မဟာကစ္စည်းထေရ်သည် ဂေါတမ မြတ်စွာဘုရား လက်ထက်တော်တွင် အကျဉ်းအားဖြင့် ဟောအပ်သော တရားတော်၏အနက်ကို အကျယ်အားဖြင့် ဝေဖန်တတ်သူ ရဟန်းတို့တွင် အမြတ်ဆုံး ဧတဒဂ်ရ ထင်ရှားသော ရဟန္တာတစ်ပါး ဖြစ်သည်။

အဝန္တိတိုင်း၊ ဥဇ္ဇေနီပြည် စန္ဒပဇ္ဇောတ မင်းကြီး၏ မိတ်ဆွေဖြစ်သော ပုဏ္ဏားကြီး၏ မယားတွင် ဖွားမြင်သော သားဖြစ်၍၊ ကဉ္စနလုလင်ဟု အမည်တွင်သည်။ အရွယ်ရောက်သော် ဗေဒင်သုံးပုံနှံ့စပ်၍၊ ပုရောဟိတ်အရာ ရသောအခါ ကစ္စာယန ဟုတွင်သည်။

တစ်ခါသော် စန္ဒပဇ္ဇောတမင်းသည် ရာဇဂြိုဟ်ပြည်၌ ဘုရားရှိတော်မူကြောင်း သိရသဖြင့် ကစ္စာယနပုရော ဟိတ်ကို ပင့်စေသည်။ ကစ္စယနလည်း ရဟန်းပြုခွင့်ရလျှင် ပင့်မည်ဟု ဝန်ခံ၍ မင်းကြီးက ခွင့်ပေးသော် မြတ်စွာဘုရားထံ သွား ရောက်သည်။ ရောက်ရှိ၍ တရားတော်ကို နာကြားရလျှင် အရဟတ္တဖိုလ်ကို ရသည်။ မြတ်စွာဘုရားက ဧဟိဘိက္ခု ခေါ်တော်မူ၍ ရဟန္တာအဖြစ်သို့ရောက်သည်။ ကစ္စည်းထေရ်ဟု ထင်ရှားလေသည်။

ထို့နောက် မြတ်စွာဘုရား၏ ခွင့်ပြုချက်အရ ဥဇ္ဇေနီပြည်သို့ရှေးဦးစွာ ကြွသွားသည်။ ရောက်လျှင် မင်းကြီးအား အကြောင်းကို ပြန်ကြားသည်။ မင်း၏ မိဖုရားလည်း မဟာ ကစ္စည်းထေရ်အား ကြည်ညိုသဖြင့် ကျောင်းကြီးဆောက်လုပ် လှူဒါန်းသည်။

မဟာကစ္စည်းထေရ်သည် အခြားတစ်ပါးသော သူထက် အဆင်းအဝါ သပ္ပာယ်သည်။ လျင်သောပညာ၊ ထက်သောပညာ၊ နက်နဲသော ပညာတို့နှင့်လည်း ပြည့်စုံသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် မဟာကစ္စည်း ထေရ်အား နက်နဲထက်မြက် သော ဉာဏ်အရာတွင် ဝိဘဇန္တာနံ ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှောက်တော်မူသည်။[၁]

အရှင်ကဉ္စနသည် ဥဇ္ဇေနီတမြို့လုံးကို ကြည်ညိုစေပြီး ဘုရားထံပြန်ရောက်၍ ဘုရားရှင် ဇေတဝန်၌သီတင်းသုံးစဉ် မဓုပိဏ္ဍိကသုတ္တန်၊ ကစ္စာနပေယျာလ၊ ပါရာယနသုတ္တန်၊ ဤ ၃-သုတ်ကို အတ္ထုပ္ပတ်ပြု၍ ဧတဒဂ်ရတော်မူသည်။

မဟာဗုဒ္ဓဝင်၌ပါသော မဟာကစ္စည်း‌ထေရ်ကို သည်မှာ ဖတ်ပါ။

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)