဂါမ် ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ရှိနေသော အကုသိုလ်ကို ပယ်ဖို့အားထုတ်ရာ၌ အရဟတ္ထမဂ် အရဟတ္ထဖိုလ် အားလည်း ကျေးဇူးပြု၏။ ရဟန္တာဖြစ်ပြီးမှ ရှေးအတိတ်ဘဝများကို မြင်ရန် ဈာန်အဘိညာဉ်ရဖို့ အားထုတ် လျှင် ကြိယာအားလည်း ကျေးဇူးပြု၏။ [၁၂]

သဒ္ဓါစသည့်ကုသိုလ်ကြောင့် အကုသိုလ်ဖြစ်ပုံ

ပြင်ဆင်ရန်

ငါသာလျှင် သဒ္ဓါတရားနှင့် ပြည့်စုံသူဟု ထောင်လွှားသူအား သဒ္ဓါတရားကြောင့် မာနဖြစ်၏။ သီလစသည်၌လည်း နည်းတူသိပါ။ သဒ္ဓါဆိုသည့် ယုံကြည်မှု သက်သက်က ပညာမပါရင် မှားနိုင်သည်။ ဒါနသာ နိဗ္ဗာန်ရောက်နိုင်သည်။ တခြားတရားမရောက်နိုင်ဟု လွဲမှားစွာယူလျှင် ဒိဋ္ဌိဖြစ်သည်။ သီလစောင့်တဲ့ပုဂ္ဂိုလ်က ဒါနတို့ ဝိပဿနာတို့က အပိုပဲ၊ သီလစောင့်ဖို့ကအရေးကြီးသည်ဟု ယူဆရင် ဒိဋ္ဌိဖြစ်သည်။ ဗဟုသုတများလာရင် ဟိုတွေးဒီတွေးနဲ့ အယူမှားပြီး ဒိဋ္ဌိဖြစ်နိုင်တယ်။ ပညာလွန်ရင်လည်း ဒိဋ္ဌိဖြစ်နိုင်သည်။ ငါသည် သဒ္ဓါ သီလ သုတ စာဂ ပညာ ဤတရားနှင့် ပြည့်စုံသူပေတည်းဟု ကိုယ့်ကိုကို ချီးမြောက်သောအခါ(အတ္တုက္ကံသန) ရာဂဖြစ်သည်။ သူများကို သဒ္ဓါ သီလ သုတ စာဂ ပညာတရားတို့နှင့် မပြည့်စုံဟု နှိမ်သောအခါ(ပရဝမ္ဘန) ဒေါသဖြစ်သည်။ ရာဂဒေါသဖြစ်ရင် မောဟပါပြီးသားဖြစ်၍ မောဟအား ကျေးဇူးပြုသည်ဟု ဆိုသည်။ သဒ္ဓါ သီလ သုတ စာဂ ပညာတရားကို အကြောင်းပြု၍ ဆုတောင်းသည့်အခါ ပတ္ထနာ(လောဘ)အား ကျေးဇူးပြုသည်။ [၁၃]

ကုသိုလ်ကြောင့် အဗျာကတဖြစ်ပုံ

ပြင်ဆင်ရန်

ဒါန သီလစသည်က ကုသိုလ်, ဝိပါက်စိတ် ကြိယာစိတ်တွေက အဗျာကတဖြစ်သည်။ သဒ္ဓါတရားကြောင့် ဆွမ်းကျွေးချင်၍ လှုဘွယ်ရှာရသည့်အခါ သဒ္ဓါ,က အလှူဝတ္ထုရှာစဉ် ကာယိကဒုက္ခအား ကျေးဇူးပြုသည်။ အလှူလုပ်စဉ် စိတ်ချမ်းသာ၍ ကာယိကသုခ ဖြစ်သည့်အခါ ကာယိကသုခအား ကျေးဇူးပြုသည်။ ဆွမ်းလှူသည့် ကုသိုလ်စိတ်က လူ့ဘဝကို အကျိုးပေးသည့်အခါ ပဋိသန္ဓေစိတ် ဘဝင်စိတ်အား ကျေးဇူးပြုသည်။ ကုသိုလ် ကံကြောင့် ကောင်းတာ မြင်ရသည့်အခါ ကုသိုလ်က မြင်သိစိတ်(အဗျာကတ)အား ကျေးဇူးပြုသည်။ သဒ္ဓါ တရားနှင့် ပြည့်စုံသူသည် အချမ်းအပူကို ဂရုမစိုက်ပဲ ကုသိုလ်ပြုရာတွင် သဒ္ဓါကြောင့် ကိုယ်ဆင်းရဲ၏။ သီလနှင့်ပြည့်စုံစေရန် လွင်တီးခေါင်း၌ နေရာ၌ သီလ,က ကိုယ်ဆင်းရဲခြင်းကို ကျေးဇူးပြုသည်။ ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းအား ကုသိုလ်က ကိုယ်ဆင်းရဲခြင်းကို ဖြစ်စေသည်။ အကြားအမြင်များသူသည် အကြားအမြင်အရ ကုသိုလ်ပြုရာတွင် ကုသိုလ်က ဆင်းရဲကို ဖြစ်စေသည်။ သူများစားရဖို့ ကိုယ့်စားစရာကို ခြိုးခြံချွေတာပြီး ဝေပေးရာ၌ စာဂ,က ဒုက္ခကို ဖြစ်စေသည်။ မိစ္ဆာဇီဝမှ ရှောင်ကြည်၍ သမ္မာအာဇီဝဖြင့် အသက်မွေးရာတွင် ကုသိုလ်က ရှာမှီခြင်းဒုက္ခကို ဖြစ်စေသည်။ သဒ္ဓါစသည်ဖြင့် ပြည့်စုံ၍ နှလုံးကြည်ရွှင်ခြင်း ပီတိပါမောဇ္ဇ ဖြစ်ပြီး ကိုယ်ချမ်းသာသောအခါ ကုသိုလ်က ကိုယ်ချမ်းသာမှုကို ဖြစ်စေသည်။ [၁၄]

ရာဂဒေါသစသည့် အကုသိုလ်ကြောင့် အကုသိုလ်ဖြစ်ပုံ

ပြင်ဆင်ရန်

ကြက်သားစားချင်၍ ကြက်သတ်သည့်အခါ လောဘ,က ဒေါသကို ကျေးဇူးပြုသည်။ လူတစ်ယောက်ကို မကျေနပ်၍ သတ်သည့်အခါ မကျေနပ်သည့်ဒေါသ,က သတ်သည့်ဒေါသအား ကျေးဇူးပြုသည်။ လောဘ, ဒေါသ, မာန, ဒိဋ္ဌိ အမှီပြုပြီး သတ်ခြင်း ခိုခြင်း သူပုန်ထခြင်း ဓားပြတိုက်ခြင်း ပြုရာ၌ အကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုသည်။ [၁၅]

လိုချင်စရာတစ်ခုကို လုယူကြရာတွင် ပြိုင်လုသူအား သတ်မိရာ၌ ရာဂအကုသိုလ်ကြောင့် ဒေါသအကုသိုလ် ဖြစ်ရသည်။ ဤသူသည် ငါ့ကို ဒုက္ခပေးသူဟု စဉ်းစားသည့်ဒေါသကို အကြောင်းပြု၍ သတ်မိရာ၌ ဒေါသ အကုသိုလ်က ဒေါသအကုသိုလ်ကို ဖြစ်စေသည်။ ငါ ဘာကြောင့် မသတ်နိုင်ရမှာလဲဟု စဉ်းစား၍ သတ်ရာတွင် မာနကြောင့် သတ်မှုဒေါသ ဖြစ်၏။ သူများက ကိုယ့်ကိုယ်မထီမဲ့မြင် နှိမ်ချပြောဆိုခံရ၍ မကျေမနပ်ဖြစ်ကာ ပြောသူကို သတ်မိရာတွင် သူများသန္တာန်ရှိမာနက ကိုယ့်သန္တာန်ရှိ ဒေါသအား ကျေးဇူးပြုသည်။ ဘုရားကြိုက်အောင် နတ်ကြိုက်အောင် ကြက်သတ်ပြီးပူဇော်ရမည်ဟု ယုံကြည်သူသည် ကြက်သတ်ပြီးပူဇော်ရာတွင် ဒိဋ္ဌိကြောင့် သတ်မှုဒေါသဖြစ်သည်။ စီးပွားတက်အောင် မ,စ ရင် အရှင်နတ်မင်အား ဝက်တစ်ကောင်ဖြင့် ပူဇော်ပါမည်ဟု ပြောပြီး ဝက်သတ်ပြီး ပူဇော်ရာ၌ ဆုတောင်းမှု(ပတ္ထနာ)က သတ်မှုဒေါသကို ဖြစ်စေသည်။

သူတပါး အမေသတ်သည်ကိုမြင်၍ မိမိ အမေကိုသတ်ခြင်း၊ တခုသောဘဝ၌ အမေသတ်ကိုသတ်၍ နောက်ဘဝတခုမှာလည်း အမေကိုသတ်ခြင်း၊ ဘဝတခုမှာပင် အမေကိုသတ်ဖို့ အခြားသူအား အဖန်တလဲ လဲခိုင်းခြင်း၊ အမေကို နှစ်ချက်ရိုက်၍ သတ်ခြင်းကို “ မာတုဃာတိကမ္မံ မာတုဃာတိကမ္မဿ ဥပနိဿယ ပစ္စယေန ပစ္စယောဟု ဟောတော်မူသည်။ [၁၆]

အကုသိုလ်ကြောင့်ကုသိုလ်ဖြစ်ပုံ

ပြင်ဆင်ရန်

“ငါသည် စတုမဟာရာဇ်စသည့် နတ်ဘုံ၌ ဖြစ်ရပါမူ အော် ကောင်းလေစွ”ဟု စဉ်းစား၍ ဒါနပြုရာ၌ ရာဂအကုသိုလ်ကြောင့် ဒါနကုသိုလ်ဖြစ်သည်။ ရာဂကို ပယ်ခြင်းငှါ ဈာန်ကို ပွားရာ၌၎င်း, ရာဂကို ပယ်ခြင်းငှါ ဝိပဿနာကို ပွားရာ၌၎င်း, ရာဂကို အမြစ်ပြတ်ပယ်ခြင်းငှါ မဂ်ကို ဖြစ်စေရာ၌၎င်း ရာဂအကုသိုလ်ကြောင့် ဈာန်, ဝိပဿနာ, မဂ်, ကုသိုလ်များဖြစ်ကြသည်။ [၁၇]

(ပါဏာတိပါတ)အကုသိုလ်ကြောင့် (အဒိန္နာဒါနစသည့်)အကုသိုလ်ဖြစ်ပုံ

ပြင်ဆင်ရန်

ဥစ္စာရှင်ကိုလည်းကောင်း, ဥစ္စာစောင့်ရှောက်သူကိုလည်းကောင်း သတ်၍ ဥစ္စာကို ယူဆောင်ရာ၌လည်း ကောင်း၊ လင်ကိုသတ်၍ မယားကို ကျူးလွန်းရာ၌လည်းကောင်း၊ ငါသည် မသတ်ပါဟု မုသားပြောရာ၌ လည်းကောင်း၊ လူသတ်မှုကို ဖုံးကွယ်ဖို့, လူသတ်မှု ပြုဖို့ ကုန်းတိုက်စကား, ကြမ်းတမ်းသောစကား, ပိန်ဖျင်းသော စကားကို ပြောရာ၌လည်းကောင်း၊ သူတပါးကို သတ်၍ အသတ်ခံရသူတန်ဖိုးထားသော ပစ္စည်းကို ယူဖို့ကြံစည်ရာ၌လည်းကောင်း၊ အသတ်ခံရသူ၏ ဆွေမျိုးများ ဒုက္ခရောက်စေလိုရာ၌လည်းကောင်း၊ ဤသို့ ဤပုံ သတ်လျှင် ငါ၏ ပါဏာတိပါတသည် အကျိုးပေးလိမ့်မည်မဟုတ်ဟု မိစ္ဆာအယူကို ယူရာ၌ လည်းကောင်း အကုသိုလ်ကြောင့် အကုသိုလ် ဖြစ်သည်။

ကာယိကသုခ ကာယိကဒုက္ခ(အဗျာကတ)ကြောင့် ကုသိုလ်ဖြစ်ပုံ

ပြင်ဆင်ရန်

စည်းစိမ်ချမ်းသာရှိသည်ဖြစ်၍ ကာယိကသုခနှင့် ပြည့်စုံသောသူသည် ဤစည်းစိမ်ချမ်းသာတို့သည် မယုတ်စေသတည်းဟူ၍၎င်း, နောင်အခါ ဤသို့သဘောရှိသော စည်းစိမ်ချမ်းသာသို့ ရောက်စေသတည်းဟူ၍ လည်းကောင်း အလှူပေး၏။ သီလဆောက်တည်၏။ စည်းစိမ်ချမ်းသာမရှိသည်ဖြစ်၍ ကာယိကဒုက္ခနှင့် ပြည့်စုံသောသူသည် ဆင်းရဲခြင်းတို့သည် မဖြစ်စေသတည်းဟူ၍လည်းကောင်း နောင်အခါ ဤသို့သဘောရှိသော ဆင်းရဲတို့သည် မရောက်စေသတည်းဟူ၍လည်းကောင်း အလှူပေး၏။ သီလဆောက်တည်၏။ [၁၈]

  1. ဥပနိဿပစ္စယ (ပု) [ဥပနိဿယ+ပစ္စယ] ဥပနိဿယပစ္စည်း၊
  2. ၂.၀ ၂.၁ တိပိဋကအဘိဓာန် အတွဲ-၄ အပိုင်း-ခ
  3. ဝီထိနှင့်သုံးချက်စု ဘာသာဋီကာ ၁၈၆
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ ဆရာတော် ဦးဂရုဓမ္မ။ ကုသလကာရီ ပဋ္ဌာန်းပဉှာဝါရ ပို့ချချက်
  5. ဥပနိဿယပစ္စယောတိ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော... ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။ ပဋ္ဌာန၊၁၊၅-၆၊ (၁၄၄။) ယထာ ပန ဘုသော အာယာသော ဥပါယာသော၊ ဧဝံ ဘုသော နိဿယော ဥပနိဿယော၊ ဗလဝကာရဏ ဿေတံ အဓိဝစနံ၊ တသ္မာ ဗလဝကာရဏဘာဝေန ဥပကာရကော ဓမ္မော ဥပနိဿယပစ္စယောတိ ဝေဒိတဗ္ဗော။ အဘိ၊ဋ္ဌ၊၃၊၃၄၇။ ဝိသုဒ္ဓိ၊၂၊၁၆ရ။ သယံ ပန ရူပံ ဣမသ္မိံ ပဋ္ဌာနမဟာပကရဏေ အာဂတနယန ဥပနိဿယပစ္စယံ န လဘတိ၊ သုတ္တန္တိကပရိယာယေန ပန လဘတီတိ ဝဋ္ဋတိ။ အဘိ၊ဋ္ဌ၊၃၊၃၇၀။ အာလောကော ဥပနိဿယပစ္စယော။ ဒီ၊ဋ္ဌ၊၁၊၁၇၅။ မ၊ဋ္ဌ၊၁၊၂၆၈။ သံ၊ဋ္ဌ၊၃၊၂၂၈။ ဥပနိဿယပစ္စယောတိ ဣဒံ သုတ္တန္တနယေန ပရိယာယတော ဝုတ္ထံ။ ဒီ၊ဋီ၊၁၊၂၅၀။ မ၊ဋီ၊၁၊၃၆၁။ သံ၊ဋီ၊၂၊၄၆၅။ အာလောကော ဥပနိဿယပစ္စယောတိ ဒဿနဿ သုတ္တန္တနယန ပရိယာယတော ပစ္စယတာ ဝုတ္တာ။ သီ၊ဋီ၊သစ်၊၂၊၉၆။
  6. သုံးချက်စုဘာဋီ ၁၈၆-၁၉၄
  7. (ပဋ္ဌာန်းဘာဋီ ၉၀)
  8. (ပဋ္ဌာန်းဘာဋီ ၂၄၉)
  9. (ပဋ္ဌာန်းဘာဋီ ၂၄၉)
  10. ပဌာန်းဘာဋီ ၉၁
  11. ပဋ္ဌာနသာရဝိဘာဝနီ ဒု-၂၈၁
  12. ပဌာန်းဘာဋီ ၉၂
  13. မဉ္ဇူသက-၁၄၀၊ ပဌာန်းဋ္ဌ-၄၄၅
  14. ပဋ္ဌာန်းပါဠိနိဿယ-နန္ဒမေဓာ ၂၃၇
  15. မဉ္ဇူသက-၁၄၅
  16. ပဋ္ဌာနသာရဝိဘာဝနီ တတိယတွဲ-နှာ၄၂၃
  17. ပဋ္ဌာနသာရဝိဘာဝနီ တတိယတွဲ-နှာ၄၂၉
  18. (ပဋ္ဌာန်းအရကောက်-၄၂၄)