ဇော်ဂျီ (စာရေးဆရာ)
ဇော်ဂျီ (၁၂ ဧပြီ ၁၉၀၇ – ၂၆ စက်တင်ဘာ ၁၉၉၀) သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ ကဗျာဆရာ၊ ဂုဏ်ထူးဆောင် မြန်မာစာပါမောက္ခ တစ်ဦးဖြစ်သည်။ မြန်မာစာပေ၏ ထင်ရှားသော စာပေလှုပ်ရှားမှုတစ်ရပ်ဖြစ်သည့် ခေတ်စမ်းစာပေ လှုပ်ရှားမှုကို သိပ္ပံမောင်ဝ၊ နွယ်စိုး၊ မင်းသုဝဏ် တို့နှင့်အတူ ဦးဆောင်ခဲ့သူလည်းဖြစ်သည်။[၁] ဆရာဇော်ဂျီသည် ကဗျာ၊ ဝတ္ထု၊ ပြဇာတ်၊ ရသစာတမ်း၊ ယဉ်ကျေးမှု၊ အနုပညာနှင့် စာပေဆိုင်ရာဆောင်းပါးများ၊ဘာသာပြန် စသော စာပေများကို ရေးသားခဲ့သည်။ သူ၏ ပထမဆုံး ခေတ်စမ်းကဗျာ ပိတောက်ပန်း ကို ဟံသာ့ကြေးမုံ လက်ကမ်းစာစောင်တွင် စတင်ဖော်ပြခဲ့သည်။[၂]
ဝဏ္ဏကျော်ထင်၊ သီရိပျံချီ ဇော်ဂျီ | |
---|---|
မွေးဖွား | ဦးသိန်းဟန် ၁၂ ဧပြီ၊ ၁၉၀၇ ဖျာပုံမြို့၊ ဧရာဝတီတိုင်း၊ ဗြိတိသျှဘားမား |
ကွယ်လွန် | ၂၆ စက်တင်ဘာ၊ ၁၉၉၀ | (အသက် ၈၃)
အလုပ်အကိုင် | စာရေးဆရာ၊ ကဗျာဆရာ |
နိုင်ငံလူမျိုး | မြန်မာ |
မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် ဒဘလင်တက္ကသိုလ် |
စာပေလှုပ်ရှားမှု | ခေတ်စမ်းစာပေ |
ရရှိသည့်ဆုများ |
|
အိမ်ထောင်ဖက် | ဒေါ်စောရင် |
သားသမီး | ခင်မျိုးဟန် ခင်လှဟန် ခင်အုန်းဟန် |
မိဘ | ဦးယော၊ ဒေါ်စိန်ညွန့် |
လက်မှတ် |
သူ၏ ထင်ရှားသော လက်ရာများတွင် ပြင်သစ်စာရေးဆရာ မောလျဲ၏ Le bourgeois gentilhomme ပြဇာတ်ကို မှီငြမ်းထားသည့် မဟာဆန်ချင်သူ ပြဇာတ်ဖြစ်ပြီး ၁၉၃၄ ခုနှစ်တွင် တင်ဆက်ခဲ့သည်။[၃] သူ၏ ထင်ရှားသည့် ကဗျာ "ဗေဒါလမ်း"ကို ၁၉၆၃ ခုနှစ်တွင် ဖြန့်ချိခဲ့သည်။[၁]
ငယ်ဘဝ
ပြင်ဆင်ရန်ဧရာဝတီတိုင်း၊ ဖျာပုံမြို့ဇာတိဖြစ်၍ အဖဦးယော၊ အမိဒေါ်စိန်ညွန့်တို့မှ ၁၉၀၇-ခုနှစ်၊ ဧပြီလ ၁၂ရက်၊ သောကြာနေ့တွင် ဖွားမြင်သည်။ မွေးချင်းကိုးယောက်အနက် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ ဦးသိန်းဟန် ဖြစ်သည်။
ဆရာဇော်ဂျီသည် ငယ်စဉ်က ဖျာပုံမြို့ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ဆရာဇော်ဂျီတို့အိမ်တွင် လူကြီးများစုဝေးကာ စာအကြောင်း၊ ပေအကြောင်း ပြောကြသောကြောင့် ဆရာဇော်ဂျီသည် ငယ်စဉ်ကလေးဘဝကပင် မြန်မာမှု၊ မြန်မာစာပေတို့နှင့် အကျွမ်းတဝင် ရင်းနှီးခဲ့သည်။
ပညာရေး
ပြင်ဆင်ရန်ထို့နောက် ဖျာပုံမြို့ရှိ အင်္ဂလိပ်မြန်မာ အစိုးရအထက်တန်းကျောင်းတွင် သတ္တမတန်းအထိ ပညာသင်ကြားခဲ့သည်။ သတ္တမတန်းအရောက်တွင် ၁၉၂ဝ ပြည့် ပထမကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။ အမျိုးသားကျောင်းများ မြန်မာပြည် အနှံ့ပေါ်ပေါက် လာသောအခါ ဆရာဇော်ဂျီသည် ဖျာပုံမြို့၊ အမျိုးသားကျောင်းသို့ ပြောင်းရွှေ့ ပညာဆည်းပူးခဲ့သည်။ ရန်ကုန်မြို့၊ မြို့မ အထက်တန်းကျောင်းသို့ ပြောင်း၍ ၁၁ ဆင့် အောင်သည်အထိ ပညာဆည်းပူးခဲ့သည်။ ထိုစဉ်က ကျောင်းအုပ်ဆရာကြီးမှာ ဦးဘလွင် ဖြစ်သည်။
၁၉၂၄ တွင် ရန်ကုန်မြို့၊ မြို့မ အထက်တန်းကျောင်း( မြို့မအမျိုးသား အထက်တန်းကျောင်း)တို့တွင် ပညာ သင်ကြားခဲ့သည်။ မြို့မကျောင်းသား ဘဝတွင် ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၂၄ တွင် ဆာဂျေအေ မောင်ကြီး၏ သစ္စာဝါဒီသတင်းစာက ကြီးမှူးပြီး ကဗျာဘာသာပြန် ပြိုင်ပွဲ ကျင်းပခဲ့သည်။ မြန်မာဘာသာသို့ ပြန်ဆိုရမည့် ကဗျာမှာ အင်္ဂလိပ် ကဗျာဆရာ ဟင်နရီဝေါတန် (Henry Wotton) ၏ The Character of a Happy Life အမည်ရှိ ကဗျာ ဖြစ်သည်။ ဆရာဇော်ဂျီသည် ကဗျာ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရာ ပထမဆု ရရှိခဲ့သည်။ ဆာဂျေအေမောင်ကြီးက ရွှေဒင်္ဂါး ၅ ပြား ဆုချခဲ့သည်။ ၁၉၂၅ တွင် ဆရာ ဇော်ဂျီသည် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားခဲ့သည်။ တက္ကသိုလ်သို့ ရောက်သောအခါ ရှေးဟောင်း မြန်မာ့စာပေကို စနစ်တကျ လေ့လာခွင့် ရသကဲ့သို့ တစ်ဖက်တွင်လည်း ကမ္ဘာ့စာပေများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လိုက်စားနိုင်ခဲ့သည်။ အင်္ဂလိပ်ကဗျာများကို ဖတ်ပြီး ကဗျာသစ်ကို စမ်းသပ် ရေးဖွဲ့ချင်စိတ် ပေါက်လာသည်။ ၁၉၂၈ တွင် ဆရာဇော်ဂျီသည် သူ၏ နာမည်ကျော် ပိတောက်ပန်း ကဗျာကို ရေးဖွဲ့ခဲ့သည်။
ခေတ်စမ်းစာပေ
ပြင်ဆင်ရန်ဆရာဇော်ဂျီသည် တက္ကသိုလ်ကျောင်းသားဘဝတွင် သူကဲ့သို့ ဝါသနာတူ သူငယ်ချင်း ဆရာမင်းသုဝဏ်နှင့် တွဲမိသွားသည်။ သူတို့နှစ်ဦးသည် ရှေးဟောင်းကဗျာများမှ တွေးပုံတွေးနည်း၊ ရေးပုံရေးနည်းများကို လမ်းသစ်ခွဲထွက်ကြသည်။ မိမိ ခံစားရသော အမြင်ကိုသာ အလှပဆုံး၊ အထိမိဆုံး ရေးဖွဲ့ ကြသည်။ ထိုကဗျာများကို တက္ကသိုလ်မဂ္ဂဇင်း၊ ဂန္တလောကမဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်းများတွင် ရေးသားကြသည်။
၁၉၃၄ တွင်ဆရာကြီး ဦးဖေမောင်တင် က ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်နှင့် တက္ကသိုလ် ပုရဝဏ်အတွင်း ရေးသားနေကြသော ကဗျာများကို စုစည်းထုတ်ဝေရာမှ ‘ခေတ်စမ်းကဗျာ’ ဟု အမည်တွင်လာသည်။ ဆရာဇော်ဂျီသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝတွင် တက္ကသိုလ်ပုရဝဏ်ထဲမှ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာပွား၊ ပါမောက္ခလုစ်၊ ပါမောက္ခဂုဒ်တို့ထံမှ အင်္ဂလိပ်စာပေ၊ မြန်မာစာပေတို့ကို လေ့လာဆည်းပူးခွင့် ရခဲ့သည်။ ၎င်းအပြင် ပြင်ပစာပေလောကမှလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ အမျိုးသားပညာဝန်ဦးဖိုးကျား၊ ဒီးဒုတ်ဦးဘချို တို့ထံမှ ပြင်ပစာပေဗဟုသုတများကို ကြားနာခွင့်ရသည်။ ဆရာဇော်ဂျီသည် မိမိထက် အတန်းကြီးသော သိပ္ပံမောင်ဝထံမှ အက်ဆေး သဘောတရားများ၊ ဗဟုသုတများ ရရှိခဲ့ပြီး မိမိထက် ငယ်သော ဆရာမင်းသုဝဏ်နှင့်လည်း ကဗျာရေးဖော်ရေးဖက် ဖြစ်လာသည်။
ဆရာဇော်ဂျီသည် ၁၉၂၉-၃ဝ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရခဲ့သည်။ ဆရာဇော်ဂျီသည် မိမိ ပညာဆည်းပူးခဲ့ရာ ရန်ကုန်မြို့၊ မြို့မ အထက်တန်းကျောင်းတွင် အထက်တန်းပြဆရာအဖြစ် ၁၉၃၁ ခုနှစ်မှ ၁၉၃၄ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းဆရာလုပ်နေစဉ်မှာပင် ဖျာပုံမြို့၌ ၁၉၃၁ ဇန်နဝါရီလမှစ၍ ထုတ်ဝေခဲ့သော 'မြန်မာ့အာဇာနည်' ဂျာနယ်တွင် ဆရာဇော်ဂျီသည် အယ်ဒီတာအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။ သို့သော်လည်း ဂျာနယ် (၇)စောင်မျှသာ ရေးသားထုတ်ဝေနိုင်ခဲ့ပြီး ဖြန့်ချိမှု အခက်အခဲကြောင့် ရပ်ဆိုင်းခဲ့ရသည်။ မြို့မကျောင်း ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဆရာဇော်ဂျီသည် ဝိုင်အမ်ဘီအေ အသင်းကြီးက ကြီးမှူးကျင်းပသော ဟောပြောပွဲတွင် အင်္ဂလိပ်ဘာသာဖြင့် စာပေဝေဖန်ရေး စာတမ်းတစ်စောင် ဖတ်ကြားတင်သွင်းခဲ့သည်။ စာဆိုဝန်ကြီးပဒေသရာဇာနှင့် စိန္တကျော်သူ ဦးဩ တို့အကြောင်း ဖြစ်သည်။ စာတမ်းအမည်မှာ Eighteenth Century Poets in Burma ဖြစ်သည်။
စာတမ်း တင်သွင်းသော ခုနှစ်မှာ ၁၉၃၂ ခု ဩဂုတ်လ ၂၈ ရက် ဖြစ်သည်။ သဘာပတိမှာ ဆရာကြီး ဦးလူဖေဝင်း ဖြစ်သည်။ ထိုစာတမ်းကို ရန်ကုန်တိုင်းမ် (Rangoon Time) အင်္ဂလိပ်ဘာသာ သတင်းစာတွင် ထည့်သွင်း ဖော်ပြခဲ့သည်။ ထိုစာတမ်းကို ဖတ်မိသော ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာပါမောက္ခရုခ်က အလွန် နှစ်သက်သဘောကျ၍ ဆရာဇော်ဂျီကို ခေါ်ယူကာ မဟာဝိဇ္ဇာတန်းတက်ရန် တိုက်တွန်းခဲ့လေသည်။ သို့ဖြင့် ဆရာဇော်ဂျီသည် ၁၉၃၄ ခုနှစ်တွင် မြို့မကျောင်းမှထွက်၍ မဟာဝိဇ္ဇာတန်းတွင် အင်္ဂလိပ်စာပေနှင့် မြန်မာစာပေ နှစ်ဘာသာ (Double Literature) ယူကာ ၁၉၃၆ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ ရခဲ့သည်။
လုပ်ငန်းခွင်
ပြင်ဆင်ရန်၁၉၃၈ ခုနှစ် အထိ မန္တလေး ဥပစာကောလိပ်တွင် မြန်မာစာနည်းပြ အဖြစ် ဆောင်ရွက်သည်။ ၁၉၃၆-၄ဝ ပြည်နှစ် များတွင် အင်္ဂလန်နိုင်ငံ ဒဗ်ဗလင် တက္ကသိုလ်များတွင် စာကြည့်တိုက်ပညာ သင်ကြား၍ ဒီပလိုမာဘွဲ့ ရရှိသည်။[၂][၄] ၁၉၄၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး တာဝန် ထမ်းဆောင်သည်။ ၁၉၄၁-ခုနှစ်တွင် ရန်ကုန် မြို့မကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်စောရင် (ဘီအေ- ဘီအီးဒီ) ကြီးကြီးစော(စာရေးဆရာမ)နှင့် လက်ထပ်ခဲ့သည်။
၁၉၄၂ ခုနှစ် ဒုတိယ ကမ္ဘာစစ် အတွင်း မြန်မာ အစိုးရ၏ ပညာရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးဝန် (စာပေနှင့် စာကြည့်တိုက် ဌာန) တာဝန် ထမ်းဆောင်ပြီး ၁၉၄၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၄၇-၄၈ ခုနှစ် များ၌ တိုင်းပြု ပြည်ပြု လွှတ်တော်ရုံးနှင့် ရွေးကောက်ပွဲကော်မရှင်ရုံး အထူးအရာရှိနှင့် အခြေခံဥပဒေ အချောကိုင်ကော်မတီ အဖွဲ့ဝင် တာဝန်ထမ်းဆောင် ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသည်။[၂][၄]
၁၉၅၁-၅၇ ခုနှစ် များ၌ ကျောင်းသုံးစာအုပ် ပြုစုရေး (ထုတ်လုပ်ရေး) ညွှန်ကြားရေးဝန် တာဝန်နှင့် ၁၉၅၉ ခုနှစ်၌ မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၅၁ တွင် ဆရာ ဇော်ဂျီသည် အစိုးရပညာရေး မစ်ရှင်အဖွဲ့ နှင့်အတူ အင်္ဂလန်၊ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ နိုင်ငံများသို့ သွားရောက် လေ့လာခဲ့သည်။ ထို့နောက် စာကြည့်တိုက်မှူးအဖြစ် ပြန်လည်ထမ်းရွက်သည်။ ၁၉၅၅ တွင် ထိုင်းနိုင်ငံ၊ ၁၉၆၁ တွင် တရုတ်နိုင်ငံ များသို့ ရန်ကုန်တက္ကသိုလ် ချစ်ကြည်ရေးအဖွဲ့နှင့် အတူ သွားရောက်ခဲ့သည်။
၁၉၆၁ ခုနှစ်တွင် ဂုဏ်ထူးဆောင် မြန်မာစာပါမောက္ခ အဖြစ်နှင့် သီရိပျံချီဘွဲ့ ရရှိသည်။
၁၉၆၅ - ၇၅ ခုနှစ် များတွင်ပညာရပ် ဝေါဟာရ ကော်မတီဥက္ကဋ္ဌနှင့် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၆၇ ခုနှစ်၌ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူးအဖြစ်မှ အငြိမ်းစား ယူပြီး ပညာရေး အထူး အရာရှိ (၁)၊ မြန်မာနိုင်ငံ သုတေသနအသင်း ဥက္ကဋ္ဌ တာဝန် များကို ထမ်းရွက်ခဲ့ပြီး၊ ၁၉၇၆ ခုနှစ်တွင် နိုင်ငံသမိုင်း သုတေသန ဦးစီးဌာန အကြံပေးပုဂ္ဂိုလ် အဖြစ်ပါ တာဝန်ယူခဲ့သည်။
ဆရာ ဇော်ဂျီသည် သခင်ကိုယ်တော်မှိုင်းဋီကာ စာအုပ်ဖြင့် ၁၉၅၅ ခုနှစ် အတွက် စာပေဗိမာန် စာပဒေသာ ဆု၊ နင်လားဟဲ့ ချစ်ဒုက္ခနှင့် အခြား ဝတ္ထုတိုများ စာအုပ်ဖြင့် ၁၉၇၉ ခုနှစ် အတွက် အမျိုးသား စာပေဆု (ဘာသာပြန် စာပေ)၊ ရှေးခေတ်ပုဂံ ကဗျာများနှင့် အခြားကဗျာများ စာအုပ်ဖြင့် ၁၉၈၇ ခုနှစ်အတွက် အမျိုးသားစာပေဆု (ကဗျာဆု) တို့ကို ရရှိ ခဲ့သည်။[၂]
၁၉၇၆ ခုနှစ်တွင် စာရေးဆရာခင်ဇော်နှင့်အတူ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ကာ ရာမာယဏအကြောင်း စာတမ်းကို ဖတ်ကြားခဲ့သည်။[၂][၄][၅]
ဆရာတက်တိုးက ဆရာဇော်ဂျီကို ဒဿနစာဆို (Philosopher Poet) ဟူ၍ လည်းကောင်း၊ ဆရာမင်းသုဝဏ်ကို သုတေသီစာဆို (Scholar Poet) ဟူ၍ လည်းကောင်း ဆိုမိန့်ဖူးသည်။
မိသားစု
ပြင်ဆင်ရန်ဆရာဇော်ဂျီသည် အသက် (၈၃) နှစ် အရွယ် ၁၉၉ဝ ပြည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် နေထိုင်ရာ ရန်ကုန်မြို့ ဗဟန်း မြို့နယ် ကမ္ဘောဇလမ်း အမှတ် (၁ဝ-က) နေအိမ်တွင် ကွယ်လွန် ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စောရင်၊ သမီးများဖြစ်သော ဒေါက်တာခင်မျိုးဟန်၊ ဒေါက်တာခင်လှဟန်နှင့် ဒေါက်တာခင်အုန်းဟန်တို့ ကျန်ရစ်သည်။ ဆရာဇော်ဂျီ၏ မိသားစု၊ တပည့်များနှင့် လုပ်ဖော်ကိုင်ဖက်များက "ဇော်ဂျီဆု" နှင့် "ဂန္ဓလောကသိင်္ခဟဆု" တို့ကို စာကြည့်တိုက်နှင့် အချက်အလက်ပညာ ထူးချွန်သော ဒီပလိုမာနှင့် မာစတာကျောင်းသားများကို ချီးမြှင့်လေ့ရှိသည်။[၂][၆]
ရေးသား ထုတ်ဝေခဲ့သည် စာအုပ်များ
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Anna J. Allott Ed. (1988)။ Far Eastern Literatures in the 20th. Century – Burmese Literature။ England: Oldcastle Books။ p. 2။
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ Saya Zawgyi (U Thein Han: a biography)။ 2006-08-22 တွင် ပြန်စစ်ပြီး။
- ↑ Maung Swan Yi (2002)။ "Chewing the West": The Development of Modern Burmese Literature under the Influence of Western Literature။ 2008-04-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-08-22 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ ၄.၂ Dr. Khin Maung Nyunt (November 1999)။ Honouring a National Literati။ Perspective။ 2006-08-22 တွင် ပြန်စစ်ပြီး။
- ↑ Ramayana in Myanmar's Heart။ 2006-10-29 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-08-22 တွင် ပြန်စစ်ပြီး။
- ↑ Yin Min Tun (21–27 February 2005)၊ "Library Course Student Sweeps Annual Prizes"၊ Myanmar Times၊ 13 (255)၊ 2006-08-22 တွင် ပြန်စစ်ပြီး.
- ↑ ဖိုးအောင်လေး (စာပေဗိမာန် စာမူဆုရ) (ဧပြီ ၂၀၀၇). "ဆရာ ဇော်ဂျီနဲ့ ပတ်သက်တဲ့ ငုပ်ကွယ် နေတဲ့ အချက် တစ်ချက်". မဟေသီ မဂ္ဂဇင်း အမှတ် ၂၆၈.
ပြင်ပစာမျက်နှာများ
ပြင်ဆင်ရန်- Sittathukha linkar in Burmese, Zawgyi
- Maha Sanchinthu radio drama BBC Burmese, Retrieved 2006-10-17
- Padauk pan in Burmese, Zawgyi, The University College Magazine, March 1928
- Pahn pan lyet pè (The Hyacinth's Way) in Burmese, Zawgyi, The Owei University Magazine, 1960
- A Study of the Rise of the Burmese Novel Zawgyi, Journal of the Burma Research Society, June 1968
- His Spouse Archived 18 December 2008 at the Wayback Machine. a short story by Zawgyi 1937 inc. audio
- Now as the Padauk (For Zawgyi) Archived 13 March 2007 at the Wayback Machine. Win Pe
- Interview and Poetry of U Tin Moe Archived 30 September 2008 at the Wayback Machine. Radio Free Asia, September 2000