ဘုရားရှင် သကျနိုင်ငံ ကပိလဝတ္ထုမြို့ နိဂြောဓာရုံကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မိထွေးတော် မဟာပဇာပတိဂေါတမီ ကိုယ်တိုင် ကြီးကြပ်ရက်လုပ် လှူဒါန်းလာသည့် သင်္ကန်းအစုံကို အကြောင်းပြု၍ ဘုရားရှင်ဟောတော်မူသည့်သုတ်။

“သံဃ ဂေါတမိ ဒေဟိ၊ သံဃ တေ ဒိန္နေ အဟဉ္စေဝ ပူဇိတော ဘဝိဿာမိ သံဃော စ”ဟု သုံးကြိမ်မြွက်ကြား၍ သံဃာအား လှူဒါန်းရန် တိုက်တွန်းတော်မူပုံ၊

အရှင်အာနန္ဒာက “မိထွေးတော်ကြီးက ဘုရားရှင်အား ကျေးဇူးများသကဲ့သို့ ဘုရားရှင်ကလည်း မိထွေးတော်ကြီးအား ကျေးဇူးများပုံတို့ကို ပြန်ကြားလျှောက်ထားပုံ၊ ဘုရားရှင်က “သရဏဂုမ် (၃)ပါးကို ဆည်းကပ်ခွင့်ရအောင် ငါးပါးသီလကို ကျင့်သုံးခွင့် အရိယာပုဂ္ဂိုလ်ဖြစ်အောင် သစ္စာလေးအင်သိအောင် ဆောင်ရွက်ပေးသော ဆရာ၏ ကျေးဇူးကိုပေးဆပ်၍ မကုန်နိုင်ပုံ၊ (အာစရိယဂုဏော အနန္တော”ဟူသော စကားအတွက် အထောက်အထား ဖြစ်ပါသည်။)

ပုဂ္ဂလိကဒါန (၁၄)မျိုး၊ ပုဂ္ဂလိကဒါန (၁၄)မျိုး၏အဆင့်ဆင့် ရရှိခံစားနိုင်သော အကျိုးကျေးဇူး၊ သံဃိကဒါန (၇)မျိုး၊ သံဃိကဒါနက ပုဂ္ဂလိကဒါနထက် အကျိုးကြီး မြတ်ပုံ ဒက္ခိဏာဝိသုဒ္ဓိလေးမျိုးနှင့် ယင်းလေးမျိုးကို တစ်ပါးစီ တစ်ပါးစီ အကျယ်ဝေဖန်၍ ဟောကြားတော်မူထားပါသည်။

အဋ္ဌကထာ၌ မဟာပဇာပတိဂေါတမီ အမည်ဖြစ်ပေါ်လာပုံ၊ မဟာပဇာပတိ ဂေါတမီ၏ ဘုရားရှင်အား သင်္ကန်းလှူဒါန်းလိုသော ဆန္ဒဖြစ်ပေါ်လာပုံ၊ သင်္ကန်းသစ် အစုံဖြစ်အောင် ဆောင်ရွက်ပုံ၊ ဘုရားရှင်ထံ အခမ်းအနားဖြင့် သွားရောက်လှူဒါန်းပုံ၊ ဘုရားရှင်အား သုံးကြိမ်တိုင်တိုင် လှူဒါန်းခွင့်ရရှိရေးအတွက် လျှောက်ထားပုံ၊ သုံးကြိမ် တိုင်တိုင် ပယ်တော်မူသော ဘုရားရှင်၏ရည်ရွယ်တော်မူချက် (၂)မျိုးနှင့် ဝိတဏ္ဍဝါဒီတို့၏ အယူဝါဒကို စိစစ်ဝေဖန်ချက်။ ဘုရားရှင်သည် သံဃာတော်၌ ပါဝင်မှုရှိမရှိတို့ကို ဖွင့်ပြထားပါသည်။

အာပါဒိကာ, ပေါသိကာ, ထညံပါယေသိ, ပုဂ္ဂလော, ပုဂ္ဂလံ န သုပ္ပဋိကာရ အဘိဝါဒန, ပစ္စုဋ္ဌာန, အဉ္ဇလိကမ္မ သာမီစိကမ္မအဖွင့်များ၊ ဘုရားရှင်နှင့် နန္ဒမင်းသားတို့ ဖွားမြင်ချိန်၊ ဘုရားရှင်အပေါ် မိထွေးတော်၏ စေတနာထားပုံ၊ “ဆရာ့ကျေးဇူး မြင့်မိုရ်ဦး” စကားပုံစတင်လာပုံတို့ကို ဖွင့်ပြထားပါသည်။

ပုဂ္ဂလိကဒါန (၁၄)မျိုးတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ပုဂ္ဂိုလ်သုံးမျိုးသာ ပရမဒက္ခိဏဖြစ်ပုံ၊ ကြွင်း (၁၁)မျိုးသည် ပရမဒက္ခိဏမဖြစ်ပုံ၊ ဗာဟိရက ကာမေသု ဝီတရာဂပုဂ္ဂိုလ် ပုထုဇ္ဇနသီလဝန္တ, ပုထုဇ္ဇနဒုဿီလတို့ကိုလည်း ဖွင့်ပြထားပါသည်။ တိရစ္ဆာန်အား လှူဒါန်းမှုနှင့် ဆက်စပ်၍ သတဂုဏအကျိုးရပုံအဖွင့်၊ သောတာပတ္တိ ဖလသစ္ဆိကိရိယာယပုဂ္ဂိုလ်များ၊ မဂ္ဂသမင်္ဂိပုဂ္ဂိုလ်အား လှူဒါန်းနိုင်ပုံ ဗုဒ္ဓပ္ပမုခဥဘတော သံဃာအား လှူဒါန်းပုံနှစ်မျိုး၊ ဗုဒ္ဓါသန္တကပစ္စည်း ပေးရမည့်ပုဂ္ဂိုလ်၊ ကာသာဝကဏ္ဌ ပုဂ္ဂိုလ်၊ ဒုဿီလသံဃာမရှိပုံ၊ သံဃေစိတ္တီကာရဖြစ်ဖို့ရန် ခဲရင်းပုံ၊ သံဃကတ ဒက္ခိဏဖြစ်ပုံ၊ ရဟန္တာပုဂ္ဂိုလ်အား လှူသောအလှူထက် သံဃေ စိတ္တီကာရအလှူက အကျိုးကြီးပုံ၊ ဒက္ခိဏာဝိသုဒ္ဓိလေးမျိုး၏ပုံစံ သာဓကများ၊ အလှူရှင်ရဟန္တာက အလှူခံရဟန္တာအား လှူသောအလှူ၊ ရဟန္တာမှာ ကုသိုလ် အကုသိုလ် မဖြစ်ပုံ၊

(က) ဘုရားရှင်က အရှင်သာရိပုတ္တရာအား လှူသောအလှူ၊

(ခ) အရှင်သာရိပုတ္တရာက ဘုရားရှင်အား လှူသောအလှူတို့၏ အကျိုးကြီးမှု အကြောင်း ခြားနားချက်၊ မျက်မှောက်ဘဝ၌ ဒါနအကျိုးခံစားရသော သမ္ပဒါလေးပါးတို့ကို ဖွင့်ပြထားပါသည်။

ဋီကာ၌ ဘုရားရှင်နှင့်သံဃာ၊ သုပ္ပဋိကာရ မဖြစ်ပုံ၊ ပါဋိပုဂ္ဂလိက ဝစနတ္ထ၊ ပရမဒက္ခိဏေယျ စိစစ်ချက်၊ သာမဏေရသီလအစရှိသော အဋ္ဌကထာလာပုဒ်တို့ကို စိစစ်ဖွင့်ဆိုထားပါသည်။ [၁] [၂]

ကိုးကား ပြင်ဆင်ရန်

  1. -မ၊၃၊၂၉၅-၃၀၀။ မ၊မြန်၊၃၊၃၀၀-၅။ မ၊ဋ္ဌ၊၄၊၂၁၉-၂၂၈။ မ၊ဋီ၊၃၊၄၀၆-၄၁၆။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၄-ဝိဘင်္ဂဝဂ္ဂ၊ ဒွါဒသမသုတ်၊
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ