ဘုရားလက်ထက်၌ သာမဏေတို့သည် ရဟန်းတို့အပေါ် ရိုသေခြင်း မပြု၊ အကြီး အကဲအချုပ် အုပ်စိုးရာမထား၊ အသက်မွေး တူမျှအောင် မနေကြသဖြင့် ရဟန်းကောင်းတို့ ကဲ့ရဲ့ပြစ်တင်၍ ဘုရားရှင်အား လျှောက်ထားမှုကြောင့်ဘုရားရှင်က “အနုဇာနာမိ ဘိက္ခဝေ ပဉ္စဟင်္ဂေဟိ သမ္မန္နာဂတဿ သာမဏေရဿ ဒဏ္ဍကမ္မံ ကာတုံ”စသည်ဖြင့် အင်္ဂါငါးပါးနှင့် ပြည့်စုံသော သာမဏေအား ဒဏ်အမှု ပြုစိမ့်သောငှ (ဒဏ်ပေးရန်)ခွင့်ပြုတော်မူခဲ့သည်။ ထိုအချိန်ကစ၍ ဒဏ်အမှုဖြစ်ပေါ်လာသည်၊ ၎င်းပါဠိတော်၌ “ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ”စသော နောက်အင်္ဂါ ငါးပါးသာ လာခဲ့သည်၊ သာမဏေ သိက္ခာပုဒ်ဆယ်ပါးတွင် ရှေ့သိက္ခာပုဒ်ငါးပါး လွန်ကျူးလျှင် လိင်ကျ၍ နောက်ငါးငါး လွန်ကျူးလျှင် ဒဏ်သင့်သောကြောင့် နောက်သိက္ခာပုဒ် ငါးပါး လွန်ကျူးမှု ထည့်သွင်းလျက် “ဒသဟင်္ဂေဟိ သမန္နာဂတဿ သာမဏေရဿ ဒဏ္ဍကမ္မံ ကာတဗ္ဗံ” စသည်ဖြင့် ဒဏ်ပေးရခြင်းအကြောင်း ဆယ်ပါးပြု၍ ရှေး ဆရာတို့ စီစဉ်တော်မူထားခဲ့သည်။[၁][၂]

ဒဏ်ဆိုတာ ဘာလဲ? ပြင်ဆင်ရန်

သာမဏေအား ဆုံးမကြောင်းဖြစ်သော အမှုတို့ကို(ဒဏ္ဍ) ဒဏ်ဟု ဆိုသည်၊ ထိုအမှုမျိုးသည်ပင် ပြုလုပ်အပ်သောကြောင့် (ကမ္မ)ဟုလည်း ဆိုပြန်သည်၊ တနည်းအားဖြင့် နှိပ်ကွပ်မှုမျိုးက ဒဏ်ဟု ဆိုရသည်၊ ထိုအမှုသည်ပင် ပြုလုပ်အပ်သောကြောင့်(ကမ္မ)ဟုလည်း ဆိုပြန်သည်။[၃]

အပြစ်ရောက်သော သာမဏေအား မည်သည့်ကျောင်း မဝင်ရစသည် တားမြစ်ခြင်း၊ ရေခပ်စေခြင်း၊ ထင်း, သဲတို့ကို သယ်ယူဆောင်စေခြင်း စသောကိစ္စမျိုးသည်နှိပ်ကွပ်ဆုံးမကြောင်းဖြစ်၍ (ဒဏ္ဍ ကမ္မ)ဒဏ်အမှုဟု မှတ်ပါ။[၂]

ပါဠိတော် ဒဏ်ပေးပုံ ပြင်ဆင်ရန်

သူနေမြဲကျောင်း၌ မနေရန်၊ ထွက်ဝင်နေကျကျောင်းသို့ မဝင်ထွက်ရန် တားမြစ်သော ဒဏ်ပေးပုံကို မိန့်တော်မူသည်။[၄][၂]

အဋ္ဌကထာ ဆရာတို့က ဒဏ်ပေးပုံ ပြင်ဆင်ရန်

အပြစ်အားလျော်စွာ ရေထမ်းစေခြင်း၊ ထင်းသဲစသည်တို့ကို ဆောင်ယူသယ်ပို့ခြင်း ဒဏ်အမှုကိုလည်း ပြုထိုက်၏ဟု ဆိုသည်။[၅][၂]

ဘယ်သူက ဒဏ်ပေးနိုင်သလဲ ပြင်ဆင်ရန်

ဥပဇ္ဈာယ်ဆရာကဒဏ်ပေးနိုင်ပါသည်။ ဥပဇ္ဈာယ်ဆရာကို မပန်ကြားပဲ ဒဏ်ပေးသော ရဟန်း ဒုက္ကဋ် အာပတ်သင့်သည်။ ဥပဇ္ဈာယ်ဆရာက ရှေးကတည်းက သာမဏေများအပြစ်တွေ့လျှင် ဒဏ်ပေးကြပါဟုပြောဆို ထားလျှင် မပန်ကြားပဲ ဒဏ်ပေးနိုင်သည်၊ သာမဏေတွေ ဒဏ်အပြစ် လွန်ကျူးမှုတွေ့ပါက ဥပဇ္ဈာယ်အား အပြစ်ပြ၍ ဒဏ်ပေးပါဟု ပြောဆို အပ်၏။ သုံးကြိမ်တိုင် ပြောကြားလျက် ဒဏ်မပေးလျှင် မိမိကိုယ်တိုင်လဲ ဒဏ်ပေးအပ်၏ဟု (အဋ္ဌကထာ) ဆိုသည်။[၂]

ဘယ်လို နှလုံးသွင်း၍ ဒဏ်ပေးသင့်သလဲ ? ပြင်ဆင်ရန်

နောင် ရှောင်ကြဉ်လိမ့်မည် ဟူသော နှလုံးထားဖြင့် သာမဏေအား သနားညှာတာ၍ ဒဏ်ပေးအပ်၏၊ သာမဏေ လူထွက်အောင်, ပျက်စီးအောင် စသော ယုတ်မာသော နှလုံးထားဖြင့် ဒဏ်မပေးအပ်ပါ။[၂]

ဘုရားရှင်က ဘယ်သို့ မိန့်သလဲ? ပြင်ဆင်ရန်

သံဃာ့အာရာမ်အားလုံး မဝင်, မထွက်ရဟု တားမြစ်သော ဒဏ်မျိုး၊ မစားရ, မသောက်ရအောင် ခံတွင်းပိတ်သော ဒဏ်မျိုးကို မပေးရ၊ ပေးလျှင် ဒုက္ကဋ် အာပတ်သင့်စေဟု မိန့်သည်။ ငါ ဒဏ်ပေးတယ် အနေမျိုးဖြင့် ကျောက်ဖျာ အပူပေါ် အိပ်ခိုင်းခြင်း၊ ကျောက်, အုတ်ခဲ စသည်တို့ကို ဦးခေါင်းပေါ်ချ၍ ရွက်ထားစေခြင်း၊ ရေထဲနှစ်ခြင်း အမှုမျိုးကို မပြုအပ်ဟု (အဋ္ဌကထာ) ဆိုသည်။[၂]

သာမဏေတို့ကဲ့သို့ ရဟန်းတို့အား ဒဏ်မပေးသင့်ဘူးလား? ပြင်ဆင်ရန်

တပည့်ဖြစ်သော ရဟန်းတို့အား ဒဏ်ပေးခြင်း အပ်သည်ဟု (အဋ္ဌကထာ) ဆိုသည်။[၂]

အောက်ပါအချက် ဆယ်ချက်ကို ကျူးလွန်သည့် သာမဏေကို သဲဒဏ်၊ ရေဒဏ် ပေးထိုက်သူ ဖြစ်၍ ဒဏ်ပေးရ၏။ “ဒဏ်ထိုက်သည်” ဟုလည်း ခေါ်၏။

  1. နေ့လွဲ ညစာ စားခြင်း။
  2. က၊ ဆို၊ တီးမှုတ်ခြင်၊ ယင်းတို့ကို ကြည့်ရှုနားထောင်ခြင်း။
  3. ပန်းပန်ခြင်း၊ သနပ်ခါး၊ ပေါင်ဒါ၊ မိတ်ကပ်၊ အမွှေးအကြိုင် လိမ်းကျံ ရှုရှိုက်ခြင်း။
  4. မြင့်မြတ်သောနေရာ၊ မြတ်သော နေရာတို့၌ နေထိုင်အိပ်စက်ခြင်း။
  5. ရွှေ၊ ငွေ၊ ဒင်္ဂါး၊ အကြွေ၊ ငွေစက္ကူတို့ကို ကိုင်ခံခြင်း။ (ဤငါးပါးသည် ဆယ်ပါးသီလတွင် ပါဝင်ပြီး ဖြစ်၏။)
  6. ရဟန်းတော်များ လာဘ်မရအောင် အားထုတ်ခြင်း။
  7. ရဟန်းတော်များ အကျိုးပျက်စီးအောင် အားထုတ်ခြင်း။
  8. ရဟန်းတော်များ နေမြဲကျောင်း၌ မနေရအောင် အားထုတ်ခြင်း။
  9. ရဟန်းတော်များကို ဆဲရေးခြင်း၊ ခြိမ်းခြောက်ခြင်း။
  10. ရဟန်းအချင်းချင်း ကွဲပြားအောင် ကုန်းတိုက်ခြင်း။[၆]

ကိုးကား ပြင်ဆင်ရန်

  1. ဒသသု သိက္ခာပဒေသု ပုရိမာနံ ပဉ္စန္နံ အတိက္ကမော နာသနဝတ္ထု၊ ပစ္ဆိမာနံ အတိက္ကမော ဒဏ္ဍကမ္မဝတ္ထု။ (ဟာ-ထာ)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ ၂.၇ ပဲခူးမြို့ ဓမ္မိကာရာမ ရွှေကျောင်းတိုက်ဆရာတော်။ ရွှေဂူရှင်ကျင့်ဝတ် အကျယ်ကျမ်း
  3. ဒရဏ္ဍန္တိ ဝိနေန္တိ ဧတေနာတိ ဒဏ္ဍော၊ သောဧဝ ကတ္တဗ္ဗတ္တာ ကမ္မန္တိ ဒဏ္ဍကမ္မံ၊ အာဝရဏာဒိ။ (တေ ဋီ, ဝိဋီ) ဒဏ္ဍကမ္မန္တိ ဝါ နိဂ္ဂဟကမ္မံ။ (တေဋီ)
  4. အဇာနာမိ ဘိက္ခဝေ ယတ္ထ ဝါ ဝသတိ၊ ယတ္တ ဝါ ပဋိက္ကမတိ၊ တတ္ထ အာဝရဏံ ကာတုံ။ (ဟာ-ပါ)
  5. အပရာဓာနုရူပံ ဥဒကဒါရု ဝလိကာဒီနံ အာဟရာပနမ္ပိ ကာတဗ္ဗံ။ (ဟာ-ထာ)
  6. ချမ်းမြေ့ဆရာတော် (ဧပြီ ၁၉၉၂)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ရန်ကုန်: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။