ပေးလှူမှု “ဒါန”ကို အလှူရှင်, အလှူခံ, လှူဖွယ်ဝတ္ထု, လှူပုံအခြင်းအရာ, လှူရာအချိန်အခါ လှူကြောင်းစေတနာ စသည်ကို အကြောင်းပြု၍ ၂-ပါးတွဲ ၃-ပါးတွဲ-စသည်ဖြင့် ခွဲခြမ်း ဝေဖန်ကာ ပိဋကတ်တော် (ပါ, ဋ္ဌ, ဋီ)တို့၌ ဟောပြ ဖွင့်ဆိုထား၏။ [၁]

၂-ပါးတွဲဒါန ပြင်ဆင်ရန်

  • (၁) ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး-အားဖြင့် ပစ္စည်း ၄-ပါးကို ပေးလှူခြင်းဟူသော = အာမိသဒါန,
  • (၂) ဘုရားရှင် ဟောကြားအပ်သော တရားတော်ကို အကျိုးလိုလား၍ သူတစ်ပါးတို့အား ဟောကြား ပြသဆုံးမခြင်းဟူသော = ဓမ္မဒါနအားဖြင့် ၂-ပါး။ ယင်း-တွင် ဓမ္မဒါနသည် အာမိသဒါနထက် သာလွန်မွန်မြတ်၏ [၂]

တရားတော်ကို ပေးလှူခြင်းသည် မသေရာမှန် အမြိုက် နိဗ္ဗာန်ကို ပေးလှူသည်နှင့် တူ၏။ အလုံးစုံ သော ဒါနကို အောင်နိုင်သော ဒါနသည် ဓမ္မ ဒါနသာ ဖြစ်၏။ ဒါနအားလုံးထက် ဓမ္မဒါန-က သာလွန်မွန်မြတ်၏ [၃]

အာမိသဒါနကို များစွာသောလူအပေါင်းတို့ ချစ်မြတ်နိုးခြင်း-စသော မျက်မှောက်ဘဝ တမလွန်ဘဝ အကျိုးဟူသမျှတို့ကို ရခြင်း၏ အကြောင်းဖြစ်သောကြောင့် “မင်္ဂလာ”ဟု ခေါ်ဆိုရ၏။ ဓမ္မဒါနကိုကား အကျိုးကိုခံစား ရခြင်း အနက်သဘောကို သိခြင်း-စသော ဂုဏ်ကျေးဇူးတို့ကို ရဖို့ရန် နီးကပ်သော အကြောင်း ဖြစ်သောကြောင့် “မင်္ဂလာ”ဟု ခေါ်ဆိုရ၏ [၄]

  • (၁) လှူဖွယ်ဝတ္ထု၊ တစ်ခုခုကို လှူလျှင် အခြား လှူဖွယ်ဝတ္ထုတို့ကို ယင်း-ပဓာန လှူဖွယ်ဝတ္ထု၏ အခြံအရံ အသိုင်းအဝိုင်းပြု၍ လှူခြင်းဟူသော = သပရိဝါရဒါန,
  • (၂) အခြံ အရံ အသိုင်းအဝိုင်းမပါ လှူဖွယ်တစ်မျိုးတည်းကိုသာ လှူခြင်းဟူသော = အပရိဝါရဒါန-အားဖြင့် ၂-ပါး [၅]


  • (၁) ကြံ့ခိုင်တည့်မတ်စွာ စိတ်ကိုဆောက်တည်၍ ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ၄-ပါးသောပစ္စည်းကို အမြဲပေးလှူခြင်း ဟူသော = နိစ္စ “ဓူဝ”ဒါန
  • (၂) “ဤအလှူသည် ငါတို့၏ မိဘ ဘိုးဘွားတို့ လှူခဲ့သော အလှူပေတည်း”ဟု နှလုံးသွင်း၍ သီလဝန္တပုဂ္ဂိုလ်တို့ကို ရည်မှန်းကာ အမျိုးအနွယ်အဆက်ဆက် အစဉ်မပြတ်အောင် ပေးလှူခြင်းဟူသော = နိဗဒ္ဓ “အနုကုလ”ဒါနအားဖြင့် ၂-ပါး[၆]

ယင်း-အလှူမျိုးကို သံဃာတော်အား စွန့်လွှတ်ပူဇော်အပ်သောကြောင့် “ယည”ဟု ခေါ်ဆို၏။ မဟာသမုဒ္ဒရာရေသည် နှိုင်းရှည့် ခြင်တွယ်၍ မရနိုင်လောက်အောင် များပြားသကဲ့သို့ ယင်းသို့သော ဒါနတို့၏ အကျိုး အာနိသင်သည်လည်း နှိုင်းရှည့်ရေတွက်၍ မရနိုင်အောင် များပြားလှ၏ [၇]

  • (၁) ယုတ်ညံ့သော လှူဖွယ်ဝတ္ထုတို့ကို မလှူဒါန်းပဲ အလွန်မွန်မြတ်သော လှူဖွယ် ဝတ္ထုတို့ကို ရွေးချယ်စိစစ်၍၎င်း သီလမရှိ “ဒုဿီလ” အလှူခံပုဂ္ဂိုလ်တို့အား မလှူဒါန်းပဲ အကျိုးများစွာ ပေးစွမ်းနိုင်သော သီလရှိသူ “သီလဝန္တ” အလှူခံပုဂ္ဂိုလ်တို့ကိုသာ ရွေးချယ်စိစစ်၍၎င်း လှူဒါန်းခြင်း ဟူသော = ဝိစိနနဒါန,
  • (၂) လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့ကို ကောင်းဆိုးယုတ်မြတ် မရွေးချယ်ပဲ လှူဒါန်းခြင်းဟူသော = အဝိစိနနဒါန-အားဖြင့် ၂-ပါး။

ယင်းတွင် အလှူဝတ္ထု အလှူခံ ဤနှစ်တန်ကို ရွေးချယ်စိစစ်၍ လှူဒါန်းခြင်းကိုသာ ဘုရားရှင်တို့ ချီးမွမ်းတော်မူကြ၏။ ဘုရား-စသော အလှူခံပုဂ္ဂိုလ်တို့အား လှူဒါန်းသော ကောင်းမှုကုသိုလ်သည် လယ်ယာမြေကောင်း၌ စိုက်ပျိုးအပ်သော မျိုးစေ့ပမာ အကျိုးများစွာ ရရှိနိုင်၏ [၈]

  • (၁) သူတစ်ပါးတို့ကို မျက်ရည်ပေါက်ကြီး, ငယ် ကျစေလျက် လုယက်ပုတ်ခတ်၍ ရသော ပစ္စည်းဝတ္ထုကို ပေးလှူခြင်း ဟူသော = အဿုမုခဒါန,
  • (၂) သူတစ်ပါးတို့ကို မျက်ရည် ပေါက်ကြီး ငယ်မကျစေပဲတရားသဖြင့်ရသော ပစ္စည်းဝတ္ထုကို ပေးလှူခြင်း ဟူသော = အနဿုမုခဒါန-အားဖြင့် ၂-ပါး,


  • (၁) တုတ်, လှံတံ-ဖြင့် ခြိမ်းချောက် ရိုက်နှက်၍ ပေးလှူ ခြင်းဟူသော = သဒဏ္ဍဒါန,
  • (၂) တုတ်, လှံတံဖြင့် မခြိမ်းချောက် မရိုက်နှက်ပဲ ပေးလှူခြင်းဟူသော = အဒဏ္ဍဒါန-အားဖြင့် ၂-ပါး [၉]


  • (၁) သီလ, သမာဓိ, ပညာ-တို့ဖြင့် မြင့်မြတ်သော အလှူခံပုဂ္ဂိုလ်တို့အား လှူဒါန်း ထိုက်သော ယာဂု, ခဲဖွယ်, ဘောဇဉ်, အမျိုးမျိုးတို့ကို ဆက်ကပ်လှူဒါန်းပြီးနောက် ခြေနယ်ဆီ, ထီး, ဖိနပ်-စသော ရဟန်းတော်တို့၏ အသုံးအဆောင် ပရိက္ခရာအမျိုးမျိုး ပျား တင်လဲ-စသော ဆေးပစ္စည်းအမျိုးမျိုးကို ပေးလှူခြင်းဟူသော = မဟာဒါန,
  • (၂) အနည်းငယ်သော ပစ္စည်းဝတ္ထုကို ပေးလှူ ခြင်းဟူသော = ပရိတ္တဒါန-အားဖြင့် ၂-ပါး [၁၀]

၅-ပါးသီလကို လုံခြုံအောင် စောင့်ထိန်း၍ သတ္တဝါတို့၏ အသက်ကို ဘေးမဲ့ ပေးခြင်းသည်လည်း “မဟာဒါန”မည်၏-ဟု တနည်း ပြဆိုထားသေး၏ [၁၁]


  • (၁) ဝဋ် ၃-ပါး၌ ဖြစ်သော စည်းစိမ် ချမ်းသာ “ဝဋ္ဋသမ္ပတ္တိ”ကို တောင့်တ၍ ပေးလှူခြင်းဟူသော = ဝဋ္ဋသန္နိဿိတဒါန,
  • (၂) “ဣဒံ မေ ဒါနံ အာသဝက္ခယာဝဟံ ဟောတု” ဟု ဝဋ်၏ ကင်းရာ နိဗ္ဗာန်ကို တောင့်တ၍ ပေးလှူခြင်းဟူသော = ဝိဝဋ္ဋသန္နိဿိတဒါနအားဖြင့် ၂-ပါး။

ယင်း-တွင် ဝဋ္ဋသန္နိဿိတ ဒါနသည် ဝဋ်သို့သာ ဆောင်ပို့နိုင်၏၊ ဝိဝဋ္ဋသို့ မဆောင်ပို့နိုင်။ ဝိဝဋ္ဋသန္နိဿိတဒါနသည်ကား ဝဋ္ဋ, ဝိဝဋ္ဋ ၂-ပါးလုံးသို့ ဆောင်ပို့စွမ်းနိုင်၏ [၁၂]

  • (၁) ယုံကြည်မှု “သဒ္ဓါ”တရားဖြင့် လှူ ဖွယ်ဝတ္ထုကို ကောင်းကောင်းမှုန်မှုန် ပြုပြင် စီရင်၍ အလှူခံပုဂ္ဂိုလ်ကို ရိုသေလေးစားစွာ ပေးလှူခြင်းဟူသော = သက္ကစ္စဒါန,
  • (၂) ယုံကြည်မှုကင်းသဖြင့် လှူဖွယ်ဝတ္ထုကို တော်စွာလျော်စွာ ပြုလုပ်စီရင်၍ အလှူခံပုဂ္ဂိုလ်ကို မရိုသေ မလေးစားပဲ ပေးလှူခြင်းဟူသော = အသက္ကစ္စဒါန-အားဖြင့် ၂-ပါး [၁၃]


  • (၁) မိမိလက်ဖြင့် ကိုယ်တိုင်ကိုင်၍ ပေးလှူခြင်းဟူသော = သဟတ္ထဒါန,
  • (၂) မိမိ လက်ဖြင့် ကိုယ်တိုင်ကိုင်၍ မပေးလှူ သူတစ်ပါးကို တဆင့်စေခိုင်းကာ ပေးလှူခြင်း ဟူသော = အသဟတ္ထ “အာဏတ္တိကဒါန”အားဖြင့် ၂-ပါး


  • (၁) အမြတ်တနိုး စိတ်ပါ လက်ပါ ပူဇော်လို၍လည်းကောင်း, အံ့ဩချီးကျူးဖွယ် ဖြစ်အောင် ပြုလုပ်လို၍၎င်း ပေးလှူခြင်းဟူသော = စိတ္တီကတဒါန
  • (၂) အမြတ်တနိုး စိတ်ပါလက်ပါမဟုတ်ပဲ ပူဇော်မှုကင်းသဖြင့် လည်းကောင်း, အံ့ဩချီးကျူးဖွယ်ဖြစ်အောင် မပြုလုပ် ပေးလှူ ခြင်းဟူသော = အစိတ္တီကတဒါန-အားဖြင့် ၂-ပါး,


  • (၁) စွန့်ပစ်အပ်သော စားကြွင်းစားကျန်-စသည်ကဲ့သို့ သဘောမထားမူ၍ ကောင်းမွန်စွာ ပေးလှူ ခြင်းဟူသော = အနပဝိဒ္ဓဒါန,
  • (၂) စွန့်ပစ်အပ်သော စားကြွင်းစားကျန်-စသည်ကဲ့သို့ သဘောထား၍ ဖရိုဖရဲ ဖြန့်ကြဲပစ်လွှင့်လျက် ပေးလှူခြင်းဟူသော = အပဝိဒ္ဓဒါန-အားဖြင့် ၂-ပါး [၁၄]


  • (၁) “ဤအလှူ၏ အကျိုးသည် ငါ့ထံ မှောက်သို့ မချွတ် လာရောက်လိမ့်မည်”ဟု ကံ ကံ၏အကျိုးကို ယုံကြည်သော ကမ္မကတာဒိဋ္ဌိဖြင့်ပေးလှူခြင်းဟူသော = အာဂမနဒိဋ္ဌိကဒါန,
  • (၂) “ဤအလှူ၏ အကျိုးသည် ငါ့ထံမှောက်သို့ လာရောက်လိမ့်မည် မဟုတ်”ဟု ကံ, ကံ၏အကျိုးကို မယုံကြည်ပဲ ပေးလှူခြင်းဟူသော = အနာဂမနဒိဋ္ဌိကဒါနအားဖြင့် ၂-ပါး [၁၅][၁]

သက္ကစ္စဒါန-စသော ဒါန ၅-မျိုး အကျိုး ပြင်ဆင်ရန်

ယင်း-သက္ကစ္စဒါန-စသော ဒါန ၅-မျိုးကို ပေးလှူသောသူသည် အကျိုးပေးရာ ဘဝတိုင်း၌ မွန်မြတ်သော ထမင်း, အဝတ်, ယာဉ် အသုံးအဆောင် ၅-ပါးအာရုံ ကာမဂုဏ်တို့ကို သုံးဆောင်ခံစားဖို့ရန် စိတ်ညွှတ်ခြင်း, သား, သမီး, ဇနီး, ကျေးကျွန်, အစေခံ, အလုပ်သမားတို့၏ မိမိစကားကို မြေဝယ်မကျ နားထောင်ခြင်းဟူသော အကျိုးထူးတို့ကို ရရှိ ခံစားရလေသည်။ အသက္ကစ္စဒါန-စသော ဒါန ၅-မျိုးကို ပေးလှူသောသူသည် အထူးထူး အမျိုးမျိုးသော အနံ့ အရသာ ရှိသော သလေးဘောဇဉ်ကို ကျွေးလျှင် သုံးဆောင် စားသောက်ဖို့ရန် စိတ်မညွှတ်ခြင်း ဟင်းရွက်နှင့် ဆန်ကွဲထမင်းကိုကျွေးလျှင် အမြိုက်သုဓာဘုတ်ကဲ့သို့ မြိန်မြိန်ရှက်ရှက် စိတ်ညွှတ်လျက် သုံးဆောင်စားသောက်ခြင်း ကာသိတိုင်းဖြစ် အဝတ်သစ်ကို ဝတ်ရုံဖို့ရန် ဆောင် ယူလာလျှင် မဝတ်ရုံလိုခြင်း, အုန်းဆံမျှင်-စသည်နှင့်တူသော ရုန့်ရင်းကြမ်းတမ်းသော အဝတ်ကို ဆောင်ယူလာလျှင် ဝတ်ရုံလိုခြင်း ဆင်ယာဉ်, မြင်းယာဉ်, ရထားယာဉ်, ရွှေထမ်းစင် စသည်ကို ဆောင်ယူလာလျှင် လှုပ်ရှားသည်ဆိုကာ မစီးလိုခြင်း, စီးဖို့ရန် စိတ် မညွှတ်ခြင်း, ရထားကို ယူလာလျှင်ကား နှစ်နှစ်သက်သက် စီးလိုခြင်း, တန်ဆာဆင်ယဉ် အလှပြင်ထား၍ ချောမောလှပသော မိန်းမပျိုတို့ကို တွေ့မြင်လျှင် စားတော့မည့် ဘီလူးမကဲ့သို့ ထင်မှတ်တတ်ခြင်း, သား သမီး, ဇနီး, ကျေးကျွန်, အစေခံ, အလုပ် သမားတို့၏ မိမိစကားကို နားမထောင်ခြင်း ဟူသော အပြစ်များကို ရရှိခံစားရလေသည် [၁၆][၁]

ပါယာသိမြို့စား၏ အလှူ ပြင်ဆင်ရန်

ပါယာသိမြို့စား၏ အလှူပွဲ၌ ယင်း ဒါနတို့ကို ဥတ္တရလုလင်သည် ကိုယ်စားအဖြစ်ဖြင့် ပေးလှူရသော်လည်း မိမိပစ္စည်းကဲ့သို့ သဘောထားကာ အားစိုက်၍ ပေးလှူသောကြောင့် တာဝတိံသာ နတ်ပြည်သို့ လားရောက်ရ၏။ အလှူရှင်ဖြစ်သောပါယာသိ မြို့စားသည်ကား မရိုမသေ တော်စွာလျော်စွာ ပေးလှူခဲ့သောကြောင့် အောက်တန်းကျသော စတုမဟာရာဇ်နတ်ပြည်၌ အခြံအရံ နတ်သမီး နတ်သား ကင်းမဲ့သော “သေရိသက”နတ်ဗိမာန်၌ ဖြစ်ရ၏။

ဂဝမ္ပတိမထေရ် နေ့သန့်ရန်အလို့ငှါ “သေရိသက” နတ်ဗိမာန်သို့ ကြွတော်မူသောအခါ ပါယာသိမြို့စား-က မိမိမှာ အလှူခံပုဂ္ဂိုလ်တို့ကို မရိုမသေ ပေးလှူခဲ့ခြင်း, မိမိလက်ဖြင့် ကိုယ်တိုင်ကိုင်၍ သာဟတ္ထိကမြောက်အောင် မပေးမလှူခဲ့ခြင်း, သူတစ်ပါးတို့အံ့ဖွယ်သရဲ ဖြစ်အောင် မပေးမလှူခဲ့ခြင်း, လှူဖွယ်ဝတ္ထုကို ကိုယ်တိုင် မသုံးစွဲလို၍ ပစ်လွှင့်ထားအပ်သော ဝတ္ထုကဲ့သို့ သဘောထားကာ ပေးလှူ မိခဲ့ခြင်းကြောင့် ယုတ်ညံ့ အောက်ကျသော စတုမဟာရာဇ်နတ်ဘုံ၌ ဖြစ်ရကြောင်း, မိမိ အလှူ၌ ဝေယျာဝစ္စအမှု အားစိုက် ပြုလုပ်သော ဥတ္တရလုလင်မှာမူကား ရိုသေစွာ ပေး လှူခဲ့ခြင်း, ကိုယ်တိုင် လက်ဖြင့် ကိုင်၍ သာဟတ္ထိကမြောက်အောင် ပေးလှူခဲ့ခြင်း, သူတစ်ပါးတို့ အံ့ဖွယ်သရဲဖြစ်အောင် ပေးလှူခဲ့ခြင်း, လှူဖွယ်ဝတ္ထုကို ပစ်လွှင့်သကဲ့သို့မဟုတ်ပဲ ကောင်းမွန်စွာ ပေးလှူခဲ့ခြင်းတို့ကြောင့် မိမိ လားရောက်ရာ စတုမဟာရာဇ် နတ်ပြည် ထက် မြင့်မြတ် အထက်တန်းကျသော တာဝတိံသာနတ်ပြည်သို့ လားရောက်ရကြောင်းကို အရှင်ဘုရား လူ့ပြည်သို့ ပြန်လည်ရောက် ရှိသောအခါ လူအပေါင်းကို “ရိုသေစွာ ပေးလှူကြရန်, သူတစ်ပါးကို စေခိုင်းလျက် မျက်နှာလွှဲ ခဲပစ် မပြုလုပ်ပဲ မိမိလက်ဖြင့် ကိုယ်တိုင် ကိုင်၍ သာဟတ္ထိကမြောက်အောင် ပေးလှူကြရန်, စိတ်ထဲ၌ စွဲမြဲစွာထား၍ သူတစ်ပါးတို့အံ့ဖွယ်သရဲ ဖြစ်လောက်အောင် ပေးလှူကြရန်နှင့် ပစ္စည်းဝတ္ထုကို ပစ်လွှင့်သကဲ့သို့မဟုတ်ပဲ ကောင်းမွန်စွာ ပေးလှူကြရန်” ပြောဟော ပြစေလိုကြောင်း တောင်းပန် လျှောက်ထားသဖြင့် ဂဝမ္ပတိမထေရ် လူ့ပြည်သို့ ပြန်လည် ရောက်ရှိသောအခါ နတ်သား လျှောက်ထားသည့်အတိုင်း လူတို့အား တဆင့်ဟောပြလေသည်။ လူတို့လည်း ဂဝမ္ပတိမထေရ် ဟောပြသည့်အတိုင်း လိုက်နာပြုကျင့်ကြသဖြင့် အထက် တာဝတိံသာ နတ်ပြည်သို့ လားရောက်ကြရလေသည် [၁၇][၁]

  • (၁) သင်္ကန်း, ဆွမ်းစသော ပစ္စည်း ဝတ္ထုကို ပေးလှူခြင်းဟူသော = ဝတ္ထုဒါန
  • (၂) သတ္တဝါဟူသမျှအား ဘေးမဲ့ပေးခြင်း ဟူသော = အဘယဒါနအားဖြင့် ၂-ပါး [၁၈]


ယင်းတွင် အဘယဒါန-သည် သတ္တဝါဟူသမျှ၏ အသက်ကို ပေးလှူလိုက်ခြင်းဖြင့် တုတ်, လှံတံကို ချထားခြင်းကြောင့်လည်းကောင်း, အလုံးစုံသော လောကီ-လောကုတ္တရာ ဂုဏ်ကျေးဇူးတို့၏ တည်ရာဖြစ်သောကြောင့်၎င်း အကျိုး အာနိသင် ကြီးမားလှ၏ [၁၉]

  • (၁) မွန်မြတ်သော လှူဖွယ်ဝတ္ထုကို ပေးလှူခြင်းဟူသော = ပဏီတဒါန,
  • (၂) ယုတ်ညံ့ ခေါင်းပါးသော လှူဖွယ်ဝတ္ထုကို ပေးလှူ ခြင်းဟူသော = လူခဒါန-အားဖြင့် ၂-ပါး။

ယင်း-တွင် ပဏီတဒါနကို ပြုသောသူသည် ကိုယ်ခန္ဓာ ပြည့်ဖြိုး တိုးပွါးခြင်း, ကြည်ညို ဖွယ် ကောင်းခြင်း, ကိုယ်ရေအဆင်း ချောမောလှပခြင်းဟူသော မွန်မြတ်သော အကျိုးကို ရရှိ၏။ လူခဒါနကို ပြုသောသူသည် အသွေးအသား ခေါင်းပါး ခြောက်ကပ်ခြင်း စသော သေးနုပ် သိမ်ဖျင်းသော အကျိုးကို ရရှိ၏ [၂၀]


  • (၁) နူးညံ့ ညက်ညောသော ပစ္စည်း ဝတ္ထုကို ပေးလှူခြင်းဟူသော = သုခုမဒါန,
  • (၂) မနူးညံ့ မညက်ညော ထူပြောသော ပစ္စည်းဝတ္ထုကို ပေးလှူခြင်းဟူသော = ထူလဒါန-အားဖြင့် ၂-ပါး [၂၁]


  • (၁) နေ့စဉ်အမြဲ ပေးလှူခြင်း, မျိုးရိုး စဉ်ဆက် မပျက်ကွက်စေခြင်းငှါ စောင့်ရှောက်သောအနေအားဖြင့် ပေးလှူခြင်း, လူ အများနှင့် ဆက်ဆံ၍ မမြတ်သော ပေးလှူခြင်း ဟူသော = ဒါန,
  • (၂) ဥပုသ်နေ့-စသော နေ့ထူး နေ့မြတ်တို့၌ ထူးကဲ လွန်မြတ်သော ပေးလှူခြင်း, အစဉ်အဆက်မဟုတ်ပဲ ကိုယ်တိုင် စထွင်၍ ပေးလှူခြင်း, လူအများနှင့် မဆက်ဆံပဲ အလွန်မွန်မြတ်သော ပေးလှူခြင်း ဟူသော ပဒါန-အားဖြင့် ၂-ပါး။ [၂၂]


  • (၁) ကိုယ်မှ အပဖြစ်သော ရွှေငွေ-စသောပစ္စည်းဝတ္ထုကို ပေးလှူခြင်းဟူသော = ဗာဟိရဒါန
  • (၂) ခြေ လက်, နား, နှာ-စသော ကိုယ်အင်္ဂါ အစိတ်အပိုင်းကို ပေးလှူခြင်း အဇ္ဈတ္တိကဒါန-အားဖြင့် ၂-ပါး [၂၃]


  • (၁) အလှူခံပုဂ္ဂိုလ်က မတောင်းခံရပဲ မိမိကိုယ်တိုင် အလှူခံပုဂ္ဂိုလ်၏ အလိုကို သိ၍ အလှူခံပုဂ္ဂိုလ် အလိုရှိသော ပစ္စည်းဝတ္ထု ပေးလှူခြင်းဟူသော = အယာစိတဒါန
  • (၂) အလှူခံ ပုဂ္ဂိုလ်က တောင်းခံပါမှ အလှူခံ ပုဂ္ဂိုလ် အလိုရှိသော ပစ္စည်းဝတ္ထုကို ပေးလှူ ခြင်းဟူသော = ယာစိတဒါန-အားဖြင့် ၂-ပါး,


  • (၁) လှူဖွယ်ဝတ္ထု၌ မငြိမတွယ် မနှမြော မတွန့်ဆုတ်ပဲ လွတ်လွတ်ကျွတ်ကျွတ် စွန့်လွှတ် ပေးလှူခြင်းဟူသော = မုတ္တစာဂဒါန,
  • (၂) မလွတ်မကျွတ်တွန့်ဆုတ်တွန့်ဆုတ်ပေးလှူခြင်း ဟူသော = အမုတ္တစာဂဒါန-အားဖြင့် ၂-ပါး


  • (၁) လှူဒါန်းဖွယ် ပစ္စည်းဝတ္ထု ရှိခဲ့သော် မိမိလှူဒါန်းခြင်းငှါ စွမ်းနိုင်သောဝတ္ထုကိုသာ ပေးလှူခြင်းဟူသော = ပရိယတ္တဒါန,
  • (၂) မစ္စမ်းနိုင်သော ဝတ္ထုကို ပေးလှူခြင်းဟူသော = အပရိယတ္တဒါန-အားဖြင့် ၂-ပါး,


  • (၁) မိမိ၌ တဖန် ကျေးဇူးတုံ့ပြန်မှုကို လိုလားကပ်မှီ၍ ပေးလှူခြင်းဟူသော = ပစ္စုပကာရသန္နိဿိတဒါန
  • (၂) ယင်း-ကို မလိုလား မကပ်မှီပဲ ပေးလှူခြင်းဟူသော = န ပစ္စုပကာရသန္နိဿိတဒါန-အားဖြင့် ၂-ပါး


  • (၁) သူတစ်ပါးတို့အား ညှဉ်းဆဲ နှိပ်စက်ခြင်းကို ဆောင်တတ်သော လက်နက်, အဆိပ်, သေရည် အရက်-စသည်ကို ပေးလှူခြင်းဟူသော = ပရူပဃာတာဝဟဒါန,
  • (၂) သူတစ်ပါးတို့အား မညှဉ်းဆဲမနှိပ်စက်တတ်သော သင့်လျော်သော လှူဖွယ်ဝတ္ထုကို ပေးလှူခြင်း ဟူသောန ပရူပဃာတာဝဟဒါန-အားဖြင့် ၂-ပါး


  • (၁) အကျိုးမဲ့နှင့်လည်း စပ်ယှဉ်၍ မေ့လျော့ ပေါ့ဆခြင်းကိုလည်း ဆောင်တတ်သော ကစားပျော်မြူးစရာဝတ္ထုကို ပေးလှူခြင်း ဟူသော = ကီဠနကဒါန,
  • (၂) ကစား ပျော်မြူးစရာမဟုတ်သော ဝတ္ထုကို ပေးလှူ ခြင်းဟူသော = အကီဠနကဒါန အားဖြင့် ၂-ပါး


  • (၁) မလျောက်ပတ် မသင့်မြတ်သော ပစ္စည်းဝတ္ထုကို ပေးလှူခြင်း ဟူသော = အသပ္ပါယဒါနအားဖြင့် ၂-ပါး
  • (၂) လျောက်ပတ်, သင့်မြတ်သောပစ္စည်းဝတ္ထုကို ပေးလှူခြင်းဟူသော = သပ္ပါယဒါန-အားဖြင့် ၂-ပါး


  • (၁) အတိုင်း အရှည်မရှိ ပုံပေါလဘော ပေးလှူခြင်းဟူသော = ပမာဏရဟိတဒါန,
  • (၂) အတိုင်း အရှည်ဖြင့် ချင့်ချိန်၍ ပေးလှူခြင်းဟူသော = ပမာဏယုတ္တဒါန-အားဖြင့် ၂-ပါး,


  • (၁) အလှူခံပုဂ္ဂိုလ်နှင့် ထိုက်တန်လိုက်လျောသော ပစ္စည်းဝတ္ထုကို ပေးလှူခြင်း ဟူသော = အနုစ္ဆဝိကဒါန
  • (၂) ယင်း-ပုဂ္ဂိုလ်နှင့် မထိုက်တန် မလိုက်လျောသော ပစ္စည်းဝတ္ထုကို ပေးလှူခြင်းဟူသော = အနနုစ္ဆဝိကဒါန-အားဖြင့် ၂-ပါး,


  • (၁) သူတစ်ပါးအား ညှဉ်းဆဲနှိပ်စက်ခြင်းကို မဖြစ်စေပဲ ပေးလှူခြင်းဟူသော = ပီဠအဇနနဒါန
  • (၂) သူတစ်ပါးအား ညှဉ်းဆဲ နှိပ်စက်ခြင်းကို ဖြစ်စေလျက် ပေးလှူခြင်း ဟူသော = ပီဠဇနနဒါန-အားဖြင့် ၂-ပါး


  • (၁) သမ္မာသမ္ဗောဓိဆုမှ တစ်ပါးသော အကျိုးကို မြော်လင့် တောင့်တ၍ ပေးလှူခြင်းဟူသော = ဖလကင်္ခီဒါန
  • (၂) အခြား အကျိုးကို မမျှော်လင့် မတောင့်တပဲ သမ္မာသမ္ဗောဓိဆုကိုသာ မျှော်လင့် တောင့်တ၍ ပေးလှူခြင်း ဟူသော = အဖလကင်္ခီဒါန-အားဖြင့် ၂-ပါး


  • (၁) လာဘ်သပ်ပကာ, ကျေးဇူးသတင်း ကျော်စောခြင်းကို လိုလားတောင့်တ၍ ပေးလှူခြင်းဟူသော = လာဘသက္ကာရသိလောကသန္နိဿိတဒါန
  • (၂) ယင်း-ကို မလိုလား မတောင့်တပ် ပေးလှူခြင်း ဟူသော န လာဘသက္ကာရသိလောကသန္နိဿိတဒါနအားဖြင့် ၂-ပါး [၂၄]


  • (၁) အများနည်းတူ ပေးလှူခြင်းဟူသော = သဒိသဒါန
  • (၂) အများနှင့်မတူ ထူးချွန်လွန်ကဲစွာ အတုမရှိ ပေးလှူခြင်း ဟူသော = အသဒိသဒါန-အားဖြင့် ၂-ပါး [၂၅]


  • (၁) ပြိတ္တာတို့ကို ရည်မှန်း၍ ပေးလှူ၊ ခြင်းဟူသော = ဥဒ္ဒိဿဒါန,
  • (၂) ပြိတ္တာတို့ကို မရည်မှန်းပဲ ပေးလှူခြင်းဟူသော = အနုဒ္ဒိဿဒါန-အားဖြင့် ၂-ပါး။

ယင်း-တွင် ဥဒ္ဒိဿဒါန-သည် အလှူရှင်နှင့် အလှူခံပြိတ္တာ ၂-ဦး လုံးအား အကျိုးများ၏။ အကျိုးခံစားခွင့် ရစေ၏။ အနုဒ္ဒိဿဒါန-သည် အလှူခံပြိတ္တာတို့အား အကျိုးမများမူ၍ အလှူရှင်အားသာ အကျိုးများ၏ [၂၆]


  • (၁) မိမိထက် မြင့်မြတ်သော ပုဂ္ဂိုလ်တို့ ပူဇော်သောအားဖြင့် ပေးလှူခြင်းဟူသော = ပူဇာဒါန,
  • (၂) မိမိအောက် ယုတ် နိမ့် အောက်ကျသော ပုဂ္ဂိုလ်တို့အား ချီးမြှောက် ထောက်ပံ့သောအားဖြင့် ပေးလှူခြင်းဟူသော = အနုဂ္ဂဟဒါန-အားဖြင့် ၂-ပါး


  • (၁) အမြဲတည်ရာ အခိုင်အမာ မရွှေ့မပြောင်းနိုင်သော စေတီ, ပုထိုး စသည်ကို တည်ထား ကိုးကွယ် ဆောက်လုပ် လှူဒါန်းခြင်းဟူသော = ထာဝရဒါန,
  • (၂) အမြဲမတည် အရှည်မခံ ကုန်ခန်းလွယ်သော ဆွမ်း, သင်္ကန်း-စသော လှူဒါန်းဖွယ်ကို လှူဒါန်းခြင်း ဟူသော = အထာဝရဒါန-အားဖြင့် ၂-ပါး,


  • (၁) အစဉ် အမြဲ မပြတ်မစဲ ဝတ်တည်၍ လှူဒါန်းခြင်း ဟူသော = နိစ္စဒါန,
  • (၂) အစဉ်အမြဲ မဟုတ်ပဲ ရံဖန်ရံခါသာ လှူဒါန်းခြင်းဟူသော = အနိစ္စဒါန-အားဖြင့် ၂-ပါး,


  • (၁) သူတစ်ပါးတို့က နှိုးဆော် တိုက်တွန်းပါမှ လှူဒါန်းခြင်း ဟူသော = သသင်္ခါရဒါန,
  • (၂) သူတစ်ပါးတို့က မတိုက်တွန်း မနှိုးဆော်ရပဲ မိမိ အလိုအလျောက် သဒ္ဓါပေါက်၍ လှူဒါန်းခြင်းဟူသော = အသင်္ခါရဒါန-အားဖြင့် ၂-ပါး,


  • (၁) ဒါန၏အကျိုးကို ဉာဏ်ဖြင့်သိ၍ လှူဒါန်းခြင်းဟူသော = ဇာနဒါန
  • (၂) ဒါန၏ အကျိုးကို ဉာဏ်ဖြင့် မသိပဲ လှူဒါန်းခြင်းသော = အဇာနဒါန-အားဖြင့် ၂-ပါး,


  • (၁) တရားနှင့် လျော်ညီသော လှူသင့်လှူထိုက် သော ထမင်း အဖျော်-စသည်ကို လှူဒါန်းခြင်း ဟူသော = ဓမ္မဒါန,
  • (၂) တရားနှင့် မကိုက်ညီသော သေရည်အရက်, လက်နက်-စသည်ကို လှူဒါန်းခြင်းဟူသော = အဓမ္မဒါန-အားဖြင့် ၂-ပါး


  • (၁) တရားနှင့်အညီ ရည်မှန်းရင်း ဖြစ်သော ပုဂ္ဂိုလ်, သံဃာ, စေတီ-တို့အား လှူဒါန်းခြင်း ဟူသော = ဓမ္မိကဒါန,
  • (၂) တရားနှင့်မညီ ရည်မှန်းရင်းမှ ပြောင်းလဲ၍ လှူဒါန်းခြင်း ဟူသော = အဓမ္မိကဒါန-အားဖြင့် ၂-ပါး,


  • (၁) ကြက်, ဝက်, သား, ငါး, ကျွဲ, နွား-စသော သတ္တဝါတို့ကို သတ်ဖြတ် ညှဉ်းဆဲ၍ အပြစ်ရှိသော ပေးလှူခြင်း ဟူသော = သာဝဇ္ဇဒါန,
  • (၂) သူ့အသက် သတ်ခြင်း, ညှဉ်းပန်းနှိပ်စက်ခြင်း မပါ အပြစ်ကင်းစွာ ပေးလှူခြင်းဟူသော = အနဝဇ္ဇဒါန-အားဖြင့် ၂-ပါး,


  • (၁) အဦးအဖျား အမွန်အမြတ်ထား၍ လှူဒါန်းခြင်း ဟူသော = အဂ္ဂဒါန,
  • (၂) မိမိ စားကြွင်းစားကျန်ကို ပေးလှူခြင်း ဟူသော-ဥစ္ဆိဋ္ဌဒါန-အားဖြင့် ၂-ပါး [၂၇]


  • (၁) ကံ, ကံ၏အကျိုးကို ယုံကြည်၍ အသိဉာဏ်နှင့်ယှဉ်ကာ လှူဒါန်းခြင်းဟူသော = ဉာဏသမ္ပယုတ္တဒါန,
  • (၂) ကံ, ကံ၏အကျိုး ကို မယုံကြည်ပဲ အသိဉာဏ်ကင်းလျက် အတု အပလှူဒါန်းခြင်း ဟူသော = ဉာဏဝိပ္ပယုတ္တ ဒါန-အားဖြင့် ၂-ပါး,


  • (၁) စိတ်နေရွှင်လန်း ဝမ်းမြောက်ဝမ်းသာ လှူဒါန်းခြင်း ဟူသော = သောမနဿဒါန
  • (၂) ဝမ်းလည်းမသာ ဝမ်းလည်းမနဲ အလယ်အလတ်အားဖြင့် လျစ်လျူပြု၍ လှူဒါန်းခြင်း ဟူသော = ဥပေက္ခာ ဒါန-အားဖြင့် ၂-ပါး,


  • (၁) တရားသဖြင့် ရှာ ဖွေရရှိသော ပစ္စည်းဝတ္ထုကို ပေးလှူခြင်းဟူသော = ဓမ္မိယဒါန
  • (၂) တိုက်ခိုက် ခိုးဝှက် လုယက်မှုဖြင့် မတရား ရှာဖွေရရှိသော ပစ္စည်း ဝတ္ထုကို ပေးလှူခြင်းဟူသော = အဓမ္မိယဒါနအားဖြင့် ၂-ပါး,


  • (၁) တဏှာသခင် အရှင့်အကြိုက် အလိုလိုက်၍ တဏှာ၏ ကျွန်အဖြစ်ဖြင့်လောကီချမ်းသာကို လိုလား တောင့်တ၍ လှူဒါန်းခြင်းဟူသော = ဒါသဒါန,
  • (၂) တဏှာ့အလို မလိုက်ပဲ အရှင်သခင်ကို တော်လှန်သူအဖြစ်ဖြင့် မဂ်, ဖိုလ်, နိဗ္ဗာန်ကို ရည်သန် တောင့်တ၍ လှူဒါန်းခြင်း ဟူသော = ဘုဇိဿဒါန-အားဖြင့် ၂-ပါး,


  • (၁) နေ့စဉ်မပြတ် ဆွမ်းလောင်းခြင်း စသည်ဖြင့် အမြဲမပြတ် လှူဒါန်းခြင်း ဟူသော = နိဗဒ္ဓဒါန,
  • (၂) နေ့စဉ်အမြဲ မဟုတ်ပဲ တတ်နိုင်သည့် အခါ၌ လှူဒါန်းခြင်း ဟူသော = အနိဗဒ္ဓဒါန-အားဖြင့် ၂-ပါး,


  • (၁) တဏှာဒိဋ္ဌိတို့ဖြင့် မှားမှားယွင်းယွင်း သုံးသပ်အပ်လျက် လှူဒါန်းခြင်း ဟူသော = ပရာမဋ္ဌဒါန,
  • (၂) တဏှာဒိဋ္ဌိတို့ဖြင့် မှားမှား ယွင်းယွင်း မသုံး သပ်အပ်ပဲ လှူဒါန်းခြင်းဟူသော = အပရာမဋ္ဌဒါန-အားဖြင့် ၂-ပါး,


  • (၁) အကြွင်း အကျန် အညံ့ အဖျင်းဖြစ်သော ပစ္စည်းဝတ္ထုကို လှူဒါန်းခြင်းဟူသော ဥစ္ဆိဋ္ဌဒါန,
  • (၂) အကြွင်းအကျန် အညံ့အဖျင်း မဟုတ်သော ပစ္စည်းဝတ္ထုကို လှူဒါန်းခြင်း ဟူသော = အနုစိဋ္ဌဒါန-အားဖြင့် ၂-ပါး,


  • (၁) မိမိ အသက် ထင်ရှားရှိစဉ် ကာလ၌ လှူဒါန်းခြင်းဟူသော = သဇီဝဒါန,
  • (၂) “ငါသေလွန်ပြီးနောက် ငါ၏ပစ္စည်းကို သင့်အား ပေးလှူ ပါ၏, ဤမည်သောသူအား ပေးလှူပါ၏ အလိုရှိတိုင်း ယူ၍ သုံးဆောင်ရစ်ကြပါလော့ ဟု မှာထားပြောဆိုကာ သေလွန်ပြီး အချိန် အခါကို ရည်မှန်း၍ လှူဒါန်းခြင်း ဟူသော = အစ္စယဒါန-အားဖြင့် ၂-ပါး။

ယင်း-တွင် အစ္စယဒါန-သည် လူတို့မှာသာ အပေးအယူ မြောက်သည်။ ရဟန်းတော်တို့မှာ မူကား အပေးအယူ မမြောက်။

  • (၁) သီးခြား ပုဂ္ဂိုလ်ကို သတ်မှတ် ပိုင်းခြား၍ လှူဒါန်းခြင်းဟူသော = ပုဂ္ဂလိကဒါန,
  • (၂) အများသံဃာကို ရည်ရွယ် သတ်မှတ်၍ လှူဒါန်းခြင်း ဟူသော = သံဃိကဒါနအားဖြင့် ၂-ပါး,


  • (၁) အချိန်အခါနှင့် တိုက်ဆိုင် ကိုက်ညီအောင် စီမံပြုလုပ်၍ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း, ကထိန်လျာသင်္ကန်း လှူဒါန်းခြင်း, မကျန်းမာသောရဟန်း, ဧည့်သည် ရဟန်း, ခရီးသွား-စသော ရဟန်းတို့အား ထိုက်သင့်ရာကို လှူဒါန်းခြင်း ဟူသော = ကာလဒါန,
  • (၂) အချိန်အခါကို မရွေးချယ်ပဲ တိုက်ဆိုင် ကိုက်ညီသည်ဖြစ်စေ, မတိုက်ဆိုင် မကိုက်ညီသည်ဖြစ်စေ လှူလိုသောခါ၌ လှူဒါန်းခြင်း ဟူသော = အကာလဒါနအားဖြင့် ၂-ပါး,


  • (၁) မျက်မှောက်၌ လှူဒါန်းခြင်း ဟူသော = ပစ္စက္ခဒါန,
  • (၂) မျက်ကွယ်၌ လှူဒါန်းခြင်းဟူသော = အပစ္စက္ခဒါန-အားဖြင့် ၂-ပါး [၂၈][၁]

၃-ပါးတွဲဒါန ပြင်ဆင်ရန်

  • (၁) ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ၄-ပါးသောပစ္စည်းကို ပေးလှူခြင်းဟူသော = အာမိသဒါန
  • (၂) သတ္တဝါအပေါင်းအား ဘေးမဲ့ပေးခြင်းဟူသော = အဘယဒါန,
  • (၃) နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း လမ်းမှန်ဖြစ်သော ဒါန, သီလ, သမထ, ဝိပဿနာ-အကျင့်တို့ကို ကိုယ်တိုင်ကျင့်သုံးခြင်း, သူတစ်ပါးတို့အား ကျင့်သုံး အောင် ဟောပြော ဆုံးမခြင်းဟူသော = ဓမ္မဒါနအားဖြင့် ၃-ပါး [၂၉]


  • (၁) အဆီ အစေး ဩဇာရှိသော ထောပတ်, ဆီဦး-စသည်ကို ပေးလှူခြင်းဟူသော = ဩဇဒါန,
  • (၂) သပြေ, သရက်-စသော အဖျော် ၈-မျိုးကို ပေးလှူခြင်းဟူသော = ပါနဒါန,
  • (၃) “ဤအလှူကား ငါ၏အသက် အလှူ”ဟု နှလုံးသွင်းဆင်ခြင်၍ သလာကဘတ်, ပက္ခိကဘတ် စသည်ကို ပေးလှူခြင်း မကျန်းမာသူတို့အတွက် ဆေးဆရာ ခေါ်ပေးခြင်း, ပိုက်, ကွန်, မြှုံး, ငှက်လှောင်ချိုင့်, အနှောင်အဖွဲ့မိနေသော သတ္တဝါတို့ကို လွတ်စေခြင်း, “သားငါး မသတ်ရ”ဟု အမိန့်ထုတ် စည်လည် မောင်းခတ်စေခြင်း, သတ္တဝါတို့၏ အသက်လုံခြုံရေးအတွက် အမှုကိစ္စ အဝဝကို ကိုယ်တိုင်ပြုလုပ်ခြင်း, သူတစ်ပါးကို ပြုလုပ် စေခြင်းဟူသော = ဇီဝိတဒါန-အားဖြင့် ၃-ပါး [၃၀]


  • (၁) လှူဖွယ်ဝတ္ထုလျှင် အာရုံရှိသော တဏှာ၏ ကျေးကျွန်ဖြစ်၍ မိမိ သုံးဆောင် သလောက်မကောင်း ညံ့ဖျင်းသောပစ္စည်းကို ပေးလှူခြင်း ဟူသော = ဒါနဒါသ,
  • (၂) လှူဖွယ်ဝတ္ထုလျှင် အာရုံရှိသော တဏှာ၏ အပေါင်းအသင်း သူငယ်ချင်းဖြစ်၍ မိမိ အသုံးအဆောင်နှင့် ဆိုးကောင်း ယုတ်မြတ် တူညီသောပစ္စည်းကို ပေးလှူ ခြင်းဟူသော = ဒါနသဟာယ,
  • (၃) အလှူဝတ္ထုလျှင် အာရုံ ရှိသော တဏှာကို လွှမ်းမိုးအုပ်စိုးနိုင်သည် ဖြစ်၍ မိမိအသုံးအဆောင်ထက် ပိုမိုကောင်းမွန်သော ပစ္စည်းကို ပေးလှူ ခြင်းဟူသော = ဒါနပတိ = ဒါနဇေဋ္ဌက = ဒါနသာမိ-အားဖြင့် ၃-ပါး [၃၁]

ဒါနပတိအလှူရှင်များ ပြင်ဆင်ရန်

  • ယင်းတွင် ဒါနပတိဖြစ်အောင် ပေးလှူ ဘူးသူတို့ကား— မဟာဝိဇိတမင်း [၃၂]
  • သိန္ဒဝတိုင်း, သောဓီဝါကတိုင်းဟူသော တိုင်းကြီး ၂-တိုင်းကို အစိုးရသော သိရီမင်း [၃၃]
  • သီဟ စစ်သူကြီး [၃၄]
  • ရောရုဝမြို့သား အသယှသူဌေးကြီး [၃၅],
  • မဏ္ဍဗျသူကြွယ်၏ မိဘဘိုးဘွားများ [၃၆]
  • ရာဇဂြိုဟ်ပြည်သား နန္ဒိယဥပါသကာ [၃၇]တို့ ဖြစ်၏။

ဓမ္မိကဒါနသုံးပါး ပြင်ဆင်ရန်

  • (၁) သံဃာအား လှူဖို့ရန် စိတ်ညွတ်ထားသောပစ္စည်းကို သံဃာအားသာ လှူဒါန်းခြင်းဟူသော = သံဃနိန္နသံဃဒါန,
  • (၂) စေတီအား လှူဖို့ရန် စိတ်ညွှတ်ထားသော ပစ္စည်းကို စေတီအားသာ လှူဒါန်းခြင်းဟူသော = စေတိယနိန္နစေတိယဒါန,
  • (၃) ပုဂ္ဂိုလ်အား လှူဖို့ရှန် စိတ်ညွတ်ထားသော ပစ္စည်းကို ပုဂ္ဂိုလ်အားသာလှူဒါန်းခြင်း ဟူသော = ပုဂ္ဂလနိန္နပုဂ္ဂလဒါန-အားဖြင့် ၃-ပါး။

ယင်း ၃-ပါးကို တရားနှင့်အညီ ပေးလှူသည် မည်ခြင်းကြောင့် “ဓမ္မိကဒါန”ဟု ခေါ်ဆို၏ [၃၈]

ဟီန, မဇ္ဈိမ, ပဏီတဒါန ပြင်ဆင်ရန်

(၁) ဒါနပြုရာအခါ၌ အလှူရှင်၏ ဆန္ဒ, စိတ္တ, ဝီရိယ, ဝီမံသာ တရား ၄-ပါးကို ညံ့ဖျင်းစေလျက် လှူဒါန်းခြင်းဟူသော = ဟီနဒါန (၂) ယင်း-တရား ၄-ပါးကို အလတ်စား ဖြစ်စေလျက် လှူဒါန်းခြင်းဟူသော = မဇ္ဈိမဒါန, (၃) ယင်း-တရား ၄-ပါးကိုပင် အမြတ် စားဖြစ်စေလျက် လှူဒါန်းခြင်းဟူသော ပဏီတဒါန-အားဖြင့် ၃-ပါး။


သို့မဟုတ်

  • (၁) အကျော်အစော အရှိန်အစော် တန်ခိုးအာဏာကို မျှော်လင့်တောင့်တ၍ လှူဒါန်းခြင်း ဟူသော = ဟီနဒါန,
  • (၂) လူချမ်းသာ, နတ် ချမ်းသာ-စသည်ကို မျှော်လင့် တောင့်တ၍ လှူဒါန်းခြင်းဟူသော = မဇ္ဈိမဒါန,
  • (၃) အရိယာအပေါင်း သူတော်ကောင်း အလောင်း လျာတို့၏ အလေ့အကျင့်ကို အလေးပြု၍ လှူဒါန်းခြင်းဟူသော = ပဏီတဒါန-အားဖြင့် ၃-ပါး။


သို့မဟုတ်

  • (၁) လူချမ်းသာ, နတ် ချမ်းသာကို တောင့်တ၍ လှူဒါန်းခြင်းဟူသော = ဟီနဒါန,
  • (၂) သာဝကဗောဓိ, ပစ္စေကဗောဓိကို ရည်ရွယ်တောင့်တ၍ လှူဒါန်းခြင်းဟူသော = မဇ္ဈိမဒါန,
  • (၃) သမ္မာသမ္ဗောဓိ (သဗ္ဗညုတ)ဉာဏ်ကို ရည်သန် တောင့်တ၍ လှူဒါန်းခြင်းဟူသော = ပဏီတဒါန-အားဖြင့် ၃-ပါး,


  • (၁) သာမန်လူတို့ ပြုလုပ်ဖို့ရန် ခဲယဉ်းသောအမှုကို ပြုလုပ်၍ လှူဒါန်းခြင်းဟူသော = ဒုက္ကရဒါန,
  • (၂) ကြီးကျယ် များပြားစွာ ပြုလုပ်စီမံ၍ လှူဒါန်းခြင်းဟူသော = မဟာဒါန,
  • (၃) ခဲယဉ်း လှသည်လည်း မဟုတ် ကြီးကျယ် များပြား လှသည်လည်း မဟုတ်မူ၍ သာမန်အားဖြင့် လှူဒါန်းခြင်း ဟူသော = သာမညဒါန-အားဖြင့် ၃-ပါး (မဟာဗုဒ္ဓဝင်၊ အနုဒီပနီ၊ ဒါနပါရမီခန်း-ကြည့်)။


  • (၁) လောကရေးရာကို အလေး ပြု၍ လှူဒါန်းခြင်းဟူသော လောကာဓိပတေယျဒါန,
  • (၂) မိမိဂုဏ်ကို အလေးပြု၍ လှူဒါန်းခြင်းဟူသော = အတ္တာဓိပတေယျဒါန,
  • (၃) သူတော်ကောင်းတရားကို အလေးပြု၍ လှူဒါန်းခြင်းဟူသော = ဓမ္မာဓိပတေယျဒါနအားဖြင့် ၃-ပါး (ဒါနာဒိဒီပနီ-ကြည့်)။

၄-ပါးတွဲ ဒါန ပြင်ဆင်ရန်

  • (၁) စီဝရဒါန,
  • (၂) ပိဏ္ဍပါတဒါန,
  • (၃) သေနာသနဒါန,
  • (၄) ဘေသဇ္ဇဒါန-အားဖြင့် ၄-ပါး [၃၉]


၅-ပါးတွဲ ဒါန ပြင်ဆင်ရန်

  • (၁) ဧည့်သည်အား ပေးလှူခြင်းဟူသော = အာဂန္တုကဒါန,
  • (၂) ခရီးသွားအား ပေးလှူခြင်းဟူသော = ဂမိကဒါန
  • (၃) သူနာအား ပေးလှူခြင်းဟူသော = ဂိလာနဒါန,
  • (၄) ငတ်မှုတ်ခေါင်းပါး အစာရှားရာအခါ၌ ပေးလှူခြင်းဟူသော ဒုဗ္ဘိက္ခဒါန,
  • (၅) ကောက်ဦး, သစ်သီးဦးကို သီလဝန္တ ရဟန်းတော်တို့အား ဦးဦးဖျားဖျား ပေးလှူခြင်းဟူသော = နဝသဿဖလ-ဒါန-အားဖြင့် ၅-ပါး။

ယင်း ၅-ပါးကို သင့်လျော် လျောက်ပတ်ရာ အချိန်အခါ၌ ပေးလှူခြင်းကြောင့် “ကာလဒါန”ဟု ခေါ်ဆို၏ [၄၀]

မသူတော်တို့ အလှူ နှင့် သူတော်ကောင်းတို့ အလှူ ပြင်ဆင်ရန်

  • (၁) အသက္ကစ္စဒါန,
  • (၂) အစိတ္တီကတ ဒါန,
  • (၃) အသဟတ္ထဒါန,
  • (၄) အပဝိဒ္ဓဒါန
  • (၅) အနာဂမနဒိဋ္ဌိကဒါန-အားဖြင့် ၅-ပါး။

ယင်း ၅-ပါးကို သူတော်မဟုတ် သူယုတ်တို့၏ ပေးလှူပုံ ပေးလှူနည်းဖြင့် ပေးလှူခြင်းကြောင့် “အသပ္ပုရိသဒါန” ဟု ခေါ်ဆို၏။

  • (၁) သက္ကစ္စဒါန,
  • (၂) စိတ္တီကတဒါန,
  • (၃) သဟတ္ထဒါန,
  • (၄) အနပဝိဒ္ဓဒါန,
  • (၅) အာဂမနဒိဋ္ဌိကဒါန-အားဖြင့် ၅-ပါး။

ယင်း ၅-ပါးကို သူတော်ကောင်းတို့၏ ပေးလှူပုံ ပေးလှူနည်းဖြင့် ပေးလှူခြင်းကြောင့် “သပ္ပုရိသဒါန”ဟု ခေါ်ဆို၏ [၄၁]

  • (၁) အလှူ, အလှူ၏အကျိုးကို သက်ဝင်ယုံကြည်၍ ပေးလှူခြင်းဟူသော = သဒ္ဓါဒါန,
  • (၂) ရိုရိုသေသေ ပေးလှူခြင်းဟူသော = သက္ကစ္စဒါန,
  • (၃) သင့်လျော်လျောက်ပတ်ရာ အချိန်အခါ၌ ပေးလှူခြင်းဟူသော = ကာလဒါန,
  • (၄) မစွဲလမ်းပဲ လွတ်လွတ် စွန့်ကြဲလို စိတ်, ချီးမြှောက်လိုစိတ်ဖြင့် ပေးလှူခြင်းဟူသော = အနဂ္ဂဟိတ (အနုဂ္ဂဟိတ) စိတ္တဒါန,
  • (၅) မိမိ သူတစ်ပါး မည်သူ့အားမျှ ဂုဏ်ပျက်ပြားအောင် မထိပါးမူ၍ ပေးလှူခြင်းဟူသော = အနုပဟစ္စဒါန-အားဖြင့် ၅-ပါး။

ယင်း ၅-ပါးကိုလည်း သူတော်ကောင်းတို့၏ ပေးလှူပုံ ပေးလှူနည်းဖြင့် ပေးလှူခြင်းကြောင့် “သပ္ပုရိသဒါန”ဟူ၍ပင် ခေါ်ဆို၏။

သူတော်ကောင်းတို့အလှူ အကျိုးတရားများ ပြင်ဆင်ရန်

ယင်း-ဒါန ၅-ပါးကို ပေးလှူသောသူသည် ချမ်းသာကြွယ်ဝ အစိုးရ၍ ဥစ္စာဘဏ္ဍာ ပေါများခြင်း, အသုံးအဆောင်ပေါများခြင်း ဟူသော အကျိုးထူးတို့ကို ရရှိ၏။ အထူးအားဖြင့် သဒ္ဓါဒါနပြုလျှင် အဆင်း လှပခြင်း, ကြည့်ရှုချင်ဖွယ် တင့်တယ်ခြင်း, သူတစ်ပါး၏ စိတ်ကိုကြည်လင်စေနိုင်ခြင်းဟူသော အကျိုးထူးကို ရရှိ၏။

သက္ကစ္စဒါနပြုလျှင် သား, သမီး, ဇနီး, ကျေးကျွန် အစေခံ အလုပ်သမားတို့၏ မိမိစကားကို လေးလေးစားစား နားထောင် လိုက်နာ ဆောင်ရွက်ခြင်း ဟူသော အကျိုးထူးကို ရရှိ၏။

ကာလဒါန ပြုလျှင် အိုမင်း ရင့်ယော်ချိန်မှ မဟုတ် သင့်လျော် လျောက်ပတ်ရာ ငယ်ရွယ်စဉ် အခါကပင်လျှင် ဖွံ့ဖွံ့ဖြိုးဖြိုး များစွာသော အကျိုးထူးကို ရရှိ၏။

အနဂ္ဂဟိတ (အနုဂ္ဂဟိတ) စိတ္တဒါနပြုလျှင် ၅-ပါးအာရုံ ကာမဂုဏ်တို့ကို သုံးဆောင်ခံစားဖို့ရန် စိတ်ညွှတ်ခြင်းဟူသော အကျိုးထူးကို ရရှိ၏။

အနုပဟစ္စဒါနပြုလျှင် မီး, ရေ, မင်း, ခိုးသူ, မချစ်မနှစ်သက်သော အမွေခံဆိုး တစ်မျိုးမျိုးကြောင့်သော်မှ ဥစ္စာပစ္စည်း မပျက်စီးနိုင်ခြင်းဟူသော အကျိုးထူးကို ရရှိ၏ [၄၂])။

ကောင်းမှု မဖြစ်သော ဒါန ပြင်ဆင်ရန်

  • (၁) သေရည်အရက်ကို ပေးလှူခြင်းဟူသော = မဇ္ဇဒါန,
  • (၂) ပွဲလမ်းသဘင်ဖြင့် လှူဒါန်းပူဇော်ခြင်းဟူသော = သမဇ္ဇဒါန,
  • (၃) မိန်းမကို ပေးလှူခြင်း ဟူသော = ဣတ္ထိဒါန,
  • (၄) နွားမအပေါင်း၏ အလယ်၌ နွားလား ဥသဘကို လွှတ်ပေးခြင်း ဟူသော = ဥသဘဒါန,
  • (၅) မိန်းမ ယောက်ျားတို့၏ မေထုန် မှီဝဲဟန် ပုံသဏ္ဌာန်-စသော ကိလေသာ ဖြစ်ဖို့ရန် အကြောင်းဖြစ်သော ပန်းချီ ဆေးရေး ကားချပ်ကို ပေးလှူခြင်းဟူသော = စိတ္တကမ္မဒါန-အားဖြင့် ၅-ပါး။

ယင်း ၅-ပါးသည် လောက၌ ကုသိုလ်ကောင်းမှုဟု သမုတ်အပ်သော်လည်း စင်စစ် ကုသိုလ်ကောင်းမှု မဟုတ်ချေ၊ မကောင်းမှု အကုသိုလ်သာ ဖြစ်ပေ၏ [၄၃]

၆-ပါးတွဲ ဒါန ပြင်ဆင်ရန်

  • (၁) ရူပဒါန,
  • (၂) သဒ္ဒဒါန,
  • (၃) ဂန္ဓဒါန,
  • (၄) ရသဒါန
  • (၅) ဖောဋ္ဌဗ္ဗဒါန,
  • (၆) ဓမ္မဒါန-အားဖြင့် ၆-ပါး [၄၄]


  • (၁) ပန်းအာရာမ်, သစ်သီးအာရာမ်ကို စိုက်ပျိုး၍ လှူဒါန်းခြင်းဟူသော = အာရာမရောပဒါန,
  • (၂) အလိုအလျောက် ပေါက် ရောက်၍ မစိုက်ပျိုးအပ်သော တော၌ ပိုင်းခြား ကာရံပြီးလျှင် စေတီ, ဗောဓိပင်, မဏ္ဍပ်, ကုဋီ, လိုဏ်, ညဉ့်သန့်ရာအရပ်, နေ့သန့်ရာ အရပ်တို့ကို ပြုလုပ်၍ဖြစ်စေ အရိပ်ကောင်းသော သစ်ပင်တို့ကို စိုက်ပျိုး၍ ဖြစ်စေ လှူဒါန်းခြင်းဟူသော = ဝနရောပဒါန,
  • (၃) တံတားခင်း၍ လှူဒါန်းခြင်းဟူသော = သေတုကာရကဒါန,
  • (၄) ရေအိုးစင်တည်၍ လှူဒါန်းခြင်းဟူသော = ပပါဒါန,
  • (၅) ရေတွင်း, ရေကန်, ရေမြောင်း-တူး၍ လှူဒါန်းခြင်းဟူသော = ဥဒပါနဒါန,
  • (၆) စရပ်, တန်ဆောင်း, ဂူ, ကျောင်း, ပြာသာဒ်ကို လှူဒါန်းခြင်းဟူသော = ဥပဿယဒါန-အားဖြင့် ၆-ပါး။ ယင်းတွင် တစ်မျိုးမျိုးကို လှူသော အလှူရှင်သည် နေ့ရော ညဉ့်ပါ အခါခပ်သိမ်း ကုသိုလ်တရား ပွါးများ၍ သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရောက်ရ၏ [၄၅]

၇-ပါးတွဲ ဒါန ပြင်ဆင်ရန်

  • (၁) မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါ ဘုရားအမှူးရှိသော ဘိက္ခု ဘိက္ခုနီအားဖြင့် ၂-ဖက်သော သံဃာအား လှူဒါန်းခြင်းဟူသော = ဗုဒ္ဓပ္ပမုခ ဥဘတောသံဃိကဒါန
  • (၂) မြတ်စွာဘုရားပရိနိဗ္ဗာန် စံတော်မူပြီးသောအခါ ဘိက္ခု ဘိက္ခုနီအားဖြင့် ၂-ဖက်သော သံဃာအား လှူဒါန်းခြင်းဟူသော = တထာဂတ ပရိနိဗ္ဗူတ ဥဘတောသံဃိကဒါန,
  • (၃) တဖက်သော ဘိက္ခုသံဃာအားသာ လှူဒါန်းခြင်းဟူသော = ဧကတောဘိက္ခု သံဃိကဒါန
  • (၄) တဖက်သော ဘိက္ခုနီ သံဃာအားသာ လှူဒါန်းခြင်း ဟူသော = ဧကတောဘိက္ခုနီသံဃိကဒါန
  • (၅) “ဤမျှ အတိုင်းအရှည်ရှိသော ရဟန်း ယောကျ်ား ရဟန်းမတို့ကို သံဃာထဲမှ ညွှန်းချပါ”ဟု လျှောက်ထား၍ သံဃာက ညွှန်းချသူအား လှူဒါန်းခြင်းဟူသော = ဥဘတော သံဃဥဒ္ဒိဿသံဃိကဒါန
  • (၆) ယခင် နည်းတူ ရဟန်းယောက်ျားကို လျှောက်ထား၍ ညွှန်းချရာ ရဟန်းယောက်ျားအား လှူဒါန်းခြင်းဟူသော = ဧကတောဘိက္ခု သံဃဥဒ္ဒိဿ-သံဃိကဒါန,
  • (၇) ယခင်နည်းတူပင် ရဟန်းမကို လျှောက်ထား၍ ညွှန်းချရာ ရဟန်းမအား လှူဒါန်းခြင်းဟူသော = ဧကတောဘိက္ခုနီ-သံဃဥဒ္ဒိဿသံဃိကဒါန-အားဖြင့် ၇-ပါး [၄၆]

၈-ပါးတွဲ ဒါန ပြင်ဆင်ရန်

  • (၁) မိမိအထံသို့ အလှူခံ ဆိုက်ရောက်လာလျှင် မကြန့်ကြာ မပင်ပန်းစေပဲ ချက်ခြင်း အရေးတယူ ပေးလှူခြင်း ဟူသော = အာသဇ္ဇဒါန
  • (၂) အကဲ့ရဲ့ ခံရ မည်ကိုလည်းကောင်း, အပါယ်ငရဲ ကျမည်ကို၎င်း ကြောက်ရွံ့၍ ပေးလှူခြင်းဟူသော = ဘယာဒါန,
  • (၃) “ဤသူသည် ရှေးအခါက ငါ့အား ဤမည်သော ဝတ္ထုကို ပေးဘူးပြီ”ဟု နှလုံးသွင်း၍ အတုံ့ပြန်သော အနေဖြင့် ပေးလှူ ခြင်းဟူသော = အဒါသိ မေ ဒါန,
  • (၄) “ယခု ငါက ပေးလှူလိုက်လျှင် နောင်အခါ ငါ့အား ပြန်၍ ပေးလှူလိမ့်မည်”ဟု ရည်ရွယ်၍ ပေး လှူခြင်း ဟူသော = ဒဿတိ မေ ဒါန
  • (၅) “လှူဒါန်း ပေးကမ်းခြင်း ဟူသည် ဘုရား စသော ပညာရှိ သူတော်ကောင်းတို့ ချီးမွမ်းအပ်သည်ဖြစ်၍ ကောင်းမွန်သော အလုပ်ဖြစ် ပေသည်”ဟု နှလုံးသွင်းကာ ပေးလှူခြင်း ဟူသော = သာဟုဒါန,
  • (၆) “ငါသည် ချက် ပြုတ်၍ စားနေသူဖြစ်ပါလျက် မချက်မပြုတ် ရသောသူအား မလှူဒါန်းပဲ စားသုံးခြင်းငှါ မလျော်ပါတကား”ဟု နှလုံးသွင်း၍ ပေးလှူ ခြင်းဟူသော = အဒါတုံ နာရဟာမိ ဒါန,
  • (၇) “ဤအလှူကို ငါ လှူဒါန်းလိုက်လျှင် ငါ၏ ကောင်းသော ဂုဏ်သတင်း ကျော်စောသံ လွှမ်းမိုး ပျံ့နှံ့သွားလိမ့်မည်”ဟု နှလုံးသွင်း၍ ပေးလှူခြင်းဟူသော = သိလောကပတ္ထနာ ဒါန,
  • (၈) သမထ, ဝိပဿနာ ဘာဝနာ စိတ် တည်ကြည်စေရန် အဆင်းတန်ဆာ အခြံအရံ အဖြစ် ရည်ရွယ်၍ ပေးလှူခြင်းဟူသော = စိတ္တာလင်္ကာရဒါန-အားဖြင့် ၈-ပါး။

ယင်းတွင် နောက်ဆုံး ဒါနသည်သာ တရားအားထုတ်ရာ၌ စိတ်တည်ကြည် ရွှင်လန်းလာအောင်အား အားမြှောက်ပြုကာ ဈာန်, မဂ်, ဖိုလ်ကို ရကြောင်းဖြစ်သော သမထဝိပဿနာတို့အား ကျေးဇူးများသောကြောင့် အမြတ်ဆုံး ဖြစ်သည်[၄၇]


  • (၁) အလှူခံပုဂ္ဂိုလ်၌ ချစ်ခင်လေးစားခြင်း (မေတ္တာပေမ)ဖြင့် ပေးလှူခြင်းဟူသော = ဆန္ဒာဒါန
  • (၂) မလွှဲမရှောင်သာသည့်အတွက် အလှူခံပုဂ္ဂိုလ်အား မုန်းလျက်နှင့်ပင် ပေးလှူခြင်း ဟူသော-ဒေါသာဒါန
  • (၃) ကြောင်းကျိုး ကောင်းဆိုးကို မသိပဲ မိုက်မဲ တွေဝေသဖြင့် ပေးလှူခြင်းဟူသော = မောဟာဒါန,
  • (၄) အကဲ့ရဲ့ခံရမည်ကိုလည်းကောင်း, အပါယ်ငရဲ ကျမည်ကိုလည်းကောင်း, အလှူခံပုဂ္ဂိုလ်က တစ်စုံတရာ ရန်ပြုမည်ကို၎င်း ကြောက်ရွံ့၍ ပေးလှူရခြင်းဟူသော = ဘယာဒါန,
  • (၅) “ငါ၏ မိဘ ဘိုးဘွားများ လက်ထက်ကပင် ပေးကမ်း လှူဒါန်းခဲ့သည်၊ မိဘ ဘိုးဘွားများ အဆက်ဆက်ကပင် ပေးကမ်းလှူဒါန်းခဲ့သည့် အဆက်အနွယ်ကို ယုတ်လျော့ စေခြင်းငှါ မသင့်လျော်”ဟု နှလုံးသွင်း၍ ပေးလှူခြင်း ဟူသော = ဟာပေတုံ နာရဟာမိ ဒါန,
  • (၆) သေလွန်ပြီးနောက် နတ်ပြည်သို့ ကပ်ရောက် ရတော့အံ့ဟု နှလုံးသွင်း၍ ပေးလှူခြင်းဟူသော = သဂ္ဂလောကပတ္ထနာဒါန,
  • (၇) “ဒါန ပြုလျှင် စိတ်ကြည်လင်မည်, နှစ်သက်ဝမ်း မြောက်ခြင်း ဖြစ်လိမ့်မည်”ဟု စိတ်ရွှင်လန်းမှုကို ရှုမြော်၍ ပေးလှူခြင်းဟူသော = စိတ္တ-ပသာဒဒါန,
  • (၈) သမထ, ဝိပဿနာ စိတ်တည်ကြည်စေရန် အဆင်းတန်ဆာ အခြံအရံ အဖြစ် ရည်ရွယ်၍ ပေးလှူခြင်းဟူသော = စိတ္တာလင်္ကာရဒါန-အားဖြင့် ၈-ပါး [၄၈]


  • (၁) သန့်ရှင်း စင်ကြယ် တင့်တယ် လှပသော ပစ္စည်းဝတ္ထုကို ပေးလှူခြင်းဟူသော = သုစိဒါန,
  • (၂) မွန်မြတ်သော အရသာ ရှိသော ပစ္စည်းဝတ္ထုကို ပေးလှူခြင်းဟူသော = ပဏီတဒါန,
  • (၃) သင့်လျော် လျောက်ပတ်သောအခါ၌ ပေးလှူခြင်း ဟူသော = ကာလဒါန,
  • (၄) အလှူခံပုဂ္ဂိုလ်နှင့် အပ်စပ်သော ပစ္စည်းဝတ္ထုကို ပေးလှူခြင်းဟူသော = ကပ္ပိယဒါန,
  • (၅) အလှူခံပုဂ္ဂိုလ်နှင့် လှူဖွယ်ဝတ္ထုကို စိစစ် ရွေးချယ်၍ လှူဒါန်းခြင်းဟူသော = ဝိစေယျဒါန,
  • (၆) မိမိစွမ်းနိုင်သမျှ မပြတ်မလတ် ပေးလှူခြင်းဟူသော = အဘိဏှဒါန,
  • (၇) ပေးလှူစဉ်အခါ စိတ်ကို ကြည်လင်စေ၍ ပေးလှူခြင်းဟူသော = စိတ္တပသာဒဒါန,
  • (၈) လှူဒါန်းပြီးနောက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရအောင် ပေးလှူခြင်း ဟူသော = အတ္တမနဒါန-အားဖြင့် ၈-ပါး [၄၉]

၉-ပါးတွဲ ဒါန ပြင်ဆင်ရန်

  • (၁) သံဃာအား “လှူပါမည် ဆောက်လုပ်ပါမည်”ဟု နှုတ်မြွက် ဝန်ခံထားသဖြင့် ညွတ်ကိုင်းပြီးသော လာဘ်ကို ညွှတ်ရင်း သံဃာမှတစ်ပါး အခြားသံဃားအားညွတ်ကိုင်း လှူစေခြင်း ဟူသော = သံဃပရိဏတ အညသံဃဒါန (တစ်ခုသော ကျောင်းတိုက်ရှိ သံဃာအား လှူဖို့ရန် ရည်ရွယ်ထားသော ပစ္စည်းဝတ္ထုကို ရည်ရွယ်ရင်း ကျောင်းတိုက်မှတစ်ပါး အခြားကျောင်းတိုက်ရှိ သံဃာအား လှူပါ-ဟု အလှူရှင် ဒါယကာတို့အား မပြောမဆိုကောင်း),
  • (၂) ယင်း-နည်းတူ သံဃာ့လာဘ်ကို စေတီအား ညွတ်ကိုင်းလှူစေခြင်းဟူသော = သံဃပရိဏတစေတိယဒါန (သံဃာအားလှူဖို့ရန် ရည်ရွယ်ထားသောပစ္စည်း ဝတ္ထုကို “သံဃာအား ပေးလှူ၍ အကျိုး မရှိ၊ စေတီတော်အား ပေးလှူပူဇော်ပါ” ဟု အလှူရှင် ဒါယကာတို့အား မပြောမဆို ကောင်း),
  • (၃) ယင်း-နည်းတူ သံဃာ့လာဘ်ကိုပင် ပုဂ္ဂိုလ်အား ညွတ်ကိုင်း လှူစေခြင်း ဟူသော = သံဃပရိဏတပုဂ္ဂလဒါန,
  • (၄) စေတီအား ညွတ်ကိုင်းထားပြီးသော လာဘ်ကို ညွတ်ရင်းစေတီမှတစ်ပါး အခြားစေတီတဆူဆူအား ညွတ်ကိုင်းလှူစေခြင်းဟူသော = စေတိယပရိဏတအညစေတိယဒါန (စေတီတဆူအတွက် သတ်မှတ်၍ စိုက်ပျိုးအပ်သော ပန်းခြံမှ ပန်းပွင့်ကို အခြားစေတီတဆူဆူ၌ မတင်မလှူကောင်း။ စေတီတဆူအား လှူပြီးသော ထီး တံခွန်တို့မှ အကြွင်းအကျန် အပိုအလျှံကိုမူကား အခြားစေတီတဆူအား လှူစေကောင်း၏။)
  • (၅) ယင်း-နည်းတူ လာဘ်ကို သံဃာအား ညွတ်ကိုင်း လှူစေခြင်းဟူသော = စေတိယပရိဏတသံဃဒါန
  • (၆) ယင်း-နည်းတူ လာဘ်ကိုပင် ပုဂ္ဂိုလ်အား ညွတ်ကိုင်း လှူစေခြင်း ဟူသော = စေတိယပရိဏတပုဂ္ဂလဒါန,
  • (၇) ပုဂ္ဂိုလ်အား ညွှတ်ကိုင်းထားပြီးသော လာဘ်ကို ညွတ်ရင်းပုဂ္ဂိုလ်မှတစ်ပါး အခြားပုဂ္ဂိုလ် တစ်ယောက်ယောက်အား ညွတ်ကိုင်း လှူစေခြင်းဟူသော = ပုဂ္ဂလပရိဏတအညပုဂ္ဂလဒါန (အယုတ်ဆုံး ခွေးတကောင်အား ကျွေးဖို့ရန် ရည်ရွယ်ထားသောဝတ္ထုကို ရည်ရွယ်ရင်းခွေး မှတစ်ပါး အခြား ခွေးတကောင်ကောင်အားသော်မှ ပြောင်းရွှေ့ကာ မကျွေးစေကောင်း။ အကယ်၍ အလှူရှင်ဒါယကာက “သံဃာအား ဆွမ်းလှူလိုပါသည်၊ စေတီတော်အား ပူဇော်လိုပါသည်၊ ရဟန်းတစ်ပါးအား ပရိက္ခရာ လှူလိုပါသည်၊ အရှင်ဘုရားတို့၏ သဘောကျ အလိုအတိုင်း လှူပါမည်၊ မည်သူအား လှူရပါမည်နည်း အမိန့်ရှိတော်မူပါ”ဟု လျှောက်ထားပါမူကား “မည်သူအား လှူပါ”ဟု ညွှန်းဆိုကောင်း၏),
  • (၈) ယင်း-နည်းတူ လာဘ်ကို သံဃာအား ညွတ်ကိုင်း လှူစေခြင်းဟူသော = ပုဂ္ဂလပရိဏတသံဃဒါန,
  • (၉) ယင်း-နည်းတူ လာဘ်ကိုပင် စေတီအား ညွတ်ကိုင်း လှူစေခြင်းဟူသော = ပုဂ္ဂလပရိဏတစေတိယဒါန-အားဖြင့် ၉-ပါး။

ယင်း ၉-ပါးကို တရားနှင့်အညီ ပေးလှူခြင်းမျိုး မဟုတ်သောကြောင့် “အဓမ္မိကဒါန”ဟု ခေါ်ဆို၏ [၅၀]

၁၀-ပါးတွဲ ဒါန ပြင်ဆင်ရန်

  • (၁) စားဖွယ်အာဟာရကို ပေးလှူခြင်းဟူသော = အန္နဒါန,
  • (၂) အဖျော်နှင့် အခြားသောက်ဖွယ်ကို ပေးလှူ ခြင်းဟူသော = ပါနဒါန,
  • (၃) အဝတ်သင်္ကန်းကို ပေးလှူခြင်းဟူသော = ဝတ္ထဒါန,
  • (၄) ဖိနပ်-စသော ယာဉ်ကို ပေးလှူခြင်းဟူသော = ယာနဒါန,
  • (၅) ပန်းအမျိုးမျိုးကို ပေးလှူ ခြင်းဟူသော = မာလာဒါန,
  • (၆) နံ့သာတုံး, နံ့သာခဲကို ပေးလှူခြင်းဟူသော = ဂန္ဓဒါန,
  • (၇) နံ့သာရည်, နံ့သာပျောင်း, အရောင်တင် ဆေးကို ပေးလှူခြင်းဟူသော = ဝိလေပနဒါန
  • (၈) ညောင်စောင်း, အင်းပျဉ်, အိပ်ရာ, နေရာကို ပေးလှူခြင်းဟူသော = သေယျာဒါန,
  • (၉) စရပ်, တန်ဆောင်း, ပြာသာဒ်, ကျောင်း-ကို ပေးလှူခြင်းဟူသော = အာဝသထဒါန,
  • (၁၀) ဆီမီးရောင်အလင်းကို ပေးလှူခြင်းဟူသော = ပဒီပဒါန-အားဖြင့်၁၀-ပါး [၅၁]

အပါယ်ကျနိုင်သော ဒါန ပြင်ဆင်ရန်

  • (၁) သေရည်အရက်ကို ပေးလှူခြင်း ဟူသော = မဇ္ဇဒါန,
  • (၂) ပွဲသဘင်ဖြင့် လှူဒါန်းပူဇော်ခြင်းဟူသော = သမဇ္ဇဒါန,
  • (၃) မိန်းမကို ပေးလှူ ခြင်းဟူသော = ဣတ္ထိဒါန,
  • (၄) နွားမအပေါင်း၏ အလယ်၌ နွားလား ဥသဘကို လွှတ်ပေးခြင်းဟူသော = ဥသဘဒါန,
  • (၅) မိန်းမ, ယောကျ်ားတို့၏ မေထုန် မှီဝဲဟန် ပုံသဏ္ဌာန်-စသော ကိလေသာဖြစ်ခြင်း၏ အကြောင်းဖြစ်သော ပန်းချီဆေးရေး ကားချပ်ကို ပေးလှူခြင်းဟူသော = စိတ္တကမ္မဒါန,
  • (၆) လက်နက်ကို ပေးလှူခြင်းဟူသော = သတ္ထဒါန,
  • (၇) အဆိပ်ကို ပေးလှူခြင်း ဟူသော = ဝိသဒါန,
  • (၈) သံခြေကျင်းကို ပေးလှူခြင်းဟူသော = သင်္ခလိကဒါန,
  • (၉) ကြက်, ဝက်-တို့ကို ပေးလှူခြင်းဟူသော ကုက္ကုဋသူကရဒါန,
  • (၁၀) ချိန်စဉ်းလဲ, တောင်းစဉ်းလဲကို ပေးလှူခြင်းဟူသော = တုလာကူဋမာနကူဋဒါန-အားဖြင့် ၁၀-ပါး။

ယင်း-၁၀-ပါးကို လောက၌ အလှူစာရင်း မသွင်းကြသည့်အပြင် လှူသူမှာ အပါယ်ကျ နိုင်သည် [၅၂]

၁၄-ပါးတွဲဒါန ပြင်ဆင်ရန်

ဒက္ခိဏာဝိဘင်္ဂသုတ္တ ကြည့်။


ပုထုဇဉ်ဖြစ်စဉ်အခါက လှူဒါန်းထားသော ပစ္စည်းကို အရိယာအဖြစ်သို့ ရောက်မှ သုံးဆောင်လျှင် အရိယာအား လှူဒါန်းရာမရောက်၊ ပုထုဇဉ်အားသာ လှူဒါန်းရာ ရောက်၏ [၅၃]

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ တိပိဋကအဘိဓာန် အတွဲ-၁၀
  2. (အံ၊၁၊၉၀။ ဓမ္မ၊၆၄။ ဣတိဝုတ်၊၂၆၀-၁။ သံ၊ဋ္ဌ၊၁၊၇၉။ အံ၊ဋ္ဌ၊၂၊၆၀။ ဓမ္မ၊ဋ္ဌ၊၂၊၃၅၂)
  3. (သံ၊၁၊၂၉။ ဓမ္မ၊၆၄ သံ၊ဋ္ဌ၊၁၊၇၉။ ခုဒ္ဒက၊ဋ္ဌ၊၁၁၈။ ဓမ္မ၊ဋ္ဌ၊၂၊၃၅၂။ ဣတိဝုတ်၊ဋ္ဌ၊၂၉၅။ သုတ္တနိ၊ဋ္ဌ၊၂၊၂၄)
  4. (ခုဒ္ဒက၊ဋ္ဌ၊၁၁၈။ သုတ္တနိ၊ဋ္ဌ၊၂၊၂၄)
  5. (ဒီ၊၃၊၁၂၁။ ဒီ၊ဋ္ဌ၊၃၊၁၀၆)
  6. (ဒီ၊၁၊၁၃၇။ ဒီ၊ဋ္ဌ၊၁၊၂၇၀။ ဒီ၊ဋီ၊၁၊၃၃၀။ သီ၊ဋီ၊သစ်၊၂၊၃၁၅)
  7. (ဒီ၊ဋ္ဌ၊၁၊၂၇၁)
  8. (သံ၊၁၊၂၀။ ပေတ၊၁၆၀။ ဇာ၊၁၊၁၈၃။ သံ၊ဋ္ဌ၊၁၊၅၉။ ပေတ၊ဋ္ဌ၊၁၃၀။ ဇာ၊ဋ္ဌ၊၃၊၄၄၈-၉။ သံ၊ဋီ၊၁၊၁၀၅။ အံ၊ဋီ၊၃၊၂၃၉)
  9. (သံ၊၁၊၁၉။ ဇာ၊၁၊၂၁၉။ သံ၊ဋ္ဌ၊၁၊၅၈။ ဇာ၊ဋ္ဌ၊၄၊၆၇)
  10. (သံ၊ဋ္ဌ၊၁၊၅၈။ သာရတ္ထ၊၁၊၁၃၂။ သံ၊ဋီ၊၁၊၁၀၃)
  11. (အံ၊၃၊၇၆။ အဘိ၊က၊၂၅၅။ ဒီ၊ဋ္ဌ၊၁၊၂၇၃)
  12. (အံ၊ဋ္ဌ၊၁၊၄၃)
  13. (ဒီ၊၂၊၂၈၁။ အံ၊၃၊၁၉၅။ ဒီ၊ဋ္ဌ၊၂၊၄၀၂-၃။ အံ၊ဋ္ဌ၊၃၊၂၆၇။ ဒီ၊ဋီ၊၂၊၃၅၇။ သံ၊ဋီ၊၁၊၁၉၃။ အံ၊ဋီ၊၃၊၂၈၇)
  14. (ဒီ၊၂၊၂၈၁။ အံ၊၃၊၁၉၅။ ဒီ၊ဋ္ဌ၊၂၊၄၀၂-၃။ အံ၊ဋ္ဌ၊၃၊၂၆၇။ ဒီ၊ဋီ၊၂၊၃၅၇။ အံ၊ဋီ၊၃၊၂၇၇)
  15. (အံ၊၃၊၁၉၅။ အံ၊ဋ္ဌ၊၃၊၂၆၇။ အံ၊ဋီ၊၃၊၂၈၇)
  16. (အံ၊၃၊၁၉၅။ အံ၊ဋ္ဌ၊၃၊၂၆၇-၈)
  17. (ဒီ၊၂၊၂၈၁-၂။ ဒီ၊ဋ္ဌ၊၂၊၄၀၂-၃။ ဒီ၊ဋီ၊၂၊၃၅၇)
  18. (အံ၊၃၊၇၆-၇။ အဘိ၊က၊၂၅၅-၆။ ဒီ၊ဋ္ဌ၊၁၊၂၇၃)
  19. (ဒီ၊ဋီ၊၁၊၃၃၃။ သီ၊ဋီ၊သစ်၊၂၊၃၂၄)
  20. (ဒီ၊၃၊၁၂၄။ ဒီ၊ဋ္ဌ၊၃၊၁၀၉။ ဒီ၊ဋီ၊၃၊၁၁၀)
  21. (ဒီ၊၃၊၁၃၀။ ဒီ၊ဋ္ဌ၊၃၊၁၁၆။ ဒီ၊ဋီ၊၃၊၁၁၈)
  22. (သာရတ္ထ၊၂၊၅။ ဝိမတိ၊၁၊၁၀၀။ မ၊ဋီ၊၃၊၁၄၁)
  23. (စရိယာ၊ဋ္ဌ၊၂၉၅။ သီ၊ဋီ၊သစ်၊၁၊၂၇၃-၄)
  24. (စရိယာ၊ဋ္ဌ၊၂၉၅-၆။ သီ၊ဋီ၊သစ်၊၁၊၂၇၃-၄)
  25. (ဓမ္မ၊ဋ္ဌ၊၂၊၁၂၁-၂)
  26. (ပေတ၊၁၂၇။ ပေတ၊ဋ္ဌ၊၈)
  27. (ဒါနာဒိဒီပနီ-ကြည့်)
  28. (မဟာဗုဒ္ဓဝင်၊ အနုဒီပနီ၊ ဒါနပါရမီခန်း-ကြည့်)
  29. (စရိယာ၊ဋ္ဌ၊၂၉၅-၇။ သီ၊ဋီ၊ သစ်၊၁၊၂၇၃-၅)။
  30. (စရိယာ၊ဋ္ဌ၊၃၀၀။ သီ၊ဋီ၊သစ်၊၁၊၂၇၇)
  31. (ဒီ၊ဋ္ဌ၊၁၊၂၆၆။ သံ၊ဋ္ဌ၊၁၊၁၀၅။ အံ၊ဋ္ဌ၊၃၊၂၀။ ဇာ၊ဋ္ဌ၊၄၊၃၄။ သီ၊ဋီ၊သစ်၊၂၊၃၀၇-၈။ သံ၊ဋီ၊၁၊၁၅၆။ အံ၊ဋီ၊၃၊၁၆-၇)။
  32. (ဒီ၊၁၊၁၂၇၊ ၁၃၆။ ဒီ၊ဋ္ဌ၊၁၊၂၆၃၊ ၂၇၀),
  33. (သံ၊၁၊၅၇-၈။ သံ၊ဋ္ဌ၊၁၊၁၀၅-၆။ သံ၊ဋီ၊၁၊၁၅၆-၇),
  34. (အံ၊၂၊၃၃၊ ၄၅၆-၉),
  35. (ပေတ၊ ၁၅၆။ ပေတ၊ဋ္ဌ၊၁၀၅၊ ၁၁၁)
  36. (ဇာ၊၁၊၂၁၀။ ဇာ၊ဋ္ဌ၊၄၊၃၄)
  37. (ဝိမာန၊၇၄။ ပေတ၊၂၀၇။ ဝိမာန၊ဋ္ဌ၊၂၀၄-၆)
  38. ဝိ၊၅၊၂၄၅။ ဝိ၊ဋ္ဌ၊၄၊၁၈၂)
  39. (ဒီ၊ဋ္ဌ၊၃၊၁၈၀။ အဘိ၊ဋ္ဌ၊၁၊၂၀၁။ အံ၊ဋီ၊၃၊၂၃၇-၈)
  40. (အံ၊၂၊၃၅။ အံ၊ဋ္ဌ၊၃၊၂၁။ အံ၊ဋီ၊၃၊၁၇)
  41. (အံ၊၂၊၁၅၂။ အံ၊ဋ္ဌ၊၃၊၅၃။ အံ၊ဋီ၊၃၊၅၀)
  42. (အံ၊၂၊၁၅၂။ အံ၊ဋ္ဌ၊၃၊၅၃
  43. (ဝိ၊၅၊၂၃၁။ ဝိ၊ဋ္ဌ၊၄၊၁၇၃)
  44. (ဒီ၊ဋ္ဌ၊၃၊၁၈၀။ အဘိ၊ဋ္ဌ၊၁၊၂၀၁။ စရိယာ၊ဋ္ဌ၊၂၉၅-၉၊ ၃၀၀။ သီ၊ဋီ၊သစ်၊၁၊၂၇၃-၇)
  45. (သံ၊၁၊၃၀၊ ၃၁။ သံ၊ဋ္ဌ၊၁၊၈၃။ သံ၊ဋီ၊၁၊၁၂၃)
  46. (မ၊၃၊၂၉၈။ မ၊ဋ္ဌ၊၄၊၂၂၄-၅။ မ၊ဋီ၊၃၊၄၁၁)
  47. (အံ၊၃၊၆၈။ အံ၊ဋ္ဌ၊၃၊၂၂၈။ အံ၊ဋီ၊၃၊၂၃၆)
  48. (အံ၊၃၊၆၉။ အံ၊ဋ္ဌ၊၃၊၂၂၉။ အံ၊ဋီ၊၃၊၂၃၆)
  49. (အံ၊၃၊၇၄။ အံ၊ဋ္ဌ၊၃၊၂၃၁။ အံ၊ဋီ၊၃၊၂၃၉)။
  50. (ဝိ၊၁၊၃၈၀။ ဝိ၊၅၊၂၄၅။ ဝိ၊ဋ္ဌ၊၂၊၃၁၁-၂။ ဝိ၊ဋ္ဌ၊၄၊၁၈၁-၂)
  51. (သံ၊၂၊၂၁၅။ အံ၊၂၊၄၄၂။ ဣတိဝုတ်၊၄၂၀။ ဝိ၊ဋ္ဌ၊၄၊၁၈၂။ ဒီ၊ဋ္ဌ၊၃၊၁၀၆၊ ၁၈၀။ သံ၊ဋ္ဌ၊၂၊၃၂၀-၁။ အဘိ၊ဋ္ဌ၊၁၊၂၀၁။ ဣတိဝုတ်၊ဋ္ဌ၊၂၂၆။ စရိယာ၊ဋ္ဌ၊၂၉၅။ သီ၊ဋီ၊သစ်၊၁၊၂၇၃၊ ၂၇၅ ။ အံ၊ဋီ၊၃၊၂၃၇-၈)။
  52. (မိလိန္ဒ၊၂၇၀)
  53. (အံ၊ဋ္ဌ၊၁၊၃၅၅။ အဘိ၊ဋ္ဌ၊၂၊၄၀၈)