ခါ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Galliformes
မျိုးရင်း: Phasianidae
မျိုးဇာတ်: Gallini
မျိုးစု: Francolinus
မျိုးစိတ်:
F. pintadeanus
ဒွိနာမ
Francolinus pintadeanus
(Scopoli, 1786)

ခါ (Francolinus pintadeanus) သည် ရစ်ငှက်နှင့် မျိုးတူဖြစ်သည်။ မြန်မာများတွင် အကြီးအငယ် ရိုသေအပ်ကြောင်း သင်ခန်းစာပါသော ဆင်မျောက်၊ ခါ ဝတ္ထုကို ငယ်စဉ်က ဖတ်ဘူးကြသူများသဖြင့်၊ ခါကို အမည်အားဖြင့်သော်မျှ သိသူများကြသည်။ ခါအော်သံကို ကြားဘူးကြသူများလည်း အနည်းအများ ရှိပေလိမ့်မည်။ သို့သော် ခါကို မြင်ဖူးသူ အလွန်ရှားသည်။ ခါသည် လူအမြင်ကို မခံ၊ ကြောက်ရွံ့တတ်သည်။

ခါအမျိုးမျိုး ရှိသည်။ မြန်မာနိုင်ငံရှိ ခါမျိုးကို ဖယ်ကာ၊ ဗားမိဖရန်ကိုလင်ဟူ၍ အင်္ဂလိပ်ဝေါဟာရဖြင့် လည်းကောင်း၊ ဖရန်ကိုလင်နပ် ပင်တေဒိနပ် ဖယ်ရေဟူ၍ လက်တင်ဝေါဟာရ ဖြင့်လည်းကောင်း ခေါ်ဝေါ်ကြသည်။ မြန်မာခါသည် အလျား ၁၃ လက်မခန့် ရှိ၏။ ငှက်တောင်မှာ အကြေးကွက်ကဲ့သို့ အကွက်များရှိ၍ မီးခိုးရောင် (မွဲခြောက်ခြောက်အရောင်) ရှိသည်။ ခါအဖို၏ကိုယ်၊ လည်တိုင်၊ ရင်အုပ်နှင့် ဝမ်းဗိုက်တွင် အဖြူပြောက်များ ရှိ၍ အမ၏ လည်ပင်း၊ ရင်အုပ်နှင့် ဝမ်းဗိုက်သည် ဖြူ၍ အနက်စင်းများရှိသည်။ ခါအော်သံမှာ တက်တက်တူခါးခါးဟူသောအသံ ဖြစ်သည်။ အထူးသဖြင့် ဆောင်းရာသီနံနက်ခင်းနှင့် ညနေမှောင်စပျိုးသည့် အချိန်တွင် ခါများ အသံပေးကြသည်။ ခါအော်သည့်အခါ လည်ပင်းကို အထက်သို့ဆန့်၍ အော်လေ့ရှိသည်။ ခါသည် တောနက်ရာတွင် မနေဘဲ သွေ့ခြောက်သည့်ဒေသ၌ နေသည်။ အထူးသဖြင့် လယ်ကွက်များ အနီးရှိ တောစပ်တွင် ကျက်စားသည်။ တနင်္သာရီတိုင်းမှလွဲ၍ မြန်မာနိုင်ငံတစ်ဝှန်းလုံးတွင် တွေ့နိုင်သော ဌာနေငှက် ဖြစ်သည်။ မိုးခေါင်ရေရှားရပ်ဝန်းတွင် အမြောက်အမြား နေကြ၍၊ ပဲ၊ မြေပဲ၊ သစ်စေ့နှင့် ပိုးမွှားများကို စားသောက်သည်။ ရာသီဥတု အဆင်သင့်ပါက ပေ ၅ဝဝဝ အမြင့်အထိရှိသော (ခြောက်သွေ့သော သစ်တောနှင့် ပြန်ပေါက်သစ်တောများ) ဒေသများတွင် ခါများနေကြသည်။ ခါသည် အအုပ်အသင်းနှင့် မနေဘဲ တစ်ကောင်တည်းဖြစ်စေ၊ အဖိုအမ စုံတွဲ၍ဖြစ်စေ သွားလာကျက်စား၏။ ပြေးလွှားသည့်အခါ အမြီးကို ထောင်ထားတတ်သည်။ ကောက်ပဲသီးနှံ၊ သစ်စေ့နှင့် ပိုးမွှားများကို စားသောက်သည်။

မတ်လနှင့် စက်တင်ဘာလအတွင်းတွင် ခါကလေးများ ဥမှ ပေါက်ကြသည်။ ခါသည် မြေပေါ်တွင် ကျင်းယက်၍ အသိုက်လုပ်လေ့ရှိ၏။ တစ်မြုံလျှင် ၃ ဥမှ ၆ ဥအထိ ရှိတတ်၍ တစ်ဥလျှင် ပျမ်းမျှအလျား ၁.၃၉ လက်မနှင့် ပြက် ၁.၁၅ လက်မ ရှိသည်။ ဥအရောင်မှာ အဝါနုမှ အဝါရင့်ရောင် ဖြစ်သည်။ ခါပေါက်စကလေးများသည် ဥမှပေါက်ပြီး မကြာမီပင် ပြေးလွှားနိုင်ကြသည်။

မြန်မာနိုင်ငံတွင် ခါ ဆယ်မျိုးခန့် ရှိသည်ဟု အချို့က ဆိုသော်လည်း၊ အသေအချာ ခါမျိုး ခွဲခြား၍ ပြထားသည်ကို မတွေ့ရပေ။ မဟာအဓိကရ ကန်တော်မော်ကွန်းတွင်မူ ခါ ၄ -မျိုး ရှိကြောင်း ဖော်ပြထား၏။ ထိုမော်ကွန်းတွင်

လေးမျိုး ခါငှက်၊ တက်တက်တူခါး၊ ပြဿဒါးနှင့် ကျောက်တံခါး၊ ခခရား၊ နောက်သုံးပါးမူ၊ စွမ်းပကားသတ္တိ၊ ရှိသည်မှန်လှ၊ ရခဲစွတည့်၊

ဟု ဆိုထားသည်။ ခါအော်သံနှင့် စပ်လျဉ်း၍

တက်တက်တူခါး ခါး၊ မြီးညှောင့်ခေါင်းရှည်ရှားလှသည့်၊ ခါများတသဲသဲတည့်၊

ဟု ရာမရကန်တွင် ပါရှိသည်။

ရဂုံကြော့သည် မြိုင်ငူ၊ တက်တက်တူရွှေခါပြောက်တွေက၊ ဖော်မစုံ ပင်မြုံအောက်မှာ၊ ကိုင်းလျှောက်တယ်လေး

ဟု တောဖွဲ့တွင် စပ်ဆိုထားသည်။

အနောက်နိုင်ငံများတွင် ငှက်ပစ်ဝါသနာပါသူတို့သည် ခါပစ်ချိန် (ဝါ) ခါပစ်ရာသီဟု သတ်မှတ်ထားသည့် လများ တွင် ခါပစ်ထွက်လေ့ရှိကြသည်။ ဗြိတိန်နိုင်ငံ၊ အင်္ဂလိပ် ဝေါဟာရအားဖြင့် ပါးထရစ်ဟုခေါ်သော ခါကို မြေပိုင်ရှင်ကြီး များ၊ နယ်ရှင်ကြီးများသည် အချိန်ကျလျှင် အပျော်အပါး ပစ်ခတ်ရန် ကျယ်ဝန်းသော ခြံ တောကြီးများကို သတ်သတ် ထားလေ့ ရှိကြ၏။ ဤသို့ အပျော်အပါး ခါပစ်ရခြင်းကို အထက်တန်းစားများ၊ သူဌေးကြီးများသည် အမြတ်တနိုး ဂုဏ်ယူကြလေသည်။

အင်္ဂလန်ပြည်တွင် ခါ နှစ်မျိုးကို တွေ့ရသည်။ အညိုရောင်ရှိသော သာမန်ခါမျိုးနှင့် ပြင်သစ်ခါ သို့မဟုတ် ခြေထောက်နီခါမျိုးတို့ ဖြစ်သည်။ အညိုရောင်ခါသည် ဗြိတိန်ကျွန်း ဇာတိ ဖြစ်သည်။ ရင်အုပ်တွင် သစ်ကျားသီးရောင် ရှိသော မြင်းခွာပုံအမှတ်ရှိသည်။ ကျန်အမွှေးအတောင်များမှာ အညိုရောင်ဖြစ်၍၊ ဦးခေါင်းမှာ သစ်ကျားသီးရောင် ထနေသည်။ မြေကြီး၌ ဝပ်နေသောအခါ ရုတ်တရက် မတွေ့နိုင်ချေ။ ထိုခါမျိုးသည် ဗြိတိန်ကျွန်းတွင် လွန်ခဲ့သောရာစုနှစ်အတွင်း၌ တိုးပွားလာသည်။

ဒုတိယအမျိုးဖြစ်သော ပြင်သစ်ခါကို ဥရောပတိုက်မှ အင်္ဂလန်ပြည်သို့ ၁၈ ရာစုအတွင်း၌ ယူဆောင်လာခဲ့ကြသည်။ ထိုခါမျိုး၏ အရောင်မှာ ဖျော့၍ အလွယ်တကူ မြင်တွေ့နိုင်သည်။ ဦးခေါင်းနှင့် ရင်အုပ်တွင် အမဲမှတ်များရှိ၍၊ လည်ပင်း ပတ်လည်၌ အဖြူရောင်ဝိုင်းလျက်ရှိသည်ကို ထူးခြားစွာတွေ့မြင်နိုင်ပေသည်။ အာဖရိကတိုက်၊ ဥရောပတိုက်မြောက်ပိုင်း၊ အီရန်(ပါးရှား)နိုင်ငံ၊ တိဗက်ပြည်၊ အာရှတိုက်နှင့် တောင်နှင့်မြောက် အမေရိကတိုက်များတွင်လည်း ခါအမျိုးမျိုးရှိကြသည်ကို တွေ့မြင်နိုင်ပေသေးသည်။[]

  1. BirdLife International (2012). "Francolinus pintadeanus". IUCN Red List of Threatened Species 2012. IUCN. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)