ပြင်ဦးလွင်ခရိုင်
ပြင်ဦးလွင်ခရိုင် (အင်္ဂလိပ်: Pyin Oo Lwin District) သည် မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ပြင်ဦးလွင်မြို့ဖြစ်သည်။
ပြင်ဦးလွင် ခရိုင် | |
---|---|
ခရိုင် | |
![]() ပြင်ဦးလွင်မြို့မြင်ကွင်း | |
![]() မန္တလေးတိုင်းအတွင်းတည်နေရာ | |
မြန်မာနိုင်ငံအတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 22°01′0″N 96°46′0″E / 22.01667°N 96.76667°E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | ![]() |
မြို့နယ်ပေါင်း | ၁ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၉၉၆,၄၃၈[၁] |
အချိန်ဇုန် | MST (UTC6:30) |
ပါဝင်သောမြို့နယ်များ
ပြင်ဆင်ရန်ပြင်ဦးလွင်ခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။
၂၀၂၂ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ပြင်ဦးလွင်ခရိုင်မှ မတ္တရာမြို့နယ်သည် အောင်မြေသာစံခရိုင် အတွင်းသို့လည်းကောင်း၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ်၊ စဥ့်ကူးမြို့နယ် တို့သည် သပိတ်ကျင်းခရိုင် အဖြစ်လည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့သည်။[၂]
ပထဝီဝင်အနေအထား
ပြင်ဆင်ရန်နယ်နိမိတ်
ပြင်ဆင်ရန်ပြင်ဦးလွင်ခရိုင်သည် မန္တလေးတိုင်း၏ မြောက်ဘက်ပိုင်းတွင်တည်ရှိသည်။ အရှေ့ဘက်တွင် ရှမ်းပြည်နယ်မှ ကျောက်မဲခရိုင်နှင့် မိုးမိတ်ခရိုင်၊ တောင်ဘက်တွင် ကျောက်ဆည်ခရိုင်နှင့် မန္တလေးခရိုင်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်းမှ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင် နှင့် ကန့်ဘလူခရိုင်၊ မြောက်ဘက်တွင် စစ်ကိုင်းတိုင်းမှ ကသာခရိုင်များ တည်ရှိသည်။[၃]
မြေမျက်နှာသွင်ပြင်
ပြင်ဆင်ရန်ပြင်ဦးလွင်ခရိုင်၏ အရှေ့ပိုင်းသည် တောင်ကုန်းတောင်တန်းများဖြစ်ကာ အနောက်ဘက်ပိုင်း မတ္တရာနှင့် စဥ့်ကူးမြို့နယ်များတွင် မြေပြန့်လွင်ပြင်ဖြစ်သည်။[၄]အနောက်ဘက်ပိုင်း ဧရာဝတီမြစ်အနီးတွင် နှုန်းတင်မြေနုများ ရှိသည်။ မတ္တရာနယ်အတွင်းရှိ မောင်းတောတောင်ကုန်းသည် ပင်လယ်ပြင်အထက် ပေ ၃၆၃၈ ပေ မြင့်သည်။ အရှေ့ဘက် ပြင်ဦးလွင်မြို့နယ်ရှိတောင်များသည် ပေ ၄ဝဝဝ ကျော် ၅ဝဝဝ နီပါးမြင့်သည်။ ခရိုင်တွင်းရှိ ထင်ရှားသည့်တောင်တို့မှာ မတ္တရာမြို့နယ်တွင်းရှိ ၈ဝ၈ ပေမြင့်သော စကျင်တောင်ပေ ၁ဝဝဝ ကျော် မြင့်သော ရွှေတောင်ဦးတောင် တို့ဖြစ်သည်။[၂]
ရေဆင်း
ပြင်ဆင်ရန်ခရိုင်၏ အနောက်ပိုင်းတွင် ဧရာဝတီမြစ် တည်ရှိကာ စစ်ကိုင်းတိုင်းနှင့် နယ်နိမိတ် ခြားနားထားသည်။ သို့သော် တကောင်းမြို့အနီးတွင် သပိတ်ကျင်းမြို့နယ်၏ အချို့နေရာများသည် ဧရာဝတီမြစ်၏ အနောက်ပိုင်းတွင် ကျရောက်နေသည်။[၅]ခရိုင်၏ အရှေ့ဘက်ပိုင်းတွင် မြစ်ငယ်မြစ်က ဖြတ်သန်းစီးဆင်းနေသည်။ ခရိုင်အတွင်း ရေတံခွန်များလည်း ပေါများသည်။
ရာသီဥတု
ပြင်ဆင်ရန်တောင်ပေါ်ဒေသတွင် သစ်ပင်များ ထူထပ်စွာပေါက်ရောက်သည်။ မြေပြန့်တွင်မူ မိုးမမှန်တတ်သောကြောင့် တူးမြောင်းများ၊ ကန်များမှ ရေသွင်းယူရသည်။ ပြင်ဦးလွင်မြို့နှင့် မိုးကုတ်မြို့များမှာ ရှမ်းကုန်းမြင့်ပေါ်၌ တည်ရှိသဖြင့် အပူရှိန် လျှော့ပါးသည်။ တောင်ကုန်းများတွင် မြေပြန့်မှာထက် ပို၍မိုးရွာသည်။ တစ်ခါတစ်ရံတွင် မိုးကုတ်မြို့နယ်၌ အပူချိန် အနုတ် (၁)ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းတတ်သည်။[၆]တောင်ပေါ်ဒေသများသည် အေးမြစိုစွတ်ပြီး အနောက်ဘက် မြေပြန့်ဒေသများသည် ပူနွေးခြောက်သွေ့သည်။
လူဦးရေ
ပြင်ဆင်ရန်ပြင်ဦးလွင်ခရိုင်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ရှမ်း၊ကချင်၊ဂေါ်ရခါး စသည့် လူမျိုးများလည်း များပြားစွာ နေထိုင်ကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ ခရစ်ယာန်၊အစ္စလာမ်၊ဟိန္ဒူနှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယ၊တရုတ်၊ဘင်္ဂလားဒေ့ရှ်၊ပါကစ္စတန်နှင့် အခြားစသည့်လူမျိုးများလည်း နေထိုင်ကြသည်။
သမိုင်းတစ်လျှောက် လူဦးရေများ | ||
---|---|---|
ခုနှစ် | လူဦးရေ | ±% |
၂၀၁၄ | ၉၉၆၄၃၈ | — |
၂၀၁၈ | ၈၇၈၆၆၅ | −11.8% |
၂၀၁၉ | ၉၅၅၀၉၂ | +8.7% |
Source: ၂၀၁၄ သန်းခေါင်စာရင်း၊ နှစ်စဉ်အစီရင်ခံစာများ |
စီးပွားရေး
ပြင်ဆင်ရန်ပြင်ဦးလွင်ခရိုင်သည် မန္တလေးတိုင်းအတွင်း စီးပွားရေး အတော်အသင့် ဖွံ့ဖြိုးသော ခရိုင်တစ်ခုဖြစ်သည်။ ပြင်ဦးလွင်မြို့နယ်သည် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိသဖြင့် အချက်အချာကျသည်။ စိုက်ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း စသည်တို့ လုပ်ကိုင်ကြသည်။ သပိတ်ကျင်းတွင် ရွှေတူးဖော်ရေး လုပ်ငန်းများကို စီးပွားဖြစ် လုပ်ကိုင်ကြသည်။ ပြင်ဦးလွင်မြို့တွင် ဆွယ်တာလုပ်ငန်းမှာ ဒေသခံလုပ်ငန်းသဖွယ် တွင်ကျယ်စွာ လုပ်ကိုင်ကြသည်။ ခရီးသွားလုပ်ငန်းများဖြင့်လည်း အဓိက ဝင်ငွေ ရရှိသည်။
ဒေသထွက်ကုန်များ
ပြင်ဆင်ရန်မတ္တရာမှ သရက်၊ နာနတ်၊ ရှောက်၊ ကွမ်းသီး စသော သီးနှံများ၊ ပြင်ဦးလွင်မြို့မှ ပန်းများနှင့် ခရမ်းချဉ်၊ ပန်းမုံလာ၊ ဂေါ်ဖီထုတ်၊ စတော်ဘယ်ရီ စသောအဟာရဖြစ်သည့် ဟင်းသီးဟင်းရွက်များ ရရှိသည်။ မတ္တရာနယ် စကျင်တောင်မှ ကျောက်ဆင်းတုများကို ပြုလုပ်သည်။
ပို့ဆောင်ဆက်သွယ်ရေး
ပြင်ဆင်ရန်ပြင်ဦးလွင်မြို့နယ်တွင် လေယာဉ်ကွင်းတစ်ကွင်းရှိသည်။ ခရိုင်၏ အရှေ့ပိုင်းသည် ရန်ကုန်-မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ ခရိုင်၏ အခြားအပိုင်းများသည်လည်း မန္တလေး-မြစ်ကြီးနားလမ်းဖြင့် အလွယ်တကူ သွားလာနိုင်သည်။ မိုးကုတ်မြို့နယ်သည်လည်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ ခရိုင်၏ အနောက်ခြမ်းများသည် ရေကြောင်းဖြင့် သွားလာနိုင်သည်။ စဥ့်ကူးမြို့အနီးတွင် ရတနာသိင်္ခတံတားဖြင့် စစ်ကိုင်းတိုင်းနှင့် ဆက်သွယ်နိုင်သည်။ တောင်ဘက်တွင် မတ္တရာမြို့အထိ ရထားလမ်းရှိကာ ပြင်ဦးလွင်မြို့နယ်တွင် မန္တလေး-လားရှိုး ရထားလမ်း ဖြတ်သန်းသွားသည်။ တရုတ်နိုင်ငံနှင့် သဘောတူတည်ဆောက်မည့် မန္တလေး-မူဆယ်-ကူမင်း အမြန်ရထားလမ်းမှာလည်း ပြင်ဦးလွင်မြို့နယ်အတွင်းမှ ဖြတ်သန်းမည်ဖြစ်သည်။[၇]
ပညာရေး
ပြင်ဆင်ရန်ပြင်ဦးလွင်ခရိုင်အတွင်း အဆင့်မြင့်ပညာ တက္ကသိုလ်များမှာ ပြင်ဦးလွင်မြို့နယ်အတွင်း တည်ရှိသည်။ ထို့အပြင် တပ်မတော်ဆိုင်ရာ ကျောင်းများလည်း တည်ရှိသည်။
ကျန်းမာရေး
ပြင်ဆင်ရန်ပြင်ဦးလွင်ခရိုင်ရှိ မြို့နယ်များတွင် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ တည်ရှိသည်။ ပြင်ဦးလွင်မြို့တွင် ခုတင် (၃၀၀) ပြည်သူ့ဆေးရုံ၊ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀)တို့ တည်ရှိသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၈၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 25, 2015 တွင် ပြန်စစ်ပြီး
- ↑ ၂.၀ ၂.၁ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း။ 3 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 June 2022 တွင် ပြန်စစ်ပြီး။
- ↑ ပြင်ဦးလွင်မြို့နယ်၏ အချက်အလက်များ။ 20 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 August 2021 တွင် ပြန်စစ်ပြီး။
- ↑ စဉ့်ကူးမြို့နယ်၏ အချက်အလက်များ။ 20 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 August 2021 တွင် ပြန်စစ်ပြီး။
- ↑ သပိတ်ကျင်းမြို့နယ်၏ အချက်အလက်များ။ 20 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 August 2021 တွင် ပြန်စစ်ပြီး။
- ↑ မိုးကုတ်မြို့နယ်၏ အချက်အလက်များ။ 20 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 August 2021 တွင် ပြန်စစ်ပြီး။
- ↑ မူဆယ်-မန္တလေး အမြန်ရထားလမ်းစီမံကိန်း လမ်းအူကြောင်း ရွေးချယ်ပြီးစီး။ 20 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 August 2021 တွင် ပြန်စစ်ပြီး။