ကွမ်းသီးပင်

အပင်မျိုးစိတ်များ
Areca catechu
Beetle palm with nut bunch.jpg
Fruiting specimen
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
Clade: Commelinids
မျိုးစဉ်: Arecales
မျိုးရင်း: Arecaceae
မျိုးဇာတ်သေး: Arecinae
မျိုးစု: Areca
မျိုးစိတ်:
A. catechu
ဒွိနာမ
Areca catechu
Synonyms
  • Areca faufel Gaertn.
  • Areca hortensis Lour.
  • Areca cathechu Burm.f.
  • Sublimia areca Comm. ex Mart.
  • Areca himalayana Griff. ex H.Wendl.
  • Areca nigra Giseke ex H.Wendl.
  • Areca macrocarpa Becc.

ကွမ်းသီးပင် အင်္ဂလိပ်ဘာသာဖြင့် (Betel Nut) သို့မဟုတ်(Areca catechu) ကို အရှေ့တိုင်းနိုင်ငံများနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများတွင် ပူ၍ စိုထိုင်းသော ဒေသများ၌ စိုက်ပျိုးသည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးပင်စိုက်ပျိုး၍ ဖြစ်ထွန်းသော ဒေသများမှာ တောင်ငူကျိုက္ခမီသထုံထားဝယ်မြိတ်ဖျာပုံမန္တလေးနှင့် စစ်တွေခရိုင်များဖြစ်ကြသည်။

ကွမ်းသီးပင်သည် ပင်လယ်မိုင် ၂၀၀ ခန့်အတွင်း အမြင့်ပေ ၃၀၀၀ အောက်ရှိသော အရပ်ဒေသတို့တွင် ရေဖောဖောသီသီ ရရှိ၍ ရေမဝပ်လျှင် အထူးဖြစ်ထွန်းသည်။ နုံးမြေသည် ကွမ်းသီးပင်စိုက်ပျိုးရန် အထူးသင့်လျော်၏။ ထို့ကြောင့် အရပ်ရပ်ရှိ ကွမ်းသီးပင် စိုက်ခင်းများကို မြစ်ချောင်းကမ်းပါးတလျှောက်နှင့်၊ တောင်ချိုင့်ဝှမ်းများ၊ ကိုင်းကျွန်းများ၌ တွေ့ရသည်။ တောင်ငူခရိုင်တွင် ကွမ်းသီးပင်များကို သီးသန့်စိုက်ပျိုးကြသည်။ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ပင်လယ်ကမ်းမြောင်ဒေသများတို့၌ ကွမ်းသီးပင်ကို အခြားသီးစားအပင်များဖြစ်ကြသော သရက်ပိန္နဲပင်၊ မရန်းပင်၊ အုန်းပင် စသည်တို့နှင့် ရော၍စိုက်လေ့ရှိသည်။ ကွမ်းသီးပင် စိုက်ပျိုးရာတွင် အရေးကြီးသော အချက်မှာ မိုးအခါ၌ ရေမဝပ်စေရန်နှင့် နွေအခါတွင် ရေလုံလုံလောက်လောက် ပေးနိုင်ရန်တို့ ဖြစ်သည်။ ပျိုးထောင်ရန် ပျိုးခင်းများကို နွေရာသီကပင် စတင်၍ ပြုပြင်ပေးရသည်။ အောက်ပါနည်းမှာ ခြံသမား ဥယျာဉ်သမားများလုပ်လေ့ရှိသော အလေ့အထပင်ဖြစ်သည်။

မြေတွင် ၁ ပေခန့်နက်သော ကျင်းများ တူးဖော်ပြီးနောက် ကျင်းထဲတွင် ကောင်ရိုးဖြစ်စေ၊ မြေဆွေးဖြစ်စေ ခံထားရသည်။ ထို့နောက် ရင့်မှည့်၍ မျိုးကောင်း အလုံးကောင်းဖြစ်သော ကွမ်းသီးများကို ကျင်းထဲ၌ တစ်ပေခွဲ နှစ်ပေစီခွာလျှက် ချစိုက်၏။ ထိုမျိုးကွမ်းသီးများကို ကောက်ရိုး သို့မဟုတ် မြေဆွေးတို့ဖြင့် တဖန်ဖုံးပြီးသော် အပေါ်ယံ၌ မြေကြီးထပ်၍ အုပ်ထားရသည်။ ထိုသို့စိုက်ပျိုးပြီးနောက် မျိုးကွမ်းသီးများ အစို့ပေါက်စေရန် မိုးဖြိုင်ဖြိုင်ကျသည့် အချိန်ကာလအထိ ရေလောင်းပေးရသည်။ ၁ လမှ ၃ လ ကြာသည့်အချိန်၌ အစို့ကလေးများ ထွက်လာကြပြီးလျှင် တစ်နှစ်ခန့်ကြာသော် ပြောင်းရွေ့စိုက်ရန် အရွယ်တော်ဖြစ်လာသည်။ ပျိုးခင်းတွင် ပျိုးပင်ကလေးများ ကြီးပြင်းနေစဉ်အတောအတွင်း၌ စိုက်ခင်းများကို ပြုပြင်ကြရသည်။ တောချုံတို့ကို စိုက်ခင်းမြေပင်ပေါ်မှ ရှင်းလင်းလျက် ရေသွင်းမြောင်းများကို တူးဖော်သွယ်တန်းပေးရသည်။ မိုးဦးကျစအချိန်သည် ပြောင်းရွှေ့ စိုက်ပျိုးရန် အကောင်းဆုံး အချိန်ဖြစ်သဖြင့် မိုးမကျမှီ တလခန့်က ကြိုတင်ပြင်ဆင်လျက် ကျင်းများကို တူးဖော် ပြင်ဆင်ထားရသည်။ ကျင်းများသည် တစ်ပေခွဲခန့် နက်၍ ၁ ပေခန့် ကျယ်ရသည်။ ကွမ်းသီးပင်ချည်း စိုက်ပျိုးထားပါက ကျင်းများသည် တစ်ခုနှင့် တစ်ခု ၆ ပေ ထက်မနည်း ကွာဝေးစေရသည်။ အကောင်းဆုံး အကွာအဝေးမှာ ၈ ပေဖြစ်သည်။ အခြားအသီးစားပင်များကို ရောစိုက်လျှင် သင့်လျော်သလို ကြည့်၍ အကွာအဝေးကို ပြုပြင်ရသည်။

ကွမ်းသီးပင်များသည် အများအားဖြင့် အသက် ၇ နှစ်မှ ၁၀ နှစ်သို့ ကျရောက်မှ အသီးသီးကြ၏။ သို့ရာတွင် မြေဩဇာ ကောင်းသည့် ကျွန်းများ ဥယျဉ်များ၌ ၅ နှစ် ၆ နှစ်ကြာလျှင် ကောင်းစွာ သီးကြလျက် အခြားအပင်များနှင့် ရောစိုက်သော ဥယျဉ်နှင့် ကုန်းမြင့် ခြံများ၌မူ ၁၅ နှစ်လောက်ကြာမှပင် သီးတတ်ကြ၏။

ကွမ်းသီးပင်များသည် တပို့တွဲတပေါင်းလများတွင် စပွင့်ကြပြီးလျှင် သီတင်းကျွတ်တန်ဆောင်မုန်းနတ်တော်လများ၌ အသီးများ ရင့်မှည့်၍ ဆွတ်သိမ်းရန် အချိန်ကျရောက်ကြ၏။ ကွမ်းသီးပင်များကို ၃ ကြိမ် ၃ ခါ ဆွတ်ခူးရသည့်အနက် ပထမအကြိမ်မှာ အများဆုံးရလေသည်။ အသီးများသည် အမှည့်လွန်က အခွံခွာရန် မလွယ်ကူသဖြင့် မမှည့်တမှည့် အနေလောက်တွင် ဆွတ်သိမ်းရန် အကောင်းဆုံးဖြစ်သည်။ သီးစအပင်များသည် တပင်လျှင် အသီး ၃၀ ခန့်သာ သီးလျှက် အပင်ကြီးများသည် တပင်လျှင်အသီး ၂၅၀ အထိသီးတတ်ကြ၏။ ကွမ်းသီးပင်သည် အသက်၂၀၊ ၂၅ နှစ်အကြာတွင် အများဆုံးသီးလျက် နောက်ပိုင်းတွင် အသီးဆုတ်သွားပြီးလျှင် အနှစ် ၄၀၊ ၅၀ နှစ် လောက်တွင် သေတတ်ကြသည်။

ကွမ်းသီး

ကွမ်းသီးပင်များကို ဆွတ်သိမ်းပြီးလျှင်ပြီးခြင်း ကွမ်းသီးခင်းထဲ၌ပင် အခွံများကို ဓားဖြင့် ခွာပစ်ရသည်။ အမှည့်လွန်သော အသီးများသည် တစ်ခါအခွံခွာရုံမျှဖြင့် လုံးလုံးလျားလျား အခွံကြွတ်ကြသဖြင့် နေလှန်းပြီးနောက်ထပ်၍ ခွာပစ်ရသည်။ အခွံခွာပြီးနောက် ကွမ်းသီးပြုပြင်ယူကြရသည်။ မြန်မာနိုင်ငံ အောက်ပိုင်း၌ ကွမ်းသီးပြုပြင်ပုံမှာ အခွံချွတ်ပြီးသော ကွမ်းသီးများကို ထုံးရေတွင် ၃ နာရီ ၄ နာရီခန့် ကျိုပြီးနောက် အခြောက်လှန်းရသည်။ ထုံးရေ၌ ကျိုခြင်းသည် အဖန်ဓာတ်ထွက်၍ အနံ့အရသာ ကောင်းမွန်လာစေသည်ဟု မှတ်ယူကြ၏။

တောင်ငူခရိုင်တွင် ပြောင်၊ ရွေး၊ ကြက်ချေး ဟူ၍ ကွမ်းသီး ၃ စား ခွဲခြားထား၏။ ပြောင်ကွမ်းသီးမှာ အမှည့်လွန်အားကြီးသော အသီးများမှ ခွာယူ၍ နေ၌ တကြိမ်လှန်းပြီးသော် ကြွင်းကျန်သော အခွံလွှာများကို ထပ်မံချွတ်ပစ်ထားသော ကွမ်းသီးဖြစ်သည်။ ထိုကွမ်းသီးကို ရွေးကွမ်းသီးလောက် လူကြိုက်မများချေ။ ရွေးကွမ်းသီးသည် ရွမ်းပြင်းအသီးမှ ခွာယူရရှိသော ကွမ်းသီးဖြစ်သည်။ ရွေးကွမ်းမှာ ပြောင်ကွမ်းသီးထက် ပိုမိုချောမွတ် နူးညံ့ပြီးလျှင် လူကြိုက်များ၍ ဈေးကောင်းရသည်။ ကြက်ချေးကွမ်းသီးသည် နုသော အသီးမှ ထုတ်ယူရရှိသဖြင့် ခြောက်သွေ့သွားသည့်အခါ ရှုံ့တွသွားကြသည်။ ဤကွမ်းသီးကို တောင်ပိုင်း အိန္ဒိယနယ်တို့က နှစ်သက်အလိုရှိကြသည်။ မြန်မာနိုင်ငံ၌မူ ဈေးအနည်းဆုံးထားကြသည်။

ကွမ်းသီးသည် ဖန်သည်။ ချုပ်သည်။ မမှည့်သေးသော ကွမ်းသီးသည် ဝမ်းသက်စေသည်။ မှည့်ပြီးကွမ်းသီးကို သန်ချဆေး အဖြစ် အသုံးပြုကြသည်။ ကွမ်းသီးပြာသည် သွားတိုက်ဆေး သွားနာဆေးအဖြစ် ကောင်းသည်။ ကွမ်းသီးပင်၏ အသားမှာ အလွန်မာကျောသဖြင့် ယင်းတို့ကို လေးကိုင်း၊ လှံရိုး၊ ထမ်းပိုးများ ပြုလုပ်ကြသည်။ ကွမ်းလက်အရင်းပိုင်းမှ ခွာယူရသော အမြှေးကိုလည်း ဆေးလိပ်ဖက်အဖြစ် အသုံးချကြသည်။ မြန်မာနိုင်ငံ၌ ပြည်တွင်းစားကုန်ပစ္စည်းများ ဖူလုံစေရန်အတွက် ကွမ်းသီးပင် စိုက်ပျိုးရေး စီမံကိန်းများကို နိုင်ငံတော် အစိုးရက အကောင်အထည်ဖော်လျက်ရှိသည်။ ၁၉၅၃ ခုနှစ်မှ စတင်၍ ထိုစီမံကိန်းကို ဆောင်ရွက်ရာ ထိုနှစ်အတွင်း ကွမ်းသီးပင်ပေါင်း ၅၀၀,၀၀၀ ခန့် စိုက်ပျိုးခဲ့ကြသည်။

ထို့အပြင် ပြည်သူများ ကွမ်းသီးပင်ပေါက်များကို လွယ်လင့်တကူ ဝယ်ယူစိုက်ပျိုးနိုင်ကြစေရန်ရည်ရွယ်၍ ဖျာပုံ၊ မြောင်းမြပုသိမ်မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ စစ်တွေ၊ တောင်ငူ၊ ကျောက်ဖြူမတ္တရာ စသောမြို့များတွင် စိုက်ပျိုးရေးဌာနများ ဖွင့်လှစ်၍ ကွမ်းသီးပင်ပေါက်များကို ရောင်းချပေးလျက်ရှိခဲ့သည်။ ဤကဲ့သို့ စိုက်ပျိုးကြရာ၌ ၆၀ ရာခိုင်နှုန်းမျှလောက်သော ကွမ်းသီးပင်များသည် ကောင်းစွာ ဖြစ်ထွန်းခဲ့သည်ကို တွေ့ရှိရသဖြင့် အရှေ့အဖို့ ထိုထက်တိုးတက်၍စိုက်ပျိုးသွားကြမည် ဖြစ်ကြောင်းကိုသိရှိရလေသည်။

ပြခန်းပြင်ဆင်

ကိုးကားပြင်ဆင်

  1. "Areca catechu"Germplasm Resources Information Network (GRIN)၊ Agricultural Research Service (ARS), United States Department of Agriculture (USDA)2008-03-02 တွင် ပြန်စစ်ပြီး