ပထမတောင်ငူ အင်ပါယာ သို့မဟုတ် တောင်ငူမင်းဆက် သို့မဟုတ် တောင်ငူ-ဟံသာဝတီခေတ်သည် မြန်မာတို့၏ အထွတ်အထိပ်ရောက်သည့် ကာလများအနက်မှ တစ်ခုဖြစ်သည်။အရှေ့တောင်အာရှ၏ တစ်ခုတည်းသောအကြီးဆုံးအင်ပါယာလည်းဖြစ်၏။ ပုဂံပျက်သုဉ်းပြီးချိန်မှ စကာ အင်းဝကိုဗဟိုပြုနေသည့် ဗမာတို့အတွက် အောက်ပြည်အရပ်မှ မွန်တို့၏ရန်စစ်၊မြောက်ဘက်မှ တစ်စတစ်စအင်အားကြီးလာသည့် ရှမ်းစော်ဘွားတို့၏ရန်စစ်သာမက မြန်မာနိုင်ငံတဝန်းလုံး တစ်နယ်တစ်မင်း အုပ်ချုပ်နေသည်အထိ ပျက်စီးနေချိန်တွင် အင်းဝလက်အောက်ခံ ကေတုမတီတောင်ငူမှ မင်းကြီးညို၊သားတော် တပင်ရွှေထီး နှင့် ယောက်ဖဖြစ်သူ ဘုရင့်နောင်တို့ ကအသီးသီး အစဉ်မပျက် နိုင်ငံကိုချဲ့ထွင်ကြရာ မင်းကြီးညိုလက်ထက်တွင် အတန်အသင့် အင်အားကောင်းမွန်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း၊သားဖြစ်သူ တပင်ရွှေထီးလက်ထက်တွင် အောက်ပြည်ရှိ မွန်တို့၏ပိုင်နက် နှင့် ဘုရင့်နောင်လက်ထက်တွင် ယနေ့မြန်မာနိုင်ငံ နယ်နိမိတ်အပြင်သို့ကျော်ကာ အနောက်ဘက်တွင် မဏိပူရ မှ အရှေ့ဘက် ထိုင်းနိုင်ငံ အယုဒ္ဓယ အထိ၊မြောက်ဘက်တွင် ကချင်ပြည်နယ်မှ တောင်ဘက်ကော့သောင်း အထိ ကျယ်ပြန့်လာခဲ့သည်။ နောက် ကမ္ဘောဇသာဒီ နန်းတော် ကိုလည်းတည်ခဲ့သည်။ သို့သော် အမြော်အမြင်ကြီးမားသည့် ဘုရင့်နောင်သည် သားတော်နန္ဒဘုရင်လက်ထက်တွင် မိမိတည်ထောင်သည့် နိုင်ငံကြီးအလွယ်တကူပြိုပျက်သွားမည့်အရေးကိုမူ ကြိုသိမသွားခဲ့နိုင်ပေ။နန္ဒဘုရင်လက်ထက်တွင် လက်အောက်ခံ နယ်စားပယ်စားများ အသီးသီးပုန်ကန်ကြပြီး နောက်ဆုံးတွင် ရခိုင်ဘုရင် မင်းဗာကြီး နှင့်တောင်ငူဘုရင်ခံ မင်းရဲသီဟသူတို့၏တိုက်ခိုက်မှုကြောင့် ကမ္ဘောဇသာဒီနန်းတော်ကြီးဖျက်ဆီးခံရပြီး နန္ဒဘုရင်လည်းနန်းကျကာ တောင်ငူသို့ သုံပန်းအဖြစ်သို့ပါခဲ့ရသည်။ ဘုရင့်နောင်၏ သားဖြစ်သူ ညောင်ရမ်းစား ရှင်သစ္စာ က ညောင်ရမ်းမင်းဆက်ကို တည်ထောင်ပြီး ၎င်းနှင့် ၎င်းအဆက်အနွယ်များက နိုင်ငံကိုထိန်းသိမ်းကြသော်လည်း ယခင်ကဲ့သို့ကြီးပွားမှုကိုကား မမီတော့ပေ။

တောင်ငူရာဇဝင်အကျဉ်း

ပြင်ဆင်ရန်

သမိုင်းတွင် တောင်ငူကိုစတင်တည်ထောင်သူမှာ ပုဂံခေတ် အလောင်းစည်သူမင်း၏အမတ်ဖြစ်သူ အနန္ဒပစ္စည်း ဖြစ်သည်ဟုဆိုကြသည်။ သို့သော် အမှန်တကယ်အင်အားကြီးလာနိုင်သည်မှာ တပင်ရွှေထီး၏ ဖခင်ဖြစ်သည့် မင်းကြီးညို လက်ထက်တွင်ဖြစ်သည်။ သို့ဖြင့် တပင်ရွှေထီး၊ဘုရင့်နောင်တို့ ဟံသာဝတီကို အောင်နိုင်ပြီး ဟံသာဝတီမှတစ်ဆင့် ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ကြချိန်တွင်လည်း တောင်ငူတွင် ယုံကြည်လောက်သည့် အဆွေအမျိုးများကို ဘုရင်ခံအဖြစ် ခန့်ထားအုပ်ချုပ်စေသည်။ တပင်ရွှေထီး ဟံသာဝတီကို အောင်နိုင်ပြီး ဟံသာဝတီတွင်နန်းစံစဉ် တောင်ငူထီးနန်းအား ဘုရင့်နောင်၏ဖခင် မင်းကြီးဆွေကို ဘုရင်ခံအဖြစ် အုပ်စိုးစေသည်။ ဘုရင့်နောင်လက်ထက်တွင်လည်း တောင်ငူနန်းကို ညီတော် တောင်ငူမင်းခေါင်အားဆက်လက် ပေးခဲ့သည်။ ထိုသို့ပေးအပ်မှုများတွင် လက်အောက်ခံအဖြစ်သာ ဆိုသော်လည်း ရွှေမှန်ကင်း၊မင်းမြှောက်တန်ဆာ ငါးပါး၊မင်းဧကရာဇ်တို့၏ အဆောင်အယောင် များကိုပေးပြီး အုပ်စိုးစေခြင်းဖြစ်သည်။ နန္ဒဘုရင်လက်ထက်အရောက်တွင်တောင်ငူမင်း မင်းရဲသီဟသူ နှင့်သားဖြစ်သူ နတ်သျှင်နောင်တို့က ပုန်ကန်ပြီး တောင်ငူ-ဟံသာဝတီ ခေတ်ကို အဆုံးသတ်ပေးခဲ့သည်။ သို့သော် နောက်ဆုံးနန်းတက်သည့် နတ်သျှင်နောင် လက်ထက်တွင် တောင်ငူကို အင်းဝမှ အနောက်ဘက်လွန်မင်းက လာရောက်တိုက်ခိုက်ပြီး မှန်ကင်းအထွဋ်ချကာ သာမန်ပဒေသရာဇ် အဆင့်သို့လျှော့ချခံခဲ့ရသည်။ တောင်ငူမင်း နတ်သျှင်နောင်လည်း စိတ်ဓာတ်ကျဆင်းကာ မပြုသင့်ဘဲ တိုင်းတပါးသား ငဇင်ကာ နှင့်ပူးပေါင်းကာ အောက်ပြည်အရပ်မှ ထောင်ထားရန်ကြိုးပမ်းသဖြင့် အနောက်ဘက်လွန်မင်းကပင် နှိမ်နှင်းကွပ်မျက် ခဲ့ရသည်။ ထိုသို့ဖြင့် တောင်ငူမင်းဆက်မှာ လည်းကျဆုံးခဲ့ရလေသည်။

ဆက်စပ်လေ့လာရန်

ပြင်ဆင်ရန်