ကောသမ္ဗီမြို့ ပြင်ဆင်ရန်

ယင်းမြို့သည် ဝံသတိုင်း မြို့တော်ဖြစ်၏ [၁]

ယမုနာမြစ်ကမ်း၌ တည်ရှိ၍ ဗာရာဏသီမှ ရေလမ်းခရီးအားဖြင့် ယူဇနာ ၃၀-ကွာဝေး၏ [၂]

ကောသမ္ဗီသည် ဂင်္ဂါမြစ်ကမ်း၌ တည်၏ဟု [၃]-၌ ဆိုရာ ယမုနာမြစ်ကို ရည်ရွယ်၍ ဆိုသည်ဟု မှတ်ယူသင့်၏။

ကြို့ပင်များစွာ ပေါက်ရောက်ရာဖြစ်သောကြောင့် ကောသမ္ဗီ အမည်တွင်သည်။ ကုသုမ္ဗ (= ကုသမ္ဗ) ရသေ့၏ သင်္ခမ်း ကျောင်းအနီး၌ တည်ထောင် ဖန်ဆင်းခြင်းကြောင့် ကောသမ္ဗမည်၏ ဟူ၍လည်း အချို့ က ဆိုကြသည် [၄]

ယခုအမည် “ကောဆမ်” ဖြစ်၍ မြို့ဟောင်းနေရာ၌ ကိုဆမ်ဣနာမ်, ကိုဆမ်ခိရာဂျ ရွာငယ် ၂-ခု တည်ရှိသည်။ ဧလာဟဘဒ်ခရိုင်၌ ပါဝင်သည် (ဗုဒ္ဓသာသနိကပဌဝီဝင်)။ [၅]

ဘုရားရှင်လက်ထက်တော်အခါ ပြင်ဆင်ရန်

ဘုရားရှင် လက်ထက်၌ ယင်းမြို့ကို ပူရန္တပ္ပမင်းအုပ်စိုး၍ ထိုမင်းလွန်သောအခါ သားတော် ဥတေနမင်း အုပ်စိုးသည် [၆]

အရှင်အာနန္ဒာက မြို့သိမ် မြို့ငယ်၌ ပရိနိဗ္ဗာန်မပြုပဲ မြို့ကြီးများ၌သာ ပရိနိဗ္ဗာန်ပြုတော်မူပါဟု ဘုရားရှင်အား လျှောက်ထားရာ၌ ကောသမ္ဗီသည် မြို့ကြီးစာရင်း အပါအဝင် ဖြစ်လေသည် [၇]

ထိုမြို့၌ အာပတ်သင့် မသင့် ငြင်းခုံရာမှ အစပြု၍ သံဃာချင်း ကွဲပြားကာ အဓိကရုဏ်း ဖြစ်ပွါးသည်၊ ဘုရားရှင်သည် အဓိကရုဏ်းငြိမ်းစေရန် ရဟန်းတို့အား ဒီဃာဝုဝတ္ထု ဟောကြား၍ အကြိမ်ကြိမ် ဆိုဆုံးမပါသော်လည်း မလိုက်နာကြသောကြောင့် ကောသမ္ဗီမှထွက်ခါ၍ ဗာလကလောဏကရွာ, ပါစီနဝံသတောတို့ကို ဖြတ်သန်း၍ ပါလိလေယျကတောအုပ်သို့ ကြွတော်မူသည် [၈] စတင်ငြင်းခုံခြင်း၏ အကြောင်းကို မ၊ဋ္ဌ၊၂၊၂၉၁-ကြည့်။

ထင်ရှားသော ကျောင်းတိုက်များ ပြင်ဆင်ရန်

ယင်းမြို့၌ ဃောသိတသူဌေး ဆောက်လုပ်လှူဒါန်းသော ဃောသိတာရုံကျောင်းတိုက် ကုက္ကုဋသူဌေး ဆောက်လုပ် လှူဒါန်းသော ကုက္ကုဋာရုံ ကျောင်းတိုက်, ပါဝါရိကသူဌေးဆောက်လုပ် လှူဒါန်းသော ပါဝါရိကမ္ဗဝနကျောင်းတိုက်တို့ တည်ရှိသည် [၉]

ဗဒရိကာရုံကျောင်းတိုက်လည်း ရှိသည် [၁၀] [၅]

ဟောတော်မူသော သုတ္တန်များ ပြင်ဆင်ရန်

ဃောသိတာရုံကျောင်းတိုက်၌ ဘုရားရှင် အမှူးရှိသောရဟန်းသံဃာတို့ သီတင်းသုံးစဉ် ဇာလိယသုတ် [၁၁]

ကောသမ္ဗိယသုတ် [၁၂]

သန္ဒကသုတ် [၁၃]

ကောသမ္ဗိသုတ် [၁၄]

ခေမကသုတ် [၁၅]

ဥပဝါနသုတ် [၁၆]

ပိဏ္ဍောလဘာရဒွါဇသုတ် [၁၇]

ဥဏ္ဏာဘဗြာဟ္မဏသုတ်[၁၈]

ကမ္ဗောဇသုတ် [၁၉]

ကကုဓထေရသုတ်[၂၀]

ဘဒ္ဒဇိသုတ် [၂၁]

အနုရုဒ္ဓသုတ် [၂၂]

အာနန္ဒသုတ်[၂၃]တို့ကို

(အချို့သုတ်ကို ဘုရားရှင်, အချို့သုတ်ကို သာဝကတို့ ဟောကြားသည်။ (အခြား ကျောင်းတိုက်၌ သီတင်းသုံးစဉ် ဟောကြားသော ဇာတ်ဝတ္ထုအနည်းငယ်သာ တွေ့ရ၍ ဘုရားရှင်သည် အများအားဖြင့် ဃောသိတာရုံကျောင်းတိုက်၌ သီတင်းသုံးသည်ဟု ယူဆဖွယ်ရာရှိ၏။)[၅]

ဟောတော်မူသောတရားနှင့် မဟောသောတရား ပြင်ဆင်ရန်

ယင်းမြို့ရှိ ယင်းတိုက်ပင် ရင်း၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင် ယင်းတိုက်ရွက်အနည်းငယ်ကို လက်ဖြင့် ကိုင်၍ ရဟန်းတို့အား လက်ထဲက အရွက် နှင့် အပင်ပေါ်ရှိ အရွက်တို့ မည်သည်က များသနည်းဟု မေးတော်မူ၍ အပင်ပေါ်ရှိ အရွက်ကများကြောင်း ရဟန်းတို့က လျှောက်ထားသောအခါ ရဟန်းတို့ ဤအတူသာလျှင် ငါဘုရားမဟောသော တရားက ဟောသော တရားထက် များကြောင်း အကျိုးမရှိ၍ မဟောပဲထားခြင်းဖြစ်ကြောင်း, သစ္စာလေးပါးကိုသာ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက် ခြင်းအကျိုးရှိ၍ ဟောကြောင်း ထို့ကြောင့် သစ္စာလေးပါးသိရန် အားထုတ်သင့်ကြောင်းတို့ကို ဟောတော်မူသည် [၂၄] [၅]

ကိုးကား ပြင်ဆင်ရန်

  1. (ဇာ၊၂၊၂၆၆)။
  2. (အံ၊ဋ္ဌ၊၁၊၂၃၈)။
  3. သံ၊၂၊၃၈၆
  4. (ပဋိသံ၊ဋ္ဌ၊၂၊၁၈၅။ သာရတ္ထ၊၂၊၃၃၈)။
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ တိပိဋကအဘိဓာန် အတွဲ-၆
  6. (ဓမ္မ၊ဋ္ဌ၊၁၊၁၀၃-၇)။
  7. (ဒီ၊၂၊၁၂၁)။
  8. (ဝိ၊၃၊၄၈၀-၅၀၁)။
  9. (မ၊ဋ္ဌ၊၂၊၂၈၈၊ ၂၉၁)။
  10. (သံ၊၂၊၁၀၃။ ဇာ၊ဋ္ဌ၊၁၊၁၇၇)။
  11. (ဒီ၊၁၊၁၅၀-၂။)
  12. (မ၊၁၊၃၉၅-၄၀၁။)
  13. (မ၊၂၊၁၈၀-၉၃။)
  14. (သံ၊၁၊၃၃၆-၉။)
  15. (သံ၊၂၊၁၀၃။)
  16. (သံ၊၃၊၆၈-၉။)
  17. (သံ၊၃၊၁၉၆-၇။)
  18. (သံ၊၃၊၂၃၇။)
  19. (အံ၊၁၊၃၉၄-၅။)
  20. (အံ၊၂၊၁၀၇-၁၁။)
  21. (အံ၊၂၊၁၇၇-၈။)
  22. (အံ၊၃၊၉၀-၄။)
  23. (အံ၊၃၊၂၂၄-၅။)
  24. (သံ၊၃၊၃၈၃)။