ငလွန်းရွာ (အင်္ဂလိပ်: Ngalun)သည် မကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင်ဆောမြို့နယ်ငလွန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၄၆၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ငလွန်းကျေးရွာအုပ်စုတွင် ကျား ၆၃၄ ဦး၊ မ ၇၉၀ ဦး၊ လူဦးရေ စုစုပေါင်း ၁၄၂၄ ဦးနေထိုင်သည်။ <ref>Place codes (Pcodes)Myanmar Information Management Unit (June 2020)။</ref ငလွန်းကျေးရွာသည် ကျောက်ထုမြို့၏ အရှေ့ဘက် နှစ်မိုင်ခန့်အကွာတွင်တည်ရှိသည်။ ကျောက်ထုမြို့မှ ငလွန်းကျေးရွာသို့ မော်တော်ဆိုင်ကယ်ဖြင့် သွားလာနိုင်သည်။ ပခုက္ကူ-မင်းတပ်ကားလမ်းပေါ်၊ သရက်ချဉ်ကျေးရွာ အနီးမှ ယောချောင်းကိုဖြတ်ကာ မော်တော်ကားဖြင့်လည်း သွားရောက်နိုင်ပါသည်။

ငလွန်း
ရွာ
ငလွန်းရွာ
ငလွန်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ငလွန်း
ငလွန်း
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 21°25′47″N 94°09′21″E / 21.4297695159912°N 94.1557006835938°E / 21.4297695159912; 94.1557006835938ကိုဩဒိနိတ်: 21°25′47″N 94°09′21″E / 21.4297695159912°N 94.1557006835938°E / 21.4297695159912; 94.1557006835938
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင်ဂန့်ဂေါခရိုင်
မြို့နယ်ဆောမြို့နယ်
ကျေးရွာအုပ်စုငလွန်း
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ငလွန်းရွာသည် ယောဒသအတွင်းတွင် တည်ရှိ၍ ရွာသူရွာသားတို့သည် စကားပြောဆိုရာတွင် ယောသံ(ရှေးဗမာတို့သုံးသောလေယူလေသိမ်း)ဖြင့် ပြောဆိုကြသည်။ စာရေးသားရာတွင်မူ မြန်မာစာ(‌ဗမာစာ)ကို အသုံးပြုသည်။ ယောလူမျိုးသည် ဗမာလူမျိုး(၉)မျိုးတွင် အပါဝင်ဖြစ်သည်။ထို့ကြောင့် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြပြီး ရိုးရာနတ်ကိုလည်း ယုံကြည်ကြသည်။

ငလွန်းကျေးရွာဟု အမည်တွင်ခြင်းမှာ ရွာတည်ထောင်သူ ဦးလွန် ၏ အမည်နာမကို အစွဲပြု၍ ခေါ်ကြခြင်းဖြစ်သည်။ ဦးလွန်ကို ရှေးဗမာတို့သုံးသည့်အတိုင်း နာမည်ရှေ့တွင် “င” ကို ထည့်ခေါ်၍ “ငလွန်”ဟု သုံးနှုန်းကြသည်။ (ဥပမာ- ဦးကျော်ကို ငကျော်၊ ဦးမြကို ငမြ စသည်ဖြင့်ခေါ်ဝေါ်သည်။) ထို “ငလွန်” မှသည် ကာလကြာသော် “ငလွန်း”ဟု ပြောင်းသွားသည်။

ထို ဦးလွန်ကို ရွာတော်ရှင်နတ်အဖြစ် ရွာသူရွာသားတို့က ယုံကြည်ကြသည်။ လပြည့်၊လကွယ်၊လဆန်း ရက်တို့တွင် ရွာတော်ရှင်ကို ဆေး၊လက်ဖက်၊ဆန်၊ပန်း၊‌အမွှေးတိုင်၊ဖယောင်းတိုင် တို့ဖြင့် ပူဇော်ပသကာ မိသားစုအားစောင့်ရှောက်ရန် တိုင်တည်ကြသည်။

(ငလွန်းရွာ နှင့် ပဆုပ်ရွာ)

ရွာတော်ရှင် မောင်လွန် တွင် ညီမတစ်ယောက်ရှိ၏။ထိုညီမသည် ပဆုပ်ရွာ သားနှင့် အိမ်ထောင်ကျလေသည်။ ထိုအခါ အမွေအဖြစ် အစ်ကိုအားအပိုင်စားမြေတောင်း၏။ အစ်ကိုဖြစ်သူလည်း မိုးလင်းလျှင် ရွာသို့လာရန်၊ နှစ်ယောက်သားဆုံသည့်နေရာအထိ အပိုင်းစားမြေပေးအပ်မည်ဟုဆို၏။ ညီမဖြစ်သူလည်း ဝီရိယကောင်း၍ စောလာလေရာ မောင်လွန် ၏အိမ်လှေကား ရင်းသို့ရောက်၏။ အစ်ကိုအား နှိုးလေရာမောင်လွန်က

"မဖြစ်ချေဘူး  ပြန်လှည့်ချေဦးလော့ အမီ လိုက်ခဲ့မည် "

ဟု ဆိုလေသည်။

ညီမဖြစ်သူလည်း ပြန့်လှည့်လေသည်။ မောင်လွန်လည်း အစေ “ငဝန်”အားခေါ်၍ လိုက်လေ၏။ လိုက်၍မီလေရာ နယ်မြေအများ မပေးလို၍ ညီမဖြစ်သူကို ထမ်း၍ ပြေးရန် ငဝန်အား ခိုင်းလေ၏။ ငဝန်လည်း ထမ်း၍ပြေးလေသည်။ ငါလွန်းမြေနှင့် ပဆုပ်မြေ တစ်ဝက်ခန့် အရောက်တွင် သင့်ချေပြီဟု မှတ်၍ သူကြီးညီမသည် ငဝန်၏ပခုံးအား ကိုက်၏။ ငဝန်လည်း လန့်၍ လဲလေ‌သည်။ ထို‌လဲသောနေရာကို ‌နယ်ခြားအဖြစ်မှတ်၍ အမွေခွဲ၏။ ထို နေရာအား “ငဝန်လဲ” အရပ်ဟုခေါ်ကြလေရာ ယခုတိုင် ခေါ်ကြမြဲဖြစ်သည်။ ထိုနေရာ၌ နယ်ခြားကျောက်တိုင်စိုက်ရန် ကျွဲဖြင့် ကျောက်တိုင်အား သယ်လေသည် ။ “ငဝန်လဲ” နေရာ မရောက်မှီ ကျွဲသေလေ၍ ထိုနေရာ အား “ကျွဲသေကူး”ဟုခေါ်လေ၏။ ထိုကျောက်တိုင်သည် ယခုတိုင်ရှိသည်။

ဦးလွန်အပြင် ပဆုပ်ရွာတော်ရှင်ကိုပါ ပသကြသည်။ ပဆုပ်ရွာသည် ငလွန်းရွာ၏ အရှေ့တောင်ဘက်အရပ်တွင်ရှိသည်။ ခရီးကွာဝေးသောကြောင့် ပဆုပ်ရွာတော်ရှင်ကို ပသရာတွင့် အိမ်ဦးခန်း၏ အရှေ့တောင်ထောင့်တွင် နေရာပြု၍ ဆေး၊ကွမ်း၊လက်ဖက်တို့ဖြင့် ပသကြသည်။ ရွာတော်ရှင်နတ်များအပြင် နယ်တော်ရှင်တို့ကိုပါ ပူဇော်ပသကြရသည်။ ခန်း‌ထိုနတ်ကြီး၊မအိုနတ်ကြီး၊ကမ်းပြိုနတ်ကြီး၊ကျောက်ခရိုင်နတ်ကြီး တို့ကိုလည်း အစဉ်အလာအတိုင်း ပူဇော်ပသရသည်။

ငလွန်းရွာသူရွာသားတို့သည် နတ်ကို ရိုးရာအရကိုးကွယ်သည်သာဖြစ်သည်။ အမှန်ယုံကြည်ကျင့်သုံးကြသည်မှာ ဗုဒ္ဓဓမ္မသာဖြစ်သည်။ ဝါလကင်းလွတ်သီတင်းကျွတ်ရောက်လျှင် နှစ်စဉ်နှစ်တိုင်း ပြုကြမြဲကုသိုလ်အလေ့တစ်ခုရှိပါသည်။ ၎င်းမှာ သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့ညနေတိုင်းတွင် ရွာမှ ကလေးလူကြီးတို့သည် ဆန်၊ငှက်ပျောသီး၊‌ဖ‌ယောင်းတိုင်၊အမွှေးတိုင် တို့ကို ယူဆောင်လျက် သက်ကြီးအိုတို့၏ အိမ်များသို့ တအိမ်ဝင်တအိမ်ထွက်ကာ ဆွမ်းဆန်အဖြစ် ဝေငှပေးလှူကြသည်။ သက်ကြားအိုတို့မှလည်း မေတ္တာလက်ဆောင်အဖြစ် သကြားလုံး၊မုန့်အမျိုးမျိုးတို့ကို ပြန်ပေးကြသည်။ ထိုအခြင်းအရာကိုကြည့်ခြင်းအားဖြင့် ဘုရားရှင်တော် ဟောကြားခဲ့သည့် “ဂါရဝေါစ၊နိဝါတောစ” မင်္ဂလာတရားကို လက်ကိုင်ထားကြကြောင်းတွေ့မြင်နိုင်ပါသည်။

ထို့ပြင် ငလွန်းရွာတွင် နှစ်ရာပေါင်းများစွာက ရှေးဘိုးဘွားတို့တည်ထားခဲ့သော ဘုရားစေတီတို့ တည်ရှိခဲ့သည်။ ထိုဘုရားစေတီတို့သည် နှစ်‌ကာလကြာမြင့်သဖြင့် ပျက်စီးယိုယွင်းကာ ရှေးဘုရားတို့မှ ဌာပနာပစ္စည်းတို့ အခိုးခံခဲ့ရဖူးသည်။ ထိုအခြင်းအရာမျိုး နောက်ထပ်မဖြစ်စေလို၍ အိုဟောင်းပျက်စီးနေသော ဘုရားစေတီတို့ကို ရိုးရာအစဉ်အလာအတိုင်း တူးဖော်ကြကာ စေတီအသစ်ပြန်လည် တည်ကြ၍ ရှေးဌာပနာတို့ကိုလည်း မပျောက်မပျက်ပြန်လည် ထည့်သွင်းကြသည်။ ခေတ်လူတို့မှလည်း ဌာပနာအသစ်တို့ကိုထည့်သွင်း၍ ပူဇော်ကြသည်။ စေတီအသစ်ကို “အောင်တော်မူခုနစ်ဆူဓာတ်တော်ပေါင်းစု စေတီတော်”ဟု ခေါ်သမုတ်ခဲ့ကြသည်။ဘုရားတည်ပြီး၍ အနေကဇာတင်ခဲ့စဉ်က ရှေးဘိုးဘွားတို့အားလည်းကောင်း၊ဝေနယျသတ္တဝါအပေါင်းတို့အားလည်းကောင်း ဆုတောင်းအမျှပေးဝေခဲ့ကြသည်။

ယခုတွင် အောင်တော်မူစေတီကို ယောချောင်းနံဘေး၊ ငလွန်းရွာ အရှေ့ တွင် ရွာဦးစေတီ အဖြစ် ဖူးမျှော်နိုင်ပါသည်။

ရွာဦးဘုန်းတော်ကြီးကျောင်းသည် ယခင်က ဝါးကျောင်းဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၃၅ခု၊ ခရစ်နှစ် ၁၉၇၃ ခုနှစ်တွင် သစ်ကျောင်း၊သွပ်မိုးအဖြစ် ဆောက်လုပ်လှုဒါန်းခဲ့ကြသည်။ ထိုအချိန်က ကျောင်းဆောက်လုပ်ခသည် ကျပ်၂၅၀၀ သာဖြစ်သည်။ ကျောင်းတိုင်ကြီးများသည် လူတဖက်စာအရွယ်ရှိသည်။ ယင်းတိုင်မျိုး‌ အလုံး(၈၀)ဖြင့် တည်ဆောက်ထားသည်။ တိုင်တစ်လုံးတန်ဖိုးမှာလည်း ကျပ်(၆၀)၊(၈၀) မျှသာရှိသည်။ ယင်းတိုင်မျိုးများသည် ယခုအချိန်တွင် ရှားပါသွားပြီဖြစ်သည်။ ကျောင်းသစ်ကြီးသည် ရေနံချီးနက်နက်ဖြင့် တင့်တယ်လျက် နှစ်ပေါင်း (၄၀)ကျော်တိုင်အောင် ဝင့်ထည်စွာတည်ရှိခဲ့ပြီးဖြစ်သည်။ တိုင်တန်ဖိုး၊ဆောက်လုပ်ခတန်ဖိုးတို့ကို ကြည့်ခြင်းအားဖြင့် မြန်မာ့ငွေကြေးဖောင်းပွလာမှုကို ရှုမြင်နိုင်သည်။

‌ငလွန်းရွာ တွင် ရွာအနောက်ဖက် ချည်‌ချောင်းကိုဖြတ်လျက် ကြိုးတံတားတစ်စင်း တည်ရှိ၍ ကျောက်ထုမြို့နှင့် ဆက်သွားထားသည်။ အရှေ့ဖက်တွင် ယောချောင်းကိုဖြတ်လျက် ကြိုးတံတားတစင်း တည်ဆောက်၍ မင်းတပ်-ပခုက္ကူကားလမ်း (သရက်ချဉ်ကျေးရွာအနီး မင်းလယ်တောလယ်မြေ)နှင့် ဆက်သွယ်ထားသည်။ ထို့ကြောင့် ကူးသန်းသွားလာရေးလွယ်ကူသည်။

မိုးရာသီတွင် စပါးကို အဓိကစိုက်ပျိုးကြ၍ ဆောင်းသီးနှံအဖြစ် မြေပဲ၊ကြက်သွန်ဖြူ၊ကြက်သွန်နီ တို့ကို စိုက်ပျိုးကြသည်။ စိုက်ပျိုးရေကို ဆည်မြောင်းများမှရသည်။ ငလွန်းရွာ၏ အဓိကအားကိုးရသော မြောင်းများမှာ ယောမြောင်း‌ကြီး၊မင်းလယ်တောမြောင်း၊တောင်မြောင်းနှင့် စက်ရေမောင်းမြောင်းတို့ဖြစ်သည်။ အဆိုပါမြောင်းများကို ချည်ချောင်းကို ဆည်ခတ်၍ သွယ်ယူရသည်။

“ရှဉ့်ပြေးမြေနှင့် ကျောက်ပစ်မြေ”

တစ်ယောက်သော သူကြီးလက်ထက်တွင် မိငြိမ်းဟူသော ညီမတစ်ယောက်ရှိ၏။ မိငြိမ်းသည် အိမ်တွင် အစေထားသော သူနှင့် နှစ်သက်မိ၍ ခိုးရာ လိုက်လေ၏။ မိငြိမ်းသည် အစ်ကို ဖြစ်သူကို ကြောက်၍ ရွာတောင်ဖက်ကုန်းတွင်ပုန်း၍ နေ၏။ အစ်ကိုဖြစ်သူလည်း စိတ်ပြေရာ ညီမအားခေါ်၍ လက်ဖွဲ့ပေး၏။ ညီမလည်း သူ့အား အပိုင်စားမြေပေးရန် တောင်း၏။ ထိုအခါ ယောက်ဖ ဖြစ်သူအား ရှဉ့်တစ်ကောင်ဖမ်းခိုင်း၏။ ထိုရှဉ့်အား ကြိုးချည်၍ လွှတ်ကာ လိုက်စေ၏။ မိငြိမ်းပုန်းနေရာမှ လွှတ်လိုက်၍ ရပ်သော နေရာထိ အပိုင်စားပေးလေ၏။ ထိုရှဥ့်တစ်‌ေပြးမြေနေရာအား ရှဉ့်ပြေးမြေဟုခေါ်လေသည်။ မိငြိမ်းပုန်းရာ ကုန်းအား မိငြိမ်း‌ပုန်းေတာင်ကုန်း ဟု ခေါ် လေ၏။

မိငြိမ်းလည်း နယ်ကျဉ်းသေးသည်ဟု ဆိုရာ အစ်ကို ဖြစ်သူလည်း ယောက်ဖအားခေါ်၍ ပေထုံ ဖြင့် ခဲပစ်ခိုင်း၏။ (ပေထုံဟူသည် ပေရွက်ကို ခဲထည့်ပစ်ရန်လုပ်ထားသည့် အရာ ဖြစ်သည်။) ကျောက်ခဲပစ်၍ ကျသည့်နေရာထိ အပိုင်းစားပေးလေသည်။ ထိုနေရာ၌ ရွာတည်နေလေရာ ကျောက်ပစ်ရွာဟု တွင်၏။ နောင်တွင် ရွာငယ်၍ ချင်းတို့၏ ရန်ကိုကြောက်သောကြောင့် ‌ယခု ကျောက်ပျဉ်းရွာ နေရာသို့ ပြောင်းရွှေ့နေထိုင်ကြလေသည်။ ရှဉ့်ပြေးမြေနှင့် ကျောက်ပစ်မြေတို့တွင် ယောမြောင်းကြီးအား အမီပြု၍ စိုက်ပျိုးရေးလုပ်ကိုင်ကြသည်။

(‌ထိုခေတ်အခါက ယောတို့နှင့် ချင်းတို့သည် မသင့်မြတ်ကြပေ။ ချင်းတို့သည် စွန်တောင်ရိုးမှ ဆင်းလာ၍ ယောတို့အား ဖမ်းခေါ်ကြသည်ဆို၏။ ယောတို့သည် ကြက်ဝက် ၊ စောင် ၊ ချည်ထည်၊ ဆား ၊ငွေ တို့ဖြင့် ပြန်ရွေးရကြောင်း အဆိုရှိသည်။ချင်းတိုင်းရင်းသားတို့အား ထိခိုက်လိုခြင်းမရှိပါ။ သမိုင်းမှတ်တမ်းများတွင် ချင်း နှင့် ယော ပြဿနာသည် အမှန်အကန်တည်ရှိပါသည်။)

ဦးဖိုးစိုနှင့် ကင်ပွန်းတပ်မြေ

သူကြီးဦးဖိုးစိုလက်ထက်တွင် ပြဿနာတစ်ခုပေါ်ပေါက်၏။ ၎င်းမှာ တောခလွန်နယ် ၊ ဂုံဘိုနယ် နှင့် ငါလွန်းနယ်တို့ဆုံရာ ချီချောင်း နံဘေးတွင် အင်းကြီးတစ်ခုရှိ၏။ ထို အင်းတွင် ဆင်များမွေးထား၏။ (ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ်တွင် ယောတို့၏ ဆင် ကဏ္ဍ သည် အလွန်အရေးပါသည်။ ကုန်းဘောင်ခေတ်တွင် စစ်တပ် အတွက် ဆင်များဖမ်း၍ ဘုရင့်ထံ ဆက်သရပြီး ကိုလိုနီခေတ်တွင် သစ်ထုတ်လုပ်ရေးအတွက် ဆင်များသည် အလွန်အရေးပါသည်။)

ထိုအင်းရှိ ဆင်ကို ကင်းပွန်တပ်ခြင်း(အမည်ပေးခြင်း)ပြုရန် ဆင်ဝန် က ရွာသူကြီးသုံးဦးအား ခိုင်းလေသည်။ တောခလွန်သူကြီး နှင့် ဂုံဘိုသူကြီးတို့သည် ဖယ်ကြဉ်သောကြောင့် ငလွန်းသူကြီး ဦးဖိုးစိုက ဆင်ကင်ပွန်းတပ်ရလေသည်။ ဆင်ကင်ပွန်းတပ်လေရာ ငွေခြောက်ကျပ်ကုန်သည်ဆို၏။ ထိုခေတ်ငွေခြောက်ကျပ်သည် တန်ဖိုးများသည်။ ထို့ကြောင့် ဆင်ဝန်လည်း အင်းကြီးကို ဦးဖိုးစို အား အပိုင်းစားပေးလေ၏။ ထိုမြေနေရာကို ကင်းပွန်းတပ် ယောအသံဖြင့် “ဂဗွန်းဒိုက်” ဟု ခေါ်သည်။ ယခုအချိန်ထိ ထိုမြေနေရာ သည် “တောခလွန်ရွာ” အောက်ဖက်အနီးတွင်ရှိသော်လည်း လယ်လုပ်သူများသည် ငလွန်းသားများဖြစ်ကြသည်။ ထိုအချိန်က ကျောက်ထု ‌သည် ရွာငယ်မျှသာရှိသေးသည်။

ဦးဖြိုးသာ နှင့် တောင်မြောင်းကြီး

ဦးဖိုးစို ၏ မျိုးဆက် ဦးဖြိုးသာလက်ထက် တွင် ဦးဖြိုးသာက လယ်ယာစိုက်ရာတွင်လွယ်ကူစေရန် မြန်မာသက္ကရာဇ် ၁၂၇၀ တွင် မြောင်းဖောက်လေသည်။ ချီချောင်းရေကို “ကျောက်ပျဉ်းရွာ” အနီး မှ စတင် ယူ၍ “ငလွန်းရွာ”တောင်ဖက်မှ ‌စီးစေကာ ကျောက်မြရွာ အနီးတွင် ယောချောင်း အတွင်းသို့ စီးဝင်စေသည်။ ထိုအချိန်မှစ၍ ”ကျောက်မြရွာ” သို့ တောင်သား တချို့ ပြောင်းရွှေ့သွားပြီး လယ်လုပ်သူများနှင့် စည်ကားလာသည် ဆိုသည်။ ထိုမြောင်းကြီးသည် 

ရွာတောင်ဖက်တွင်ရှိသောကြောင့် ”တောင်မြောင်းကြီး”ဟုခေါ်၏။ ‌ထိုမြောင်းမှ ရေကိုသွယ်ယူ၍ ရွာအနီးရှိ လယ်မြေများအတွက် စိုက်ပျိုးရေကိုလည်းကောင်း သုံးရေကို ချိုးရေကိုလည်း ရလေသည်။ ယခုအချိန်တွင် သူကြီးဦးဖြိုးသာဖောက်ခဲ့သော တောင်မြောင်းကြီးသည် နှစ်ပေါင်း (၁၀၀) ကျော်ပြီဖြစ်သည်။

ထို့ကြောင့် ငလွန်းရွာသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ရွာဖြစ်သည်။ လယ်မြေများသည် မင်းလယ်တော မြေ၊ ရှဉ့်ပြေးမြေ၊ ကျောက်ပစ်မြေနှင့် ကင်ပွန်းတပ်မြေတို့တွင် ရှိသည်။

မင်းလယ်တောမြေသည် ပန်းဆန်ရွာအနီးမှ ယောချောင်းရေကိုသွယ်ယူသော မင်းလယ်တောမြောင်းကို အမီပြုသည်။ ရွာပတ်လည်ရှိ လယ်မြေများသည် တောင်မြောင်းကြီး ရေကို အမှီပြု သည်။

ရှဉ့်ပြေး ၊ကျောက်ပစ်မြေ နှင့် ကင်ပွန်းတိုက်မြေတို့သည် ယောမြောင်းကြီးအား အမီပြုသည်။

ရွာ၏ ရေလျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် မြောင်းတစ်ခုတူးထားပြီး စက်ရေမောင်းမြောင်းဟု ခေါ်သည်။

ထို့ကြောင့် ငလွန်း ရွာသည် ယောချောင်း၊ချီချောင်းရေကို အမှီပြု စိုက်ပျိုးရေးလုပ်ကိုင်သော ရွာဖြစ်သည်။ယောချောင်းရေကို သုံး၍ ယောချောင်းငါးကိုစားကာ ကြီးကြသော သူများဖြစ်ကြသည်။

ငလွန်းရွာသည် ကျောက်ထုဒေသတစ်ဝိုက်တွင် စပါးအထွက်နှုန်း ‌အကောင်းဆုံးရွာတရွာဖြစ်သည်။