နိုင်ရွှေကျင်
နိုင်ရွှေကျင် (၁ မတ် ၁၉၁၃ – ၇ မတ် ၂၀၀၃) ကို ၁၉၁၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ဘားအံမြို့နယ်၊ ကော့နှပ်အနီးရှိ ပတ်ကဒေါကျေးရွာတွင် အဖ နိုင်ရွှေပေါင်၊ အမိ မိရွှေမိတို့က မွေးဖွားခဲ့သည်။ အမည်ရင်းမှာ နိုင်ဘလွင် ဖြစ်သည်။ မွေးချင်း ၁ဝ ဦး အနက် သားအကြီးဆုံး ဖြစ်သည်။
နိုင်ရွေကျင် | |
---|---|
မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၁၉၄၈ ဒုတိယနှစ်ဝက် – မတ် ၂၀၀၃ | |
ယခင်လူ | မရှိ |
ဆက်ခံသူ | နိုင်ထင် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ဘားအံမြို့၊ ကရင်ပြည်နယ် | ၁ မတ်၊ ၁၉၀၈
ကွယ်လွန် | ၇ မတ်၊ ၂၀၀၃ မော်လမြိုင်မြို့၊ မွန်ပြည်နယ် | (အသက် ၉၀)
ကြင်ဖော်(များ) | ဒေါ်တင် |
မူလတန်း ပညာကို မွေးရပ် ဇာတိတွင် သင်ကြားခဲ့ပြီး အထက်တန်း ပညာ အောင်မြင်သည် အထိ ပြည်မြို့တွင် ဆည်းပူးခဲ့ကာ ရန်ကုန်တက္ကသိုလ်မှ ဥပစာတန်းကို အောင်မြင်ခဲ့သည်။ ထို့နောက် ကျောင်းမှ ထွက်ပြီး အစိုးရ အတွင်းဝန်များရုံးတွင် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီးတွင် ဒု-ဗိုလ် အဆင့်အထိ အင်္ဂလိပ် စစ်တပ်တွင် တာဝန် ထမ်းဆောင်ခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှုတွင် သထုံမြို့နယ် ဖဆပလ ဥက္ကဋ္ဌ၊ ထို့နောက် သထုံခရိုင် တောင်သူလယ်သမားထု ဥက္ကဋ္ဌ အဖြစ် တာဝန်များ ယူခဲ့သည်။
မွန်လွတ်လပ်ရေး အဖွဲ့ချုပ် (Mon Freedom League) တည်ထောင်ရာမှာ ဦးဆောင် ပါဝင်ခဲ့သည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီး နိုင်ရွှေကျင်က "မွန်တွေ အခွင့်အရေး တောင်းတဲ့ အချိန်မှာ မွန်သီးခြား အခွင့်အရေး လိုချင်လို့ ဖဆပလမှ ထွက်ပြီး မွန်အနေနဲ့ ရွေးကောက်ပွဲ ဝင်ခဲ့သည်" ဟု 'ဒေါင်းအိုးဝေ' စာစောင်က တွေ့ဆုံ မေးမြန်းရာမှာ ပြောကြားခဲ့သည်။
၁၉၄၇ မွန် လွတ်လပ်ရေး အဖွဲ့မှ ထုတ်ဝေသော တနင်္သာရီ သတင်းစာ အယ်ဒီတာ အဖြစ် လည်းကောင်း၊ မွန်လူမျိုးတို့၏ ဖဆပလ အစိုးရထံ တောင်းဆို တင်ပြချက် (၇) ရပ်ကို ဦးဆောင်၍ ဝန်ကြီးချုပ် ဦးနုထံ သွားရောက် တွေ့ဆုံ တင်ပြခြင်း၊ မွန်ပြည်နယ် ဖော်ထုတ်ရေး ကိစ္စများနှင့် ၁၉၄၈ ခုနှစ်၊ ဝါခေါင် လပြည့်နေ့မှာ မွန်လူငယ်တွေက လက်နက်ကိုင် တော်လှန်ရေးကို စခဲ့ရာ မွန်မြေအောက် တော်လှန်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုကြောင့် ၁၉၄၈ ခုနှစ်တွင် ဖဆပလ အစိုးရက ထိန်းသိမ်းခဲ့သည်။ မန္တလေးထောင်၊ ရွှေဘိုထောင်တို့တွင် သုံးနှစ် ထောင်ချ ခံခဲ့ရသည်။
၁၉၅၁ ခုနှစ်တွင် ထောင်မှ ပြန်လည် လွတ်မြောက်လာသော အခါ ရန်ကုန်မြို့တွင် ခြေချုပ် တနှစ် ကျခံ နေရစဉ် ရေကြောင်းလမ်းမှ တဆင့် မွန် တော်လှန်ရေး နယ်မြေသို့ သွားရောက် ပူးပေါင်းခဲ့သည်။ ထို့နောက် မွန် ပြည်သူ့ တပ်ဦး (Mon People Front, MPF) အဖွဲ့တွင် ဗဟိုကော်မတီဝင် ဖြစ်ခဲ့ပြီး ကာကွယ်ရေးဌာန၊ ပြန်ကြားရေးဌာန တာဝန်ခံ အဖြစ် ထမ်းဆောင်ခဲ့သည်။
၁၉၅၂ ခုနှစ်တွင် နိုင်အောင်ထွန်း ဦးဆောင်သည့် မွန်တိုင်းရင်းသား အဖွဲ့နှင့် ပူးပေါင်း မွန်ပြည်သူ့ တပ်ပေါင်းစု (ခ) မွန်ပြည်သူ့ တပ်ဦးကို ဖွဲ့စည်း ထူထောင်ခဲ့ပြီး၊ တပ်ဦး ဗဟို အလုပ်မှုဆောင် တဦး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
၁၉၅၈ ခုနှစ်တွင် ဖဆပလ အစိုးရနှင့် စေ့စပ် ဆွေးနွေးပြီး ဇူလိုင်လ ၁၉ ရက်တွင် မွန်ပြည်သူ့ တပ်ဦး၊ Mon People Front (MPF) ဥက္ကဋ္ဌ ဖြစ်သူ နိုင်အောင်ထွန်းသည် အင်အား ၁,ဝဝဝ ကျော်နှင့် အတူ လက်နက်ချကာ ဥပဒေဘောင် အတွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့သည်။ ထိုအချိန်တွင် မွန် ပြည်သူ့ တပ်ဦး ကိုယ်စားလှယ် အဖြစ် ဗမာပြည် ကွန်မြူနစ် ပါတီ ဗဟို ဌာနချုပ် ရှိရာ ပဲခူးရိုးမသို့ ရောက်ရှိနေသော နိုင်ရွှေကျင်နှင့် မွန်ပြည်သူ့ တပ်ဦး၏ လက်နက်ကိုင် အင်အား အနည်းငယ်သာ တောတွင်း၌ ကျန်ရစ်ခဲ့ရာ၊ နိုင်ရွှေကျင်သည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ ထောက်ခံ ပံ့ပိုးပေးမှုဖြင့် ကျန်ရစ်ခဲ့သော အင်အားများကို စုစည်းပြီး ၁၉၅၈ ခု၊ ဇူလိုင်လ ၂ဝ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (New Mon State Party) ဟု အမည်ပြောင်းကာ လက်နက်ကိုင် တော်လှန်ရေးကို ဆက်လက် ဆင်နွှဲခဲ့သည်။
၁၉၆၂ - ၆၃ ခုနှစ်၊ အာဏာသိမ်း တော်လှန်ရေး စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် မဒညတ အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ သုံးပါတီ (ဗကပ၊ ကရင်၊ မွန်) ကိုယ်စားလှယ် အဖွဲ့တွင် လည်းကောင်း မွန်ပြည်သစ် ပါတီ ကိုယ်စား ဦးဆောင် ပါဝင် ဆွေးနွေးခဲ့သည်။
၁၉၇ဝ ခု၊ မတ်လတွင် ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ပါလီမန် ဒီမိုကရေစီ ပါတီ၊ မန်းဘဇန် ဦးဆောင်သော ကရင် အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ် ပါတီတို့ ပူးပေါင်း ဖွဲ့စည်းခဲ့သည့် 'တညလ' တပ်ပေါင်းစုတွင် နိုင်ရွှေကျင်က အထွေထွေ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။
၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး လူထု အရေးတော်ပုံ ဖြစ်ပွားပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများနှင့် ဒီမိုကရေစီ အင်အားစုများ ပူးပေါင်းပြီး မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် (Democratic Alliance of Burma - DAB) ဖွဲ့စည်း တည်ထောင်သော အခါ ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။
၁၉၉ဝ ခုနှစ်မှ စပြီး အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (National Democratic Front - NDF) ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသလို၊ DAB နဲ့ NCUB (National Council of Union of Burma) တပ်ပေါင်းများတွင်လည်း ဒု-ဥက္ကဋ္ဌ တာဝန် အဖြစ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။
၁၉၉၂ ခုနှစ်တွင် တိုင်းရင်းသား ခေါင်းဆောင်များ၊ ဒီမိုကရေစီ အင်အားစုများနှင့် အတူ ဥရောပနှင့် အမေရိကန် နိုင်ငံများသို့ စည်းရုံးရေး ခရီးစဉ်များ ထွက်ခဲ့သည်။
၁၉၉၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် မွန်ပြည်သစ် ပါတီနှင့် နဝတ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရခဲ့သည်။
၁၉၉၅ ခု၊ အောက်တိုဘာလတွင် ကေအိုင်အို (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မိုင်နှင့် အတူ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဒီဆိုတိုကို ရန်ကုန်မြို့တွင် တွေ့ဆုံပြီး တပြည်လုံး အတိုင်းအတာ ဆောင်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် နည်းလမ်းများကို အကြံပြု တင်ပြခဲ့သည်။
၁၉၉၈ တွင် နိုင်ရွှေကျင်က ဒု-ဗိုလ်ချူပ်ကြီး ခင်ညွှန့် (ထောက်လှမ်းရေး အကြီးအကဲဟောင်းနှင့် နဝတ/ နအဖ အတွင်းရေးမှူး ၁) ထံ ပန်ကြားချက် အရ မွန် သံဃာတော်များ မွန်ဘာသာဖြင့် အစိုးရ ပထမပြန် စာမေးပွဲကို ပြန်လည် ဖြေဆိုခွင့် ရခဲ့သည်။
၂ဝဝ၃ ခုနှစ်၊ မတ် ၇ ရက်နေ့ အသက် ၉၁ နှစ် အရွယ်တွင် မော်လမြိုင်မြို့၌ ကွယ်လွန်ခဲ့သည်။ နိုင်ရွှေကျင်သည် ဗကပ ပဲခူးခရိုင် ဆေးမှူးနှင့် တိုင်းကော်မတီဝင် ရဲဘော်သက်၏ နှမ ဝေါမြို့သူ ဒေါ်တင်နှင့် ၁၉၅၈ တွင် အိမ်ထောင်ပြုခဲ့ပြီး၊ တဦးတည်းသော သားဖြစ်သူ မင်းသိန်းကြည်လွင် (ခေါ်) ကိုဦး ထွန်းကားခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- မကဒတ (၅) နှစ်မြောက် 'ဒေါင်းအိုးဝေ' စာစောင်၊ ၁၉၉၃ နိုဝင်ဘာ အထူးထုတ်၊ 'တော်လှန်စကားဝိုင်း'။
- သိမှတ်ဖွယ်ရာ ကိုယ်ရေး အချက်အလက်များ၊ ရေးသားသူ၊ ထုတ်ဝေသည့် စာအုပ်တိုက်နှင့် ခုနှစ်၊ လတို့ မပါရှိ။
- ၂ဝဝ၃ ခုနှစ်၊ မတ်လ ၇ ရက်၊ INDEPENDENCE MON NEWS AGENCY (IMNA) သတင်း။
- နိုင်ရွှေကျင် (ကွယ်လွန်) မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌကြီး၏ အတ္ထုပ္ပတ္တိ အကျဉ်း ဆောင်းပါး၊ Kaowao Newsgroup။