တောင်
တောင်(山)ဆိုသည်မှာ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်တွင် ထင်ရှားစွာမြင့်တက်နေသည့် ကုန်းမြေအစိတ်အပိုင်းကို ဆိုလိုသည်။
ဖြစ်ပေါ်လာရသော အကြောင်းအရင်း
ပြင်ဆင်ရန်တောင်များ ဖြစ်ပေါ်လာခြင်း အကြောင်းကြီး သုံးရပ်ရှိသည်။ ကမ္ဘာမြေကြီးသည် လွန်ခဲ့သည့် နှစ်ပေါင်းကုဋေကုဋာ အလွန် ရှေးကျသောအခါက အလွန်ပူရာမှ တဖြည်းဖြည်း အေးလာသော အခါ၌ မြေကြီး၏ အပေါ်ယံအလွှာသည် ဖိနှိပ်အားကြောင့် တွန့်ရှုံ့သွားသဖြင့် မြေမျက်နှာသွင်ပြင်တွင် ပေါင်းကူးကုန်းကြီး များသဏ္ဌာန် ပေါ်ပေါက်လာ၏။ အေးလာသောအခါတွင်ကား ယင်းကုန်းကြီးများမှာ မာကျစ်လာခြင်းကြောင့်၊ တောင်များဖြစ် လာလေသည်။ ဥရောပတိုက်ရှိ အဲ့လပ်တောင်တန်းများသည် ယင်းကဲ့သို့ ဖြစ်ပေါ်လာသော တောင်များဖြစ်၏။
အချို့နေရာများ၌ ကမ္ဘာမြေကြီး၏ အပေါ်ယံလွှာသည် ကျောက်သားပကတိ ဖြစ်နေသဖြင့်၊ မြေမျက်နှာပြင်မှာ ခုံး၍ မထဘဲ၊ ကွဲပြတ်၍သွားတတ်၏။ သို့ဖြစ်သောကြောင့် မတ် စောက်သော တောင်ကြီးများဖြစ်ပေါ်လာပြန်သည်။ ယင်းတောင် မျိုးမှာ တစ်ဘက်၌ မတ်စောက်သော်လည်း အခြားတစ်ဘက်၌ ကား ခပ်ပြေပြေ ဆင်ခြေလျှောရှိနေတတ်၏။ တစ်ခါတစ်ရံ လည်း လွန်စွာရေစီးသန်လှသော မြစ်များသည် ကုန်းပြင်မြင့်ကို တိုက်စားသွားရာတွင် တိုက်စား၍မ၇သော ကျောက်မာများသည် ထီးတည်းကျန်ကာ မြင့်မားသောတောင်များအဖြစ် တည်ရှိနေခဲ့ ကြ၏။ နယူးယော့ပြည်နယ်ရှိ ကတ်စကီးတောင်များနှင့် မိဇူးရီ ပြည်နယ်ရှိ အိုဇတ်တောင်တန်းများမှာ ယင်းကဲ့သို့ ဖြစ်ပေါ်လာ သော တောင်များသာတည်း။
အချို့သော တောင်များမှာကား အောက်ခံမြေအတွင်းမှ ထွက်လာသော ချော်ပူတို့သည် မြေမျက်နှာပြင်တွင် စုပုံလျက်၊ မာသွားရာမှ ဖြစ်ပေါ်လာသည့် တောင်ပူစာများဖြစ်ကြသည်။ တောင်အမေရိကတိုက်ရှိ အန်းဒီးတောင်တန်းများမှာ ထိုကဲ့သို့ ပင် ဖြစ်ပေါ်လာခဲ့သည်။
တောင်များမှ ရရှိနိုင်သည့် အရင်းအမြစ်များ
ပြင်ဆင်ရန်တောင်ထူထပ်သောဒေသ၌ လူနေအိမ်ခြေ ယုတ်လျော့နည်း ပါးတတ်၏။ အဘယ်ကြောင့်ဆိုသော် မြေညီနည်းပါး သဖြင့် စိုက်ပျိုးမှုအတွက် အခက်အခဲတွေ့တတ်ခြင်း၊ လေတင် ဘက်တွင် မိုးလွန်၍ လေအောက်ဘက်တွင် မိုးခေါင်ရေရှား ဖြစ်တတ်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။ သို့သော် တောင်များ ရှိမှ မြစ်ဖျားရှိတတ်သဖြင့် မြစ်မရှိသောဒေသမှာ ကူးသန်း ရောင်းဝယ်ရေး ညံ့ဖျင်းတတ်၏။ အချို့တောင်များတွင် အဖိုး တန် ဓာတ်သတ္တု ပေါများသည့်ပြင်၊ တောင်ခါးပန်း သစ်တော များမှလည်း လူတို့အတွက်အသုံးဝင်သော သစ်များရရှိသော ကြောင့် တစ်နည်းအားဖြင့် အကျိုးရှိသည်ဟု ဆိုနိုင်လေသည်။ ထို့ပြင် မြို့ကြီးများအတွက် လျှပ်စစ်ဓာတ်အားပေးရန် ရေစီးသန် သော တောင်ကျမြစ်ချောင်းများမှ ရေအားကိုလည်း အသုံးပြုနိုင် ကြသေးသည်။
အမြင့်တိုင်းတာခြင်း
ပြင်ဆင်ရန်တောင်၏အမြင့်ကို ဗရိုမီတာခေါ် လေဖိတိုင်းကရိယာဖြင့် တိုင်းထွာကြသည်လည်းရှိ၏။ တြီဂိုနိုမေတြီနည်းဖြင့် တွက်ချက် တိုင်းထွာယူကြသည်လည်းရှိ၏။ အချို့ သိပ္ပံပါရဂူများက တောင်ကိုတိုင်းရာ၌ ကမ္ဘာ၏ အလယ်ဗဟိုချက်မှနေ၍ တိုင်း ထွာရမည်ဟူ၍လည်းကောင်း၊ အချို့ကမူ ပင်လယ်ပြင်အထက်မှစ၍ တိုင်း ရမည်ဟူ၍လည်းကောင်း ဆိုကြလေသည်။ ပင်လယ်ပြင်မှ တိုင်းသော အတိုင်းအတာအရဆိုပါက အာရှတိုက်ရှိ ဧဝရက်တောင်ထိပ် သည် ပေပေါင်း ၂၉၀၂၈ ပေကျော်မြင့်၍ ကမ္ဘာပေါ်တွင် အမြင့်ဆုံးတောင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ထင်ရှားသော တောင်ကြီးများကား အာရှတိုက်ရှိ ဟိမဝန္တာတောင်တန်း၊ ဥရောပတိုက်ရှိ အယ်လ်ပ် တောင်တန်း၊ တောင်အမေရိကတိုက်ရှိ အန်းဒီးတောင်တန်းနှင့် မြောက်အမေရိကတိုက်ရှိ ရော့ကီး တောင်တန်း အစရှိသည်တို့ ဖြစ်သည်။
ကမ္ဘာပေါ်ရှိ တိုက်အသီးသီးတွင် တောင်စဉ်တောင်တန်း များစွာရှိသည့်အနက် ဟိမဝန္တာ တောင်တန်း၊ အန်းဒီးတောင်နှင့် ရော့ကီးတောင်များမှာ သက်နုတောင်များသာဖြစ်ကြ၍ အာဖရိက တိုက်ရှိ တောင်တန်းများမှာ သက်လတ်တောင်များဖြစ်လျက် ကနေဒါနိုင်ငံရှိ လော်ရင်းရှန်းတောင်တန်းများမှာ သက်ရင့် တောင်များ ဖြစ်လေသည်။ အသက်အကြီးဆုံး တောင်များကို စကော့တလန်ပြည်တွင် တွေ့ရလေသည်။
ဟိမဝန္တာတောင်တန်းကြီးသည် အိန္ဒိယနှင့် တရုတ်နိုင်ငံ တို့ကို ပိုင်းခြားထား၏။ ပီးရနီးတောင်တန်းသည် စပိန်နိုင်ငံကို အခြားသော ဥရောပနိုင်ငံများမှ ပိုင်းခြားထား၏။ အယ်လ်ပ်တောင် တန်းကြီးသည်လည်း အီတလီနှင့် ဂျာမနီနိုင်ငံတို့ကို ပိုင်းခြား ထား၏။ ထိုကဲ့သို့ပင် မြန်မာနိုင်ငံကိုလည်း ရိုးမတောင်တန်း များက တံတိုင်းသဖွယ် ဝိုင်းရံကာဆီးတားသဖြင့် သဘာဝနယ် နိမိတ်ကဲ့သို့ ဖြစ်နေလေသည်။
မြန်မာနိုင်ငံ၏ အနောက်ဘက် နယ်နိမိတ်တွင် မြောက်ဘက် တိဗက်ပြည်မှစ၍ တောင်ဘက် နီဂရေအငူအထိ တန်းဆင်းသွား သော အနောက်ရိုးမတောင်တန်းကြီးရှိသည်။ ထိုအနောက်ရိုးမ တောင်တန်း၌ အမြင့် ၁၂ ၅၅၃ ပေခန့်ရှိသော နွေမောက်တောင် ခေါ် စာရာမေရိတောင်ထိပ်တည်ရှိသည်။ ထိုတောင်တန်းသည် အာသံ၊ မဏိပူရ၊ လူရှေ၊ စစ်တကောင်းနယ်များနှင့် ကမ်းရိုး တမ်းတစ်လျှောက်တွင် လေးကိုင်းကဲ့သို့ တည်ရှိသည်။ အနောက်ရိုးမတောင်တန်း၏ မြောက်ပိုင်းသည် ပေ ၈ ဝ၀၀ ကျော်မြင့်၍ ပတ်ကွိုင် သို့မဟုတ် နာဂတောင်ဟု ခေါ်သည်။
ချင်းပြည်နယ် သို့ရောက်သောအခါ ပေ ၃ ဝ၀၀ ကျော်မြင့်၍ ချင်းတောင်ဟု ခေါ်သည်။ တစ်ဖန် တောင်ဘက် ရခိုင်ပြည်နယ်သို့ ဆင်းလာရာ ရခိုင်ရိုးမဟုတွင်၍ တောင်ဘက်စွန်းတွင် ပေ ၁၀၀ နှင့် ပေ ၂၀၀ မျှလောက်သာ မြင့်လေသည်။ အလယ်ရိုးမ တောင်သည် မြောက်ပိုင်း၌ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ်အကြား တွင် တည်ရှိ၏။ အလယ်ရိုးမတောင်ကို မြစ်များဖြတ်စီးဆင်း ကြောင့် ထိုတောင်တန်းသည် တဆက်တည်း မတည်ဘဲ၊ ရွှေ တောင်တန်း၊ ဟူးကောင်းတောင်တန်း၊ ဇီးဖြူတောင်၊ မင်းဝံ တောင် အစရှိသည်ဖြင့် ပြတ်လျက်နေသည်။ ယင်းသို့တောင် ဘက်၌ ဧရာဝတီမြစ် ဖြတ်စီးသောနေရာတွင် တောင်ဘက်သည် ပို၍ပြတ်နေပြီးလျှင် မြင်းခြံနယ်တွင် ပေ ၄၀၀၀ ကျော်မြင့်သော ပုပ္ပါးတောင်မှ တစ်ဖန်ပြန်၍ အစပြုပြီးလျှင် ရန်ကုန်မြို့သို့ အရောက် မိုင် ၃၀၀ ခန့်ရှည်လျားစွာ တဖြည်းဖြည်း နိမ့်လျှော ၍ တည်ရှိသည်။
ပဲခူးနယ်သို့ ဖြတ်သန်းလာသောအခါ ယင်း တောင်တန်းသည် ပဲခူးရိုးမဟူ၍ တွင်လေသည်။ တောင်တန်း၏ တောင်ဘက်ဆုံးတွင် ရွှေတိဂုံစေတီတည်ရှိ၏။ အထက်ပါ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့အကြားရှိ တောင်များတွင် ဟူးကောင်းတောင်၌ ပယင်းထွက်သည်။ ထို့ကြောင့် ပယင်း တွင်းဟုထင်ရှားသည်။ ပုပ္ပားတောင်သည် ရှေးအခါက မီးတောင်ဖြစ်ခဲ့ဘူးသည်။ ပုပ္ပားတောင်နှင့် ပတ်သက်၍ မြန်မာ့ သမိုင်းတွင် ထင်ရှားသောအဖြစ် အပျက်များလည်း ရှိလေသည်။
အရှေ့ဘက်ရိုးမသည် ပျမ်းမျှခြင်းအားဖြင့် ပေပေါင်း ၃၀၀၀ မှ ၆၀၀၀ ထိမြင့်သည်။ သို့သော် အချို့နေရာတို့တွင် ပေ ၈၀၀၀ ခန့်မြင့်သော တောင်ထိပ်များရှိသည်။ မြောက်ပိုင်းတွင် ဂိုလံစီကောင်းတောင်ဟူ၍လည်းကောင်း၊ ကချင်ပြည်နယ်တွင် ကချင် တောင်ဟူ၍လည်းကောင်း၊ ရှမ်းပြည်နယ်တွင် ရှမ်းရိုးမဟူ၍လည်းကောင်း ခေါ်တွင် သည်။ ရှမ်းပြည်နယ်တွင် ကုန်းပြင်မြင့်သည် ကျယ်ပြန့်၍ အချို့နေရာတွင် ညီညာလျက် အချို့နေရာတွင် နက်ရှိုင်းသော ချိုင့်ဝှမ်းများရှိလေသည်။ တောင်ဘက်၌ ယင်းတောင်တန်းသည် ကယားပြည်နယ်ကို ဖြတ်၍သွားသည်။ ထိုအခါ၌ တောင်တန်း သည် ပေ ၈၀၀၀ မြင့်သည်။ ယင်း၏အနောက်ဘက်၌ ပေါင်း လောင်းတောင်၊ တောင်ဘက်၌ ကော့ကရိတ်တောင်၊ တောင်ညို တောင်၊ နွားလည်ပို့တောင် အစရှိသည်ဖြင့်တည်ရှိသည်။
တဝင်းတောင်တန်းကြီးသည် သံလွင်မြစ်၏ အရှေ့ဘက်ကမ်း တွင် မြောက်ဘက်မှ တောင်ဘက်သို့ သံလွင်မြစ်အလိုက် တန်းလျက်စီးဆင်းလာသည်။ တနင်္သာရီ ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင်ကား ထိုတောင်တန်းသည် တနင်္သာရီရိုးမ တောင်ဟူသော အမည်ကိုရ၍ ကော့သောင်အထိ တည်ရှိသည်။
ကိုးကား
ပြင်ဆင်ရန်မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)