ကမ္ဘောဇသာဒီ နန်းတော်

ဝါရီရူမင်းဆက်ဖြစ်သော ဗညားဦးလက်ထက်မှ အစပြု၍ ရာဇဓိရာဇ်၊ ရှင်စောပု၊ ဓမ္မစေတီ စသော မင်းအဆက်ဆက် ဥဿာပဲခူးမြို့တော်အတွင်းနေထိုင်ခဲ့ကြပါသည်။

ကမ္ဘောဇသာဒီ နန်းတော်သစ်

ခရစ်သက္ကရာဇ် ၁၅၅၀ ခုနှစ်တွင် တပင်ရွှေထီးမင်း လုပ်ကြံ့ခံရပြီး နတ်ရွာစံသည့် နောက်တစ်နှစ်အကြာ ၁၅၅၁ ခုနှစ်တွင် ယောက်ဖတော် ဘုရင့်နောင်က ဥဿာပဲခူးထီးနန်းကို ဆက်ခံနန်းစံပါသည်။ နန်းစံသည့် ဥဿာပဲခူးမြို့တော်၏ ကျုံးမြို့ရိုး အဆောက်အဦတို့မှာ အိုမင်းဟောင်းနွမ်းသည်ကတစ်ကြောင်း မြို့အနေအထားကျဉ်းမြောင်းသည်က တကြောင်းကြောင့် ဘုရင့်နောင်မင်းတရားကြီ:သည် ဥဿာမြို့၏ အနောက်ဘက်တွင် မြို့တော်သစ် တည်ထောင်ခဲ့ပါသည်။

ဥဿာမြို့ဟောင်း၏ မြို့ရိုး အရာများနှင့် နန်းဆောင်အဆောက်အဦ များတည်ရှိခဲ့ရာ မြေကုန်း(mount)များကို ပဲခူးမြို့အရှေ့ဘက် သနပ်ပင်လမ်းဘေးဝန်းကျင်တွင် တည်ရှိ တွေ့မြင်နိုင် ဆဲဖြစ်ပါသည်။

ရွှေမော်ဓေါစေတီတော်သည် ဥဿာမြို့၏ အပြင် အနောက်ဘက်အရပ်တွင် တည်ရှိနေသည် ကို ဘုရင့်နောင်မင်းတရားကြီ:လက်ထက်တွင် စေတီတော်ကို မြို့တော်အတွင်း ကျရောက်အောင် တည်ဆောက်ခဲ့ပါသည်။

ခရစ်သက္ကရာဇ် (၁၅၅၃) ခုနှစ်တွင် မြေနန်းပြာသာဒ်တော်ကြီးအပါအဝင် နန်းတော်ဆောင် များကို စတင်တည်ဆောက်ခဲ့ပါသည်။ အဆိုပါ နန်းတော်ဆောင်များကို အတွင်းသစ်တပ်ဖြင့် ကာရံစေခဲ့ပါသည်။

နန်းတော်တည်ဆောက်ရာ နေရာအချို့ကိုလည်း မြို့အရှေ့ဘက်အရပ်ရှိ တောင်ကုန်းများမှ မြေများကို သယ်ယူဖို့စေခဲ့ပါသည်။

အတွင်းသစ်တပ်အတွင်းရှိ နန်းတော်ဆောင်များနေရာကို ကမ္ဘောဇသာဒီဟု မှည့်ခေါ်ခဲ့ပါ သည်။

အပြင်အုတ်မြို့ရိုးနှင့် ကျုံးအပါအဝင် မြို့တော်ကြီးတစ်ခုလုံးမှာ သက္ကရာဇ် (၁၅၆၆) ခုနှစ်တွင်ပြီးစီးခဲ့ပါသည်။ မြို့တော်ကြီးတစ်ခုလုံးအား ဟံသာ၀တီနေပြည်တော်ဟု သမုတ်ခေါ်ဝေါ် ခဲ့ပါသည်။

မြို့ရိုး၏ အသွင်သဏ္ဍန်မှာ စတုဂံပုံလေးထောင့်ဖြစ်ပါသည်။ အရှေ့မှ အနောက်မြို့ရိုးအလျား မှာ တစ်ဖက်စီတွင် ၁ မိုင် ၂ဖာလုံခန့်ဖြစ်ပါသည်။ တောင်မှမြောက်အလျားမှာ ၁မိုင် ၄ ဖာလုံခန့်ဖြစ်ပါ

သည်။ မြို့၏ အနောက်မြောက်ဖက်တွင် အနည်းငယ်စောင်း၍ ချွန်ထွက်နေသကဲ့သို့ အနေအထား ရှိပါသည်။ အရှေ့မြို့ရိုးသည် ရွှေအောင်ရွေးစေတီကို ဝိုင်းပတ်ငုံလျှက် တည်ဆောက်ထားပါသည်။

မြို့ရိုး၏ မျက်နှာတစ်ဖက်တစ်ချက်စီတွင် မြို့တံခါး(၅) ပေါက်စီတည်ရှိပါသည်။ အဆိုပါ မြို့တံခါးပေါက်များကို ကြီးကြပ်ဆောင်ရွက်သည့် လက်အောက်ခံ၊ ဘုရင်ခံ၊ စော်ဘွားမြို့စားများ၏ မြို့အမည်များဖြင့် အဆိုပါ တံခါးပေါက်အမည်များကို ပေးထားပါသည်။ မြို့ရိုးဝင်းရံသည့် မြို့တော်၏အလယ်တွင် နန်းဆောင်များတည်ရှိပါသည်။ ပင်မနန်းဆောင်များသည် အကြမ်းအားဖြင့် အင်္ဂလိပ်အက္ခရာ “တီ” ပုံသဏ္ဍန်တည်ရှိပါသည်။

ပင်မနန်းဆောင်များမှာ –

(၁) မြေနန်းပြာသာဒ်ဆောင် (သီဟာသနပလ္လင်ဆောင်)– တစ်နှစ်လျှင်(၃) ကြိမ် ညီလာခံ ကျင်းပသည့်နေရာဖြစ်သည်။

(၂) ဟံသာသနပလ္လင်ဆောင်– နန်းစဉ်ဆင်းတုတော်နှင့် ရှင်ဘုရင်၏ ခမည်းတော်၊မယ်တော်၊ ဘိုးတော်၊ဖွားတော်တို့၏ ရွှေကိုယ်လေး၊ ရွှေရုပ်တုတော်များထားရှိကာ ရှင်ဘုရင်ကိုယ်တော်တိုင် နေ့စဉ်ရှိခိုးပူဇော်သည့်နေရာဖြစ်သည်။ နိုင်ငံခြားသံတမန်များကို လက်ခံတွေ့ဆုံသည့် အခမ်းအနား ကို ဤအဆောင်တွင်ကျင်းပပါသည်။

(၃) ဗောင်းတော်ဆောင်(သင်္ခါသနပလ္လင်ဆောင်)– ရဟန်းသံဃာတော်များကို ပင့်ဖိတ်၍ ပဌာန်းတရားတော်များ၊ ပရိတ်တရားတော်များ နာကြားခြင်း ဘုရားဒေသနာတော်ဝိနည်း တော်များ မှ မရှင်းလင်းသည့် အချက်များကို ဘုရင်မင်းမြတ်က ဆရာတော်များကို မေးမြန်းလျှောက်ထားခြင်း၊ ဆရာတော်များမှ ပြန်လည်ဖြေကြားခြင်း အခမ်းအနား ကျင်းပသည့်နေရာဖြစ်ပါသည်။ ကျေးတော်မျိုး၊ ကျွန်တော်များများအား ဘွဲ့တံဆိပ်ကို ရွှေပြားတွင်ခပ်နှိပ်လျက် ဘွဲ့ထူးခံအမှုထမ်း၏ နဖူးတွင် ရှင်ဘုရင်ကိုယ်တိုင် အဆိုပါ ဘွဲ့တံဆိပ်ရွှေပြားကို စည်းနှောင်ပေး၍ ချီးမြှင့်သည့် အခမ်း အနား ကျင်းပပြုလုပ်သည့် နေရာဖြစ်သည်။

(၄) ဂဇာသနပလ္လင်ဆောင်-(ဗြဲတိုက်ဆောင်) အတွင်းဝန်လေးပါး စုရုံးအစည်းအဝေးကျင်း ပရာအဆောင်ဖြစ်ပါသည်။ ရှင်ဘုရင်မိန့်ကြားသောအမိန့်တော်များကို အတည်ပြုထုတ်ပြန်ရာ၊ ရာထူးချီးမြှင့် ရှုတ်ချအမိန့်တော်များ ထုတ်ပြန်ရာနေရာဖြစ်ပါသည်။

(၅) မိဂါသနပလ္လင်ဆောင်-(တောင်စမုတ်ဆောင်) ရဟန်းသံဃာတော်များအား ဆွမ်း လောင်းခြင်း၊ ဆင်းရဲသားကျေးတော်ကျွန်တော်များအား အဝတ်ပုဆိုး၊ အစားအသောက်နှင့် ဆုလာဘ်တော်များ စွန့်ကျဲပေးကမ်းသည့် အခမ်းအနားကျင်းပပါသည်။

(၆) ပဒုမသနလ္လင်ဆောင်– လက်အောက်ခံဘုရင်ခံစော်ဘွား မြို့စားများ၏ ကတော် မယားများအားလုံးသည် ဤအဆောင်တွင် စုရုံးလျှက် ရှင်ဘုရင်နှင့် မိဖုရားခေါင်ကြီးအား ရှိခိုး ကန်တော့သည့် အခမ်းအနားကျင်းပသည်။

(၇) မယုရာသနပလ္လင်ဆောင်– (မြောက်စမုခ်ဆောင်) အဝေးအလံအရာရှိများက ဆက်သသော ဆင်နှင့်မြင်းတော်များကို လက်ခံသိမ်းပိုက်သည့် အခမ်းအနားကျင်းပပါသည်။

(၈) ဘမရာသနပလ္လင်ဆောင်– (စက်တော်ဆောင်) ဘုရင့်နောင်မင်းတရားကြီး အိပ်စက်ရာ အဆောင်ဖြစ်ပါသည်။ ဘမရာသနပလ္လင်တော်နှင့် သလွန်တော် တည်ရှိပါသည်။

အီတလီနိုင်ငံသား (Casesar Fredericke) နှင့် အင်္ဂလန်နိုင်ငံသား (Ralph Fitch) တို့၏ ခရီးသွားမှတ်တမ်းများအရ ဟံသာ၀တီမင်းနေပြည်တော်ကြီးသည် ခမ်းနားကြီ:ကျယ်သော မြို့ပြကြီ:တစ်ခုဖြစ်ပြီး နန်းတော်ကြီးသည် မြို့သစ်ကြီ:၏ အလယ်တွင် ၀င့်ထည်စွာတည်ရှိနေသည်။ မြေနန်းပြာသာဒ်ဆောင်၏အဆောင်များကို ရွှေပိန်းချထားသည်။ အချို့အဆောင်များ၏ ခေါင်မိုးများတွင် ရွှေသားအစစ်ဖြင့် မိုးထားသည်ကို မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ရွှေနန်းတော်ကြီးသည် ရွှေရောင်အလှများဖြင့် ကြီးကျယ်ခမ်းနားလှကြောင်း နှင့် (အေဒီ-၁၆) ရာစုနှစ်တွင် စီးပွားရေး အချက်အခြာကျသော ဒေသတစ်ခုဖြစ်ခဲ့သည် ဟုသိရှိရပါသည်။

ဘုရင့်နောင်မင်းတရားကြီးသည် ဟံသာ၀တီမင်းဆက်များတွင် ထင်ရှားကျော်ကြားခဲ့သော မင်းတစ်ပါးဖြစ်ပြီး မြန်မာနိုင်ငံနှင့်အခြားသော နယ်နိမိတ်ခြင်းထိစပ်နေသော နယ်ပယ်များတွင် လည်း ဩဇာအာဏာကြီးမားခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီးလက်ထက်တွင် နိုင်ငံသားအားလုံး ကိုလည်း စည်းလုံးညီညွတ်မှုရှိအောင် အုပ်ချုပ်နိုင်ခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီ:သည် ဟံသာ၀တီနေပြည်တော်ကြီးအား နှစ်ပေါင်း(၃၀) ကြာမြင့်အောင် အုပ်ချုပ်ခဲ့ပြီးနောက် အေဒီ-၁၅၈၁ ခုနှစ်တွင် နတ်ရွာစံကံတော်ကုန်ခဲ့သည်။

ထို့နောက် သားတော်နန္ဒဘုရင်သည် ၎င်း၏ထီးနန်းကို ဆက်လက်စိုးစံခဲ့ပါသည်။ သားတော်နန္ဒဘုရင်လက်ထက်တွင် စည်းရုံးရေးနှင့် အုပ်ချုပ်ရေး ညံ့ဖြင်းမှုကြောင့် ဘုရင့်နောင် မင်းတရားကြီး စုစည်းတည်ထောင်ထားခဲ့သော ဟံသာ၀တီမြို့တော်ကြီးသည် အေဒီ-၁၅၉၉ ခုနှစ်တွင် ကမ္ဘောဇသာဒီနန်းတော်နှင့် ဟံသာ၀တီ နေပြည်တော်ကြီ:သည် ပျက်စီးပျောက်ကွယ်ခဲ့ ရသည်။

နှစ်ပေါင်း(၄၀၀)ကျော် မြေအောက်တွင်နှစ်မြုပ်နေသော ကမ္ဘောဇသာဒီနန်း တော်ကြီးပြန်လည်တူးဖော်မှုကို ၁၉၉၀ ခုနှစ်တွင်စတင်ဆောင်ရွက်ခဲ့ပါသည်။ တူးဖော်မှု ကုန်းအမှတ်-၁ တွင် ထုံးကျောက်ဘုရားဆင်းတုတော်များ (၁၈၀၀) ကျော် တူးဖော်တွေ့ရှိခဲ့ပြီး

ရုပ်တုဆင်းတုလေ့လာမှု ပညာအရ အဆိုပါ ဆင်းတုတော်များမှာ အေဒီ-၁၆ ရာစုလက်ရာ များဖြစ်ကြောင်း သိရှိရပါသည်။ ဘမရာသနဆောင်၊ မြေနန်းပြာသာဒ်ဆောင်၊ လက်ဝဲဝင်းဆောင်နှင့် လက်ယာဝင်းဆောင်တို့၏အဆောက်အဦအကြွင်းအကျန်များကို ၁၉၉၁ ခုနှစ်တွင်တူးဖော်ခဲ့ပြီး တူးဖော်တွေ့ရှိမှုအရ မြေနန်းပြာသာဒ်ဆောင်ကြီးတွင် ကျွန်းလုံးတိုင် ပေါင်း(၂၀၀) ကိုထူးခြားစွာ တွေ့ရှိရပါသည်။ ထိုကျွန်းတိုင်များ၏အောက်ခြေများတွင် ပေးပို့ဆက်သသော လက်အောက်ခံ မြို့စား၊ နယ်စားများ၏ အမည်များနှင့်မြို့အမည်များကို မြန်မာဘာသာ၊ မွန်ဘာသာများဖြင့် ရေးထိုး ထားကြောင်း လေ့လာတွေ့ရှိရပါသည်။ ဟံသာ၀တီရှေးဟောင်းသုတေသနပြတိုက်တွင် တူးဖော်မှုမှ ထွက်ပေါ်လာသော ရှေးဟောင်းပစ္စည်းများသာမက ဟံသာ၀တီပတ်ဝန်းကျင်အနီးမှ ရရှိသော ရှေးဟောင်းပစ္စည်းများကို ပြခန်းများဖြင့် ခင်းကျင်းပြသထားပါသည်။ ယခုအခါ ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီနန်းတော်ရာကြီးကို မူလပုံစံတူ ပြန်လည်တည်ဆောက် ပြသထားပါသည်။[၁]


ဘုရင့်နောင် မင်းတရားကြီး ဇင်းမယ်သို့ချီစဉ် ဟံသာဝတီနေပြည်တော်တွင် ကျန်ရစ်နေခဲ့သည့် ရှမ်းတို့သည် ဇင်းမယ်သားတစ်ဦးကို အကြီးအမှူးတင်ကာ "ဗညားကျန်းထော"ဘွဲ့ပေးပြီး သူပုန်ထကြသည်။အင်အား ၃၀ဝ၀ဝ ကျော်သည်ဟုဆိုသည်။သို့သော် အင်းဝမှ ဖမ်းဆီးခေါ်ဆောင်လာသည့် နန်းကျဘုရင် နရပတိစည်သူက သစ္စာခံသည့်အနေဖြင့် လက်ကျန်အမှူးအမတ်များတို့ကို ဦးဆောင်ပြီးတိုက်သည့်အတွက် ရှမ်းတို့ပျက်လေသည်။ ဘုရင့်နောင်မင်းတရားကြီး ထိုကိစ္စကိုသိလျှင်သိချင်း ဟံသာဝတီသို့ပြန်လာပြီးလျှင် ပုန်ကန်သူတို့ကို အလျှင်အမြန်နှိမ်နှင်းသည်။ရှိရှိသမျှသော ပုန်ကန်သူတို့ကို မီးတိုက်သတ်ရန်မိန့်သော်လည်း ဆရာတော်၊သံဃာတော်များ အသနားခံသည့်အတွက် အကြီးအမှူးဖြစ်သူ ၇၀ ကျော်ကိုသာသတ်စေသည်။ထိုအရေးအခင်းပြီးလျှင် မင်းတရားကြီးသည် လက်ရှိစိုးစံနေသည့် မွန်မင်းများအစဉ်အဆက်စိုးစံလာသည့် ဟံသာဝတီနန်းထက် ဧကရာဇ်တစ်ပါးနှင့် အညီ ကြီးကျယ်ခြင်း၊ခမ်းနားခြင်း၊လုံခြုံခြင်း ဂုဏ်တို့နှင့် ပြည့်စုံစေရန်အတွက် နန်းသစ်တည်ရန် အစီအစဉ်ချလေသည်။

နန်းသစ်တည်အစီအစဉ်များပြင်ဆင်

သက္ကရာဇ် ၉၂၈၊တန်ဆောင်မုန်း လဆန်း ၁၀ ရက်နေ့တွင် နန်းသစ်တည်ရန် စတင်မြေတူးစေသည်။တပေါင်းလဆန်း ၅ ရက်တွင် ကျုံးကိုစတင်တူးဖော်သည်။ နန်းသစ်၏ ဧရိယာမှာ စတုရန်းအတာ ၃၄၀ဝ ရှိသည်။ သက္ကရာဇ် ၉၂၉၊တပေါင်းလပြည့်ကျော် ၃ ရက်၊သောကြာနေ့ တွင် ရွှေနန်းတော် ၆ ဆောင်အပါအဝင် ကျန်အဆောင်အခန်းတို့ကို တည်စေသည်။ထိုသို့ဆောက်လုပ်ရာတွင် မြန်မာ၊မွန်၊ရှမ်း၊ယိုးဒယား အစရှိသည်တို့မှ ဗိသုကာ၊လက်သမား၊ပန်းရံ အတတ်တတ်သူများကို ခေါ်ဆောင်ကာ ဆောက်လုပ်စေသည်။

မြို့တံခါး ၂၀ပြင်ဆင်

မြို့တံခါးများကို အနောက်မြောက်ဖက်မှ စတင်ရေတွက်သည်။မြို့တံခါးတစ်ခုအတွက် လက်အောက်ခံ ပဒေသရာဇ်တစ်ဦးကျစီ တာဝန်ပေးပြီး တည်သူတို့၏ ပြည်ရွာအမည်အတိုင်း ခေါ်တွင်စေသည်။ထို တံခါးနှစ်ဆယ်မှာ

  1. ယိုးဒယားတံခါး
  2. တနင်္သာရီတံခါး
  3. မုတ္တမတံခါး
  4. ပုခန်းတံခါး
  5. ပုသိမ်တံခါး
  6. ပြည်တံခါး
  7. အင်းဝတံခါး
  8. တောင်ငူတံခါး
  9. ဒလတံခါး
  10. လင်းဇင်းတံခါး (လာအိုတံခါး)
  11. ဇင်းမယ်တံခါး (ချင်းမိုင်တံခါး)
  12. မိုးမိတ်တံခါး
  13. မိုးညှင်းတံခါး
  14. မိုးကောင်းတံခါး
  15. ထားဝယ်တံခါး
  16. ကလေးတံခါး
  17. မိုးနဲတံခါး
  18. ညောင်ရွှေတံခါး
  19. သာယာဝတီတံခါး
  20. သိန္နီတံခါး - တို့ဖြစ်ကြသည်။

နန်းသစ်တက်ခြင်းပြင်ဆင်

သို့ဖြင့် ၉၂၉ ခု၊တန်ခူးလပြည့်ကျော် ၄ ရက်၊တနင်္လာနေ့တွင် ရထားပြသာဒ်ကိုစီးကာ ထွက်တော်မူပြီးတောင်တံခါးမှဝင်ကာ နန်းသိမ်းလေသည်။အမည်ကိုလည်း ကမ္ဘောဇသာဒီ ဟုသမုတ်သည်။

နန်းတော်ပျက်စီးခြင်းပြင်ဆင်

ဘုရင့်နောင်မင်းတရားကြီး တည်ထောင်ခဲ့သည့် ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံသည် အချိန်တိုတိုအတွင်း ထီးနန်းဆက်ခံသည့် သားတော် နန္ဒဘုရင်လက်ထက်တွင် ပျက်စီးခြင်းသို့ရောက်လေသည်။အုပ်ချုပ်မှုမနိုင်နှင်းပဲ အောင်မြင်မှုမရှိသည့် စစ်များကို မကြာခဏဆင်နွဲသည့်အတွက် လက်အောက်ခံ များပုန်ကန်ကြသည်။ သည်။ တောင်ငူဘုရင်ခံ မင်းရဲသီဟသူက ရခိုင်ဘုရင်မင်းရာဇာကြီးနှင့်ပူးပေါင်းကာ ပုန်ကန်သည်။တားဆီးနိုင်ခြင်းမရှိတော့ပဲ အိမ်ရှေ့မင်း မင်းရဲကျော်စွာ ပါတောင်ငူ အိမ်ရှေ့မင်းနတ်သျှင်နောင်ထံ လက်နက်ချသဖြင့် နန္ဒဘုရင်မှာ လွယ်လွယ်ဖြင့် အရှုံးပေးပြီး တောင်ငူသို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ထိုနောက် တောင်ငူတပ်နှင့် ရခိုင်တပ်တို့ ကမ္ဘောဇသာဒီနန်းတော်နှင့် တကွ ဟံသာဝတီကို မီးတိုက်ဖျက်ဆီးလေသည်။သို့ဖြင့် အရှေ့တောင်အာရှတခွင်တွင် ကျော်ဇောလှသည့် ကမ္ဘောဇသာဒီနန်းတော်မှာ ပျက်စီးခြင်းသို့ ရောက်ရလေသည်။

ယနေ့ ကမ္ဘောဇသာဒီပြင်ဆင်

စစ်အစိုးရလက်ထက်တွင် အတွင်းရေးမှူး(၁)အဖြစ်တာဝန်ယူသည့် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ဦးဆောင်မှုဖြင့် သမိုင်းပညာရှင်များ၊ဗိသုကာပညာရှင်များက ယခင်ကျန်ရစ်သည့် မီးသင့်နန်းတော်ရာနေရာမှ အကြွင်းအကျန်များ နှင့် သမိုင်းအထောက်အထား များကိုတိုက်ဆိုင်စစ်ဆေးပြီး အသစ်ပြန်လည်တည်ဆောက်စေခဲ့သည်။ထို့ကြောင့် ယနေ့တွေ့ရှိရသည့် ကမ္ဘောဇသာဒီနန်းတော်မှာ မူရင်းမဟုတ်ပဲ အတတ်နိုင်ဆုံးတူညီအောင် တည်ဆောက်ထားသည့် နန်းတော်သစ်သာဖြစ်သည်။


ကိုးကားပြင်ဆင်

  1. https://bagoregion.gov.mm/ကမ္ဘောဇသာဒီနန်းတော်သမိ/