တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ခံ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဒေါက်တာသုမင်္ဂလာလင်္ကာရ သည် မြန်မာနိုင်ငံ၏ လေးပါးမြောက် သာသနာ့အာဇာနည် ပိဋကတ်သုံးပုံ ‌အောင်သူ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးဖြစ်သည်။

၁၉၇၃ ခုနှစ်၊ သက်တော် ၂၇ နှစ်အရွယ်တွင် ပိဋကတ်သုံးပုံကို ရေးဖြေ နှုတ်ဖြေ နှစ်မျိုးလုံး အောင်မြင်တော်မူသည့်အတွက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်နှစ်မျိုးရခဲ့သည့် ဆရာတော်ဖြစ်သည်။ အမရပူရ (တောင်မြို့) မဟာဂန္ဓာရုံကျောင်းတိုက်၊ ကျမ်းပြုအကျော် ဆရာတော် အရှင်ဇနကာဘိဝံသ၏ တပည့်ရင်းတစ်ပါးဖြစ်သည်။[၁]

တိပိဋကဓရဘွဲ့တံဆိပ်ရသည့် နှစ်မှာပင် ရန်ကုန်မြို့ ကမ္ဘာအေး တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်ကိုတည်ထောင်တော်မူပြီး တပည့်သံဃာတော်များကို ပရိယတ္တိစာပေများသင်ကြားပို့ချပေးခြင်း ကျမ်းစာများပြုစုခြင်း တို့ဖြင့် သီတင်းသုံးနေထိုင်တော်မူခဲ့သည်။

၁၉၉၀ ခုနှစ်က ပတ္တနိကုဇ္ဇနသပိတ်မှောက်ကံဆောင်ပွဲ တွင် ထင်ရှားကျော်ကြားသည့် သံဃာတော် အများအပြားမှာ နဝတစစ်အစိုးရ၏ မတရားဖမ်း ဆီးခြင်းခံခဲ့ရရာ ဆရာတော် ဦးသုမင်္ဂလ လည်း တစ်ပါး အပါအဝင်ဖြစ်ခဲ့သည်။ နဝတ ကို သပိတ်မှောက်ကံဆောင်သင့် မဆောင်သင့် မန္တလေးသံဃာထုက ရန်ကုန်ရှိ ဆရာတော်ဦးသုမင်္ဂလထံသို့ စာရေး ဆက်သွယ်မေးမြန်းလျှောက်ထားခဲ့သည်။ ဆရာ‌တော်က ဝိနည်း နှင့် အညီ အဆုံးအဖြတ် စာတမ်းရေးပြီး ပြန်ကြားပေးခဲ့သည် ကို အကြောင်းပြု ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ပထမတွင် ဆရာတော်ကို အင်းစိန်ထောင်တွင် ထားရှိရာမှ ဒကာ ဒကာမ တပည့်သံဃာများ နှင့် အလှမ်းဝေးရာ မြစ်ကြီးနားထောင်သို့ ပြောင်း‌ရွှေ့ ထားရှိခဲ့သည်။ ၁၉၉၃ ခုနှစ်တွင်မှ ထောင် မှ ပြန်လည် လွတ်မြောက်ခဲ့သည်။[၁]

၁၉၉၈ ခုနှစ်၊ ထိုင်းနိုင်ငံ၊ ချူလာ လောင်ကွန် ရာဇဝိဇ္ဇာလယတက္ကသိုလ်က ဗုဒ္ဓစာပေဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူ (Ph.D) ဘွဲ့ ဆက်ကပ်ခဲ့သည်။

ဆရာတော် နာမကျန်းဖြစ်ချိန်တွင် မြန်မာ စစ်အစိုးရက မည်သို့မျှ တာဝန်မယူသဖြင့် ထိုင်းဘုရင်မိသားစုက တာဝန်ယူ ကြိုးစားကုသ ပေးနေစဉ် ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်၊ တနင်္ဂနွေနေ့ (၀၇း၃၅) နာရီ၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရသည်။[၁]

ကိုးကား ပြင်ဆင်ရန်