ဥပသမာနုဿတိကမ္မဋ္ဌာန်း

[၁] ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ, သီလာနုဿတိ, စာဂါနုဿတိ, ဒေဝတာနုဿတိဟူသော အနုဿတိ (၆)ပါးတို့သည် အရိယသာဝကတို့အားသာလျှင် ပြည့်စုံနိုင်ကြကုန်သကဲ့သို့ - အလားတူပင် ဤ ဥပသမာနုဿတိသည်လည်း အရိယသာဝကအားသာလျှင် ပြည့်စုံနိုင်၏။ ဤသို့ အရိယပုဂ္ဂိုလ်အားသာလျှင် ပြည့်စုံနိုင်သည် မှန်သော်လည်း နိဗ္ဗာန်တရားတော်မြတ်ကြီးကို အလေးအမြတ်ပြုလေ့ရှိသော နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိသော ပုထုဇန်သည်လည်း အငြိမ်းဓာတ် နိဗ္ဗာန်၏ ဥပသမဂုဏ်တို့ကို နှလုံးသွင်း နိုင်ပါ၏။ မှန်ပေသည် ---- ကြားနာဖူးသည်၏ အစွမ်းဖြင့်လည်း ဥပသမ နိဗ္ဗာန်တရားတော်မြတ်၌ စိတ်သည် ကြည်လင်သည်သာလျှင် ဖြစ်ပေ၏။ [၂]

အမြတ်ဆုံး နိဗ္ဗာန် ပြင်ဆင်ရန်

[၃]ရဟန်းတို့ ...အကြင်ရွေ့လောက်ကုန်သော အကြောင်းတရားတို့သည် ပေါင်းစု၍ပြုပြင်အပ်သည်လည်း ဖြစ်ကုန်သော သင်္ခတတရားတို့သည်လည်းကောင်း, အကြောင်းတရားတို့သည် ပေါင်းစု၍ မပြုပြင်အပ်သည်လည်း ဖြစ်ကုန်သော အသင်္ခတတရားတို့သည်လည်းကောင်း ရှိကြကုန်၏။ ထိုသင်္ခတ အသင်္ခတ တရားတို့တွင် ရာဂနှင့် တကွသော သံကိလေသဓမ္မတို့၏ သင်္ခါရတရားတို့၏ ကင်းပြတ်ရာ ပျက်ပြယ်ရာဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အမြတ်ဆုံးဟူ၍ ဆိုအပ်၏။

နိဗ္ဗာန်၏ ဂုဏ်တော်များ ပြင်ဆင်ရန်

၁။ မဒနိမ္မဒန = မာနအစရှိသော ယစ်စေတတ်သော တရားတို့၏ ယစ်စေတတ်သည့် သတ္တိကင်းရာ ဖြစ်သော နိဗ္ဗာန်,

၂။ ပိပါသဝိနယ = ကာမတို့ကို မွတ်သိပ်ဆာလောင်သော တဏှာ၏ ကင်းပျောက်ရာဖြစ်သော နိဗ္ဗာန်,

၃။ အာလယသမုဂ္ဃါတ = ငြိတွယ်စရာ ကာမဂုဏ်ငါးပါးတို့ကို အကြွင်းမဲ့ ဖြတ်ရာဖြစ်သော နိဗ္ဗာန်,

၄။ ဝဋ္ဋုပစ္ဆေဒ = ဝဋ်သုံးပါး၏ ပြတ်ရာဖြစ်သော နိဗ္ဗာန်,

၅။ တဏှာက္ခယ = တဏှာ၏ ကုန်ရာဖြစ်သော နိဗ္ဗာန်,

၆။ တဏှာဝိရာဂ = တဏှာ၏ ပျက်ပြယ်ရာ ကင်းရာဖြစ်သော နိဗ္ဗာန်,

၇။ တဏှာနိရောဓ = တဏှာ၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်,

၈။ နိဗ္ဗာန = ဝါနဟု ဆိုအပ်သော တဏှာမှ ထွက်မြောက်ရာဖြစ်သော နိဗ္ဗာန် ---

ဤ နိဗ္ဗာန်တရားတော်မြတ်သည် အသင်္ခတ တရားတည်း၊ သင်္ခတ အသင်္ခတ တရားတို့တွင် ယင်းအသင်္ခတ တရားသည် အသာဆုံး အမြတ်ဆုံး တရားတည်း။ [၄]

ဥပသမာနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းပုံ ပြင်ဆင်ရန်

နိဗ္ဗာန်တရားတော်မြတ်သည် မည်သည့် အကြောင်းတစ်စုံတစ်ရာကြောင့်မျှ မဖြစ်။ တစ်စုံတစ်ခုသော အကြောင်းတရားက ပြုပြင်ပေး၍ ဖြစ်ပေါ်လာရသော တရားလည်း မဟုတ်၊ မည်သည့် အကြောင်းတစ်စုံတစ်ရာမျှ မပြုပြင်ရဘဲ နိစ္စထာဝရ အမြဲတည်ရှိနေသော တရားဖြစ်၏။ ထိုကြောင့် အသင်္ခတ အမည်ရ၏။ ထိုအသင်္ခတ၏ ဂုဏ်ပုဒ်တို့ကို အထက်တွင် ရှစ်မျိုးတင်ပြထား၏။ နိဗ္ဗာန်တရားတော်မြတ်၏ အခြားအခြားသော ဂုဏ်ပုဒ်တွေလည်း များစွာပင်ရှိ၏။ ယင်းဂုဏ်ပုဒ်တို့မှ မိမိကြိုက်နှစ်သက်ရာ ဂုဏ်ပုဒ်တစ်ခုခုကို အာရုံယူ၍ ဥပသမာနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ စီးဖြန်းပုံ အစီအစဉ်မှာ ဤသို့ ဖြစ်၏။

ရှေးဦးစွာ သမာဓိကို အဆင့်ဆင့်ထူထောင်၍ ဖလသမာပတ်သို့ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ဖြင့် မိမိ ကြိုက်နှစ်သက်ရာ သင်္ခါရတရားတို့ကို လက္ခဏာယာဉ် တင်ကာ ဝိပဿနာရှုပါ။ ရှေးယခင်က နိဗ္ဗာန်ကို အရိယ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုထားပြီးသူ သူတော်ကောင်းတစ်ဦးအဖို့ မကြာမီ အချိန်ကာလ အတွင်းမှာပင် ထိုသူတော်ကောင်း၏ အရိယဖိုလ်ဉာဏ်က နိဗ္ဗာန်ကို အာရုံပြုနေမည်ဖြစ်၏။ ဖလသမာပတ်ကို အကြိမ်များစွာ ဝင်စားထားပြီးသော နိဗ္ဗာန်ကို အာရုံပြု၍ တစ်နာရီ နှစ်နာရီစသည့် အချိန်ကြာအောင် ဖလ သမာပတ်ကို နိုင်နိုင်နင်းနင်း ဝင်စားလေ့ရှိသော သူတော်ကောင်း ဖြစ်ပါမူ ဤအချိန်တွင် လွယ်လွယ်ကူကူပင် နိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ်ကို ဝင်စားနေမည် ဖြစ်သည်။ ထို ဖလသမာပတ်မှထ၍ ထိုနိဗ္ဗာန်ကို တစ်ဖန်ပြန် အာရုံပြု၍ ---- ထိုနိဗ္ဗာန်၌ တဏှာမရှိမှုကို အာရုံပြု၍ ----

နိဗ္ဗာနံ နိဗ္ဗာနံ ဟု ရှုနေပါ။

ထိုနိဗ္ဗာန်အာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီစသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။ တစ်နာရီ နှစ်နာရီခန့် ငြိမ်ဝပ်စွာ ကပ်၍တည်နေပါက နီဝရဏများ ကွာလျက် ဥပစာရသမာဓိသို့ ဆိုက်လေပြီ။ ဈာန်အင်္ဂါ ငါးပါးတို့လည်း ထင်ရှားလာပေလတ္တံ့။

ဥပသမ အမည်ရသော နိဗ္ဗာန်တရားတော်မြတ်၏ ဂုဏ်တော်တို့၏ အလွန်နက်နဲသည်၏ အဖြစ်ကြောင့် လည်းကောင်း, အထူးအထူး အပြားပြား များလှစွာသော နိဗ္ဗာန်တရားတော်မြတ်၏ ဂုဏ်တော်တို့ကို အောက်မေ့ ခြင်းဖြင့် နိဗ္ဗာန်အာရုံ၌ စုပ်စုပ်နစ်နစ် သက်ဝင်ဆုံးဖြတ်၍ လေးမြတ်ယုံကြည်သည်၏ အဖြစ်ကြောင့်လည်းကောင်း အပ္ပနာဈာန်သို့ မရောက်မူ၍ ဥပစာရသို့သာလျှင် ရောက်သော ဥပစာရဈာန်သည် ဖြစ်ပေါ်လာ၏။ ထိုဥပစာရ ဈာန်သည် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်၏ တဏှာစသော ကိလေသာ အပူမီးတို့မှ ငြိမ်းအေးမှု ဥပသမ ဂုဏ်ကို အဖန်ဖန် အောက်မေ့သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသောကြောင့် ဥပသမာနုဿတိ ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်ရှိပေ၏။ [၅]

အခြားအခြားသော နိဗ္ဗာန်၏ ဂုဏ်ပုဒ်တို့ကို အာရုံယူ၍လည်း ပုံစံတူပင် ရှုနိုင်ပေသည်။

ဥပသမာနုဿတိ ကမ္မဋ္ဌာန်းကို ပွားများရကျိုး ပြင်ဆင်ရန်

ဤဥပသမာနုဿတိကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် ချမ်းသာစွာ အိပ်စက်ရ၏။ ချမ်းသာစွာ အိပ်ရာမှ နိုးရ၏၊ ငြိမ်သက်သော ဣန္ဒြေရှိ၏၊ ငြိမ်သက်သော စိတ်ထားရှိ၏၊ ရှက်မှုကြောက်မှု ဟိရိဩတ္တပ္ပတရားနှင့် ပြည့်စုံ၏၊ ကြည်ညိုဖွယ်ရှိ၏၊ နိဗ္ဗာန်အာရုံ၌ စုပ်စုပ်နစ်နစ် စွဲစွဲမြဲမြဲ သက်ဝင်ဆုံးဖြတ်၍ လေးမြတ်ယုံကြည်သည်၏ အဖြစ်ကြောင့် မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိ၏၊ သီတင်းသုံးဖော်တို့က အလေး ဂရုပြုအပ်၏၊ သီတင်းသုံးဖော်တို့၏ စိတ်နှလုံး၌ ကုသိုလ်တရားကိုလည်း တိုးပွားစေတတ်၏၊ အထက်အထက် ဖြစ်သော အရိယမဂ်ဖိုလ် တရားထူး တရားမြတ်ကို ထိုးထွင်းမသိနိုင်သော် မထိုးထွင်းနိုင်သော် သုဂတိဘုံဘဝ လျှင် လည်းလျောင်းရာ ရှိ၏။ (ဝိသုဒ္ဓိ၊၁၊၂၈၆။)

ထိုသို့ များစွာသော အကျိုးရှိသည်၏ အဖြစ်ကြောင့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော အကျိုးစီးပွား၌ ထောက်တွေးဆင်ခြင် မြော်မြင်တတ်သော ပညာရှိသူတော်ကောင်းသည် ဤသို့ ကြီးမားများပြားသော အကျိုး အာနိသင်ရှိသော ဖြူစင်မြင့်မြတ်သည့် အရိယာသူတော်ကောင်းတို့၏ ဖြူစင်မြင့်မြတ်သော ဥပသမအမည်ရသော ပူပန်ခပ်သိမ်း ငြိမ်းအေးရာ နိဗ္ဗာန်တရားတော်မြတ်၌ အဖန်ဖန် အောက်မေ့ခြင်း ဥပသမာနုဿတိကို စင်စစ် မမေ့မလျော့ မပေါ့မဆသည့် အပ္ပမာဒတရား လက်ကိုင်ထားလျက် ပွားများအားထုတ်လေရာ၏။ (ဝိသုဒ္ဓိ၊၁၊၂၈၆။)

အရိယာသူတော်ကောင်းတို့သည် ဖလသမာပတ်ကို ဝင်စားတော်မူကြကုန်လျက် ပူပန်ခပ်သိမ်းမှ အငြိမ်း ကြီးငြိမ်းရာ အအေးကြီးအေးရာ ဖြစ်သော နိဗ္ဗာန်တရားတော်မြတ်၏ သန္တိသုခ အငြိမ်းဓာတ် အရသာထူးကြီးကို သုံးဆောင်ခံစားတော်မူကြကုန်၏။ တစ်ဖန် ထိုပူပန်ခပ်သိမ်းမှ အငြိမ်းကြီးငြိမ်းရာ အအေးကြီးအေးရာ ဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကြီး၏ ပူပန်ခပ်သိမ်းမှ အငြိမ်းကြီးငြိမ်း အအေးကြီးအေးသည့် ဥပသမဂုဏ်ကို အာရုံပြု၍ အငြိမ်းကြီးငြိမ်း အအေးကြီးအေးသည့် ချမ်းသာသုခထူးကြီးကို ဥပသမာနုဿတိကမ္မဋ္ဌာန်းဘာဝနာဖြင့် ထပ်မံ ခံစားတော်မူကြပြန်ကုန်၏။ ငြိမ်းရာ၌ ငြိမ်းသထက် ငြိမ်းသည့် အေးရာ၌ အေးသထက် အေးသည့် ချမ်းသာ သုခထူးကြီးကို အနှစ်သာရ ဘာမျှရှာမရသော ခန္ဓာကိုယ်အတွင်းမှ သမထ ဝိပဿနာ ဘာဝနာဟူသော အနှစ် ကို ထုတ်ယူလျက် သန္တိသုခ ဥပသမသုခ အရသာထူးကြီးကို သုံးဆောင်ခံစားသွားတော်မူကြခြင်း ဖြစ်၏။

အသင်သူတော်ကောင်းသည်လည်း ဘုရားအစရှိသော အရိယာသူတော်ကောင်းကြီးတို့၏ထုံးကို နှလုံး မူ၍ အနှစ်သာရ ဘာမျှရှာမရသော အသင်သူတော်ကောင်း၏ ခန္ဓာကိုယ်အတွင်းမှ သမထဝိပဿနာဟူသော ဘာဝနာအနှစ်တို့ကို ထုတ်ယူလျက် ပူပန်ခပ်သိမ်းမှ အငြိမ်းကြီးငြိမ်း အအေးကြီးအေးသည့် နိဗ္ဗာန်တရားတော် မြတ်ကြီး၏ သန္တိသုခအငြိမ်းဓာတ် အရသာကြီးကို ဖလသမာပတ်ကို ဝင်စားလျက် သုံးဆောင်ခံစားနိုင်ပါစေ သတည်း။ ထိုသန္တိသုခနိဗ္ဗာန်တရားတော်မြတ်ကြီး၏ ပူပန်ခပ်သိမ်းမှ ငြိမ်းအေးသည့် ဥပသမဂုဏ်ကို အာရုံယူ၍ ဥပသမာနုဿတိ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက် ငြိမ်းသထက်ငြိမ်း အေးသထက်အေးသည့် ဥပသမသုခ ထူးကြီးကိုလည်း သုံးဆောင်ခံစားနိုင်ပါစေသတည်း။ [၆]

ကိုးကား ပြင်ဆင်ရန်

  1. ဆ အနုဿတိယော ဝိယ စ အယမ္ပိ အရိယသာဝကေဿဝ ဣဇ္ဈတိ၊ ဧဝံ သန္တေပိ ဥပသမဂရုကေန ပုထုဇ္ဇနေနာပိ မနသိ ကာတဗ္ဗာ။ သုတဝသေနာပိ ဟိ ဥပသမေ စိတ္တံ ပသီဒတိ။ (ဝိသုဒ္ဓိ၊၁၊၂၈၆။)
  2. (ဝိသုဒ္ဓိ၊၁၊၂၈၆။)
  3. ယာဝတာ ဘိက္ခဝေ ဓမ္မာ သင်္ခတာ ဝါ အသင်္ခတာ ဝါ ဝိရာဂေါ တေသံ ဓမ္မာနံ အဂ္ဂမက္ခာယတိ၊ ယဒိဒံ မဒနိမ္မဒနော ပိပါသဝိနယော အာလယသမုဂ္ဃါတော ဝဋ္ဋုပစ္ဆေဒေါ တဏှာက္ခယော ဝိရာဂေါ နိရောဓော နိဗ္ဗာနံ။ (အံ၊၁၊၃၄၃။ ခု၊၁၊၂၅၄။)
  4. (အံ၊၁၊၃၄၃။ ခု၊၁၊၂၅၄။)
  5. (ဝိသုဒ္ဓိ၊၁၊၂၈၅-၂၈၆။)
  6. နိဗ္ဗာနဂါမိနိပဋိပဒါ - ပဉ္စမတွဲ - ဖားအောက်တောရဆရာတော်