ပုတ္တမံသူပမသုတ်
[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကဗဠီကာရာဟာရ, ဖဿာဟာရ, မနောသဉ္စေတနာဟာရ, ဝိညာဏာဟာရ-ဟူသော အာဟာရလေးပါးတို့သည် ဖြစ်ပြီး, ဖြစ်ဆဲသတ္တဝါတို့ ကြာရှည် လေးမြင့် ဖြစ်တည်ခြင်းငှါ, မဖြစ်သေးသော သဘာဝဓမ္မတို့ ဖြစ်ပေါ်လာစေရန် ဖြစ်ကုန်၏။
ကဗဠီကာရာဟာရကို သေလွန်သွားသော သားငယ်၏အသားခြောက်ကို စားသောက်၍ ကန္တာရခရီးသွား ဇနီးမောင်နှံနှစ်ဦးတို့၏ ဥပမာဖြင့် ဘုဉ်းပေးသုံးဆောင် သင့်ပုံ၊ ကဗဠီကာရာဟာရကို ပိုင်းခြားသိမြင်လျှင် ပဉ္စကာမဂုဏိကရာဂကို ပိုင်းခြား သိမြင်သင့်ပုံ၊ အနာဂါမ်အရိယာသာဝက ဖြစ်နိုင်ပုံကိုလည်းကောင်း၊
ဖဿာဟာရကို အရေမရှိသောနွားမဥပမာဖြင့် ဖြစ်ပေါ်လာသော ဝေဒနာသုံးပါးတို့ကို ပိုင်းခြားသိနိုင်ပုံ၊ ရဟန္တာဖြစ်နိုင်ပုံကိုလည်းကောင်း။
မနောသဉ္စေတနာဟာရကို တစ်သူမကနက်သော မီးကျီးတွင်းအနီးသို့ ပစ်ချ၍ ဆွဲခေါ်ခံရသော ယောက်ျားဥပမာဖြင့် တဏှာသုံးပါးကို ပိုင်းခြား၍သိနိုင်ပုံ၊ ရဟန္တာ ဖြစ်နိုင်ပုံကိုလည်းကောင်း။
ဝိညာဏာဟာရကို သတ်လိုက်သောပြစ်မှုရှိသော ခိုးသူ၏ အသတ်ခံရပုံ ဥပမာဖြင့် ဝိညာဏာဟာရကို ပိုင်းခြား၍သိလျှင် နာမ်ရုပ်ကို ပိုင်းခြား၍သိနိုင်ပုံ၊ ရဟန္တာဖြစ်နိုင်ပုံကို အကျယ်တဝင့် ရှင်းလင်း၍ ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။
အဋ္ဌကထာ၌ -ဘုရားရှင်တို့အား မဟာလာဘသက္ကာရ ဖြစ်ပေါ်လာပုံ, အချို့ရဟန်းဖြစ်စပုဂ္ဂိုလ်တို့ ပစ္စဝေက္ခဏာမဆင်ခြင်ဘဲ အာဟာရကို ဘုဉ်းပေးကြပုံကို အကြောင်းပြု၍ ဤသုတ်ကို ဟောတော်မူပုံ၊ ပဉ္စမပါရာဇိက-ဟု ပညတ်တော်မမူခြင်းအကြောင်း၊ ကန္တာရငါးမျိုး၊ ကန္တာရခရီးသွား ဇနီးမောင်နှံတို့အကြောင်း၊ ပုတ္တမံသ၏ ပဋိကူလ ၉-မျိုး အာဟာရပါဋိကူလ ၉-မျိုး၊ ဓမ္မသေနာပတိထေရ်၏ ဆွမ်းဘုဉ်း ပေးရာ၌ မှတ်သားဖွယ်, သတိသမ္ပဇဉ်ဖြင့် ဘုဉ်းပေးရပုံ, ပဏီတဘောဇဉ်နှင့် စပ်လျဉ်းသည့် သိမှတ်ဖွယ်များ၊ ပစ္စည်းလေးဖြာ အလှူခံရာ, ဆွမ်းဘုဉ်းပေးရာ၌ မာန်မထောင် သင့်ပုံ၊ သီတင်းသုံးဖော်တို့နှင့်အတူ သမဂ္ဂ, သမ္မောဒမာနဖြစ်လျက် ဘုဉ်းပေးသင့်ပုံ၊ ပရိညာသုံးပါး ၂-မျိုးတို့အကျယ်အစရှိသော မှတ်သားဖွယ်ရာ အဓိပ္ပါယ်များကို ပြည့်ပြည့်စုံစုံ ဖွင့်ဆိုထားပါသည်။
ကန္တာရခရီးသွား ဇနီးမောင်နှံတို့အကြောင်း
ပြင်ဆင်ရန်ဇနီးမောင်နှံ၂-ဦးတို့သည် သားငယ်ကို ပိုက်ထွေး၍ ယူဇနာ ၁၀၀-ရှိသော ခရီးခဲကို ရိက္ခာအနည်းငယ်ဖြင့် ဖြတ်သန်းလာကြရာ ယူဇနာ ၅၀-လောက်တွင် ရိက္ခာ ကုန်ခန်းသည်ဖြစ်၍ ဆာလောင်မွတ်သိပ်ကြသဖြင့် ကျဲရရဲရှိသော သစ်ပင်ရိပ်၌ ရပ်ဆိုင်း နားနေကြရသည်၊ ထို့နောက် လင်ယောက်ျား က “ရှင်မ ပတ်ဝန်းကျင် ယူဇနာ ၅၀-အတွင်းမှာ ရွာလည်းမရှိ၊ နိဂုံးလည်းမရှိ၊ လယ်ထွန် နွားကျောင်းစသော အလုပ်များ လုပ်စရာလည်း မရှိ၊ ငါသည် ယောက်ျား တစ်ယောက်အနေဖြင့် ဘာမျှ အသုံးမဝင်မည့် အတူတူ ငါ့ကို သတ်၍ ငါ၏ အသားထက်ဝက်ကို စား, အသား ထက်ဝက်ကို ရိက္ခာလုပ်ပြီး ရှင်မတို့သားအမိ ၂-ယောက် ခရီးခဲကို လွန်မြောက်အောင် ကြိုးစားပါ”ဟု ပြောရှာသည်၊ ထိုအခါ မယားကလည်း “အရှင် ဗိုင်းငင်ချည်ချစသောမိန်းမ အလုပ်များ မရှိ၍ ကျွန်မသည် ဘာမျှအသုံး မဝင်ပါ၊ ကျွန်မကို သတ်၍ အသား ထက်ဝက်ကိုစား အသားထက်ဝက်ကို ရိက္ခာလုပ်ပြီး အရှင်တို့ သားအဖ ၂-ယောက် ခရီးခဲကို လွန်မြောက်အောင် ကြိုးစားပါ”ဟု ပြန်ပြောရှာသည်၊ ထိုအခါ လင်ယောကျ်ားက “ရှင်မ အမိသေလျှင် သားလေးလဲ သေပါလိမ့်မည်၊ သားငယ်သည် မိခင်နှင့်ကင်းပြီး အသက်မရှင်နိုင်ပါ၊ ငါတို့ ၂-ယောက် အသက်ရှင်သေးပါက နောက်ထပ် သားတစ်ယောက် ရနိုင်ပါသည်၊ သားလေးကိုသတ်၍ စားပြီးလျှင် ခရီးခဲကို လွန်မြောက်အောင် ကြိုးစားကြပါစို့”ဟု ပြောလေ၏။
ထိုအခါ မိခင်သည် သားလေးကို ဖခင်ထံသို့ လွှတ်လိုက်လေ၏၊ ဖခင်ထံရောက်သောအခါ “ငါသည် သားသမီးကို ကျွေးမွေးရန် လယ်ထွန် နွားကျောင်းစသော အလုပ်ကြမ်းများကို အဆင်းရဲခံ၍ လုပ်ခဲ့သည်၊ ငါ့သားကို ငါမသတ်ရက်ပါ၊ ရှင်မသာ သတ်ပါတော့”ဟု ဆို၍ မိခင်ထံ လွှတ်လိုက်ပြန်သည်၊ မိခင်ကလည်း “ငါသည်သားရရန်အတွက် နတ်ပူဇော် ပ, သ, ရခြင်းမှစ၍ ဝမ်းဖြင့်လွယ်၍ မွေးဖွားရသည်အထိ ဆင်းရဲဒုက္ခပေါင်းများစွာကို ခံခဲ့ရပေသည်၊ ငါ့သားကို ငါမသတ်ရက်ပါ” ဟု ဆို၍ ဖခင်ထံ လွှတ်လိုက်ပြန်သည်၊ ဤနည်းအားဖြင့် မိဘ၂-ဦးတို့ အကြား အကြိမ်ကြိမ် သွားရဖန်များသည့်အတွက် သားကလေး သေဆုံးသွားရရှာသည်၊ ၎င်းကို မြင်ရသော မိဘ ၂-ဦးတို့မှာ ရင်ပတ်စည်တီး ငိုကြီး ချက်မ မြည်တမ်းကြလျက် သားကလေး၏ အသားကို ရိက္ခာအတွက်ယူ၍ ခရီးခဲကို ဖြတ်သန်း လွန်မြောက်ကြသည်၊ [၃]
ပုတ္တမံသ၏ ပဋိကူလ ၉-မျိုး
ပြင်ဆင်ရန်ဇနီးမောင်နှံ ၂-ဦးတို့မှာ သူတို့ သားကလေး၏ အသား သည်– ၁-ဇာတ်တူသားဖြစ်ခြင်း။ ၂-ဆွေမျိုးအသားဖြစ်ခြင်း။ ၃-သားငယ်၏အသား ဖြစ်ခြင်း။ ၄-ချစ်သော သားငယ်၏ အသား ဖြစ်ခြင်း။ ၅-နုသော အသားဖြစ်ခြင်း။ ၆-အသားစိုဖြစ်ခြင်း။ ၇-မစားကောင်းသော အသားဖြစ်ခြင်း။ ၈-ဆားမပါခြင်း။ ၉-ဂျင်း မိတ်သလင်, မဆလာတို့ဖြင့် ဆုပ်-နယ်-ထုံမွှမ်း-မထားခြင်းတို့ကြောင့် စက်ဆုပ် ရွံရှာဖွယ် ဖြစ်သည့်အတွက်— ၁-မြူးထူးခြင်းငှါ, ၂-မာန်ယစ်ခြင်းငှါ, ၃-တန်ဆာ ဆင်ခြင်းငှါ, ၄-အရေအဆင်း ကြည်လင်စေခြင်းငှါ စားကြရှရှာသည် မဟုတ်၊ ခရီးခဲကို လွန်မြောက်ခြင်း အကျိုးငှါသာ စားရှာကြရ ခြင်းဖြစ်သည်။ [၄][၃]
အာဟာရပါဋိကူလ ၉-မျိုး
ပြင်ဆင်ရန်(က) ဆိုခဲ့ပြီးသော ၉-ပါးသော အကြောင်းတို့ကြောင့် စက်ဆုပ် ရွံရှာဖွယ်ရှိသော သားကလေး၏ အသားကို စားကြရရှာသော ဇနီးမောင်နှံတို့သည်တပ်မက်သော စိတ်ဖြင့် စားကြရသည်မဟုတ်၊ ဆန္ဒရာဂကင်းရှင်းသော သုံးဆောင်ခြင်း၌ တည်ကုန်သည် ဖြစ်၍ စားကြရရှာသကဲ့သို့ တပ်မက်မှု ဆန္ဒရာဂ ကင်းရှင်းသော သုံးဆောင်ခြင်း၌တည်၍ ကဗဠီကာရာဟာရကို သုံးဆောင်ရမည်။
(ခ) ထိုဇနီးမောင်နှံတို့သည် အရိုး, အကြော, အရေ၌ မှီကပ်နေသော အသားကို ဖယ်ထုတ်၍ ဆူဖြိုးသော အသားကောင်းကိုသာ ရွေးချယ်၍ စားကြသည်မဟုတ်၊ လက်သို့ရောက်သော အသားကိုသာ စားကြသကဲ့သို့ ခြောက်သွေ့သော ထမင်းနှင့် ရောသော ဟင်းတို့ကို ဖယ်မပစ်မူ၍ ငုံးများ ကြက်များ အစာကောက်သကဲ့သို့ ကောင်းနိုးရာရာ ရွေးမနေမူ၍ ခြင်္သေ့များစားသကဲ့သို့ မိမိဘက်ရှိ အစမှစ၍ အစဉ်အတိုင်း စားသွားရမည်။
(ဂ) ထိုဇနီးမောင်နှံတို့သည် လည်ချောင်းဝထိအောင် သားကလေး၏အသားကို မစားကြ၊ တစ်နေ့ တစ်နေ့ မျှတရုံမျှကိုသာ စားကြ သကဲ့သို့၎င်း လက်ဆွဲ၍ ထူရလောက်အောင် စားသော ပုဏ္ဏားများသည် အလိုရှိတိုင်းရင် ပြည့်အောင် စားသကဲ့သို့၎င်း မစားမူ၍ ၄-လုပ် ၅-လုပ်လျှော့စားသော ဓမ္မသေနာပတိ သာရိပုတ္တရာမထေရ်ကဲ့သို့ စားရမည်။
(ဃ) ထိုဇနီးမောင်နှံတို့သည် သားကလေးအသားကို စားကြရာ၌ အချင်းချင်း နှမြောတွန့်တိုခြင်း = မစ္ဆေရစိတ်ဖြင့် စားကြသည်မဟုတ်၊ မစ္ဆေရအညစ်အကြေး ကင်းရှင်းသန့်စင်သော စိတ်ဖြင့် စားကြကုန် သကဲ့သို့ ဆွမ်းရလာသောအခါတွင် “ဤဆွမ်းကို အကုန်ယူလိုသူအား အကုန်ပေးအံ့၊ ထက်ဝက်ယူလိုသူအား ထက်ဝက်ပေးအံ့၊ အကြွင်း ရှိသေးလျှင်သာ စားအံ့” ဟု သာရဏီယတရား၌ ရပ်တည်သဖြင့် သုံးဆောင်ရမည်။
(င) ထိုဇနီးမောင်နှံတို့သည် “သမင် သားကိုသော်၎င်း ဥဒေါင်းသား စသည်တို့တွင် တစ်မျိုးမျိုးသော အသားကိုသော်၎င်း စားကုန်အံ့”ဟု တွေဝေ၍ စားကြသည်မဟုတ်၊ သားကလေး အသားမှန်း သိကုန်၍သာ စားကြသကဲ့သို့ ဆွမ်းရလာသောအခါ “ငါစားအံ့”ဟု အတ္တစွဲ တွေဝေခြင်းကို မဖြစ်စေမူ၍ “ကဗဠီကာရာဟာရ, က— ငါသည် မဟာဘုတ် ၄-ပါး ရှိသော ကာယကို ပွါးစေအံ့ဟူ၍လည်း မသိ၊ မဟာဘုတ် ၄-ပါးရှိသောကာယ-ကလည်း ငါ့ကို ကဗဠီကာရာဟာရက ပွါးစေ၏ဟူ၍လည်း မသိ”၎င်းတို့သည် အချင်းချင်း မသိပါတကားဟူသော သတိသမ္ပဇဉ် ဉာဏ်အမြင်ဖြင့် သုံးဆောင်ရမည်။
(စ) ထိုဇနီးမောင်နှံတို့သည် “ငါတို့သည် ဤသို့သဘောရှိသော သားကလေး၏ အသားကို နောက်ထပ် စားရပါမှု ကောင်းလေစွ”ဟု တောင့်တ၍ စားကြသည်မဟုတ်၊ ယင်းသို့ တောင့်တမှု မရှိ၍ စားကြသကဲ့သို့ အစားအစာ ကောင်းကို ရသောအခါ “နက်ဖြန်လည်း ဤသို့သော အစားအစာကောင်းကို ရပါမူ ကောင်းလေစွ” အစားအစာ ကောင်းကို “မနေ့ကကဲ့သို့ ယနေ့ အစားအစာကောင်းကို မရပြီ”ဟု တောင့်တခြင်းကြောင့်ကြခြင်းကို မဖြစ်စေမူ၍ “ရောက်ဆဲ အစားအစာဖြင့်မျှတပေအံ့”ဟု နှလုံးသွင်း၍ သုံးဆောင်ရမည်။
(ဆ) ထိုဇနီးမောင်နှံတို့သည် “ဤမျှလောက် အသားကို ခရီးခဲ၌ စားပြီးလျှင် အကြွင်းကို ခရီးခဲမှ လွန်မြောက်သောအခါ ဆားအချဉ်တို့ဖြင့် သိပ်၍ စားကုန်အံ့” ဟူသော နှလုံးသွင်းဖြင့် သိုမှီးကြသည် မဟုတ်ကုန်၊ ခရီးခဲအဆုံး၌ လူများမမြင်မီ မြေ၌ မရသောအခါ သော်လည်း မြှုပ်, မီးဖြင့်သော်လည်း ရှို့ မြိုက် ကုန်ရာသကဲ့သို့ ရရသမျှသောပစ္စည်း ၄-ပါးမှ မိမိ မျှတရုံယူ၍ ကျန်သမျှကို သိုမှီးခြင်းမပြုမူ၍ သီတင်းသုံးဖော်တို့အား ပေး၍ သုံးဆောင်ရမည်။
(ဇ) ထိုဇနီးမောင်နှံတို့သည် “ငါတို့သို့ သားကလေးအသားကို စားနိုင်သူမရှိ”ဟု ထောင်လွှားမာန်မမူကြပဲ နှိမ့်ချကြို့ယို့စွာ စားကြသကဲ့သို့ အစားအစာကောင်းကို ရသောအခါ တက်ကြွမာန်ထောင်မှု မရှိမူ၍ “ဤရဟန်းအဖြစ်သည် ဆွမ်းသင်္ကန်း ရလိုမှု အတွက်မဟုတ်၊ အရဟတ္တဖိုလ်အကျိုးအတွက် သာဖြစ်သည်”ဟု ဆင်ခြင်၍နှိမ့်ချ ကြို့ယို့စွာ သုံးဆောင်ရမည်။
(စျ) ထိုဇနီးမောင်နှံတို့သည် “ဆားမပါ အချဉ်မပါ ဂျင်းစိမ်း မိတ်သလင်တို့ဖြင့် ဆုပ်နယ် ထုံမွှမ်းထားခြင်း မရှိသဖြင့် ညှီစော်နံ သော ဤအသားဖြင့် မည်သို့ပြုအံ့နည်း” ရှုတ်ချ၍ စားကြသည်မဟုတ်၊ မရှုပ်ချမူ၍ စားကြသကဲ့သို့ မြင်းစာနွားစာပမာ ကြမ်းတမ်း၍ အရသာကင်းမဲ့သော ဤဆွမ်းဘောဇဉ်ဖြင့် မည်သို့ပြုအံ့နည်း ခွေးစားကျင်းထဲသို့ ထည့်လိုက်ကြ၊ ကျီး, ခွေးများ ကျွေးလိုက်ကြ”ဟု ဆွမ်းဘောဇဉ်နှင့် ဆွမ်းဒါယကာကို မရှုတ်ချမူ၍ သုံးဆောင်ရမည်။
(ည) ထိုဇနီးမောင်နှံတို့သည် “ဤကား သင့်အတွက် ဤကား ငါ့အတွက်”ဟု အချင်းချင်း မထီလေးစားမပြုမူ၍ ညီညီ ညွတ်ညွတ် သုံးဆောင်ကြသကဲ့သို့ သီလဝန် သီတင်းသုံး ဖော်များနှင့် ညီညီညွတ်ညွတ် သုံးဆောင်ရမည်။ [၅]
ဆိုခဲ့သည့် အတိုင်း ကဗဠီကာရာဟာရကို မှီဝဲစားသုံးသူ ယောဂီအား ရသတဏှာမှ စိတ်သည် တွန့်ဆုတ်၏၊ စားတိုင်း စားတိုင်း ဒုက္ခမှ လွတ်မြောက်လိုသော စိတ်ဖြင့်သာ သုံးဆောင်ရ၏။ [၆][၃]
ကိုးကား
ပြင်ဆင်ရန်- ↑ -သံ၊၁၊၃၂၂-၄။ သံ၊မြန်၊၁၊၃၂၈-၃၃၀။ သံ၊ဋ္ဌ၊၂၊၉၄-၁၀၅။ သံ၊ဋီ၊၂၊၁၀၈-၁၁၅။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၁-နိဒါနသံယုတ္တ၊ ၇-မဟာဝဂ္ဂ၊ တတိယသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
- ↑ ၃.၀ ၃.၁ ၃.၂ တိပိဋကအဘိဓာန် အတွဲ-၅
- ↑ (သံ၊ဋ္ဌ၊၂၊၉၇။)
- ↑ (သံ၊ဋ္ဌ၊၂၊၉၆-၉၉။)
- ↑ (ဝိသုဒ္ဓိ၊၁၊၃၄၂။)