အဂ္ဂမဟာ ပဏ္ဍိတ ဆရာကြီး ဦးလင်း သည် မြန်မာစာပေ ပညာရှင်၊ စာရေးဆရာတစ်ဦးဖြစ်သည်။

အဂ္ဂမဟာ ပဏ္ဍိတ ဆရာကြီး ဦးလင်း

ဘဝဖြစ်စဉ် ပြင်ဆင်ရန်

ဆရာကြီးဦးလင်းသည် သက္ကရာဇ် ၁၂၃၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ သောကြာနေ့တွင် မန္တလေးမြို့တောင်ပြင် မဟာနွယ်စင်ရပ်၌ အဖဦးစံလှ၊ အမိဒေါ်တုတ်တို့မှ ဖွားမြင်၏။ အမိမှာ ရွှေဘိုမင်းအဆက်အနွယ်ဖြစ်သည်။

ဆရာကြီးကား ငယ်ရွယ်စဉ် အခါ ကာလမှ စ၍ ဉာဏ်ပညာ အထူး ထက်မြက်သော ပုဂ္ဂိုလ် ဖြစ်၏။ ကျောင်းသားဘဝ၌ပင် မန္တလေးမြို့ သာသနာပိုင် မိုးထားဆရာတော် ဘုရားထံတွင် ပါဠိသင်ရိုးများကို ကုန်သည်။ ဆယ်နှစ်သားအရွယ်တွင် ကစ္စည်းသဒ္ဒါကြီးကို စသင်သည်။ ဆရာတော်က တစ်ခေါက်တည်းဖြင့် သင်ပြရုံနှင့် အထစ်အငေါ့မရှိ ပြန်ဆိုနိုင်သည်။ ဆယ့်နှစ်နှစ်သား ကိုရင်ဘဝ၌ သင်ရိုးစာများကို ထူးချွန်ကျေပွန်စွာ တတ်မြောက်လေသောကြောင့် မိုးထားဆရာတော် ဘုရား၏ အမိန့်အရ လက်ထောက် စာချ အဖြစ်ဖြင့် ဦးပဉ္စင်းများကို စာချပေးရသည်။ ထိုစဉ်အတွင်း အသက် တဆယ့်ငါးနှစ်ခန့်ရှိသောအခါ တနေ့တွင် 'သဒ္ဒတ္ထ ဘေဒစိန္တာ' ခေါ် သဒ္ဒါငယ်ကျမ်းကို ကိုရင်ဘဝနှင့်ပင် အခြားကိုရင်အများအား စာတက်ပေးရ ပြန်သည်။ ကိုရင် သုံးလေးရာ ရှိသော ဟူ၏။ ထိုအခါ စာဆို ကိုရင်လေး၏ ရှင်းလင်းပြတ်သားမှုကြောင့် မန္တလေးမြို့ တစ်မြို့လုံးတွင် 'ဘေဒစိန္တာ ကိုရင်ကလေး'ဟု တခဏချင်းပင် ကျော်ကြားသွားတော့သည်။

မိုးထားကျောင်းတိုက်ကြီးသည် စည်းကမ်းအလွန်ကြီးသောကျောင်းဖြစ်ရကား လောကီစာပေဖြစ်သော ပျို့ကဗျာ လင်္ကာတို့ကို လုံးဝမသင်သဖြင့် ဆရာလင်းသည် ဆရာသံဃာများမျက်ကွယ်၌ ပျို့၊ ကဗျာ၊ လင်္ကာ၊ စာနု၊ စာယဉ်တို့ကို အချိန်ရသရွေ့ လေ့လာဆည်းပူးခဲ့၏။ ၁၂၅၈ ခုနှစ်တွင် မိုးထားကျောင်းတိုက်ကြီး၌ပင် ရဟန်းဘောင် သို့တက်ခဲ့၏။ သို့နှင့် ရဟန်းခံ၍ အသက် ၂ဝ ကျော်သော အခါ မိုးထားဆရာတော် ကပင် ကိုရင် မောင်လင်းအား "နင်တော့ ဆရာ တစ်ဆူ လုပ်နိုင်ပြီ။ ဒါပေမဲ့ ဝိနည်းတော် အရ လိုက်ဝါ ၁ ဝါ ထားဦး။ ကျန်တဲ့ ဝါတွေသာ စာချ။ ၅ ဝါပြည့်မှ စာချ ဆရာ သက်သက်လုပ်" ဟု ပညာတိုးတက်ရေးကို မျှော်ကိုး၍ ဆုံးမတော်မူသည်။ ထိုစဉ်ကပင် မန္တလေးမြို့ ပရိယတ္တိ သာသနာ့ဟိတ အသင်းကြီး၏ အကိုးကွယ်ခံ စာချဆရာအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရပေသည်။ သံဃာတော် အပါး ၆ဝ ကျော်ကို နေ့စဉ်စာချပေးရ၏။ ထို့အပြင် ထိုစဉ်ကပင်လျှင်လည်း သာသနာ့ဟိတ အသင်းကြီးမှ ကြီးမှူး ကျင်းပေသော စာမေးပွဲအတွက် မေးခွန်းများ ထုတ်ရေးရသေးသည်။

ဤသို့နေလာခဲ့ရာ မန္တလေးမြို့၌ သာသနာပိုင်အရေးကိစ္စ အရှုပ်အထွေး ဖြစ်လာသောအခါ ရန်ကုန်မြို့သို့ ၁၂၆၅ ခုနှစ်တွင် ဆင်းခဲ့၏။ ရဟန်းဝါ ၈ ဝါ ရသော အခါ ရန်ကုန်မြို့သို့ ဆင်းလာ ပြီးလျှင် လူဝတ်လဲ၍ ရှေးဦးစွာ ဟံသာဝတီ ပုံနှိပ်တိုက်၌ ဝိနည်း၊ အဋ္ဌကထာများကို ကြီးကြပ်ပြင်ဆင် သုတ်သင် ပုံနှိပ်သည်။ နောက် ကဝိမျက်မှန် ပုံနှိပ်တိုက်သို့ ကူးပြောင်းပြီးလျှင် အင်္ဂုတ္ထိုရ် ပါဠိတော်ကို ပထမဆုံး အကြိမ် စတင်ပုံနှိပ်သည်။ ဆက်လက်၍လည်း ပိဋကတ်တော် မြောက်မြားစွာကို ကြီးကြပ် ပုံနှိပ်ခဲ့သေးသည်။

ဤသို့ ပိဋကတ်တော် များကို ဦးစီးဦးကိုင် နိုင်နိုင်နင်းနင်း ဖြန့်ဖြူးထုတ်ဝေပြီးသည့်နောက် ပညာမင်းကြီးရုံး အယ်ဒီတာဌာနတွင် ဝင်ရောက်အမှုထမ်းလေသည်။ ထိုအခါမှစ၍ ပထမပြန် ကော်မတီဝင်တစ်ဦး အဖြစ်ဖြင့် စာမေးပွဲများကို ဆရာကြီးကွယ်လွန်သည်အထိ စစ်ဆေး ကျင်းပလာခဲ့ရပေသည်။

ဆရာကြီးကား ပါဠိဘာသာဘက်တွင်သာမက မြန်မာစာဘက်တွင်လည်း အထူးတတ်ကျွမ်း စွမ်းဆောင်ခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်ပါ၏။ မြန်မာစာဘက်တွင် အခြေခံ ပေးလိုသောကြောင့်လည်း ပညာမင်းကြီးရုံး အယ်ဒီတာ ဌာနတွင် လုပ်ကိုင် နေစဉ် အတွင်းမှာပင် ဦးရွှေကြူးနှင့် ပူးတွဲ၍ သူငယ်တန်းမှအစ ဆဋ္ဌမတန်းအထိ 'ဒေါင်းတံဆိပ်' မြန်မာဖတ်စာများကို ရေးသားခဲ့ပေသည်။ ထို့ပြင် ဦးရွှေကြူးနှင့်ပင်တွဲဖက်၍ ခြင်္သေ့တံဆိပ် ဖတ်စာများကိုလည်း ပြုစုခဲ့သေးသည်။

သက္ကရာဇ် ၁၉၂၄ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန၌ နည်းပြဆရာတစ်ဦးအဖြစ် ခန့်ထားခြင်းခံရသည်။ ထိုဌာနတွင် တပည့်တပန်းများကို သာမက ဆရာ ဆရာမများ ကိုပင် ပျို့အစောင်စောင်၊ မော်ကွန်း အသီးသီး၊ ကဗျာ စကားပြေ အမျိုးမျိုး ပို့ချ ဖြန့်ဖြူးပေးပေသည်။ ပါမောက္ခ ဦးဖေမောင်တင်၏ 'မြန်မာစာပေ သမိုင်း' ထွက်ပေါ်ရေးတွင်လည်း အထူးအကူအညီပေးခဲ့သူ တစ်ယောက်ဖြစ်ပေသည်။ သက္ကရာဇ် ၁၉၃ဝ ပြည့်နှစ်တွင် ရွှေတိဂုံစေတီတော်မှ စိန်ဖူးနှင့် ငှက်မြတ်နား စောင်းယိုင်သွားရာ အသစ်တဖန် မွမ်းမံပြင်ဆင်ပြန်၍ တင်သော အခမ်းအနား၌ ဆရာကြီးသည် စိန်ဖူးတင် မော်ကွန်းကြီးကို စီကုံးစပ်ဆို ခဲ့သေး၏။ နောက် သက္ကရာဇ် ၁၉၄ဝ ပြည့်နှစ်သို့ ရောက်ပြန်သော အခါ၌လည်း အထက်တန်းကဗျာ ကောက်နုတ်ချက်ကို အဖွင့်ဋီကာ ရေးသားပေးသေးသည်။

ဤအတောအတွင်း သက္ကရာဇ် ၁၉၂၅ ခုနှစ်တွင် ဆရာကြီး၏ ပညာကို ဂုဏ်ပြုချီးကျူးသော အနေနှင့် အင်္ဂလိပ်အစိုးရက ဆရာကြီးအား အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့ကို နှင်းအပ်သည်။ နောက် ရန်ကုန်တက္ကသိုလ်မှလည်း ထို့နည်းအတူပင် အမ်အေ (မဟာဝိဇ္ဇာ)ဘွဲ့နှင့် ဒီလစ်(စာပေပါရဂူ)ဘွဲ့ဖြင့် အဆင့်ဆင့် ချီးမြှင့်ပြန်လေသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးပြန်သော အခါ ဆရာကြီး ဦးလင်းသည် ရန်ကုန်တက္ကသိုလ်၌ပင် လက်ထောက်ကထိကအဖြစ် ဆက်လက် ထမ်းဆောင်သည်။ ဤကဲ့သို့ တက္ကသိုလ်၌ စာပေပို့ချနေစဉ် ကဝိမျက်မှန် မဂ္ဂဇင်းကြီးပေါ်ထွက်လာရာ အမျိုးဘာသာ သာသနာအခန်းကို တာဝန်ယူ၍ ရေးသားခဲ့လေသည်။ ထို့အပြင် သစ္စာဝါဒီသတင်းစာ၌ သာသနာ သတင်းကို ရေးသားပေးပို့ခဲ့လေသည်။ ၁၃ဝ၁ ခုနှစ်တွင် အထက်တန်းကဗျာ ကောက်နုတ်ချက်ကို အဖွင့်ဋီကာ ရေးသားခဲ့၏။ ထိုနှစ်မှာပင် ပညာဝန် ဦးစံရွှေနှင့် တွဲဖက်၍ လင်းယုန်တံဆိပ် မြန်မာဖတ်စာများကိုလည်း ပြုစုရေးသားခဲ့လေသည်။ သို့ရာတွင် သက္ကရာဇ် ၁၉၅၁-ခုနှစ်သို့ ရောက်သော် ပိဋကတ် ဘာသာပြန် ဌာနတွင် အယ်ဒီတာချုပ်ကြီး အဖြစ် ဦးစီး၍ ဆဋ္ဌမသင်္ဂါယနာတင်ပွဲအတွက် စိုင်းပြင်းပေးပါရန် နိုင်ငံတော်အစိုးရက တောင်းပန်လေသောကြောင့် ရန်ကုန်တက္ကသိုလ်မှ ပြောင်းရွှေ့၍ ပိဋကတ်ဘာသာပြန် ဌာနတွင် ကြိုးပမ်းထမ်းရွက် ရပြန်သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

သို့နှင့်အထက်တွင် ပြဆိုခဲ့ပြီးသည့်အတိုင်း အသက် ၈ဝ ပြည့်ပြီ ဖြစ်သော ဆရာကြီး ဦးလင်းသည် သက္ကရာဇ် ၁၃၁၆ ခုနှစ်၊ နတ်တော် လဆန်း ၁၁ ရက်နေ့ (၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့) နံနက် ၉ နာရီအချိန်ခန့်တွင် အဆုပ်အအေးမိသော ရောဂါနှင့် ကွယ်လွန်အနိစ္စ ရောက်လေသည်။ ဆရာကြီး သက်ရှိထင်ရှားရှိစဉ် အခါကပင် နေထိုင်ခဲ့သော ကမာရွတ်ရပ်ကွက်ရှိ လမ်းအား 'ပဏ္ဍိတ'လမ်းဟု ဆရာကြီးကို အစွဲပြု၍ ခေါ်ဝေါ် ထားရှိပေသည်။ [၁]

ရန်ကုန်မြို့ ကြံတော သုဿာန် အတွင်းရှိ အဂ္ဂမဟာ ပဏ္ဍိတ ဆရာကြီး ဦးလင်း၏ အုတ်ဂူတွင် -

  • ဆရာကြီး ဦးလင်း (M.A., D.Litt)
  • ပိဋကတ်တော် မြန်မာပြန် ဌာန အယ်ဒီတာချုပ်
  • ဗုဒ္ဓဝင် ဌာနမှူး၊ အဂ္ဂမဟာ ပဏ္ဍိတ၊
  • မဟာဝိဇ္ဇာဘွဲ့ရ၊ စာပေ ပါရဂူဘွဲ့ရ" ဟူ၍ မှတ်တမ်းတင်ထားသည်

ရေးသားပြုစုခဲ့သောစာပေများမှာ ပြင်ဆင်ရန်

  1. ရွှေတိဂုံစေတီတော်စိန်ဖူးတော်တင်မော်ကွန်းကြီး
  2. အထက်တန်းကဗျာကောက်နုတ်ချက်အဖွင့်ဋီကာ
  3. ဒေါင်းတံဆိပ်မြန်မာဖတ်စာ (သူငယ်တန်း)
  4. ဒေါင်းတံဆိပ်မြန်မာဖတ်စာ (ပထမတန်း)
  5. ဒေါင်းတံဆိပ်မြန်မာဖတ်စာ (ဒုတိယတန်း)
  6. ဒေါင်းတံဆိပ်မြန်မာဖတ်စာ (တတိယတန်း)
  7. ဒေါင်းတံဆိပ်မြန်မာဖတ်စာ (စတုတ္ထတန်း)
  8. ဒေါင်းတံဆိပ်မြန်မာဖတ်စာ (ပဉ္စမတန်း)
  9. ဒေါင်းတံဆိပ်မြန်မာဖတ်စာ (ဆဋ္ဌမတန်း) စသည်တို့ဖြစ်သည်။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  • မြဝတီ မဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ရ လာ 'အဂ္ဂမဟာ ပဏ္ဍိတ ဆရာကြီး ဦးလင်း' အတ္ထုပ္ပတ္တိ။
  • မြဝတီ မဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၁၁ လာ ဆရာ မင်းသုဝဏ်၏ 'ဘေဒစိန္တာကိုရင်လေး' ဆောင်းပါး။]
  • မောင်သုတ (ဗိုလ်မှူး ဘသောင်း) (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်သော ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' စာအုပ်၊ "အဂ္ဂမဟာ ပဏ္ဍိတ ဆရာကြီး ဦးလင်း (၁၂၃၆ - ၁၃၁၆)"