ကျော်ငြိမ်း
မြန်မာနိုင်ငံရေး နယ်ပယ်၌ ထင်ရှားသည်။ ကိုလိုနီခေတ် မြန်မာနိုင်ငံရေး ကြိုးပမ်းမှုတွင် တက္ကသိုလ်ကျောင်းသား သမဂ္ဂခေါင်းဆောင်၊ ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင်၊ ဖဆပလ အထွေထွေအတွင်းရေးမှူး၊ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေးခေတ်ဦး ဖဆပလအစိုးရအဖွဲ့တွင် ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ သမဝါယမ၊ စက်မှုလက်မှုဌာနဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ်တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။ တက္ကသိုလ်ကျောင်းသား ဘဝမှ နိုင်ငံခေါင်းဆောင်ဘဝတိုင် နိုင်ငံတကာ ဗဟုသုတနှင့် နိုင်ငံရေးစာပေ လေ့လာလိုက်စားရာတွင် ထင်ရှားသည်။ စာအလွန်ဖတ်သူအဖြစ် သတ်မှတ်ခံရသည်။ ကမ္ဘာ့ဗဟုသုတ ဆိုင်ရာ အင်္ဂလိပ်စာအုပ်ပေါင်း ၅၀၀၀ ကျော် ဖတ်ခဲ့သည်။ ကမ္ဘာ့နိုင်ငံရေးလောက၌ ထူးချွန်ထက်မြက်သော အာရှဆိုရှယ်လစ် ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားသည်။ [၁]
ဦးကျော်ငြိမ်း | |
---|---|
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ပျဉ်းမနားမြို့ | ၁၉ ဇန်နဝါရီ၊ ၁၉၁၄
ကွယ်လွန် | ၂၉ ဇွန်၊ ၁၉၈၆ ရန်ကုန်မြို့ | (အသက် ၇၂)
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(၂၄ မေ ၂၀၁၉) |
အရေးပါ ထင်ရှားသော လုပ်ဆောင်မှုများမှာအကျဉ်းချုပ်အားဖြင့် (Anti-colonial and Burma Independence Struggle) နယ်ချဲ့ဆန့်ကျင်ရေးနှင့်လွတ်လပ်ရေးကြိုးပမ်းမှုများတွင် ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ)၊ ပြည်သူ့အရေးတော်ပုံပါတီ (Peoples Revolutionary Party)၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ဖတပလ)(နောင် ဖတပလ)တို့ကို ခေါင်းဆောင်ပိုင်းမှ ပါဝင်တည်ထောင်ခဲ့သည် လွတ်လပ်ရေးရပြီးနောက် (Decolonization) အာရှနှင့် အာဖရိကနိုင်ငံများတွင် ကိုလိုနီစနစ်ဖျက်သိမ်းရေးအတွက် ဘန်ကောက်တွင် ဖွဲ့စည်းသော အရှေ့တောင်အာရှအဖွဲ့ချုပ် (Southeast Asia League)၊ ရန်ကုန်တွင် ဖွဲ့စည်းသော အာရှ ဆိုရှယ်လစ်ညီလာခံ (Asian Socialist Conference)နှင့် ကိုလိုနီဆန့်ကျင်ရေးဗျူရို (Anti-colonial Bureau) တို့ကို ဦးဆောင်ပါဝင် ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ (State-Building and Nation-Building) အဖြစ် ၁၉၄၇ခု ဖွဲ့စည်းအုပ်ချုပ် အခြေခံဥပဒေရေးဆွဲရာတွင်လည်းကောင်း၊ တက်ကြွသောဘက်မလိုက် နိုင်ငံခြားရေးဝါဒ( Active Non-Aligned Foreign Policy)တည်ထောင်ထိန်းသိမ်းရာတွင်လည်းကောင်း၊ နိုင်ငံတော်စီးပွားရေးမူဝါဒများ(Economic Vision and Policies)၊ စက်မှုနိုင်ငံထူထောင်ရေးဝါဒ(Industrialization Policies)ချမှတ်ခြင်း နှင့် မှန်းသည်ထက်ပိုသောဂျပန်စစ်လျော်ကြေးရရှိရေးကိစ္စများတွင် ဦးဆောင်ပါဝင် ချမှတ်လုပ်ဆောင်ခဲ့သည်။[၂][၃][၄][၅][၆]
ငယ်ဘဝ
ပြင်ဆင်ရန်၁၉၁၄ ခုနှစ်၊ ဇန်နဝါရီလ၁၉ ရက်နေ့တွင် ပျဉ်းမနားမြို့၌ အဖ ရှေ့နေဦးဖိုးတုတ်၊ အမိ ဒေါ်ဒေါ်သုန်တို့မှ မွေးဖွားခဲ့သည်။ဒိုက်ဦးမြို့ အစိုးရအထက်တန်းကျောင်း၊ ၁၉၃၂ ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်နှင့် ၁၉၃၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ဂုဏ်ထူးတန်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။
နယ်ချဲ့ဆန့်ကျင်ရေး
ပြင်ဆင်ရန်ကျောင်းသားသမဂ္ဂ နိုင်ငံရေး
ပြင်ဆင်ရန်၁၉၃၃-၃၄ခုတွင် ဘဏ္ဍာရေးအခြေအနေကြောင့် မန္တလေးကောလိပ်ကို ပိတ်ရန် အာဏာပိုင်များကစီစဉ်ကြသည်။ ထိုအခါ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ(မြင့်)၊ ကိုထွန်းအုံ(နောင်မြူမင်းကြီး)၊ ဗိုလ်ခင်မောင်ကလေး(နောင်ဝန်ကြီး)၊ ကိုလှမောင်(နောင်သံအမတ်)တို့ ဦးဆောင်ပြီးကျောင်းသားအစည်းအဝေးပွဲများကျင်းပ၍လည်းကောင်း၊ မန္တလေးမြို့လုံးကျွတ်မြို့မိမြို့ဖအစည်းအဝေးများ ကျင်းပ၍လည်းကောင်း ကန့်ကွက်ပွဲများကျင်းပမှုကြောင့် မန္တလေးကောလိပ်ပိတ်ရန် အစီအစဉ်ကိုအာဏာပိုင်များဖက်မှ ဖျက်သိမ်းခဲ့သည်။
သို့နှင့် ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ၊ဘကိုခင်မောင်ကလေး၊ ကိုထွန်းအုံ နှင့် ကိုလှမောင်တို့တသိုက်ကျောင်းသားခေါင်းဆောင်များအဖြစ် သတ်မှတ်ခြင်းခံခဲ့ကြရသည်။ ၁၉၃၄ - ၃၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ ၁၉၃၆ ခုနှစ်၊ တက္ကသိုလ် ကျောင်းသားသပိတ် ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ တည်ထောင်ရာတွင် ဦးဆောင် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၁၉၃၇ တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဂုဏ်ထူးတန်း အောင်ခဲ့ပြီး၊ ၁၉၄၁ ခုတွင် ၁၉၃၉ ခုနှစ် ရန်ကုန်တက္ကသိုလ်မှ ဘီအယ်လ်ဘွဲ့ကို ရရှိခဲ့သည်။ ဘွဲ့ရပြီးနောက် အင်္ဂလိပ်လက်အောက်တွင် အကောက်ခွန်ဌာန ရာဖြတ်အဖြစ် အလုပ်ဝင်လုပ်ရင်း၊ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး မြေအောက် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မြေအောက် တော်လှန်ရေးပါတီဖြစ်သည့် ပြည်သူ့အရေးတော်ပုံပါတီ (Peoples Revolutionary Party) (နောက် ဆိုရှယ်လစ်ပါတီ)၏ အလုပ်အမှုဆောင်တဦး ဖြစ်သည်။ ပီအာပီ ခေါ် ပြည်သူ့အရေးတော်ပုံပါတီ (Peoples Revolutionary Party) သည် ဂျပန်နိုင်ငံသို့ ရဲဘော်သုံးကျိပ် စေလွှတ်ရေးအတွက် အဓိကတာဝန်ယူ ဆောင်ရွက်ခဲ့သောအဖွဲ့ ဖြစ်သည်။
ဖက်ဆစ်တော်လှန်ရေး
ပြင်ဆင်ရန်ဂျပန်ခေတ် ၁၉၄၂ - ၄၃ ခု၊ ဒေါက်တာဘမော်၏ အစိုးရ အဖွဲ့တွင် ဝန်ကြီးအဖွဲ့ (ကက်ဘီနက်) အတွင်းဝန်၊ ရှမ်းပြည်နယ်အတွင်းဝန်နှင့် နိုင်ငံခြားရေး ဌာန ဒု-ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးကို ဦးဆောင်ရန် ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံနှင့် ကွန်မြူနစ်ပါတီတို့က ဦးဆောင်ဖွဲ့စည်းခဲ့သည့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ဖတပလ) ဗဟိုဦးစီးအဖွဲ့ဝင် ၉ ဦးတွင် တဦးဖြစ်ပြီး၊ ဖတပလ ဗဟိုစစ်ကောင်စီ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေး အောင်ပွဲခံပြီးနောက် နိုင်ငံရေးအင်အားစုအသီးသီးကို စုစည်းကာ ဖတပလကို ဖဆပလ အဖွဲ့ချုပ်အဖြစ် အမည်ပြောင်းလဲကာ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဖွဲ့စည်းသည့်အခါတွင် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ဖဆပလမှ ကွန်မြူနစ်ပါတီကို ထုတ်ပယ်ပြီးနောက် ဖဆပလ အထွေထွေအတွင်းရေးမှူးအဖြစ် ၁၉၅၆ နှစ်အထိ တာဝန်ယူခဲ့သည်။
၁၉၄၅ ခု၊ ဖက်ဆစ်တော်လှန်ရေးကာလတွင် ပျဉ်းမနားနယ် နိုင်ငံရေးမှူးနှင့် ဆိုရှယ်လစ်ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။
လွတ်လပ်ရေး ကြိုးပမ်းမှု
ပြင်ဆင်ရန်၁၉၄၇ ခု၊ မြန်မာနိုင်ငံလွတ်လပ်ရေး ရယူနိုင်ရန်အတွက် လန်ဒန်မြို့တွင် ကျင်းပသည့်အောင်ဆန်းအက်တလီဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အကြံပေးအဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတွင် ပြည်မြို့မဲဆန္ဒနယ်မှ ဖဆပလအမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး၊ ပြည်ထဲရေးနှင့် တရားရေးဌာနဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ဇူလိုင်လတွင် ဦးနုနှင့်အတူ လန်ဒန်မြို့သို့ချစ်ကြည်ရေးမစ်ရှင်အဖြစ် သွားရောက်ခဲ့ပြီးအပြန်ခရီးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မှာကြားချက်အရ ယူဂိုဆလားဗီးယားနိုင်ငံသို့ ဝင်ရောက်ပြီးလူနည်းစုအရေး နှင့် ပတ်သက်သော အခြေခံဥပဒေရေးရာများကို လေ့လာခဲ့သည်။[၇]
ပါလီမန်ဒီမိုကရေစီခေတ်
ပြင်ဆင်ရန်မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးခေတ်တစ်လျှောက်အစိုးရ အဆက်ဆက် စွဲကိုင်ကျင့်သုံးခဲ့သောကြားနေရေး၊ ဘက်မလိုက်နိုင်ငံခြားရေးဝါဒ၏ ဗိသုကာဖြစ်ပြီး ကိုလိုနီခေတ်လွန်နိုင်ငံများ၏ တတိယအင်အား(Third Force)မူဝါဒကို ဦးဆုံးအဆိုပြု တည်ထောင်အားပေးသူဖြစ်သည်။၊(Asian Socialist Conference) အာရှဆိုရှယ်လစ်ညီလာခံဟု အမည်တွင်သည့် အာရှတိုက်တတိုက်လုံးဆိုင်ရာဆိုရှယ်လစ်အဖွဲ့ကြီးကို အဓိက တွန်းအားပေးတည်ထောင်ဖွဲ့စည်းခဲ့သူ ဖြစ်သည်။ သွင်းကုန်အစားထိုးရေးမူဝါဒကို ကိုင်စွဲပြီး ၁၉၅၀ပြည့်နှစ်များတွင် မြန်မာနိုင်ငံစက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ(Industrialization)ကို တွန်းအားပေးပြီး စတင်ခဲ့သူဖြစ်သည်။ ပညာရှင် Renaud Egreteau က ဦးကျော်ငြိမ်းအား“ မြန်မာ့ဆိုရှယ်လစ်စနစ်အားမောင်းနှင်သောဦးနှောက်”ဟုတင်စားခံခဲ့ရသူဖြစ်သည်။
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နယ်ချဲ့အင်္ဂလိပ် လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ဖွဲ့စည်းခဲ့သော ပါလီမန်ဒီမိုကရေစီ အစိုးရအဖွဲ့တွင်ပြည်ထဲရေးဝန်ကြီးအဖြစ်လည်းကောင်း ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်ဖြင့်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၉ ခုတွင် ဆိုရှယ်လစ်ပါတီဝင် ဝန်ကြီးများ နုတ်ထွက်သည့်အခါ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သည်။
၁၉၅၁ ခုနှစ်တွင် သမဝါယမဝန်ကြီး၊ ၁၉၅၂ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် သိမ်ဖြူတောင် မဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ခြင်းခံရသော လွှတ်တော်အမတ်၊ ၁၉၅၃ ခုနှစ်တွင် သမဝါယမ ထုတ်ကုန် ဖြန့်ဖြူးရေးဌာနနှင့် စက်မှုဌာနဝန်ကြီး၊ ဒု-ဝန်ကြီးချုပ် (အမျိုသားစီပွားရေး) အဖြစ် တာဝန်ယူခဲ့သည်။
၁၉၅၆ ခုနှစ်၊ ရွေးကောက်ပွဲတွင် သိမ်ဖြူတောင် မဲဆန္ဒနယ်မှ လွှတ်တော်အမတ်အဖြစ် ထပ်မံရွေးကောက်ခြင်း ခံရပြီး၊ ဖဆပလ နှစ်ခြမ်းကွဲသည့် ၁၉၅၈ ခု အထိ ဒု-ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ဦးဗဆွေ၊ အခြား ဝန်ကြီး ၁၃ ဦးနှင့် အတူ ဝန်ကြီးချုပ် ဦးနု ဦးဆောင်နေသည့် အစိုးရအဖွဲ့မှ နုတ်ထွက် နောက်တရက်တွင် ဦးနုအစိုးရအား အယုံအကြည်မရှိ အဆို တင်သွင်းခဲ့သော်လည်း၊ ၈ မဲ အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။ ထိုနောက် ဦးဗဆွေနှင့် လက်တွဲပြီး တည်မြဲ ဖဆပလ (ဆွေ-ငြိမ်း) အဖြစ် ပြန်လည် ဖွဲ့စည်းရာတွင် ဖဆပလ (တည်မြဲ) ဒု-ဥက္ကဋ္ဌနှင့် ဖဆပလ လူငယ်အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ အခြား ဖဆပလ တခြမ်း ဖြစ်တဲ့ သန့်ရှင်း ဖဆပလ (နု-တင်) ကို ဦးနုနှင့် သခင်တင်က ဦးဆောင်ခဲ့သည်။
၁၉၆ဝ ခုနှစ်၊ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက်၊ ရွေးကောက်ပွဲ အနိုင်ရသည့် သန့်ရှင်း ဖဆပလ (နု-တင်) အဖွဲ့ချုပ်က ပြည်ထောင်စုပါတီ (ပထစ) အဖြစ် အမည်ပြောင်းခဲ့သဖြင့်၊ တည်မြဲ ဖဆပလ (ဆွေ-ငြိမ်း) သည်လည်း 'ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ)' ပြန်ဖြစ်လာခဲ့သည်။
၁၉၅၅ ခုနှစ်တွင် မာရှယ်တီးတိုး ချီးမြှင့်သော ယူဂိုဆလပ်တံခွန် ပထမအဆင့်၊ ထိုင်းနိုင်ငံမှ ချီးမြှင့်သော ဆင်ဖြူတော်ဂုဏ်ထူးဆောင် တံဆိပ်၊ ၁၉၆ဝ ပြည့်နှစ်တွင် လွတ်လပ်ရေးမော်ကွန်းဝင် (ပထမ အဆင့်) တို့ ချီးမြှင့်ခြင်း ခံရသည်။ ၁၉၈ဝ ပြည့်နှစ်တွင် နိုင်ငံဂုဏ်ရည် ပထမအဆင့်ကို ရရှိခဲ့သည်။
တော်လှန်ရေးကောင်စီခေတ်
ပြင်ဆင်ရန်၁၉၆၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ (သိန်းဖေမြင့်၏ 'ကျော်ငြိမ်း' စာအုပ်ထဲတွင် မေလ ၅ ရက်ဟု ပါရှိ) မှာ ဖဆပလ ခေါင်းဆောင်များ ဖြစ်သည့် ဦးဗဆွေ၊ ဗိုလ်ကြာညွန့် (ပဲခူး)၊ ဗိုလ်မှူး ထွန်းတင်၊ ဦးကြီးချိုင်၊ ပထစ ခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်မင်းခေါင် (ရဲဘော် သုံးကျိပ်ဝင်)၊ ဦးဝင်း၊ ဦးချမ်းသာ၊ ဦးချန်ထွန်း၊ အင်းစိန် အမတ် ဦးချာလီ၊ နေရှင်း သတင်းစာတိုက် ပိုင်ရှင် အယ်ဒီတာချုပ် ဦးလောရုံတို့နှင့်အတူ ဦးကျော်ငြိမ်းသည် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။
ဝန်ကြီးချုပ်ဟောင်း ၂ ဦးဖြစ်သည့် ဦးနုနှင့် ဦးဗဆွေ တို့ကို ၁၉၆၆ ခုနှစ်ထဲတွင် ပြန်လွတ်ပေးခဲ့သော်လည်း၊ ဦးကျော်ငြိမ်းအား ၁၉၆၈ ခု၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှ ပြန်လွှတ်ပေးခဲ့သည်။
ဦးကျော်ငြိမ်းအား ရေကြည်အိုင် အကျဉ်းစခန်းတွင် ထိန်းသိမ်း ချုပ်နှောင်စဉ် အခါက၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုများ ပြုခံခဲ့ရပုံကို ပထစဝန်ကြီးဟောင်း ဦးဝင်း (ကွယ်လွန်) ၏သား ဦးတင်မောင်ဝင်း (ကွယ်လွန်) က သူ့ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ်ဖြစ်သည့် 'နိုင်ငံရေးသမားနှင့် နိုင်ငံရေး' တွင် အောက်ပါအတိုင်း ရေးသား မှတ်တမ်းတင်ခဲ့သည်။
"ဦးကျော်ငြိမ်း အဖမ်းခံရသည့် အခါက တချို့ ခေါင်းဆောင်များနှင့် မတူပါ။ ထောင်ထဲတွင် အလွန်တရာမှ အညှဉ်းခံရသည်။ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း မခံရသော်လည်း စိတ်ညှဉ်းဆဲမှုနှင့် စော်ကားမှုကို အလွန်ခံရသည်ဟု ကျနော့် ဖခင်က ပြောပြသည်။ သူ့ကို အခန်းထဲတွင် မထားဘဲ တိရစ္စာန်များ ထားသကဲ့သို့ သံတိုင်ပတ်လည် ကာရံထားသော လှောင်အိမ်ထဲတွင် ထားသည်။ ကုတင်နှင့် ခြင်တောင်တော့ ပေးသည်။ အပြင်မှနေ၍ အလွန်တရာမှ လင်းသော မီးလုံးကြီးများနှင့် ထိုးထားသဖြင့် အပြင်ကို မမြင်ရပါ။ ဦးကျော်ငြိမ်း နာမည်ကို ခေါ်၍ မကြာခဏ အမှောင်ထဲမှ ဆဲရေး တိုင်းထွာကြသည်။ ဤသို့ စော်ကားခြင်းကို ဦးကျော်ငြိမ်းသည် မခံမရပ်နိုင် ဖြစ်သဖြင့် … 'မင်းတို့ ငါကို ဒီလို စော်ကားတာ ငါမခံဘူးကွ။ ဒီလို မင်းတို့ စော်ကားသမျှ ခံနေရတာထက် ကိုယ့်ဘာသာကိုယ် သတ်သေတာက ကောင်းတယ်' ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ခြင်ထောင်ကြိုးဖြင့် မိမိကိုယ် မိမိ ကြိုးဆွဲချရန် ကြံစည်ခဲ့သည်။ ဤသို့ ကြံစည်သည်ကို မြင်မှ အစောင့် စစ်သားများသည် တံခါးကို ဖွင့်၍ ဝင်ဆွဲသည်။ ဦးကျော်ငြိမ်း၏ သတင်းကို ကြားသော ဦးနေဝင်းသည် ထောင်ထဲသို့ လာပြီး ဦးကျော်ငြိမ်းကို တွေ့သည်ဟု ပြောသည်။ ဦးကျော်ငြိမ်းသည် သူဖြစ်ရပ်များအား ကျနော် ဖခင် (ဝန်ကြီးဟောင်း ဦးဝင်း) အား အမှန်အတိုင်း ပြောပြခဲ့သည်။ " (နိုင်ငံရေးသမားနှင့် နိုင်ငံရေး၊ စာ - ၃၃၃)
ရေကြည်အိုင် အကျဉ်းစခန်း ပြန်လွတ်လာပြီးနောက်၊ ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလတွင် တော်လှန်ရေးကောင်စီက ဖွဲ့စည်း တာဝန်ပေးသည့် "ယာယီ အမျိုးသား ညီညွတ်ရေးအကြံပေးအဖွဲ့" ခေါ် (၃၃) ဦး အကြံပေးအဖွဲ့တွင် နိုင်ငံတော်သမ္မတကြီးဟောင်း မန်းဝင်းမောင်၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဦးဗဆွေတို့နှင့် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဇွန်လ ၁ ရက်နေ့တွင် ၃၃ ဦး အကြံပေးအဖွဲ့က တော်လှန်ရေးကောင်စီထံသို့ အစီရင်ခံစာ တင်သွင်းခဲ့သော်လည်း၊ နောက်တနေ့တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက ပြောင်းလဲမှုအတွက် အချိန်မရောက်သေးဆိုပြီး အဆိုပြုချက် အားလုံးကိုပယ်ချခဲ့သည်။
၁၉၄၂ ခုနှစ်တွင် ဒေါ်နွဲ့နွဲ့ရီ (B.A., B.L.) နှင့် လက်ထပ်ခဲ့ပြီး သောင်းကျော်ငြိမ်း၊ အောင်ကျော်ငြိမ်း၊ ချိုချိုကျော်ငြိမ်း၊ ထွန်းကျော်ငြိမ်း၊ ဘိုဘိုကျော်ငြိမ်း၊ ခိုင်ချိုကျော်ငြိမ်း၊ ယမင်းကျော်ငြိမ်းတို့အပါအဝင် သားသမီး ၇ ယောက် ထွန်းကားခဲ့သည်။
ဘဝနိဂုံး
ပြင်ဆင်ရန်၁၉၈၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ မောင်ဇေယျာ ရေး မြန်မာလူကျော် ၁၀၀ (ပထမအုပ်)၂၀၁၀ မတ်လ၊ စာ-၁၃
- ↑ .မြောင်းမြဗဆွေစီစဉ်သောကျွန်ုပ်တို့နှင့်ဦးကျော်ငြိမ်း၊လွင်ဦးစာပေ၊၂၀၁၂
- ↑ စိန်ဝင်းစိန်ဘာသာပြန်၍Richard Butwellရေးသားသောဦးနုလောကသစ်စာပေ(၂၀၁၂)
- ↑ ပြည့်စုံ(ရန်ကုန်)ရေးဦးကျော်ငြိမ်းအကြောင်း၊ပန်းဝေဝေစာပေ(၂၀၁၃)
- ↑ ဆောလ်ရို့စSaul Roseရေးတောင်အာရှရှိဆိုရှယ်လစ်ဝါဒSocialism In Southern Asia အောက်စဖို့တက္ကသိုလ်ပုံနိပ်တိုက်(၁၉၅၉)
- ↑ Su Lin Lewis 's Asian Socialism and the Forgotten Architects of Post-Colonial Freedom, 1952–1956, Journal of World History University of Hawai'i Press, Volume 30, Numbers 1-2, June 2019, pp. 55-88
- ↑ မြန်မာ့အလင်းသတင်းစာ ၁ရဇူလိုင်၁၉၄၇
ကျမ်းကိုးစာရင်း (Bibliography)
ပြင်ဆင်ရန်- သိမှတ်ဖွယ်ရာ ကိုယ်ရေး အချက်အလက်များ၊ ရေးသားသူ၊ ထုတ်ဝေသည့် စာအုပ်တိုက်နှင့် ခုနှစ်၊ လတို့ မပါရှိ၊ စာ - ၂၅၄။
- နိုင်ငံရေးသမားနှင့် နိုင်ငံရေး၊ တင်မောင်ဝင်း၊ ပထမ အကြိမ် နိုဝင်ဘာ ၂ဝဝဝ ပြည့်နှစ်၊ ခေတ်ပြိုင် ဂျာနယ်တိုက်၊ ထိုင်းနိုင်ငံတွင် ပုံနှိပ်။
- တာတေ စနေသား၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဧရာဝတီ စာအုပ်တိုက်၊ နယူးဒေလီ၊ အိန္ဒိယနိုင်ငံ၊ ဒုတိယ အကြိမ်၊ ၁၉၉၉ (Second Edition, 1999)။
- သိန်းဖေမြင်၏ ကျော်ငြိမ်း၊ စာအုပ်ဈေး စာအုပ်တိုက်၊ ဒီဇင်ဘာ၊ ၁၉၉၉၊ စတုတ္ထအကြိမ်။
နယ်ချဲ့ ဆန့်ကျင့်ရေး၊ ဖက်ဆစ် တော်လှန်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတွေမှာ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂက စလို့ ပြည်သူ့ အရေးတော်ပုံ ပါတီ (ဆိုရှယ်လစ် ပါတီ) နှင့် ဖဆပလ အဖွဲ့ချုပ်ကြီး အထိ စဉ်ဆက်မပြတ် ပါဝင်ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်၊ ဆိုရှယ်လစ် ပါတီ ခေါင်းဆောင်နှင့် ဖဆပလ အဖွဲ့ချုပ် ခေါင်းဆောင်ကြီး တစ်ဦး ဖြစ်တဲ့ ဒု-ဝန်ကြီးချုပ်ဟောင်း "ဦးကျော်ငြိမ်း (၁၉၁၅ - ၁၉၈၆)" ရဲ့ အတ္ထုပ္ပတ္တိကို စုဆောင်း လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။