အမှု—သံဃာနှင့်သဘောတူ သင်္ကန်းပေးပြီးမှ ရှုံ့ချကဲ့ရဲ့မှု။

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။

အရှင်ဒဗ္ဗအား သင်္ကန်းပေးခြင်း ပြင်ဆင်ရန်

မလ္လာမင်းသား အရှင်ဒဗ္ဗသည် ၇-နှစ် အယွယ်ကပင် ရဟန္တာဖြစ်ခဲ့သော ပုဂ္ဂိုလ်တည်း၊ အာဂန္တု သံဃာများအတွက် အိပ်ရာနေရာကို ခင်းပေးရသော အလုပ်, သံဃိကပင့်လာသော ဆွမ်းများကို အလှည့်ကျ ညွှန်ချပေးရသော အလုပ်များကို ပြုလုပ်ခြင်းအားဖြင့် သံဃာ့တာဝန်ကို ရွက်ဆောင်ကား မိမိ၏ နောက်ဆုံး ဘဝကို အသုံးချနေသော ပုဂ္ဂိုလ်တပါးလည်း ဖြစ်၏၊ အခါတပါး၌ကား ထိုအရှင်မှာ သင်္ကန်းရှားပါးနေ၏၊ သံဃာမှာလည်း သံဃိကသင်္ကန်းတထည် ရှိနေ၏၊ ထိုသင်္ကန်းကို သံဃာက အားလုံးကို သဘောတူဘို့ရန် ခွင့်ပန်၍ အရှင်ဒဗ္ဗအား ပေးလိုက်လေသည်။ [၁]

ဆဗ္ဗဂ္ဂီတို့ ကဲ့ရဲ့ခြင်း ပြင်ဆင်ရန်

ဆဗ္ဗဂ္ဂီတဂိုဏ်းလုံးကား အရှင်ဒဗ္ဗအပေါ်၌ (သံဃာဒိသေသ် ဒုဋ္ဌဒေါသသိက္ခာပုဒ်တုန်းက) ပြခဲ့သည့်အတိုင်း မကျေနပ်မှု ရှိနေကြ၏။ ထို့ကြောင့် သံဃာနှင့်အတူ သင်္ကန်းပေးတုန်းက ပေးမှုကလည်း တရားနည်းလမ်းကျသောကြောင့် ဘာမျှမပြောကြဘဲ နောက်မှ “ရဟန်းတွေဟာ သံဃိကပစ္စည်းကို မိမိတို့ ချစ်ကျွမ်းဝင်ရာ ညွတ်စေကြ (ပေးကြ)တယ်”ဟု ပြောဆိုကဲ့ရဲ့ကြလေသည်။ [၁]

မှတ်ချက် ပြင်ဆင်ရန်

ယော ပန ဘိက္ခု သမဂ္ဂေန သံဃေန စီဝရံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ အာပဇ္ဇေယျ ‘‘ယထာသန္ထုတံ ဘိက္ခူ သံဃိကံ လာဘံ ပရိဏာမေန္တီ’’တိ, ပါစိတ္တိယံ။[၁]

မြန်မာပြန် ပြင်ဆင်ရန်

အကြင် ရဟန်းသည် ညီညွတ်သော သံဃာနှင့် တကွ သင်္ကန်းပေးပြီး နောက်၌ ရှုံ့ချခြင်း သဘောသို့ ရောက်ခဲ့ (အဘယ်သို့ ရှုံ့ချသနည်း) “ရဟန်းတွေဟာ အကြင်အကြင် မိတ်ဆွေရဟန်းသို့ သံဃာ့ဥစ္စာဖြစ်သော လာဘ်ကို ညွှတ်စေကြ ဤသို့ ရှုံ့ချအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ [၁]

မှတ်ချက် ပြင်ဆင်ရန်

အပေးခံရသူက သံဃာ့တာဝန်ဆောင်ဘို့ရန် သမုတ်ထားသူဖြစ်၍ ထိုသူ့ပေးရာ၌ ကဲ့ရဲ့မှ ပါစိတ် အာပတ်သင့်သည်။ ထိုသို့ သမုတိ မရသူကို သင်္ကန်းပေးရာ၌ ကဲ့ရဲ့လျှင်၎င်း, သင်္ကန်းမှတပါး အခြားပစ္စည်းကို(မည်သူ အားမဆို)ပေးရာ၌ ကဲ့ရဲ့လျှင်၎င်း, ဒုက္ကဋ်အာပတ်သင့်၏။ အမှန်အားဖြင့် အဂတိလိုက်စား၍ မပေးလိုက်သူအား ပေးရာ၌ ကဲ့ရဲ့လျှင်ကား အာပတ် မသင့်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး