အာပတ်
“အာပတ္တိ”ဟူသောပါဠိကို “အာပတ်”ဟု ခေါ်၏၊ “ရဟန်းများ ရောက်ထိုက်သောအပြစ်, (တနည်း)-အပြစ်သင့်ခြင်း = အပြစ်ရောက် ခြင်းဟု ဆိုလို၏၊ ထိုအာပတ်သည် ပါရာဇိက, သံဃာဒိသေသ်, ထုလ္လစ္စဉ်း, ပါစိတ်, ပါဋိဒေသနီယ, ဒုက္ကဋ်, ဒုဗ္ဘာသိတ၊ ဤသို့အားဖြင့် ၇-မျိုးရှိသည်။[၁]
ပါရာဇိက
ပြင်ဆင်ရန်ဤအာပတ်သို့ရောက်သော(ဤအာပတ်သင့်သော)ရဟန်းသည် သာသနာတော်မှ ဆုံးရှုံးရတော့၏၊ “လူဖြစ်ရှုံးသူ”ဟု ဆိုရလောက်အောင် ဖေါက်ပြန်ပျက်စီးနေသူသည် လူရာမဝင်တော့သကဲ့သို့ ထိုအတူ ရဟန်းအဖြစ် ဆုံးရှုံးလောက်အောင် ပါရာဇိက အာပတ်သင့်နေသူသည် ရဟန်းအရာ မဝင်တော့ချေ၊ ရဟန်းကောင်းတို့က ထိုသူနှင့် အပေါင်းအသင်း မလုပ်ကြရတော့ပြီ၊ ထို့ကြောင့် ဤအာပတ်သည် ကျူးလွန်သော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သောကြောင့် “ပါရာဇိကအာပတ်”မည်၏၊ [ပရာဇေတိ = သာသနာတော်မှ ဆုံးရှုံးစေတတ်၏၊ ဣတိ = ထိုကြောင့်၊ ပါရာဇိကာ = ပါရာဇိက မည်၏။][၁]
မှတ်ချက်
ပြင်ဆင်ရန်“အပေါင်းအသင်းမလုပ်”ဟူသည်ကား ရဟန်းခံစသော ကိစ္စကြီးငယ်ဟူသမျှ၌ ထိုပုဂ္ဂိုလ်ကို ရဟန်းတပါးအရေအတွက်အဖြစ်ဖြင့် ထည့်သွင်း၍ မပါဝင်စေရ၊ ပါရာဇိက ကျရောက်နေသော ရဟန်းယုတ်မှန်း သိလျက် ထိုသူနှင့် ကံကြီး ကံငယ်လည်း မပြုကြ၊ မသိ၍ပါနေစေကာမူ ထိုကံကို ပြီးစေနိုင်လောက်သော အခြားသံဃာများ အပြည့်အစုံပါမှ ထိုကံထမြောက် အောင်မြင်နိုင်သည်။ ထို့ကြောင့် ရဟန်းခံကိစ္စကဲ့သို့သော ကံကြီးများ၌ ပြည့်စုံသင့်သော သံဃာထက် ပိုမိုများပြားအောင်လည်း ကြိုးစားရ၏၊ အကြားအကြား၌ ရဟန်းမစစ်သူတွေ ပါဝင်နေပြန်လျှင် ထိုသူ့အတွက် ရဟန်းကောင်းချင်း ၂-တောင့်ထွာထက် ဝေးကွာနေမည်စိုး၍လည်း အချင်းချင်းနီးကပ်နိုင်သမျှ နီးကပ်အောင် ထိုင်ကြရလေသည်။ ၂-တောင့်ထွာ အရပ်ကို “ဟတ္ထပါသ် = လက်လှမ်းမှီအရပ်”ဟု ခေါ်၏။ သံဃာ့ကံပြုရာ၌ ရဟန်းအစစ်ချင်းချင်း ဟတ္ထပါသ် ဆက်စပ်နေစေရသည်၊ ဟတ္ထပါသ်တိုင်းရာမှာလည်း တဘက်ရဟန်း၏ အပြင်ဘက်ဆုံး ကိုယ်အင်္ဂါနှင့် မိမိ၏အနီးဆုံး ကိုယ်အင်္ဂါကို တိုင်းရသည်။ [၁]
သံဃာဒိသေသ်
ပြင်ဆင်ရန်“သံဃာဒိသေသ”ဟူသောပါဠိကို “သံဃာဒိသေသ်” ဟုခေါ်၏၊ [သံဃ+အာဒိ+သေသ။] ဤအာပတ်သင့်သော ရဟန်းသည် အာပတ်ပြေပျောက်အောင် ပြုရာ၌ အခြားအာပတ်များကဲ့သို့ တပါးထံမှာ ဖြေ၍မဖြစ်၊ သံဃာတော်များထံ ပရိဝါသ်တောင်း၍ ပရိဝါသ်နေရ၏၊ ထို့နောက် သံဃာ့ထံမှာပင် မာနတ်တောင်း၍ မာနတ်ကျင့်ရ၏၊ တချို့မှာ ပရိဝါသ်နေရင်း သံဃာဒိသေသ် အာပတ်ထပ်သင့်ပြန်သဖြင့် အရင်းအစ ပြန်၍ကျင့်ရ၏၊ ထိုသို့အရင်းအစသို့ပြန်၍ ငင်ရမှုကို “မူလာယပဋိကဿန” ဟုခေါ်၏၊ ထိုကံကိုလည်း သံဃာကပင်ပြုရ၏။ ထို့နောက်မှ သံဃာ့အထံ ခွင့်တောင်း၍ အဗ္ဘာန်သွင်းစေရ၏၊ ပရိဝါသ်, မာနတ်ကျင့်မှုသည် ဒဏ်ထမ်းခြင်းနှင့်တူ၏၊ ထိုသို့ ဒဏ်ခံနေရခိုက်၌ သံဃာကအပြင် ထုတ်ထားသကဲ့သို့ ဖြစ်၏၊ ထို့ကြောင့် ပါရိဝါသ်မာနတ်ကျင့်ပြီးသောအခါ သံဃာကကျေနပ်၍ သံဃာအတွင်းသို့ သွင်းမှုကို – “အဗ္ဘာန်သွင်း”ဟု ခေါ်သည်။ ဤသို့လျင် ဤအာပတ်အတွက် အစဆုံး၌ ပရိဝါသ်ပေးမှု, အစမှ ကြွင်းသော အလယ်၌မာနတ်ပေးမှု, အဆုံး၌ အဗ္ဘာန်သွင်းမှုများဝယ် သံဃာနှင့် ကင်းရကား (သံဃာပါမှ ကံအထမြောက်ရကား) “သံဃော+အာဒိ-သေသေသု ဣစ္ဆိတဗ္ဗော အဿ”ဟု ဝိဂြိုဟ်ပြု၍ သံဃာဒိသေသ”ဟုအမည်ရလေသည်။ အဿ = ဤအာပတ် အပေါင်း အတွက်၊ အာဒိသေသေသု = အစ အဆုံး ပရိဝါသ်ပေးကံ, အစမှကြွင်းသော အလယ်အဆုံး မာနတ်ပေးစသောကံတို့၌၊ သံဃော = သံဃာကို၊ ဣစ္ဆိတဗ္ဗော = လိုလားထိုက်၏၊ ဣတိ = ထို့ကြောင့်၊ သံဃာဒိသေသော = သံဃာဒိသေသမည်၏။ [၁]
ထုလ္လစ္စဉ်း
ပြင်ဆင်ရန်“ထူလစ္စယ”ဟူသော ပါဠိကို “ထုလ္လစ္စဉ်း”ဟု ခေါ်၏၊ (ထူလ+အစ္စယ။)ပါရာဇိကအာပတ်သင့်သူသည် ရဟန်းအဖြစ်ကို စွန့်လွှတ်မှ (လူအဖြစ်နှင့်ဖြစ်စေ သာမဏေအဖြစ်နှင့်ဖြစ်စေနေမှ) စင်ကြယ်၏၊ သံဃာဒိသေသ် အာပတ်သင့်သော ရဟန်းသည် ပရိဝါသ်မာနတ်ကျင့်၍ အဗ္ဘာန် သွင်းပြီးမှ စင်ကြယ်၏၊ ထုလ္လစ္စဉ်းစသော အောက်အာပတ် ၅-ပါးတွင် တပါးပါးသင့်သော ရဟန်းကား အခြားရဟန်းတပါးအထံ (၂-ပါး၃-ပါးနှင့် သံဃာ့အထံလည်း ဖြစ်နိုင်၏) “တပည့်တော်မှာ မည်သည့် အာပတ်သင့်ပါဟု ပြောရုံမျှဖြင့် စင်ကြယ်၏၊ ဤသို့ ပြောခြင်းကို “ဒေသနာ = ပြောခြင်း, ဒေသနာကြားခြင်း”ဟု ခေါ်ကြ၏။
ထိုသို့ ဒေသနာပြောရုံမျှဖြင့် စင်ကြယ်သော အာပတ် ၅ဖုံတို့တွင်ကား ဤထုလ္လစ္စဉ်းအာပတ်သည် အချို့ အရုံ့အရင်း အကြမ်းထန်းဆုံး အပြစ်တည်း၊ ထိုကြောင့် “ထူလော-ရုံ့ရင်းကြမ်းထန်းသော-အစ္စယော-အပြစ်တည်း”ဟု သော ဝိဂြိုဟ်အရ “ထုလ္လစ္စယ”ဟု အမည်ရလေသည်။ [သဒ္ဒါနည်းအရ“ထူ”၌ ရဿပြု။ ဤစကားအစဉ်ဖြင့် “သံဃာဒိသေသ် အာပတ်”ကို “ဝုဋ္ဌာနဂါမ် အာပတ်”ဟု၎င်း, ထုလ္လစ္စဉ်းစသော အောက်အာပတ်ငါးဖုံကို “ဒေသနာဂါမ်အာပတ်ဟု၎င်း ဝိနည်းအခေါ် မှတ်ခဲ့ပါဦး။ [ဝုဋ္ဌာန = ပရိဝါသ်စသည်ကျင့်မှ ထမြောက်ခြင်းသို့+ ဂါမိနီ (ဂါမ်)− ရောက်စေနိုင်သော အာပတ်၊ ဒေသနာ = အချင်းချင်းပြောပြရုံဖြင့်၊ ဂါမိနီ(ဂါမ်) = စင်ကြယ်ခြင်းသို့ရောက် စေနိုင်သော အာပတ်။] [၁]
ပါစိတ်
ပြင်ဆင်ရန်“ပါစိတ္တိယ”ဟူသော ပါဠိကို “ပါစိတ်”ဟု ခေါ်၏၊ [စိတ္တ+ပါတိယ။]လွန်ကျူးလိုသောစိတ်ဖြင့် ဤအာပတ်သင့်သောအခါ ကုသိုလ်စိတ်များ မရှိတော့ရကား ဤအာပတ်သည် ကုသိုလ်စိတ်ကိုကျစေ (ပျောက်စေ ပျက်စေ)သည်မည်၏၊ ထို့ကြောင့် စိတ္တံ-ကုသိုလ်စိတ်ကို+ပါတေတိ-ကျစေ တတ်၏”ဟူသော ဝိဂြိုဟ်နှင့် အညီ “ပါစိတ္တိယ”ဟု အမည်ကို ဘုရားရှင် ပညတ်တော်မူခဲ့လေသည်။ [ “စိတ္တပါတိယ”ဟု မူလပုဒ်ရင်းရှိသော်လည်း “ပါတိယ”မှ (တ)ကိုချေ, ပါနှင့်စိတ္တကို နောက်ပြန်စေ၍ “ပါစိတ္တိယ” ဟု ပြီးစေရသည်။][၁]
၁။ နိဿဂ္ဂိယပါစိတ်၊
၂။ သုဒ္ဓပါစိတ်၊
၃။ ဘေဒနကပါစိတ်၊
၄။ ဥဒ္ဓါလနကပါစိတ်၊
၅။ ဆေဒနကပါစိတ် စသည်ဖြင့် ပါစိတ်အာပတ်များကို ခွဲခြားမှတ်သား သင့်သည်။
ပါဋိဒေသနီ
ပြင်ဆင်ရန်“ပါဋိဒေသနီယ” ဟူသောပါဠိကို “ပါဋိဒေသနီ” ဟု ခေါ်နေကြ၏၊ အခြားအာပတ်များကို ဒေသနာပြောသလို မပြောရဘဲ “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံပဋိဒေသေမိ”စသည်ဖြင့် သီးခြား ဒေသနာပြောရသောကြောင့် “ပဋိ(ပိသုံ)သီးခြား၊ ဒေသေတဗ္ဗာ-ပြောလိုက်၏”ဟူသောဝိဂြိုဟ်နှင့်အညီ “ပဋိဒေသနီယ”ဟုဖြစ်၏၊ ထိုနောက်မှ “ပဋိဒေသနီယံ ယေဝ ပါဋိဒေသနီယံ”ဟု သွတ္ထတဒ္ဓိတ်ဆင့် ရသည်။ [၁]
ဒုက္ကဋ်
ပြင်ဆင်ရန်“ဒုက္ကတ”ဟူသောပါဠိကို “ဒုက္ကဋ်” ဟုခေါ်၏၊ [ဒူ×ကတ။] လိမ်၍ပြောခြင်း, ဆဲခြင်း, ရန်တိုက်ပေးခြင်းစသော မကောင်းမှု အငယ်များကို “ဒုဋ္ဌ-မကောင်းသဖြင့်။ တနည်း, ဝိရူပံ—ဖေါက်ဖေါက် ပြန်ပြန်x ကတံ-ပြုအပ်၏”ဟူသော ဝိဂြိုဟ်နှင့်အညီ “ဒုက္ကဋ”ဟု ခေါ်ရ၏၊ ထိုမကောင်းမှုကြောင့် သင့်ရောက်အပ်သော အာပတ်ကိုလည်း(အကြောင်းအမှု၏အမည်ကို အကျိုးအာပတ်ပေါ် တင်စား၍ ကာရဏူပစာရအားဖြင့်) ဒုက္ကဋဟု ပင် ခေါ်ရတော့သည်၊ [ဈာန်မရဘဲ ဈာန်ရ၏ဟု ပြောခြင်းစသော အကြီး အကျယ် လိမ်မှုများကိုမူ ပါရာဇိက အာပတ် စသည်ဖြင့် ကြီးလေးသော အပြစ်များဟု ပညတ်တော်မူသည်။ [၁]
ဒုဗ္ဘာသီ
ပြင်ဆင်ရန်“ဒုဗ္ဘာသိတ”ဟူသောပါဠိကို “ဒုဗ္ဘာသီ”ဟု ခေါ်နေကြ၏။ [ဒု-မကောင်းသဖြင့်+ဘာသိတ-ပြောဆိုအပ်သောစကား။] စိတ်ဆိုး၍ ဆဲခြင်းမျိုးမဟုတ်ဘဲ, ပြောင်လှောင်လိုသဖြင့် အမျိုးနှင့်စပ်၍ဖြစ်စေ, အတတ်ပညာနှင့်စပ်၍ဖြစ်စေ “ဟေး.. စဏ္ဍာလကြီး လာပြီကွ-ပညာရှိကြီးပြော ပါလိမ့်မယ်”စသည်ဖြင့် ပြောဆိုအပ်သောစကားကို “ဒုဗ္ဘာသိတ”ဟု ခေါ်၏၊ ထိုစကားကြောင့် သင့်ရောက်အပ်သော အာပတ်ကိုလည်း(ဥပစာတင် စား၍ “ဒုဗ္ဘာသိတ အာပတ်”ဟု မိန့်တော်မူအပ်လေသည်။ [၁]
အဆင့်ဆင့် အပြစ်ကြီးပုံ
ပြင်ဆင်ရန်ဤအာပတ် ၇ ဖုံတို့တွင် ဒုဗ္ဘာသိတထက် ဒုက္ကဋ်သည် အပြစ်ကြီးလေး၏၊ ဒုက္ကဋ်ထက် ပါဋိဒေသနီ, ပါဋိဒေသနီထက် ပါစိတ်, ပါစိတ်ထက် ထုလ္လစ္စဉ်းသည် အစဉ်အတိုင်း အပြစ်ကြီးလေး၏၊ သံဃာဒိသေသ်ကား ထုလ္လစ္စဉ်းထက် အပြစ်ကြီးသောကြောင့် သံဃာ့အထံ၌သာ ထိုအပြစ်ကို ဖြေရသည်၊ ပါရာဇိကအာပတ်သည်ကား ရိုးရိုးဖြေရုံနှင့် မပြေနိုင်တော့ရကား ရဟန်းအဖြစ်ကို စွန့်လွှတ်လိုက်မှသာ ထိုအပြစ် ကျေလေတော့၏၊[၁]