နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (အင်္ဂလိပ်: State Law and Order Restoration Council၊ အတိုကောက်: SLORC (သို့) နဝတ၊ အရပ်သားအခေါ်: ငြိမ်ပိ) သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တစ်ပါတီအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သော တပ်မတော်ကဖွဲ့စည်းသည့် နိုင်ငံတော်၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည်။၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့တွင် နိုင်ငံတော်၏ အာဏာကိုသိမ်းယူကာ ဗဟိုအာဏာပိုင်အဖွဲ့များဖြစ်သော ပြည်သူ့လွှတ်တော်၊နိုင်ငံတော်ကောင်စီ၊ ဝန်ကြီးအဖွဲ့၊ပြည်သူ့တရားသူကြီးအဖွဲ့၊ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့တို့ကို ဖျက်သိမ်းခဲ့သည်။ အခြားသော အာဏာပိုင်အဖွဲ့များဖြစ်သော ပြည်နယ်/တိုင်း/ရပ်ကွက်/ကျေးရွာ ပြည်သူ့ကောင်စီများကိုလည်း ဖျက်သိမ်းကာ ဒုဝန်ကြီးများကို တာဝန်မှ ရပ်စဲခဲ့သည်။ ထို့နောက် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးစောမောင်၊ အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ခင်ညွန့်တို့ကဆောင်ရွက်ပြီး ၁၉ဦးပါဝင်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။၁၉၈၈ခုနှစ် စက်တင်ဘာလ ၂၃ရက်နေ့တွင် နိုင်ငံ၏ အမည်ကို ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံအဖြစ်မှ ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်။၁၉၉၇ခုနှစ်တွင် နဝတကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
အတိုကောက် | နဝတ SLORC |
---|---|
ယခင်အဖွဲ့အစည်း | နိုင်ငံတော်ကောင်စီ |
ဆက်ခံသည့် အဖွဲ့အစည်း | နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ |
ဖွဲ့စည်းခြင်း | ၁၈ စက်တင်ဘာ ၁၉၈၈ |
ပြိုကွဲချိန် | ၁၅ နိုဝင်ဘာ ၁၉၉၇ |
အမျိုးအစား | စစ်တပ် |
ဌာနချုပ် | ရန်ကုန် |
တည်နေရာ | |
ဥက္ကဋ္ဌ |
|
သမိုင်းကြောင်း
ပြင်ဆင်ရန်၁၉၆၂ခုနှစ်တွင် နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်းသည် တော်လှန်ရေးကောင်စီဖြင့် နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သည်။၁၉၇၄ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီး ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီ၊ ဝန်ကြီးအဖွဲ့ စသည့် ဗဟိုအာဏာပိုင်အဖွဲ့များ/အခြား အာဏာပိုင်အဖွဲ့အစည်းများဖြင့် နိုင်ငံတော်ကို အုပ်ချုပ်သည်။ဦးနေဝင်းကိုယ်တိုင် ၁၉၇၄ခုနှစ်မှ ၁၉၈၁ခုနှစ်အထိ နိုင်ငံတော်သမ္မတအဖြစ်ဆောင်ရွက်သည်။ နိုင်ငံတော်သမ္မတအဖြစ်မှ အငြိမ်းစားယူအပြီးနောက် ပါတီဥက္ကဋ္ဌ နိုင်ငံတော်အကြီးအကဲအဖြစ် ဆက်လက်၍ အုပ်ချုပ်ရေးကဏ္ဍတွင် ပါဝင်ခဲ့သည်။၁၉၈၈ခုနှစ်တွင် ၈၈လူထုအုံကြွမှုကြီးဖြစ်လာပြီးနောက် နိုင်ငံရေး မတည်မငြိမ်ဖြစ်ကာ ပါတီဥက္ကဋ္ဌ ဦးနေဝင်းနှင့် ထိုစဉ်ကနိုင်ငံတော်သမ္မတ ဦးစန်းယုတို့ကို ပါတီမှ နုတ်ထွက်ခွင့်ပေးခဲ့သည်။ ပါတီဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတအဖြစ် ဦးစိန်လွင်က ၁၆ရက်ခန့် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဒေါက်တာမောင်မောင်က ဆက်လက်ဆောင်ရွက်သည်။ စက်တင်ဘာလ ၁၈ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်က နိုင်ငံတော်အာဏာကိုသိမ်းယူကာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သည်။ စက်တင်ဘာ ၁၈ရက်နေ့ ညနေ ၄နာရီအချိန်တွင် တပ်မတော်မှ နိုင်ငံတော်အာဏာအရပ်ရပ်ကို ထိန်းသိမ်းကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့်ကြေညာခဲ့သည်။ ထိုအာဏာသိမ်းမှုတွင် ဦးနေဝင်းက နောက်ကွယ်မှ အလုံးစုံစီမံပေးခဲ့သည်ဟု အချို့ကပြောကြားကြသည်။ အာဏာသိမ်းအပြီးတွင် ဖြုတ်ချခံခဲ့ရသည့် အစိုးရအဖွဲ့မှ မည်သူ့ကိုမျှအရေးယူခြင်းမရှိခဲ့ပေ။[၁]ထိုစဉ်က နဝတ အစိုးရအဖွဲ့မှ တာဝန်ယူပြီးသည်နှင့်တပြိုင်နက် ၎င်းတို့၏ တာဝန်ကြီး (၄)ရပ်ကို ကမ္ဘာသိ ကြေညာခဲ့ရာတွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပါဝင်ခဲ့သည်။ တစ်ဆက်တည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ၁၉၈၈-ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။
နဝတအနေဖြင့် အာဏာသိမ်းပြီးနောက် ရန်ကုန်၊မန္တလေယအပါအဝင် တစ်နိုင်ငံလုံးရှိ သပိတ်စခန်းများကို ဖြိုခွဲခဲ့သည်။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်ကမူ အာဏာသိမ်းမှုကြောင့် ၁၅ဦးသာသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
အဖွဲ့ဝင်များ
ပြင်ဆင်ရန်၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့တွင် ဖွဲ့စည်းလိုက်သော နဝတအဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
စဉ် | အမည် | ရာထူး |
က | ဗိုလ်ချုပ်ကြီးစောမောင် | ဥက္ကဋ္ဌ |
ခ | ဒုတိယဗိုလ်ချုပ်ကြီးသန်းရွှေ | အဖွဲ့ဝင် |
ဂ | ဗိုလ်ချုပ်မောင်မောင်ခင် | |
ဃ | ဗိုလ်ချုပ်တင်ထွန်း | |
င | ဗိုလ်မှူးချုပ် အောင်ရဲကျော် | |
စ | ဗိုလ်ချုပ်ဘုန်းမြင့် | |
ဆ | ဗိုလ်ချုပ်စိန်အောင် | |
ဇ | ဗိုလ်ချုပ်ချစ်ဆွေ | |
ဈ | ဗိုလ်မှူးချုပ်ကျော်ဘ | |
ည | ဗိုလ်မှူးကြီးမောင်သင့် | |
ဋ | ဗိုလ်မှူးချုပ်မောင်အေး | |
ဌ | ဗိုလ်မှူးချုပ်ဉာဏ်လင်း | |
ဍ | ဗိုလ်မှူးချုပ်မြင့်အောင် | |
ဎ | ဗိုလ်မှူးချုပ်မြသင်း | |
ဏ | ဗိုလ်မှူးချုပ်ထွန်းကြည် | |
တ | ဗိုလ်မှူးချုပ်အေးသောင် | |
ထ | ဗိုလ်မှူးချုပ်မျိုးညွန့် | |
ဒ | ဗိုလ်ချုပ်ခင်ညွန့် | အတွင်းရေးမှူး (၁) |
ဓ | ဗိုလ်မှူးကြီးတင်ဦး | အတွင်းရေးမှူး (၂) |
၁၉၉၂ခုနှစ်တွင် တိုးချဲ့ဖွဲ့စည်းထားသော အဖွဲ့ဝင်များ
စဉ် | အမည် | ရာထူး |
က | ဗိုလ်ချုပ်မှူးကြီးစောမောင် | ဥက္ကဋ္ဌ |
ခ | ဗိုလ်ချုပ်ကြီးသန်းရွှေ | အဖွဲ့ဝင် |
ဂ | ဒုဗိုလ်ချုပ်ကြီးမောင်မောင်ခင် | |
ဃ | ဒုဗိုလ်ချုပ်ကြီးတင်ထွန်း | |
င | ဒုဗိုလ်ချုပ်ကြီး အောင်ရဲကျော် | |
စ | ဒုဗိုလ်ချုပ်ကြီးချစ်ဆွေ | |
ဆ | ဒုဗိုလ်ချုပ်ကြီးဘုန်းမြင့် | |
ဇ | ဒုဗိုလ်ချုပ်ကြီးစိန်အောင် | |
ဈ | ဗိုလ်ချုပ်မြသင်း | |
ည | ဗိုလ်ချုပ်မြင့်အောင် | |
ဋ | ဗိုလ်ချုပ်အေးသောင် | |
ဌ | ဗိုလ်ချုပ်ကျော်မင်း | |
ဍ | ဗိုလ်ချုပ်မျိုးညွန့် | |
ဎ | ဗိုလ်ချုပ်မောင်သင့် | |
ဏ | ဗိုလ်ချုပ်ဉာဏ်လင်း | |
တ | ဗိုလ်ချုပ်ထွန်းကြည် | |
ထ | ဗိုလ်ချုပ်မောင်အေး | |
ဒ | ဗိုလ်ချုပ်ကျော်ဘ | |
ဓ | ဗိုလ်ချုပ်မောင်လှ | |
န | ဗိုလ်ချုပ်စိုးမြင့် | |
ပ | ဗိုလ်ချုပ်ခင်ညွန့် | အတွင်းရေးမှူး (၁) |
ဖ | ဗိုလ်ချုပ်တင်ဦး | အတွင်းရေးမှူး (၂) |
ရွေးကောက်ပွဲ
ပြင်ဆင်ရန်နဝတသည် ၎င်းတို့၏ တာဝန်ကြီး၄ရပ်အတိုင်း ၁၉၉၀ပြည့်နှစ် မေလ ၂၇ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ နိုင်ငံရေးပါတီပေါင်း (၂၃၅)ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ်အနိုင်ရခဲ့သည်။ သို့သော် နဝတ၏ ကြေညာချက် ၁/၉၀ကို ကြေညာခဲ့သည်။ ရွေးကောက်ပွဲရလဒ်မှာလည်း ပျက်ပြယ်ခဲ့ရသည်။
ပြောင်းလဲဖွဲ့စည်းခြင်း
ပြင်ဆင်ရန်နဝတဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင်သည် ၁၉၉၀ပြည့်နှစ်မတ်လ ၂၇ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးရာထူးကို ရယူခဲ့သည်။၁၉၉၂ခုနှစ် ဧပြီ ၂၃ရက်နေ့တွင် ကျန်းမာရေးမကောင်းသည့် အကြောင်းပြချက်ဖြင့် ရာထူးမှ ရုတ်တရက် အနားယူသွားသည်။ ထိုအခါတွင် ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေ (နောင်တွင် ဗိုလ်ချုပ်မှူးကြီး)က ဥက္ကဋ္ဌအဖြစ် တာဝန်ဆက်ယူခဲ့သည်။၁၉၉၇ခုနှစ် နိုဝင်ဘာ ၁၅ရက်နေ့တွင် နဝတမှ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။၂၀၀၀ပြည့်နှစ်အထိ ထိုအဖွဲ့များတွင် ဦးနေဝင်းမှ ပါဝင်ပက်သက်နေကြောင်း အချို့ကပြောကြသည်။[၁]၂၀၀၂ခုနှစ်တွင် ဦးနေဝင်း၏ သားမက်နှင့် မြေး၃ဦးကို နိုင်ငံတော်အာဏာလုရန်ကြံစည်မှုဖြင့် ဖမ်းဆီးခဲ့သည်။ဦးနေဝင်းနှင့် သမီး ကိုမူ နေအိမ်အကျယ်ချုပ် ချထားလိုက်သည်။ ထို့အပြင် ၂၀၀၄ခုနှစ်တွင် နအဖ၏ ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖမ်းဆီးပြီး ရာထူးမှ ဖယ်ရှားလိုက်သည်။ နဝတ-နအဖအဖြစ် ပြောင်းလဲလာသော အာဏာသိမ်းအဖွဲ့သည် ၂၀၁၁ခုနှစ်တွင် အခြေခံဥပဒေအသစ်အရ ဖွဲ့စည်းသော ပြည်ထောင်စုအစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းပေးပြီးနောက် ဖျက်သိမ်းခဲ့သည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကြေညာချက် (ကြေညာချက်အမှတ် ၁/၉၀)
ပြင်ဆင်ရန်၁၃၅၂ ခုနှစ်၊ ဝါခေါင်လဆန်း (၆) ရက်
၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၇) ရက်
၁။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် လုံးလွတ်လပ်သော အချုပ်အခြာ အာဏာပိုင်နိုင်ငံ ဖြစ်ခဲ့သည်။
၂။ ၁၉၈၈ ခုနှစ်အတွင်း အရေးအခင်းများဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတော်တဝှမ်းလုံးတွင် အခြေအနေအရပ်ရပ် ယိုယွင်းပျက်ပြားခဲ့သည်။ ထိုသို့ယိုယွင်းပျက်ပြားခဲ့သည့် အခြေအနေအရပ်ရပ်ကို အချိန်မီထိန်းသိမ်းနိုင်ရန် အတွက် ပြည်သူပြည်သားအားလုံးအကျိုးငှာ တပ်မတော်က နိုင်ငံတော်အာဏာအရပ်ရက်ကို လုံးဝတာဝန်ယူခဲ့သည်။ ပြည်သူ့လွှတ်တော်အပါအဝင် နိုင်ငံတော် အာဏာပိုင်အဖွဲ့အစည်းများကို ဖျက်သိမ်းလျက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းကာ တာဝန်ကြီး (၄) ရပ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာပြီး နိုင်ငံတော်၏အရေးကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ခဲ့သည်။
၃။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် နိုင်ငံတော်အတွင်း ငြိမ်ဝပ်ပိပြားရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်း သာယာရေးတို့ကို ထိရောက်စွာ ထိန်းသိမ်းနိုင်ရန် လိုအပ်သော ဥပဒေ၊ အမိန့်၊ ကြေညာချက်၊ ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့်များကို ထုတ်ပြန်ခဲ့သည်။
၄။ ပြည်သူများ၏ စားဝတ်နေရေးချောင်လည်စေရန် ပုဂ္ဂလိက၊ သမဝါယမနှင့် ဖက်ဆစ်လုပ်ငန်းများ လုပ်ကိုင်စေရန် အတွက် အဟန့်အတား ဖြစ်စေသော ဥပဒေများကို ပယ်ဖျက်ပြီး လိုအပ်သောဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များကိုလည်း ထုတ်ပြန်လျက် လက်တွေ့ အကောင်အထည် ဖော်ဆောင်လျက် ရှိသည်။ ထို့ပြင် နိုင်ငံတော်၏ ရေရှည် အကျိုးစီးပွားကို မျှော်မှန်း၍ လုပ်ဆောင်သင့်သည် များကိုလည်း လုပ်ဆောင်လျက်ရှိသည်။
၅။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် နိုင်ငံတဝန်းလုံးတွင် လမ်းပန်း ဆက်သွယ်မှု လုံခြုံ ချောမွေ့စေရန်နှင့် တိုးတက် ကောင်းမွန်စေရန်အတွက် ဆောင်ရွက်သင့်သည် များကိုလည်း ဆောင်ရွက်လျက်ရှိသည်။
၆။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် မည်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေကိုမျှ လိုက်နာကျင့်သုံးသော အဖွဲ့အစည်း မဟုတ်ဘဲ နိုင်ငံတော်ကို မာရှယ်လော (Martial Law) ဖြင့် အုပ်ချုပ်နေသော အဖွဲ့အစည်းဖြစ်ကြောင်း၊ နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ အစိုးရသည် စစ်အစိုးရအဖြစ် အုပ်ချုပ်လျက်ရှိကြောင်းနှင့် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ လက်ခံထားသည့် အစိုးရဖြစ်ကြောင်း အားလုံး အသိပင်ဖြစ်သည်။
၇။ နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် လွတ်လပ်၍တက်ကြွသော နိုင်ငံခြားဝါဒများကို ကျင့်သုံးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး နိုင်ငံအသီးသီးနှင့် ချစ်ကြည်စွာဆက်ဆံလျက်ရှိသည်။ နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် မြန်မာနိုင်ငံရှိ မည်သည့်သံရုံးကိုမျှ ယခုအချိန်အထိ ပိတ်ပင်ခြင်းမရှိဘဲ ဆက်လက်ထားရှိခွင့်ပြုပြီး ပုံမှန် ဆက်ဆံနေသည့်နည်းတူ နိုင်ငံခြား တိုင်းပြည်များတွင် မြန်မာသံရုံး များကိုလည်း ရုပ်သိမ်းခြင်းမပြုပဲ ဆက်လက်ဖွင့်လှစ်ထားရှိကာ ပုံမှန်ဆက်ဆံလျက်ရှိသည့်အပြင် ယခင်က သံရုံးမရှိခဲ့သော နိုင်ငံတနိုင်ငံတွင် အသစ်တရုံးတိုးချဲ့ ဖွင့်လှစ်ခဲ့သည်။
၈။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်သည်နှင့်အညီ ကမ္ဘာ့နိုင်ငံရေးကိစ္စရပ်များနှင့် ကုလသမဂ္ဂ ဆိုင်ရာလုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝါဒများကို တိကျစွာ လိုက်နာ ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတကာနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူနှင့်အညီ လိုက်နာ ကျင့်သုံး လျက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံသည် မိမိ၏ လွတ်လပ်မှုကို ထိန်းသိမ်းကာကွယ်လျက် မိမိ၏ပြည်တွင်းရေးတွင် ဝင်ရောက် စွက်ဖက်ခြင်းများကိုလည်း ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့်အညီ လိုက်နာကျင့်သုံးလျက်ရှိသည်။
၉။ နိုင်ငံအချင်းချင်းဆက်ဆံရေးပျက်ပြားစေမှုကို ရှောင်ရှားရန် သံတမန်အချို့၏ သံတမန်ကျင့်ဝတ် ဖောက်ဖျက်မှုများ ကိုလည်း သဘောထားကြီးစွာဖြင့် သံတမန်အမည်နှင့် နိုင်ငံအမည်များကို ထုတ်ဖော်ခြင်းမပြုဘဲ မိမိတို့ပြည်တွင်းရေးတွင် ဝင်ရောက် စွက်ဖက်ခြင်းမပြုရန် အကြိမ်ကြိမ်ပြောကြားခဲ့သည်။ ထို့အပြင် သံတမန် နည်းလမ်းများနှင့် အညီ သက်ဆိုင်ရာ သံရုံးများသို့လည်း အကြောင်းကြားခဲ့သည်။ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအချင်းချင်း၊ အစိုးရ အချင်းချင်း ဆက်ဆံရေး ပျက်ပြားစေမည့် ကိစ္စရပ်များကို ရှောင်ရှားနိုင်ခဲ့သောကြောင့် ယနေ့အထိ မည်သည့်ပြဿနာမှ ပေါ်ပေါက်ခဲ့ခြင်းမရှိပါ။ သံတမန် အချို့၏ လုပ်ရပ်ကြောင့် မိမိတို့ အစိုးရအပေါ် အထင်အမြင် လွဲမှားမှုများကိုလည်း သဘောထားကြီးစွာထား၍ သံတမန်နည်းဖြင့်သာ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့သည်။
၁၀။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် နိုင်ငံတော်၏တာဝန်ကို ယူခဲ့ရသည့်အချိန်မှစ၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို စွဲမြဲစွာကိုင်စွဲ ဆောင်ရွက်လျက်ရှိသည်။ တဖက်တွင်လည်း လက်နက်စွဲကိုင် ဆူပူသောင်းကျန်းသူမျိုးစုံကို တပ်မတော်သားများ၏ အသက်၊ သွေး၊ ချွေး မြောက်မြားစွာပေးလှူလျက် ထိုးစစ်ကြီးများဖြင့် ချေမှုန်းခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။ တပ်မတော်သည် နိုင်ငံရေးအဖွဲ့အစည်းမဟုတ်သဖြင့် ဆူပူသောင်းကျန်းသူများနှင့် နိုင်ငံရေးနည်းအရ စေ့စပ်ဆွေးနွေးခြင်းကို ပြုလုပ်ခဲ့ခြင်းမရှိပါ။ သို့ရာတွင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ အလင်းဝင်လာသူများကိုမူ ကောင်းမွန်စွာလက်ခံကြို ဆို၍ ပြန်လည်နေရာချထားခြင်းလုပ်ငန်းများကို အဖွဲ့အစည်းဖြင့် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည်နိုင်ငံရေးအစိုးရမဟုတ်သဖြင့် မည်သည့်လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းနှင့်မျှ နိုင်ငံရေးနည်းအရ စေ့စပ်ဆွေးနွေးခြင်းပြုရန် အကြောင်းမရှိပေ။
၁၁။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်ရန် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကိုပြဋ္ဌာန်းလျက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပေးခဲ့သည်။ ရွေးကောက်ပွဲဝင်လိုသော နိုင်ငံရေးပါတီများမှတ်ပုံတင်နိုင်ရန် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထို့အပြင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကိုလည်း ပြဋ္ဌာန်းပေးခဲ့သည်။
၁၂။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၃) တွင် "လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကို်ယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်" ဟူ၍ ပြဋ္ဌာန်းပါရှိသည်။ ယင်းပြဋ္ဌာန်းချက်နှင့်အညီ လွှတ်တော်ခေါ်ယူဖွဲ့စည်းခြင်းကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဆောင်ရွက်ပေးမည်။ ထို့သို့လွှတ်တော်ခေါ်ယူနိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က ဆောင်ရွက်ရန်ကိစရပ်များ၊ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အရွေးခံရသည့် ပါတီများနှင့် ရွေးကောက်ပွဲတွင် အရွေးခံရသည့်ပုဂ္ဂိုလ်များက ဆောင်ရွက်ရန်ကိစ္စရပ်များကို ဥပဒေ၊နည်းဥပဒေများနှင့်အညီဆောင်ရွက်ထားကြရန် အခါအားလျော်စွာ သတင်းထုတ်ပြန်ရေးအဖွဲ့က ရှင်းလင်းခဲ့ပြီးဖြစ်သည်။
၁၃။ ယနေ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက်ပိုင်းတွင် လွှတ်တော်ခေါ်ယူရေး၊ အာဏာလွဲပြောင်းရေးကိစ္စများနှင့် စပ်လျဉ်း၍ စာစောင်များထုတ်ဝေနေခြင်း၊ ဆွေးနွေးငြင်းခုံခြင်း၊ ပြည်ပအသံလွှင့်ဌာနများမှ ရှေ့ဆောင်လမ်းပြလုပ်ခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ တရားမဝင် စာရွက်စာတမ်းများထုတ်ဝေခြင်းများ ပြုလုပ်နေကြသည်။
၁၄။ လွှတ်တော်ခေါ်ယူရေးနှင့် ပတ်သက်၍ အထက်တွင်ရှင်းလင်းဖော်ပြခဲ့ပြီးဖြစ်သည်။ အာဏာလွှဲပြောင်းရေး ကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌက တိုင်းမှူးများ၊ တပ်မမှူးများ၊ ပြည်နယ်နှင့် တိုင်းငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌများအား အခါအားလျော်စွာ ပြောကြားခဲ့သည့် မိန့်ခွန်းများတွင် ညွှန်ပြခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၁) အနေဖြင့်" လည်း ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့တွင် ကျင်းပသည့် (၁၀၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ တိတိလင်းလင်း ပြောဆိုခဲ့ပြီးဖြစ်သည်။
၁၅။ နိုင်ငံရေးအဖွဲ့အစည်းတရပ်သည် ပြည်သူ့လွှတ်တော်တရပ် ပေါ်ပေါက်လာရုံဖြင့် ဥပဒေပြုမှုအာဏာ၊စီမံခန့်ခွဲမှုအာဏာနှင့် တရားစီရင်မှုအာဏာဟူသော အချုပ်အခြာအာဏာ (၃) ရပ်ကို အလိုအလျောက်မရရှိပဲ အခြေခံဥပဒေတရပ်အပေါ် အခြေပြု၍သာရယူနိုင်ကြောင်း အထူးရှင်းလင်းရန်လိုမည်မဟုတ်ပါ။ ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ၁၉၄၇ ခုနှစ် စက်တင်ဘာ (၂၄) ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော်ကလက်ခံ၍ ဥပဒေအဖြစ်အတည်ပြုခဲ့သည်။ သို့သော် ထိုအခြေခံဥပဒေအာဏာတည်ပြီး အမှန်တကယ်အကျိုးသက်ရောက်သည်မှာ မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သောအချုပ်အခြာအာဏာပိုင်နိုင်ငံတော်ဖြစ်ကြောင်းကြေညာသည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင်မှဖြစ်သည်ကို ဥပဒေကြောင်းအရ အထင်အရှားတွေ့နိုင်သည်။ နိုင်ငံတခု၏ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်သည် လွတ်လပ်ရေးမရမီ ရေးသားထားသည့်ဥပဒေနှင့်လွတ်လပ်ရေးရရှိသည့်နောက်မှ ရေးသားထားသည့်ဥပဒေဟူ၍ (၂) မျိုးရှိသည်။ လွတ်လပ်ရေးရရှိခဲ့ကြသည့်ကမ္ဘာ့နိုင်ငံအသီးသီးတွင် အချုပ်အခြာအာဏာကို လက်ဆုပ်လက်ကိုင်ရပြီးမှသာ တိုင်းပြည်ပြုလွှတ်တော်ကိုခေါ်ယူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြသည့် အစဉ်အလာရှိသည်။ မြန်မာနိုင်ငံတွင်မူ တိုင်းပြည်ပြုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီးမှ လွတ်လပ်ရေးကြေညာခဲ့ရသည်။ ထိုသို့ဆောင်ရွက်ခဲ့ခြင်းသည် ထိုအချိန်က နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် ဗြိတိသျှတို့ထံမှ ငြိမ်းချမ်းသောနည်းဖြင့် လွတ်လပ်ရေးကိုအမြန်ရယူလိုသောဆန္ဒကြောင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းမှာ ထင်ရှားသည်။
၁၆။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေကိုလေ့လာပါက လွတ်လပ်ရေးရရှိပြီးနောက် ရေးဆွဲခြင်းဖြစ်ပြီး ပြည်သူ့ဆန္ဒခံယူပွဲဖြင့်ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်သည်ကို မည်သူမျှငြင်းဆိုခြင်း ပြုနိုင်မည်မဟုတ်ပါ။
၁၇။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် လွတ်လပ်ရေးမရမီရေးဆွဲသည့် ဥပဒေဖြစ်ပြီး၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွတ်လပ်ရေးရပြီးမှရေးဆွဲသည့် ဥပဒေဖြစ်ကြောင်း ကွာခြားချက်ကို အထူးသတိပြုရန်လိုသည်။
၁၈။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီအများစု၏ဆန္ဒမှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးဖြစ်ကြောင်း၊ ယင်းတို့၏ သဘောထားကြေညာချက်များအရ သိရှိနိုင်သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲစဉ်က တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ ပင်လုံညီလာခံတွင် ရှမ်း၊ ကချင်၊ ချင်း လူမျိုးစုများနှင့်သာ ဆွေးနွေးညှိုနှိုင်းခဲ့ပြီး မွန်၊ ရခိုင်စသော လူမျိုးစုများနှင့် ဆွေးနွေး ညှိုနှိုင်းမှု မရှိကြောင်း တွေ့ကြရမည်ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ နိုးကြားလာသော တိုင်းရင်းသား လူမျိုးများ အများအပြားရှိရာ ၎င်းတို့၏ ဆန္ဒသဘောထားများကို ညှိုနှိုင်းရယူပြီး ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်တရပ် ရေးဆွဲပြဋ္ဌာန်းရန် အထူးလိုအပ်ကြောင်း ထင်ရှားနေသည်။
၁၉။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် စစ်အစိုးရတရပ်ဖြစ်သည်နှင့်အညီ မာရှယ်လော (Martial Law) ဥပဒေကို ကိုင်စွဲကျင့်သုံးနေသည့် အစိုးရဖြစ်သည်။ ထိုသို့ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအား အောက်ပါအတိုင်း အာဏာ (၃) ရပ်ဖြင့် ကျင့်သုံးလျက်ရှိသည်။
(က) ဥပဒေပြုမှုအာဏာ။ ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကသာ ကျင့်သုံး ပိုင်ခွင့်ရှိသည်။
(ခ) စီမံခန့်ခွဲမှုအာဏာ။ ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကသာ ကျင့်သုံးပိုင်ခွင့် ရှိသည်။ သို့ရာတွင် ယင်းအာဏာကို အစိုးရအဖွဲ့နှင့်တကွ ပြည်နယ်၊ တိုင်း၊ မြို့နယ်စု၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အဆင့်ဆင့်အား ခွဲဝေပေးလျက် စီမံခန့်ခွဲရေး ကိစ္စရပ်များကို စုပေါင်းခေါင်းဆောင်မှုဖြင့် တာဝန်ပေး ဆောင်ရွက်စေလျက် ရှိသည်။ ယင်းသို့ဆောင်ရွက်စေခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာမည့် အစိုးရ လက်ထက်တွင် ဝန်ထမ်းများသည် ဌာနဆိုင်ရာ လုပ်ငန်းများကို နိုင်ငံရေးပါတီများနှင့် ကင်းရှင်းစွာ ဆောင်ရွက်နိုင်စေရန် လေ့ကျင့်ဆောင်ရွက် ပေးနေခြင်းဖြစ်သည်။
(ဂ) တရားစီရင်မှုအာဏာ။ ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကသာ ကျင့်သုံးပိုင်ခွင့် ရှိသည်။ သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာသည့် အချိန်တွင် အလေ့အကျင့်ရစေရန် သာမန်ရာဇဝတ်မှုနှင့် တရားမမှု စသည်များကို တရားရုံး အဆင့်ဆင့် ဖွဲ့စည်းပြီး စစ်ဆေးစီရင်စေလျက် ရှိသည်။
၂၀။ ထို့ကြောင့် ယနေ့အခြေအနေတွင် ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ်ဒီမိုကရေစီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်။
၂၁။ နိုင်ငံတော်အာဏာရယူရေးအတွက် ယာယီဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ၍ အစိုးရဖွဲ့စည်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်ခံနိုင်မည် မဟုတ်သည့်အပြင် ထိုသို့ဆောင်ရွက်ပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းနှင့် ပြည်သူ့ဆန္ဒနှင့်အညီ ခိုင်မာသောဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ပေါ်ပေါက်လာမည့်အစိုးရတရပ် မဖွဲ့စည်းမီကြားကာလတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အနေဖြင့်
(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တဲ့ခိုင်မြဲရေးဟူသည့် အရေး (၃) ပါး။
(ခ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကြေညာချက်အမှတ် (၁/၈၈) တွင်ပါရှိသော တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ ပြည်သူများ၏စားဝတ်နေရေး ချောင်လည်စေရေးနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးစသည့် လုပ်ငန်းတာဝန်ကြီး (၄) ရပ်အနက် ပါတီစုံဒိမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရေးတာဝန်မှအပဖြစ်သော လုပ်ငန်းတာဝန်ကြီး (၃) ရပ် နှင့်
(ဂ) မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရန် လုပ်ငန်းတာဝန်များကို အလေးဂရုပြု ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်းကြေညာလိုက်သည်။
အမိန့်အရ
(ပုံ)
ခင်ညွန့်
ဗိုလ်ချုပ်
အတွင်းရေးမှူး (၁)
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့