ဂဝံပျူမြို့ဟောင်းသည် ဧရာဝတီတိုင်းဒေသကြီးအင်္ဂပူမြို့နယ်၊ ပုသိမ် - မုံရွာကားလမ်းအနောက်ဘက် (၂) မိုင်ခန့်အကွာ တောင်ဇင်းကျေးရွာတွင် တည်ရှိသည်။[]

ဂဝံပျူမြို့ဟောင်းကို ဘီစီ ၆ ရာစုမှ ဘီစီ ၃ ရာစုအတွင်းတွင် ဂဝံကျောက်များဖြင့် တည်ဆောက်ခဲ့ပြီး ဗုဒ္ဓခေတ်နှင့်အသောက ခေတ်တွင်သုံးစွဲခဲ့သော သရေခေတ္တရာရှိ ပျူအက္ခရာနှင့် ဗြဟ္မီအက္ခရာကို မြို့ရိုးပေါ်ရှိ အုတ်ချပ်များ‌ပေါ်တွင်တွေ့ရှိရသည်။ ဂဝံပျူမြို့ဟောင်းတွင် ပျူခေတ်က တည်ဆောက်ခဲ့သော ရေတွင်း၊ ရေကန်၊ မြို့တံတိုင်းများ၊ ပျူခေတ်လက်ရာ စေတီပုထိုးများနှင့် လိုဏ်ဂူများတွေ့ရှိခဲ့သည်။

၂၀၀၉ ခုနှစ်တွင် သမိုင်းသုတေသီ ဦးဘုန်းတင့်ကျော်နှင့် အဖွဲ့က မြို့ဟောင်း၌ တွေ့ရှိရသည့် အက္ခရာများ၊ အုတ်ချပ်၊ ရေတွင်း၊ အုတ်လှေကား၊ စေတီ၊ ဗုဒ္ဓရုပ်ပွားတော်နှင့် နတ်ရုပ်များကို လေ့လာ မှတ်တမ်းတင်ပြီးနောက် လွန်ခဲ့သည့် နှစ်ပေါင်း ၂၃၀၀ ကျော်က ပျူလူမျိုးတို့ တည်ဆောက်ခဲ့သည့် မြို့ဟောင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။[] နေပြည်တော်ရှိ ရှေးဟောင်းသုတေသနဌာန၏ အဆိုအရ မြေပေါ် အထောက်အထားများအရ ပျူမြို့ဖြစ်သည့် အထောက်အထား မတွေ့ရဘဲ နှစ်ပေါင်းရာနှင့်ချီ တည်ရှိခဲ့သည့် ရှေးမြို့ဟောင်းတစ်ခု အဖြစ်သာ ယာယီ သတ်မှတ်ထားသည်ဟု ဆိုသည်။[]

မြို့ဟောင်းမှာ အကျယ်အဝန်း ၈ မိုင်ခန့်ရှိပြီး ရခိုင်ရိုးမကို နောက်ခံထား၍ ပေ ၁၀၀ ကျော်မြင့်သည့် တောင်ကြောပေါ်တွင် တည်ဆောက် ထားခြင်းဖြစ်သည်။ စေတီပုထိုးများ၊ စိမ့်စမ်း ရေတွင်းများ တည်ရှိရာနေရာကို အလယ်ဗဟို ထားကာ ဘယ်ဘက် နှင့် ညာဘက် တောင်ကြောများပေါ်တွင် ဂဝံကျောက်တုံးကြီးများဖြင့် မြို့ရိုးများ တည်ဆောက်ထားသည်။ မြို့အရှေ့ဘက် မျက်နှာစာတွင် ကျယ်ပြန့်သည့် မြေပြန့်လွင်ပြင်နှင့် ကျေးရွာများ တည်ရှိသည်။[]

ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်