ကျည်းကန်ရှင်ကြီး
ကုန်းဘောင်ခေတ်တွင် ထင်ရှားသော ကျမ်းပြုစာဆိုတစ်ဦးကား ကြည့်ကန်ရှင်ကြီး ဖြစ်၏။
ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လင်္ကတောဆယ်ရွာ အဝင်အပါ ကြည့်ကန်ရွာတွင် သက္ကရာဇ် ၁၁၁၉-ခုနှစ်တွင် ဖွားမြင်၏။ စနေသားဖြစ်သည်။ ငယ်မည်မှာ မောင်နုဖြစ်၍ ရှင်ဘွဲ့နန္ဒဓဇ ဖြစ်သော်လည်း၊ ကိုရင်ကြီးအဖြစ် စာပေကျမ်းဂန်များကို ပြုစုခဲ့သောကြောင့် မြန်မာစာပေ ဂန္ဓဝင်တွင် 'ကြည့်ကန်ရှင်ကြီး'ဟု ယနေ့တိုင် ထင်ရှားသည်။ ကြည့်ကန်ရှင်ကြီးမှာ ညောင်ရမ်းဆယ်ဆက် အင်းဝပျက်တွင် တောင်ငူပြည်ကြီးကို အစိုးရသော ရေမြေသခင် ရွှေနန်းရှင် အဆောင်မြဲမင်း၏ မြစ် ဖြစ်သည်။
ငယ်စဉ်ကပင် စာပေကျမ်းဂန်များကို ဆည်းပူး၍ ငစဉ့်ကူးမင်းနှင့် ဘိုးတော်ဘုရားလက်ထက်တော်တို့တွင် လွှတ်တော်ရုံးတော်များ၌ လှည့်လည်ဝင်ထွက်၍ လွှတ်ရုံးကိစ္စများကို ရှာဖွေစူးစမ်းသည်။ မြန်မာနိုင်ငံ အောက် မြို့ ကျေးရွာများသို့လည်း လှည့်လည်၍ ဂန္ဓန္တရ ဗဟုသုတ၊ ဒေသန္တရ ဗဟုသုတတို့ကို ဆည်းပူးလေသေးသည်။ အသက် ၃ဝ ကျော်သောအခါ လူ့ဘောင်ကို ငြီးငွေ့၍ ရှင်သာမဏေပြုကာ ဇာတိကြည့်ကန်ရွာ ဘုံသာထွန်း ကျောင်း၌ပင် စာပေပို့ချ နေလေသည်။ ထို့နောက်မှ ဘိုးတော်ဘုရား၏ ပင့်ဆောင်ချက်အရ အမရပူရ နေပြည်တော်သို့ လာရောက်၍ မောင်းထောင်သာသနာပိုင်ထံတွင် ဆည်းကပ်မြဲစွဲလေသည်။
ကြည့်ကန်ရှင်ကြီးသည် စာပေကျမ်းဂန်တွင် နှံ့စပ်သည်ဖြစ်၍ မုံရွေးဆရာတော်မေးသည့် ခက်ခဲနက်နဲသော ပြဿနာ ၅၅ ချက်ကို ဖြေဆိုရာ 'မုံရွေးအမေး ကျည်းကန်အဖြေ'ဟု ထင်ရှားသည်။ ခေတ်ကြေးမုံဟု ခေါ်အပ်သောအရပ်ရပ် မေတ္တာစာများ၊ မကာရန္တ ဗေဒင်တွက်ရိုးလင်္ကာ၊ သတ္တောဝါဒီ ဆယ်လွန်းတင်ဂါထာ ကျမ်းတို့ကို ရေးသားစီကုံးသည်။ ထို့ပြင် သာကီဝင်နွယ်၊ စောဘုန်းကြွယ်၊ မင်းဘယ်မျှတွင် ပွင့်သနည်းအစချီသည့် အမေးပုစ္ဆာပေါင်း ၁၁၁၅ ပုဒ်ပါရှိသော စွယ်စုံကျော်ထင် ကျမ်းကြီးကို သက္ကရာဇ် ၁၁၅၈ ခုနှစ်တွင် ပြုစုသည်။
'သတ်ပုံလည်းပါ၊ ပုစ္ဆာလည်းရ၊ သိပ္ပကုံလုံ၊ နှစ်ချက်ဆုံသောကြောင့်၊ စွယ်စုံကျော်ထင် အမည်ရှိသော ကျမ်း'ကား ကာရန်သတ်ပုံ၊ သံတူကြောင်းကွဲ သတ်ပုံတို့ဖြင့် တန်ဆာဆင်၍ အထူးထူးသော လောကီ လောကုတ္တရာ နှစ်ဖြာသော ဗဟုသုတတို့ဖြင့် ပြည့်ဝလှ၏။ ပမာဆိုသော် ရှေးမြန်မာဘုရင်တို့ ရာဇဘိသေက ခံတော်မူ၍ နန်းသီးသောအခါ စားတော်ခွံ့ရပုံကို 'ရွှေနန်းသိမ်းအံ့၊ စားတော်ခွံ့၊ နူးညံ့ဆုပ်ပေါင်း ဘယ်မျှနည်း' ဟူသော အမေးပုစ္ဆာဖြင့် မေးထားသည်ကို၊ ကျီးသဲဆရာတော်က 'ရတနာသုံးပါးကို ရည်၍သုံးဆုပ်၊ မိခင် ဘခင်၊ အဘိုးအဘေးကို ရည်၍ လေးဆုပ်၊ ကိုယ်စောင့်နတ်တစ်ကျိပ်ကို ရည်၍ ဆယ်ဆုပ်အားဖြင့် တစ်ဆယ့် ခုနစ်ဆုပ် စားရာသည်'ဟု အဘိသေကကျမ်းအရ ဖြေဆိုထား၏။ ထိုသို့ ပိဋကတ်၊ ဗေဒင်၊ လောက၊ ဓမ္မ၊ ရာဇအားဖြင့် အဘက်ဘက်တွင် ဗဟုသုတ ပွားစေမည့်ပုစ္ဆာများ ပါဝင်လေသည်။ ထို့ကြောင့်လည်း စွယ်စုံကျော်ထင်ကျမ်းကို ဖြေဆိုတော်မူသော ကျီးသဲဆရာတော်က ကျမ်း၏ပဏာမတွင် 'ဤကျမ်းသည် အထူးထူးသော အနက်အဓိပ္ပာယ်ကို ဆောင်၏။ နက်နဲကျယ်ဝန်း၏။ ပညာရှာသူတို့၏ စီးပွားကို ဆောင်၏။'ဟု ထောမနာခဲ့လေသည်။ ထို့ပြင် စွယ်စုံ ကျော်ထင်ကျမ်းကို စီရင်သော ကျီးသဲဆရာတော်ကပင် 'ကြည့်ကန်ရှင်ကြီးသည်၊ ပိဋကတ်ဗေဒင် အရပ်ရပ်ကို နှံ့စပ်၏။ လောက၊ ဓမ္မ၊ ရာဇ အရေးသုံးပါး၌ ကျွမ်းကျင်၏။ ဉာဏ်လည်းထက်မြက် နက်နဲသည်။ ရယ်ရွှင်နှစ်သက်စရာတို့ကိုလည်း တီထွင်ရေးတတ်သေးသည်။ အဘက်ဘက်က ပြည့်စုံရကား လူအားလုံး၏ မှီတင်းရာ ပညာသူဌေးကြီးဖြစ်၏။'ဟု ဂုဏ်ပြုချီးကျူးတော်မူလေသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)