ပစ္စဝေက္ခဏာဆင်ခြင်ခြင်း

ရဟန်း သာမဏေတို့သည် ပစ္စယသန္နိဿိတသီလကို ပြည့်စုံစေရန် ပညာဖြင့် ဆင်ခြင်၍ သုံးဆောင် စားသောက်သောအားဖြင့် ပြည့်စုံစေအပ်၏

ဆင်ခြင်ခြင်းဟူ၍ နှစ်မျိုး ပြင်ဆင်ရန်

ထိုပစ္စည်းလေးပါးတို့၌ ဆင်ခြင်ခြင်းသည်

  • (၁) ရရှိသောအခါ၌ ဆင်ခြင်ခြင်း၊
  • (၂) သုံးဆောင်သောအခါ၌ ဆင်ခြင်ခြင်းဟူ၍ နှစ်မျိုးရှိ၏။ [၁]

ရရှိသောအခါ၌ ဆင်ခြင်ခြင်း ပြင်ဆင်ရန်

ချဲ့ဦးအံ့.. ပစ္စည်းလေးပါးတို့ကို သုံးဆောင်သည့်အခါမှသာ မဟုတ်၊ ရရှိသောအခါ၌လည်း

  • (က) ဓာတုပစ္စဝေက္ခဏာ= ဓာတ်အနေဖြင့် ဆင်ခြင်ခြင်းဖြင့်ဖြစ်စေ
  • (ခ) ပဋိကူလပစ္စဝေက္ခဏာ= စက်ဆုပ်ဖွယ်အနေ ဆင်ခြင်ခြင်းဖြင့်ဖြစ်စေ ဆင်ခြင်ပြီးလျှင် သိမ်းထားရ၏။[၁]

ဓာတ်အနေဖြင့် ဆင်ခြင်ခြင်း ပြင်ဆင်ရန်

(က) ဓာတုပစ္စဝေက္ခဏာ ဟူသည်ကား.. (ဤသင်္ကန်းသည်) (ဤဆွမ်းသည်) (ဤကျောင်းသည်) (ဤဆေးသည်) အကြေင်းအားလျော်စွာဖြစ်သော အဋ္ဌကလာပ် ဓာတ်အစုမျှသာတည်း၊ (ထိုသင်္ကန်း) (ထိုဆွမ်း) (ထိုကျောင်း) (ထိုဆေး)ကို သုံးဆောင်မည့် ပုဂ္ဂိုလ်သည်လည်း ဓာတ်အစုမျှသာတည်းဟူ၍ ဓာတ်အနေဖြင့် နှလုံးသွင်း ဆင်ခြင်ခြင်းကို ဆိုလိုသည်။[၁]

စက်ဆုပ်ဖွယ်အနေ ဆင်ခြင်ခြင်း ပြင်ဆင်ရန်

(ခ) ပဋိကူလပစ္စဝေက္ခဏာ ဟူသည်ကား.. ဆွမ်း၌ အာဟာရေ ပဋိကူလသညာ ကမ္မဋ္ဌာန်းအတိုင်း ဆင်ခြင်ခြင်း၊ “အလုံးစုံသော ဤသင်္ကန်းစသော ပစ္စည်းတို့သည် မိမိတို့၏ မူလသဘောအားဖြင့် စက်ဆုပ်ဖွယ် မဟုတ်သော်လည်း ဤကိုယ်ကောင်ပုပ်သို့ ရောက်ကြကုန်သည်ရှိသော် စက်ဆုပ်ဖွယ်စင်စစ် ဖြစ်ကြကုန်၏ဟူ၍ စက်ဆုပ်ဖွယ်အနေဖြင့် နှလုံးသွင်း ဆင်ခြင်ခြင်းကို ဆိုလိုသည်။[၁]

(သင်္ကန်း)

သင်္ကန်းခေါ်မှီး၊ ဤပစ္စည်းကား၊ သူ့ချည်းဘာသာ၊ တည်နေပါက၊ ရွံရှာဖွယ်မျိုး၊ မဟုတ်နိုးလည်း၊ ပုပ်သိုးညှီဟောင်၊ ဤကိုယ်ကောင်ဖြင့်၊ သုံးဆောင်သမှု၊ အကြောင်းပြု၍၊ ခုမကြာမော၊ သူ့သဘောတို့၊ လျင်ဆောပျောက်ပြယ်၊ ကင်းစင်ကွယ်သည်၊ ထွီဖွယ်ဖြစ်တော့မည်တကား။

(ဆွမ်း)

ဆွမ်းဟုခေါ်မှီး၊ ဤပစ္စည်းကား၊ သူ့ချည်းဘာသာ၊ တည်နေပါက၊ ရွံရှာဖွယ်မျိုး၊ မဟုတ်နိုးလည်း၊ ပုပ်သိုးညှီဟောင်၊ ဤကိုယ်ကောင်ဖြင့်၊ သုံးဆောင်သမှု၊ အကြောင်းပြု၍၊ ခုမကြာမော၊ သူ့သဘောတို့၊ လျင်ဆောပျောက်ပြယ်၊ ကင်းစင်ကွယ်သည်။ ထွီဖွယ်ဖြစ်တော့မည်တကား။

(ကျောင်း)

ကျောင်းဟုခေါ်မှီး၊ ဤပစ္စည်းကား၊ သူ့ချည်းဘာသာ၊ တည်နေပါက၊ ရွံရှာဖွယ်မျိုး၊ မဟုတ်နိုးလည်း၊ ပုပ်သိုးညှီဟောင်၊ ဤကိုယ်ကောင်ဖြင့်၊ သုံးဆောင်သမှု၊ အကြောင်းပြု၍၊ ခုမကြာမော၊ သူ့သဘောတို့၊ လျင်ဆောပျောက်ပြယ်၊ ကင်းစင်ကွယ်သည်၊ ထွီဖွယ်ဖြစ်တော့မည်တကား။

(ဆေး)

ဆေးဟုခေါ်မှီး၊ ဤပစ္စည်းကား၊ သူ့ချည်းဘာသာ၊ တည်နေပါက၊ ရွံရှာဖွယ်မျိုး၊ မဟုတ်နိုးလည်း၊ ပုပ်သိုးညှီဟောင်၊ ဤကိုယ်ကောင်ဖြင့်၊ သုံးဆောင်သမှု၊ အကြောင်းပြု၍၊ ခုမကြာမော၊ သူ့သဘောတို့၊ လျင်ဆောပျောက်ပြယ်၊ ကင်းစင်ကွယ်သည်။ ထွီဖွယ်ဖြစ်တော့မည်တကား။[၁]

ပစ္စဝေက္ခဏာ သုံးမျိုး ပြင်ဆင်ရန်

(ဆိုလိုရင်း အထူးမှတ်စေလိုရင်းမှာ.. ပစ္စည်းလေးပါးတို့ကို ဆင်ခြင်ခြင်းသည် ရှေးက အကျယ်ပြဆိုခဲ့သည့်အတိုင်း ဆင်ခြင်ခြင်းတည်းဟူသော

  • (၁) မဟာပစ္စဝေက္ခဏာ၊ ယခုပင် ပြဆိုခဲ့သောအတိုင်း ဓာတ်အနေဖြင့် နှလုံးသွင်း ဆင်ခြင်ခြင်းတည်းဟူသော
  • (၂) ဓာတုပစ္စဝေက္ခဏာ၊ စက်ဆုပ်ဖွယ်အနေဖြင့် နှလုံးသွင်း ဆင်ခြင်ခြင်းတည်းဟူသော
  • (၃) ပဋိကူလမနသိကာရ ပစ္စဝေက္ခဏာဟူ၍ ပစ္စဝေက္ခဏာ သုံးမျိုးရှိသည်ကို အထူးသိမှတ်ရာ၏။)

ထိုသို့ ပစ္စဝေက္ခဏာတင် ဆင်ခြင်၍ထားအပ်သည့် သင်္ကန်းစသည်တို့ကို သုံးဆောင်သောအခါ၌လည်း ပစ္စဝေက္ခဏာတင် ဆင်ခြင်၍ သုံးဆောင်သော ရဟန်း၏ သုံးဆောင်ခြင်းသည် အစအဆုံး အပြစ်ကင်းသော သုံးဆောင်ခြင်း ဖြစ်ပေ၏။

သုံးဆောင်သောအခါ ဆင်ခြင်ခြင်း၌ ဤဆိုလတ္တံ့သည်ကား ယုံမှားခြင်းကို ကင်းအောင်ပြုတတ်သည့် အဆုံးအဖြတ်တည်း။ ချဲ့ဦးအံ့.. ပစ္စည်းလေးပါးကို သုံးဆောင်ခြင်းတို့သည်-[၁]

ပစ္စည်းလေးပါးကို သုံးဆောင်ခြင်း လေးမျိုး ပြင်ဆင်ရန်

(က) ခိုးသည်နှင့်တူသော သုံးဆောင်ခြင်း (ထေယျပရိဘောဂ)၊

(ခ) ကြွေးယူသည်နှင့်တူသော သုံးဆောင်ခြင်း ( ဣဏပရိဘောဂ)၊

(ဂ) အမွေခံသည်နှင့်တူသော သုံးဆောင်ခြင်း (ဒါယဇ္ဇပရိဘောဂ)၊

(ဃ) အစိုးတရ သုံးဆောင်ခြင်း (သာမိပရိဘောဂ)–

အားဖြင့် လေးပါးအပြားရှိ၏။ ထိုလေးပါးတို့တွင်—[၁]

ခိုးသည်နှင့်တူသော သုံးဆောင်ခြင်း ပြင်ဆင်ရန်

(က) သီလမရှိသောသူ၏ ပစ္စည်းလေးပါးကို သုံးဆောင်ခြင်းသည် သံဃာ့အလယ်မှာနေ၍ သုံးဆောင်စေကာမူ ခိုးသည်နှင့်တူသော သုံးဆောင်ခြင်း (ထေယျပရိဘောဂ)သာ မည်၏။

(သီလရှိသော ပုဂ္ဂိုလ်တို့အတွက်သာ မြတ်စွာဘုရားကလည်း ပစ္စည်းလေးပါးကို သုံးဆောင်ရန် ခွင့်ပြုထားခြင်း ဖြစ်သည်။ ဒါယကာတို့ကလည်း မိမိတို့ကောင်းမှုအတွက် အကျိုးကြီးရန် ရည်သန်၍ သီလရှိသော ပုဂ္ဂိုလ်တို့အားသာ လှူဒါန်းခြင်းဖြစ်သည်။ သို့ရကား ထိုပစ္စည်းလေးပါးတို့သည် သီလမရှိသော (ဒုဿီလ)ပုဂ္ဂိုလ်တို့နှင့် လုံးဝမသက်ဆိုင်၊ ထိုသို့ မသက်ဆိုင်ပါပဲလျက် သုံးဆောင်ခြင်း ဖြစ်သောကြောင့် ဒုဿီလပုဂ္ဂိုလ်၏ သုံးဆောင်ခြင်းသည် ခိုးသည်နှင့်တူသော သုံးဆောင်ခြင်း= ထေယျပရိဘောဂ ဖြစ်သည်ဟု မှတ်ယူအပ်၏။ ။ဝိသုဒ္ဓိမဂ် မဟာဋီကာ။)[၁]

ကြွေးယူသည်နှင့်တူသော သုံးဆောင်ခြင်း ပြင်ဆင်ရန်

(ခ) သီလရှိသော ပုဂ္ဂိုလ်၏ ပစ္စဝေက္ခဏာမဆင်ခြင်ပဲ သုံးဆောင်ခြင်းသည် ကြွေးယူသည်နှင့်တူသော သုံးဆောင်ခြင်း (ဣဏပရိဘောဂ) မည်၏။ ထို့ကြောင့်- သင်္ကန်းကို ကိုယ်မှခွါ၍ သုံးဆောင်တိုင်း သုံးဆောင်တိုင်း ဆင်ခြင်အပ်၏။ ဆွမ်းကို အလုပ်တိုင်း အလုပ်တိုင်း ဆင်ခြင်အပ်၏၊ ဤသို့မှ မတတ်နိုင်လျှင် နံနက်ခင်းအချိန်မှာဖြစ်စေ ညနေချမ်းအချိန်မှာဖြစ်စေ ညဉ့်ဦးယံအချိန်မှာဖြစ်စေ သန်းခေါင်ယံအချိန်မှာဖြစ်စေ မိုးလင်းခါနီးအချိန်မှာဖြစ်စေ ဆင်ခြင်အပ်၏။ ဤသို့မှ မဆင်ခြင်ပဲ အရုဏ်တက်သွားလျှင် ကြွေးယူ၍ သုံးဆောင်သော= ဣဏပရိဘောဂအရာ၌ တည်လေတော့၏။ ကျောင်းကိုလည်း တံစက်မြိတ်အတွင်း ဝင်တိုင်းဝင်တိုင်း ဝင်ပြီးနောက် ထိုင်တိုင်းထိုင်တိုင်း အိပ်တိုင်းအိပ်တိုင်း ဆင်ခြင်အပ်၏။ ဆေးကို အကပ်ခံရာ၌၎င်း သုံးဆောင်ရာ၌၎င်း ဆင်ခြင်အပ်၏၊ သို့ရာတွင် အကပ်ခံစဉ် ဆင်ခြင်၍ သုံးဆောင်သောအခါ မဆင်ခြင်လျှင် အာပတ်သင့်၏၊ အကပ်ခံစဉ် မဆင်ခြင်မိသော်လည်း သုံးဆောင်သောအခါ ဆင်ခြင်လျှင် အာပတ်မှလွတ်၏။[၁]

သီလ၏ စင်ကြယ်ခြင်းလေးပါး ပြင်ဆင်ရန်

သီလ၏ စင်ကြယ်ခြင်းသည်—

(၁) ဒေသနာကြားသဖြင့် စင်ကြယ်ခြင်း (ဒေသနာသုဒ္ဓိ)၊

(၂) စောင့်စည်းသဖြင့် စင်ကြယ်ခြင်း (သံဝရသုဒ္ဓိ)၊

(၃) ရှာမှီးသဖြင့် စင်ကြယ်ခြင်း (ပရိယေဋ္ဌိသုဒ္ဓိ)၊

(၄) ဆင်ခြင်သဖြင့် စင်ကြယ်ခြင်း (ပစ္စဝေက္ခဏာသုဒ္ဓိ)၊

ဟူ၍ လေးပါးအပြားရှိ၏။ ထိုလေးပါးတို့တွင်-

ပါတိမောက္ခသံဝရသီလသည် သင့်သောအာပတ်ကို ဒေသနာကြားသဖြင့်= အထင်အရှား ဖွင့်ပြောခြင်းဖြင့် စင်ကြယ်၏၊ (ဒေသနာသုဒ္ဓိ။)

ဣန္ဒြိယသံဝရသီလသည် ဣန္ဒြေကို စောင့်စည်းသဖြင့် စင်ကြယ်၏။ “နောက်တဖန် ဤသို့ မပြုလုပ်ပြီ”ဟု စိတ်ကိုဆုံးဖြတ်ကာ စောင့်စည်းခြင်းဖြင့်သာလျှင် စင်ကြယ်သောသီလ ဖြစ်သည်။ (သံဝရသုဒ္ဓိ။)

အာဇီဝပါရိသုဒ္ဓိသီလသည် ရှာမှီးသဖြင့် စင်ကြယ်သော သီလဖြစ်၏။ မအပ်သော ရှာမှီးခြင်းကို ပယ်ရှားပြီးလျှင် တရားနှင့်အညီသာ ပစ္စည်းတို့ကို ဖြစ်စေခြင်းဖြင့် စင်ကြယ်နိုင်၏၊ (ပရိယေဋ္ဌိသုဒ္ဓိ။)

ပစ္စယသန္နိဿိတသီလသည် ဆင်ခြင်သဖြင့် စင်ကြယ်သောသီလ မည်၏။ ထိုသီလသည် ဆိုခဲ့ပြီးသော ဆင်ခြင်နည်းမျိုးဖြင့် ဆင်ခြင်မှသာ စင်ကြယ်နိုင်သည်၊ (ပစ္စဝေက္ခဏာသုဒ္ဓိ။) ထို့ကြောင့် (အကပ်ခံစဉ် မဆင်ခြင်မိသော်လည်း သုံးဆောင်သောအခါ ဆင်ခြင်လျှင် အာပတ်မှ လွတ်၏။)ဟူ၍ မိန့်ဆိုအပ်သည်။

အမွေခံသည်နှင့်တူသော သုံးဆောင်ခြင်း ပြင်ဆင်ရန်

(ဂ) သေက္ခပုဂ္ဂိုလ်ခုနှစ်ယောက် (အောက်အရိယာ ခုနစ်ပါး)တို့၏ ပစ္စည်းလေးပါးကို သုံးဆောင်ခြင်းသည် အမွေခံသည်နှင့်တူသော သုံးဆောင်ခြင်း= ဒါယဇ္ဇပရိဘောဂ မည်၏။ သေက္ခပုဂ္ဂိုလ် ခုနစ်ယောက်တို့သည် မြတ်စွာဘုရား၏ သားတော်တို့ ဖြစ်ကုန်၏။ ထို့ကြောင့် ဖခင်၏အမွေကို သားခံယူသကဲ့သို့ မြတ်စွာဘုရား ခွင့်ပြုတော်မူအပ်သော ပစ္စည်းလေးပါးတို့ကို အမွေခံဖြစ်၍ သုံးဆောင်ကြရကုန်၏။ ။(ပစ္စည်းလေးပါးတို့ကို ဒါယကာတို့က လှူအပ်သည် မှန်သော်လည်း မြတ်စွာဘုရား ခွင့်ပြုတော်မူအပ်သောကြောင့် မြတ်စွာဘုရား၏ဥစ္စာ ဖြစ်ကုန်၏။)

အစိုးတရ သုံးဆောင်ခြင်း ပြင်ဆင်ရန်

(ဃ) ရဟန္တာပုဂ္ဂိုလ်တို့၏ သုံးဆောင်ခြင်းသည် အစိုးတရ သုံးဆောင်ခြင်း= သာမိပရိဘောဂ မည်၏။ ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်တို့မှာ တဏှာမကင်းကြသေးသဖြင့် ထိုတဏှာ၏အလိုသို့ လိုက်ပါကြရသောကြောင့် ပစ္စည်းတို့ကို သုံးဆောင်ရာ၌ အစိုးတရ မရှိကြချေ။ ရဟန္တာပုဂ္ဂိုလ်မှာကား တဏှာ၏ ကျွန်အဖြစ်မှ စင်စစ် လွတ်မြောက်တော်မူကြသောကြောင့် ပစ္စည်းတို့ကို သုံးဆောင်ရာ၌ အစိုးတရ ရှိကြသည်။ ထို့ကြောင့်ပင် ထိုရဟန္တာအရှင်မြတ်တို့သည် စက်ဆုပ်ဖွယ်သော ပစ္စည်းကိုလည်း စက်ဆုပ်ဖွယ်မဟုတ်သော အခြင်းအရာဖြင့် သုံးဆောင်နိုင်ကုန်၏၊ စက်ဆုပ်ဖွယ် မဟုတ်သည်ကိုလည်း စက်ဆုပ်ဖွယ် အခြင်းအရာဖြင့် သုံးဆောင်နိုင်ကုန်၏၊ ထိုနှစ်ပါးသော အခြင်းအရာကိုလွှတ်၍ အလယ်အလတ် အခြင်းအရာဖြင့်လည်း သုံးဆောင်တော်မူနိုင်ကုန်၏။

ဤသုံးဆောင်ခြင်း လေးမျိုးတို့တွင် အစိုးတရသုံးဆောင်ခြင်း= သာမိပရိဘောဂနှင့် အမွေခံသည်နှင့်တူသော သုံးဆောင်ခြင်း= ဒါယဇ္ဇပရိဘောဂ ဤနှစ်ပါးတို့သည် အလုံးစုံသော ပုဂ္ဂိုလ်တို့အား အပ်၏။ ဤအရာ၌ ပြဆိုခဲ့ပြီးသောအတိုင်း သာမိပရိဘောဂသည် ရဟန္တာအရှင်များနှင့်သာ သက်ဆိုင်သော်လည်း သေက္ခပုဂ္ဂိုလ် ပုထုဇန်ပုဂ္ဂိုလ်တို့ အရသာကိုမမက်မောပဲ အာဟာရေပဋိကူလသညာဖြင့် ရသတဏှာကိုပယ်၍ သုံးဆောင်လျှင် တဏှာ၏ကျွန်အဖြစ်မှ လွတ်မြောက်သည်နှင့် အလားတူ၍ သာမိပရိဘောဂ ရသင့်သည်ဟု ဆိုနိုင်ခွင့်ရှိပေ၏။ ရဟန္တာပုဂ္ဂိုလ်နှင့် ပုထုဇန်ပုဂ္ဂိုလ်တို့လည်း မြတ်စွာဘုရား၏ အမွေခံသားတော်များ ဖြစ်သည်ဟု ဆိုနိုင်ခွင့်ရှိပေ၏။

ကြွေးယူသည်နှင့်တူသော ဣဏပရိဘောဂသည်ကား မအပ်။ ခိုးသည်နှင့်တူသော သုံးဆောင်ခြင်း= ထေယျပရိဘောဂ၌ကား ဆိုဖွယ်ပင်မရှိ၊ ဧကန် မအပ်သည်သာ။ အထူးအားဖြင့် သီလရှိသောပုဂ္ဂိုလ်၏ ပစ္စဝေက္ခဏာတင်၍ သုံးဆောင်ခြင်းသည် ဣဏပရိဘောဂ၏ ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ကြွေးမတင်သော သုံးဆောင်ခြင်း= အာဏဏျပရိဘောဂမည်၏။ တနည်းအားဖြင့် သီလရှိသော ပုထုဇန်ပုဂ္ဂိုလ်ကို ဤပစ္စဝေက္ခဏာတင် ဆင်ခြင်၍ သုံးဆောင်ခြင်းတည်းဟူသော သီလသိက္ခာနှင့် ပြည့်စုံသောကြောင့် သေက္ခအရိယာပုဂ္ဂိုလ်၌ ထည့်သွင်းရေတွက်နိုင်သောကြောင့် ထိုသီလရှိသော ပုထုဇန်ပုဂ္ဂိုလ်၏ ပစ္စဝေက္ခဏာတင် ဆင်ခြင်၍ သုံးဆောင်ခြင်းသည် အမွေခံသည်နှင့်တူသော ဒါယဇ္ဇပရိဘောဂပင် မည်ပေ၏။

ဤသုံးဆောင်ခြင်း လေးပါးတို့တွင် သာမိပရိဘောဂသည် အမြတ်ဆုံးဖြစ်သောကြောင့် ထိုသာမိပရိဘောဂကို တောင့်တလင့်ဆို အလိုရှိသော ရဟန်းသည် ဆိုအပ်ပြီးသည့် နည်းအတိုင်း ပစ္စည်းလေးပါးတို့ကို ပစ္စဝေက္ခဏာတင် ဆင်ခြင် သုံးဆောင်သဖြင့် ပစ္စယသန္နိဿိတသီလကို ပြည့်စုံစေရာ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော်