ထားဝယ်လူမျိုးသည် ဘာသာဗေဒပညာရှင်တို့၏ အဆိုအရ တိဗက်-မြန်မာ အုပ်စုဝင် လူမျိုးတစ်မျိုး ဖြစ်သည်။ သို့သော် အခြားမြန်မာအုပ်စုဝင်များဖြစ်ကြသော ဓနု၊ တောင်ရိုး၊ မရူ စသည်တို့ကဲ့သို့ မဟုတ်မူဘဲ၊ မြန်မာတို့နှင့် ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုတို့တွင် ထပ်တူနီးပါးမျှတူညီ​ပြီး ကွဲလွဲမှုအနည်းငယ် ရှိသည်။

ဇစ်မြစ်ပြင်ဆင်

ထားဝယ်လူမျိုးများသည် မြန်မာ့သမိုင်းမတင်မီကာလ ကျောက်ခေတ် ကြေးခေတ်၊သံခေတ်၊ ကမ္ဘာဦးလူသားအရင်းမြစ် စတင်ပေါ်ပေါက်စဉ်အချိန်ကတည်းက ထားဝယ်ဒေသတွင် လူသားများ စတင်နေထိုင်လာပြီး ခေတ်ကာလအလိုက် လူမျိုးဟူသော ဝေါဟာရ ပေါ်လာရပုံ၌ အဆိုအမျိုးမျိုး ရှိကြသော်လည်း ထားဝယ်လူမျိုးသည် ယနေ့အချိန်ထိ အထင်အရှား ရှိနေသေးသည်။

ထားဝယ်ယဉ်ကျေးမှုပြတိုက်တွင် ထားဝယ်ဒေသ၏ သမိုင်းစဉ်ကို ကျောက်ခေတ်ဦး ကျောက်ခေတ်လယ် ကျောက်ခေတ်နှောင်း ကြေးခေတ် သံခေတ် ပျူခေတ် ပုဂံခေတ် စသည်ဖြင့် ခေတ်အဆက်ဆက် လူသားများနေထိုင်ခဲ့မှုဖြစ်စဉ် အထောက်အထားများကို စနစ်တကျ ခင်းကျင်းပြသထားသည်။

အချို့ကမူ မြတ်စွာဘုရား ထက်ဝယ်ဖွဲ့ ခွေ ဆွမ်းဘုဉ်းပေးသောအရပ်အား မွန်တို့က 'ဓဝါယ်' ဟုခေါ်ရာမှ ထားဝယ်ဖြစ်လာသည်ဟုဆို၍ အချို့ပုဂ္ဂိုလ် များကလည်း နရပတိစည်သူမင်းကြီးသည် ယခု ထားဝယ်ခရိုင်လောင်းလုံးမြို့နယ်ကျောက်တွင်းရွာဒေသအနီး၊ ထောင့်ကွယ်မြို့ကို တည်ထောင်၍၊ ထိုထောင့်ကွယ်မှ ထားဝယ်ဟု ရွေ့လျားပြောင်းလဲလာသည်ဟု ဆိုကြပြန်သည်။

ထားဝယ်ဟူသော ဝေါဟာရကို လတ်တလော အစောဆုံးတွေ့ရှိရသည်မှာ AD-(5-6) ရာစု လျန်မင်းဆက်သမိုင်းမှတ်တမ်းတွင် ထော်ဝမ်ဟူသော အမည်ဖြင့် မှတ်တမ်းတင်ထားပြီး ဖြစ်သည်ကို တွေ့ရသည်။ ပြည်တွင်း စာမှတ် တမ်းအနေဖြင့် AD-11-12 ရာစုကာလတွင် အစောဆုံးတွေ့ရသည်။

ထားဝယ်လူမျိုးသည် ကျောက် ကြေး သံ ပျူ စသည့် အဆက်ဆက်သော ခေတ်များအလိုက် အစုအဖွဲ့တစ်ခုခုကို ​လူမျိုးဟူသော အမည်ပညတ် မခေါ်ဝေါ်ကြမီကတည်းကပင် ထားဝယ်ဒေသတွင် အစဉ်အဆက် မှီတင်းနေထိုင်လာခဲ့ကြပြီး ပျူခေတ်လယ်ဟူ၍ ခေါ်နိုင်သော AD-5-6 ရာစုတွင် ထားဝယ်ဟူသောလူမျိုး ထားဝယ်ဟူသောဒေသ အဖြစ် ​ခေတ်ပြိုင်သမိုင်းမှတ်တမ်းမှ ပီပြင်ထင်ရှားစွာ ရှိနှင့်နေပြီ ဖြစ်သည်ကို အခိုင်အမာတွေ့ရှိရသည်။[၁]

အထောက်အထားအရဆိုလျင် ထားဝယ်အရပ်သည် မြန်မာမင်းတို့ ယိုးဒယားသို့ စစ်ချီရာ၌ စစ်လမ်းကျသဖြင့် ပုဂံခေတ်ကပင်လျှင်၊ အဆက်အဆံ အကူးအလူး ရှိဟန်တူသည်။ ထားဝယ်လူမျိုးတို့သည် မြန်မာအမျိုးသားအား ဂံသားဟု ပုဂံသားအဖြစ် ရည်ညွှန်းခေါ်ဝေါ်သည်ကို ထောက်ထားနိုင်လေသည်။

မြန်မာမှုကို ထုတ်ဖော်သော ရွှေဘုံနိဒါန်းစာအုပ်တွင် မြန်မာတို့၏ နန်းတွင်းဆောင်၌ ထားဝယ်ဆောင်ဟူ၍ရှိကြောင်း ဖော်ပြထားသည်။ ယင်းထားဝယ်ဆောင်မှာ ဆင်ဖြူများရှင်မင်းကြီးက ထားဝယ်မှခေါ်ဆောင်လာသော ထားဝယ်သားတို့အား ချီးမြှောက်၍ ခစားစေသော အဆောင်ဖြစ်ကြောင်း ဆိုပေသည်။ ရှေးမြန်မာခေတ် အမှုထမ်း အရာထမ်း စာရင်းတွင်လည်း တောင်ထားဝယ်ဗိုလ်မြောက်ထားဝယ်ဗိုလ်ဟု မှုရည်ရွက်ရည်အလိုက် ခန့်ထားသည်ကိုလည်း တွေ့ရသည်။

ယခုအခါ တောင်ပိုင်းရှမ်းပြည်၊ အင်းလေးဒေသတွင် မှီတင်းနေထိုင်ကြသော အင်းသားတို့သည်လည်း၊ ထားဝယ်လူမျိုးဆက် ဖြစ်ကြောင်း ဆိုကြသည်။ အင်းသားစကားနှင့် ထားဝယ်စကားတို့မှာ များစွာတူကြ၏။ သို့ရာတွင် ထားဝယ်သားများ မည်သို့မည်ပုံ အင်းထဲသို့ရောက်ရှိလာသည်ဆိုသောအချက်၌ကား အယူအဆ အမျိုးမျိုးရှိကြ၏။

ထားဝယ်လူမျိုးများသည် သက်မွေးဝမ်းကျောင်းမှုအတွက် ကုန်သွယ်လယ်လုပ် ယာခုတ်၊ ဥယျာဉ်စိုက်ခြင်းနှင့် သတ္တုတွင်း ရှာဖွေတူးဖော်ခြင်းအမှုတို့ကို ပြုကြသည်။ ထားဝယ်ခရိုင်သည် မြန်မာနိုင်ငံတွင်းရှိ အခြားအခြားသော ဒေသများနှင့် ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းခရီး ဆက်သွယ်ကောင်းမွန်သဖြင့် ထားဝယ်သားများသည် မြန်မာနိုင်ငံအနှံ့အပြား နေထိုင်လျက် ရှိကြသည်။

ထားဝယ်သားများသည် များသောအားဖြင့် ဖြောင့်မတ်ရိုးသား၍ မဟုတ်မခံသော ဇွဲသတ္တိရှိသူများ ဖြစ်ကြသည်။ ထားဝယ်သားအချင်းချင်း စည်းလုံးညီညွတ်စွာ နေတတ်ကြသည်။

၁၉ဝ၁ ခုနှစ် သန်းခေါင်စာရင်းအရ ထားဝယ်လူမျိုးဦးရေ ၉၄၈ ယောက်ရှိသော်လည်း ၁၉၅၁ ခုနှစ် သန်းခေါင်စာရင်းအရမူ ၁၅၉,၁၇၄ ယောက်ရှိသည်။

ဘာသာစကားပြင်ဆင်

ယနေ့ ထားဝယ်လူမျိုးများ ပြောဆိုနေကြသော စကားများတွင် ပေါရာဏ၊ မြန်မာ၊ ရှမ်း၊ မွန်စကားများ ရောစပ်လျက်ရှိ၏။ သို့ရာတွင် အခြားမည်သည့် လူမျိုးများနှင့်မျှ မဆက်စပ်သော ထားဝယ်စကားစစ်စစ် စကားလုံးများလည်း ရှိသည်။

  • ပုံစံအားဖြင့် -

ဗြန်=ပိုက်ဆံ
ခွ=တံခါး
ဟဲလော=စဉ့်အိုးကြီး
ဘုထောန့်=မီးဖိုဆောင်
စသော စကားလုံးများ ဖြစ်လေသည်။

ယဉ်ကျေးမှုပြင်ဆင်

ထားဝယ်လူမျိုးတို့သီဆိုကြသော ထားဝယ်ဒိန်းသီချင်းမှာကား ထားဝယ်တို့၏ ကျော်ကြားသော ယဉ်ကျေးမှုအနုပညာတစ်ခု ဖြစ်လေသည်။ မြန်မာတို့ အိုးစည်ဝိုင်းနှင့် အနည်းငယ်ဆင်သည်ဟု ဆိုရပေမည်။ ဒိန်းသီချင်းကို တစ်ယောက်ကတိုင်၍ သံပြိုင်တွင် အများက လိုက်၍ဆိုရသည်။

ရှေးထားဝယ် အကတစ်ခုဖြစ်သော ရမ်းက (ရမ်းအက) ဟူသော အကမှာလည်း ထငခရှားကျော်ကြားသည်။ ယခုအခါတွင် အရပ်ထဲတွင် သီးခြားကလေ့ မရှိ​ကြ​တော့ဘဲ ထားဝယ်ရိုးရာ​ပွဲတော်များနှင့် နိုင်ငံ​​တော်မှကျင်းပသော ပြည်ထောင်စုပွဲကဲ့သို့သော အခမ်းအနား​များတွင်သာ ကပြဖျော်ဖြေကြသည်ကို တွေ့ရသည်။ ထားဝယ်ကျေးလက်တောရွာတို့တွင် မြန်မာတို့၏ ကြက်တိုက်ပွဲပမာ ခေတ်စားသော ပျော်ရွှင်မှုတစ်ရပ်ကား ထားဝယ်လူမျိုးတို့၏ ကျွဲတိုက်ပွဲများပင် ဖြစ်၏။[၂]

ကျန်စစ်သားမင်းကြီး၏ နန်းတည် ရှေးမွန်ကျောက်စာ (အေဒီ-၁၁၀၂)တွင် မြန်မာကို "မိရ္မာ" (မြန်မာမဖြစ်သေး)ပေါ်ချိန်တွင် ထားဝယ်မြို့စားများလှူဒါန်းပူဇော် သည့် အုတ်ခွက်ရုပ်ပွားဆင်းတုတော်များ၌ (မွန်ဘာသာဖြင့်) "ဝါယ်" ပေါ်နေနှင့်ပြီး ဖြစ်သည်။[၃] လက်ရှိ ထားဝယ်မြို့မြောက်ဘက် ရှစ်မိုင်ခန့်အကွာတွင်ရှိသည့် (သာဂရ) ခေါ် ထားဝယ်မြို့ဟောင်း(လက်ရှိ- မြို့ဟောင်းကျေးရွာ) သည် သက္ကရာဇ်(၁၁၃-၁၂၃)/ အေဒီ-(၇၅၁-၇၆၁)တွင် တည်သည်ဟု အထောက်အထားရှိခဲ့ရာ ပုဂံထက်(၉၈)နှစ် ခန့် စောနေသည်။ အေဒီ(၅၀၀)မှ အေဒီ(၈၃၂)အထိ တည်ရှိခဲ့သော ဒုတိယ ပျူနိုင်ငံတော်သရေခေတ္တရာနှင့်ခေတ်ပြိုင်ဖြစ်နေသည်။[၄]

ယနေ့ မြန်မာစကား၊ စာအရေးအသားတို့တွင် လုံးဝမရှိသော (လ-ဆွဲ)သံများ၊ (အော)သရနောက် "န" သတ်သံများသည် ထားဝယ်စကား၌ ယနေ့တိုင်သုံးစွဲနေဆဲ ဖြစ်ပြီး၊ ထိုအသံ(စာလုံးပေါင်းများ)သည် မြန်မာထက်စော၍ ပေါ်ခဲ့သည်ဟု ပညာရှင် များ ခန့်မှန်းအဆိုပြုထားသည့် ပျူစာတွင် ရှိနေခြင်း၊[၅] ကောင်းကင်ဓာတ်ပုံမှ ဖတ်ရှုလေ့လာချက်အရ၊ သာဂရ(ထားဝယ်မြို့ဟောင်း) ၏ မြို့ရိုးသဏ္ဌာန်သည် ဘဲဥပုံလည်းမက စက်ဝိုင်းပုံလည်းမကျသော အဝန်းအဝိုင်း ပုံသဏ္ဌာန်ရှိပြီး သရေခေတ္တရာမှ မြို့ရိုးများနှင့်ဆင်တူနေခြင်း။[၆] ဦးအောင်မြင့်(သစ်တော)၏ စာတမ်းများကို အထောက်အထားပြု၍ တရားဝင် မြန်မာ့သမိုင်း ကျမ်းစာတစ်စောင်တွင် ရှေးဟောင်းမြို့ဝိုင်းငါးမြို့ (သရေခေတ္တရာ၊ မိုင်းမော၊ ဝေသာလီ၊ ဝတီး နှင့် သာဂရ) တို့ကို စကေးပုံနှင့်တကွ အရွယ်ပမာဏချင်း နှိုင်းယှဉ်ဖေါ်ပြထားရာ၊ သရေခေတ္တရာသည် အကြီးဆုံးဖြစ်၍ မိုင်းမောသည် ဒုတိယ ဖြစ်သည်ကို တွေ့ရပါသည်။ ဝေသာလီ၊ ဝတီး နှင့် သာဂရတို့မှာ တတိယ၊ စတုတ္ထ နှင့် ပဉ္စမ အသီးသီးတို့ဖြစ်သည်။ အရွယ်ပမာဏအားဖြင့် ခြားနားမှုရှိသော် လည်း မြို့ဝိုင်းပုံမှာ ဆင်တူသည်ဟု ဖော်ပြနေသည်။ ယင်းသို့ဖြစ်၍၊ ရှေးဟောင်းမြန်မာကျောက်စာများနှင့် ပြိုင်သော ထားဝယ် စကားသည် တိုးတက်လျက်ရှိသော ယနေ့မြန်မာစကားထက် နှစ်ပေါင်း(၈၀၀) ခန့် စော၍ယဉ်ကျေးမှု သက်သေခံလျက်ရှိ၏။


ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ အာကာဖြိုး(ကံပေါက်)၊ သမိုင်းမတင်မီခေတ်ထားဝယ်နှင့် သမိုင်းတင်ပြီးခေတ် ထားဝယ်။ ၂၀၁၇။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)
  3. ဦးမြ၊ ရှေးဟောင်းအုတ်ခွက် ရုပ်ပွား ဆင်းတုတော်များ၊ ပတွဲ-စာ ၅၇-၅၈
  4. ဗိုလ်မှူးဗရှင်၊ အနော်ရထာအရင်က မြန်မာနိုင်ငံ၊ စာ-၈၁
  5. မြစေတီကျောက်စာ လေးဘာသာ၊ နိုင်ငံတော်ပြတိုက်၊ ယဉ်ကျေးမှုဗိမာန်၊ ၁၉၅၄
  6. ဦးအောင်မြင့် (သစ်တော) မြန်မာ့မြို့ဟောင်းများကို ကောင်းကင်ဓာတ်ပုံမှ ဖတ်ရှုလေ့လာချက် (လက်နှိပ်စက်မူ) အမှတ်-၂၊ ၁၉၇၃)
  7. ဦးဖေမောင်တင်၊ ဘာသာစကားယဉ်ကျေးမှု၊ မြန်မာ့ဝတ္ထုသမိုင်းအစနှင့် စာ-၃၁၀
  8. ယခုတင်ပြခဲ့သော အချက်အလက်များအားလုံးသည် စာတမ်းရှင် ဆရာ မောင်လေးတင့်