ပင်မမီနူးကို ဖွင့်ရန်

တနင်္သာရီကျွန်းဆွယ် ပင်လယ်ကမ်းခြေ တစ်လျှောက်တွင်ရှိ သော ခရိုင်များအနက်၊ ထားဝယ်ခရိုင်သည် တစ်ခုအပါအဝင် ဖြစ်၏။ ခရိုင်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၅၃ဝ၈ မိုင်မျှရှိသည်။ ခရိုင်၏အရှေ့ဘက်တွင် တနင်္သာရီရိုးမတောင် တန်း၌ အပါအဝင်ဖြစ်သော ဘိလောက်တောင်တန်းသည် ထားဝယ်ခရိုင်ကို ယိုးဒယားနိုင်ငံ ကဉ္စနပူရီနှင့် ရာဇပူရီခရိုင် နယ်တို့မှ ပိုင်းခြားထားသည်။ အနောက်ဘက်၌ အန္ဒမန် ပင်လယ်တည်ရှိသည်။

ထားဝယ်ခရိုင်
ထားဝယ်ခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ထားဝယ်ခရိုင်
ထားဝယ်ခရိုင်
ကိုဩဒိနိတ်: 14°05′N 98°28′E / 14.083°N 98.467°E / 14.083; 98.467ကိုဩဒိနိတ်: 14°05′N 98°28′E / 14.083°N 98.467°E / 14.083; 98.467
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
မြို့နယ်ပေါင်း
မြို့တော်ထားဝယ်မြို့
ဧရိယာ
 • စုစုပေါင်း၅၀၀၀ စတုရန်းမိုင် (၁၂၉၄၉ စတုရန်းကီလိုမီတာ)
လူဦးရေ (၁၉၅၆)၂၄၇,၀၂၇
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

မြောက်ဘက်တွင် ကျိုက္ခမီခရိုင်နှင့်၎င်း၊ တောင်ဘက်တွင် မြိတ်ခရိုင်နှင့်၎င်း၊ ဆက်စပ်လျက်တည်ရှိ၏။ ခရိုင်အတွင်း အမြင့်ဆုံးတောင်ထွဋ်မှာ မြိတ်ခရိုင်နှင့် ဆက်စပ် နေသောနေရာတွင် တည်ရှိသည့် မြင့်မိုလက်ခပ်တောင်ဖြစ်သည်။ ထိုတောင်သည် ပေပေါင်း ၆၈ဝဝ မြင့်၏။ ထိုတောင်အပြင် ခရိုင်တွင်းကိုဖြတ်၍ တည်ရှိသော တောင်တန်း၌ နွားလပို့ တောင်ဟူ၍ရှိရာ ထိုတောင်သည် ပေပေါင်း ၆ဝဝဝ ကျော်မြင့် သည်။

ထားဝယ်ခရိုင်အတွင်း ရေကြောင်းသွားလာရေးအလို့ငှာ အသုံး ဝင်သောမြစ်တို့မှာ မြောက်ဘက်ပိုင်း၌ ထားဝယ်မြစ်ဖြစ်၍၊ တောင်ဘက်ပိုင်း၌ တနင်္သာရီမြစ်ဖြစ်သည်။ ထားဝယ်မြို့၏ အနောက်ဘက်တွင် ကမ်းခြေနှင့် ဆယ်မိုင်ကွာသောအရပ်၌ ဟိန်ဇယ်၊ မောင်းမကန်နှင့် လောင်းလုံးကျွန်းစု သုံးစုရှိသည်။

ထိုကျွန်းများမှာ ကျောက်ဆောင်ထူထပ်သဖြင့် လူနေ အိမ်ခြေမရှိချေ။ သို့သော် ငှက်သိုက်လုပ်ငန်းကြောင့် စီးပွားရေး အားဖြင့် အရေးပါသည်။

ထားဝယ်ခရိုင်ရှိ တောင်တန်းတို့မှာ များသောအားဖြင့် ကျောက်တောင်များဖြစ်သည်။ ကျောက်မှာ နှမ်းဖတ်ကျောက် မျိုးဖြစ်၏။ မြစ်ဝှမ်း၌တွေ့ရသော ကျောက်တို့ကား မြေစေးမှ ဖြစ်သော သင်ပုန်းကျောက်ဖြစ်၏။ ထားဝယ်ကမ်းခြေနှင့်နီးသော တောင်တန်းတို့၏ အရှေ့ဘက်မျက်နှာစာ၌ကား သံပါသော မြေစေးကျောက်များ ရှိသည်။ ထို့ကြောင့် ထားဝယ်ခရိုင်၌ ဝူးဖရမ်ထွက်သည်။

ထားဝယ်ခရိုင်မှထွက်သော ဝူးဖရမ်နှင့် သံဖြူ အမျိုးအစားမှာ ကမ္ဘာပေါ်တွင် ဒုတိယလိုက်သည်။ ထားဝယ်ခရိုင်တွင် သစ်တောပေါသည်။ သစ်တောနယ် အကျယ်အဝန်းမှာ စတုရန်းမိုင် ၅ဝဝဝ မျှရှိသည်။ ထိုသစ်တော များမှာ ကျွန်းသစ်အပြင်၊ ဆေးဘက်ဝင်သော သစ်ကြံပိုး၊ ကြက် ဆူပင်၊ ဥပသကာပင်၊ ပင်လယ်အုန်းပင်တို့လည်း ထွက်သည်။

ကြက်ပေါင်ပင် ပေါက်ရောက်ခြင်းကြောင့် ရာဘာလုပ်ငန်းလည်း အတော်အသင့်ကြီးကျယ်သည်။ သစ်သီးဝလံအနက် ဒူးရင်း၊ မင်းကွတ်၊ နာနတ်နှင့် တညင်းသီးတို့သည် အဓိက ထွက်ကုန် များဖြစ်သည်။

ပင်လယ်နှင့်ကပ်နေသော ခရိုင်ဖြစ်ခြင်းကြောင့်၊ ငါးစိမ်း၊ ငါးခြောက် ငါးပိလုပ်ငန်းမှာ များစွာကြီးကျယ်သည်။ ထားဝယ် ငါးပိနှင့် ငါးခြောက်တို့သည် မြိတ်ငပိနှင့် ငါးခြောက်တို့ကဲ့သို့ ပင် နာမည်ကြီး၍ မြန်မာနိုင်ငံတွင် အနှံ့အပြားစားသုံးကြသည်။

ထားဝယ်ခရိုင်သည် အပူပိုင်းဒေသ၌ တည်ရှိသော်လည်း၊ ပင်လယ်ကမ်းခြေနှင့် ကပ်နေသောကြောင့် အပူရှိန်မပြင်းချေ။ မိုးရေချိန် လက်မ ၂ဝဝ ကျော်သည်။ ထားဝယ်ခရိုင်မြောက် ပိုင်းသည် တောင်ပိုင်းထက် မိုးပိုများသည်။ ထားဝယ်မြို့ အနောက်မြောက်ဘက်ရှိ မောင်းမကန်ပင်လယ်ကမ်းခြေသည် နွေရာသီအတွက် အနားယူရာ စခန်းကောင်းတစ်ခုဖြစ်သည်။

ထားဝယ်ခရိုင်ရှိ တန်ခိုးကြီးဘုရားတို့မှာ ထားဝယ်မြို့ တောင်ဘက် မိုင်အနီးငယ်အကွာတွင် ရှင်မုတ်ထီးဘုရား၊ ထားဝယ်အငူတွင် ရှင်မော်ဘုရားနှင့် ထားဝယ်မြို့မြောက်ဘက်ရှိ ရှင်ဓာတ်ဝဲဘုရားများ ဖြစ်ကြသည်။ ယခုရှိရင်းစွဲ ထားဝယ်မြို့ ၏မြောက်ဘက်တွင် ထားဝယ်မြို့ဟောင်းနေရာရှိသည်။

ထားဝယ်ခရိုင်၌ ၁၉၅၆ ခုနှစ် သန်းခေါင်စာရင်း ခန့်မှန်း ခြေအရ လူဦးရေ ၂၄၇,ဝ၂၇ ယောက်ခန့်ရှိသည်။ ခရိုင်အတွင်း ရှိ တိုင်းရင်းသားတို့မှာ မြန်မာစကားကိုပင် ပြောဆိုသုံးစွဲကြစေ ကာမူ အသံထွက်ချင်း မတူသောကြောင့် ရေမြေရပ်ခြားဒေသ စကားတစ်ရပ်ပမာ ရှိချေသည်။ ထားဝယ်စကားမှာ အချို့နေရာ တွင် ရခိုင်စကားနှင့်ဆင်သည်။ ဤသို့ဖြစ်ရခြင်းမှာ ရှေးဦး သမိုင်းခေတ်များ၌ ရခိုင်အမျိုးသားတို့သည် ထားဝယ်နယ်နှင့် အဆက်အသွယ်ရှိခဲ့ခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။

ထားဝယ်ခရိုင်၌ ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်၊ လောင်း လုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်ဟု မြို့နယ် လေးနယ်ရှိ သည်။ ခရိုင်အတွင်း သွားလာရေးမှာမူ၊ ရေလမ်းနှင့် ကုန်းလမ်း ခရီးသာရှိသည်။ ကုန်းလမ်းမှာ မော်တော်ကားလမ်းသာ ဖြစ်သည်။ မီးရထားလမ်း မပေါက်ချေ။ သို့သော် ပင်လယ် ဆိပ်ကမ်းအဖြစ်ဖြင့် ထားဝယ်မြို့မှာ သင့်တော် ကောင်းမွန်သော ကြောင့်၊ ဆန်စပါး၊ ကျွန်းသစ်၊ သတ္တုရိုင်း၊ ကြက်ပေါင်စေး၊ ထားဝယ်ပိုးလုံချည်၊ ငါးပိ၊ ငါးခြောက်၊ ဓနိ၊ သစ်သီးဝလံ စသော ခရိုင်၏ထွက်ကုန်တို့ကို ပင်လယ်ကမ်းခြေခရီးဖြင့် အခြားနယ်သို့ ပို့နိုင်သည်။

သယ်ယူပို့ဆောင်ရေးအတွက် ထားဝယ်နှင့် မြိတ်နယ်တို့မှ ကတ္တူလှေသင်္ဘောတို့သည် များစွာ ထင်ရှားကျော်ကြားသည်။ ထားဝယ်မြို့ဆိပ်ကမ်းသည် စင်္ကာပူ၊ ပီနံစသော မလေးကျွန်းဆွယ်ရှိ ပင်လယ်ဆိပ်ကမ်းတို့နှင့် တိုက်ရိုက်ဆက်သွယ်နိုင်သည်။ ရန်ကုန်မြို့နှင့်မူ ပင်လယ်ခရီးဖြင့်သာမက လေကြောင်းခရီးဖြင့် လည်းဆက်သွယ်နိုင်သည်။[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)