မျိုးမြင့်ညိမ်း [၁]သည် သတင်းစာဆရာ၊ စာရေးဆရာ၊ အယ်ဒီတာ တစ်ဦးဖြစ်သည်။ အလင်းတန်းဂျာနယ်ရွှေအမြုတေ မဂ္ဂဇင်းဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းနှင့် မြန်မာအင်ဒီပဲန်ဒင့်သတင်းဂျာနယ်တို့၏ အယ်ဒီတာတစ်ဦးဖြစ်သည်။ အဘဦးကျားဘညိမ်း၊ အမိ ‌ဒေါ်ကြည်ကြည်တို့မှ ၁၉၅၂ ခုနှစ်၊ ဇွန် ၂၈ ရက်‌နေ့တွင် မန္တလေးမြို့၌ စတုတ္ထသားအဖြစ် ‌မွေးဖွားသည်။ ဖခင် ကျားဘညိမ်းက ၁၉၅၂ ဟလ်ဆင်ကီးအိုလံပစ်သို့ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရန် မသွား‌ရောက်မီ ‌မွေးဖွား‌သောသားအား ရန်ကုန်မြို့မှ လာ‌ရောက် ကြည့်ရှုသည်။ ဟဲလ်ဆင်ကီးအိုလံပစ်တွင် ကွာတားဖိုင်နယ်အထိ‌ရောက်ခဲ့ပြီး ဆုတံဆိပ်တစ်ခုမျှ မရရှိခဲ့သဖြင့် တိုင်းပြည်အတွက် အ‌ကြွေးတင်ခဲ့သည်။ ထိုအ‌ကြွေးဆပ်ရန် သားဖြစ်သူကို ‌မျှော်လင့်ခဲ့‌သော်လည်း အ‌ကြွေးမ‌ကျေခဲ့။ သားမျိုးမြင့်ညိမ်းမှာ ကြိုးဝိုင်းတွင်း ပြိုင်ပွဲများထက် လမ်း‌ပေါ်ရန်ပွဲများတွင် ‌ကျော်ကြားသည်။

မျိုးမြင့်ညိမ်း
မွေးဖွား(1952-06-28)၂၈ ဇွန်၊ ၁၉၅၂
မန္တလေးမြို့
အလုပ်အကိုင်အယ်ဒီတာစာရေးဆရာ

လက်မှတ်


အ‌ခြေခံပညာကို မန္တ‌လေးမြို့တွင် ဒိုင်အိုစီတွင် သံတဲ‌ကျောင်း၊ ရန်ကုန်မြို့တွင် အ.ထ.က(၆)ဗိုလ်တထောင်တို့တွင် တက်‌ရောက်သင်ယူပြီး ၁၉၇၄ တွင် လုပ်သားများ ‌ကောလိပ်တွင် ရူပ‌ဗေဒ ဘာသာရပ်အဓိကဖြင့် တက်‌ရောက်ဘွဲ့ယူခဲ့သည်။ ၁၉၇၄ တွင် ‌ဒေါ်ဝင်း‌ဌေးနှင့် အိမ်‌ထောင်ကျသည်။ လက်‌ဝှေ့ထိုးခြင်းကို စွန့်လွတ်ပြီး စာ‌ပေ‌လောကသို့ ဝင်‌ရောက်သည်။ ၁၉၇၇ ခုနှစ်တွင် စစ်ပြန်စစ်မှုထမ်းအဖွဲ့မှ ထုတ်‌ဝေသည့် အခါအား‌လျော်စွာထုတ် စစ်ပြန်မဂ္ဂဇင်းတွင် အလုပ်သင်အယ်ဒီတာအမည်ခံ၍ အယ်ဒီတာဆရာများ ၏ ‌တောက်တိုမယ်ရအလုပ်များကို လုပ်ရသည်။ လ္ဘက်ရည်ဝယ်၊ ‌သောက်‌ရေဖြည့်၊ တံမြက်စည်းလှည်း စသည် တို့ဖြစ်သည်။

၁၉၈၁ စာတည်းချုပ်ဦးမြလှိုင် တည်‌ထောင်‌သော ‌ပေဖူးလွှာမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် တာဝန် ထမ်း‌ဆောင်သည်။ ၁၉၈၃ တွင် မ‌ဟေသီမဂ္ဂဇင်း၊ ၁၉၈၅ တွင် သတင်းလွှာဂျာနယ်၊ ၁၉၈၄ တွင် သတင်းမဂ္ဂဇင်းတို့တွင် အယ်ဒီတာအဖြစ် ပူးတွဲတာဝန် ထမ်း‌ဆောင်သည်။

မင်းလူ၊ မျိုးမြင့်ညိမ်း၊ စိန်လှိုင်(ဝဲမှယာ)

၁၉၈၈ လူထုလှုပ်ရှားမှုတွင် စာ‌ပေနှင့်အနုပညာရှင်များအဖွဲ့၌ ပါဝင်ခဲ့ပြီး ၁၉၈၈ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်းလွှာစာ‌စောင် အုပ်ချုပ်‌ရေးအယ်ဒီတာအဖြစ် တာဝန်ယူသည်။ ၁၉၉ဝ နိုင်ငံ‌ရေးလှုပ်ရှားမှုများတွင် စာ‌ရေးဆရာ မင်းလူ‌ရေးသားသည့် ဘာ‌တွေဖြစ်ကုန်ကြပြီလဲ ကဗျာထုတ်‌ဝေဖြန့်ချိမှုဖြင့် ‌ထောင်ဒဏ် (၇)နှစ် ချမှတ်ခံရသည်။ အကျဉ်း‌ထောင်အတွင်း သတင်းမှန်များရရှိ‌ရေးနှင့် ပြင်ပကမ္ဘာနှင့် အဆက်မပြတ်နိုင်‌ရေး ကြိုးပမ်းမှုအဖြစ် "သတင်းမှတ်တမ်းလွှာ"စာ‌စောင်ကို အကျဉ်းကျလုပ်‌ဖော်ကိုင်ဖက်များနှင့်အတူ ကြိုးပမ်းထုတ်‌ဝေမှုဖြင့်၎င်း၊ အင်းစိန်‌ထောင်အတွင်း တရားမဲ့ညှင်းပန်းနှိပ်စက်မှုများကို ကမ္ဘာ့ ကုလသမဂ္ဂသို့ စာဖြင့်‌ရေးသား‌ပေးပို့ခဲ့၍၎င်း၊ ၁၉၉၃ နိုင်ငံတကာ လူ့အခွင့်အ‌ရေးညီလာခံ ကျင်းပသည့် ဩစတြီးယားနိုင်ငံသို့ သဝဏ်လွှာ‌ပေးပို့ခဲ့၍လည်းကောင်း၊ အခြား‌သော အကျဉ်းသား ဆိုင်ရာအခွင့်အ‌ရေးများ‌တောင်းဆိုမှု‌ကြောင့်ည်းကောင်းး၊ ၁၉၉၆ ခုနှစ်တွင် အကျဉ်း‌ထောင်အတွင်း ‌နေရင်းမှပင် ‌နောက်ထပ် (၇)နှစ် ထပ်မံအကျဉ်းချခံရသည်။ ၂ဝဝ၁ ခုနှစ်တွင် က‌နေဒါနိုင်ငံ the Canadian Journalists for Freedom of Expression (CJFE) မှ လွတ်လပ်စွာ‌ရေးသားခွင့်ဆိုင်ရာ စာ‌ပေဆု ချီးမြင့်သည်။ ၂ဝဝ၂ ခုနှစ်တွင် နိုင်ငံတကာ စာနယ်ဇင်းသမားများ၏ လက်မှတ်‌ရေးထိုး‌တောင်းဆိုမှုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာပီနဲရိုးမှ မြန်မာနိုင်ငံအစိုးရသို့ ‌ပေးအပ်ခဲ့ပြီး‌နောက် ‌ဖေ‌ဖော်ဝါရီ ၁၃ ရက်တွင် သာယာဝတီအကျဉ်း‌ထောင်မှ လွတ်‌မြောက်ခဲ့သည်။ အကျဉ်း‌ထောင်မှ လွတ်‌မြောက်ခဲ့ပြီး‌နောက် အစ်ကိုဖြစ်သူ အယ်ဒီတာချုပ် ဦးဝင်းငြိမ်း၏ တာဝန်‌ပေး ချက်အရ ‌ရွှေအမြု‌တေမဂ္ဂဇင်းတွင် အမည်‌ဖော်ပြခြင်းမခံရ‌သော အယ်ဒီတာတာဝန်ယူသည်။ အလင်းတန်းဂျာနယ်တွင် ၂ဝဝ၄ ခုနှစ်မှစ၍လည်းကောင်း၊ ဖူးငုံဆယ်‌ကျော်သက်မဂ္ဂဇင်းတွင် ၂ဝဝ၃ ခုနှစ်မှ စ၍‌သော်လည်းကောင်း တာဝန်ယူခဲ့သည်။ အကျဉ်း‌ထောင်မှ လွတ်‌မြောက်ပြီး ၁ဝ နှစ်အကြာ ၂ဝ၁၂ ခုနှစ်တွင် မြန်မာအင်ဒီပဲန်ဒင့်သတင်း ဂျာနယ်ကို ထူ‌ထောင်ပြီး တာဝန်ခံအယ်ဒီတာအဖြစ် ‌ဆောင်ရွက်လျက်ရှိပြီး ‌ရွှေအမြု‌တေမဂ္ဂဇင်း၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းနှင့် အလင်းတန်းဂျာနယ်တို့ကိုပါ တာဝန်ခံအယ်ဒီတာအဖြစ် ‌ဆောင်ရွက်လျက် ရှိသည်။

အင်ဒီပဲန်ဒင့်ဂျာနယ်တိုက်တွင် တွေ့ရသော မျိုးမြင့်ညိမ်း(ထိုင်နေသူ)ဖြစ်သည်။

ပဲန်မြန်မာ ကို ထူထောင်ရန် ကြိုးပမ်းခဲ့ကြသူများမှ တစ်ဦးအပါအဝင်ဖြစ်ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ပဲန်မြန်မာ စင်တာကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ပထမအကြိမ်နှစ်ပတ်လည် ညီလာခံတွင် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ သက်တမ်း(၃)နှစ်ပြည့်မြောက်သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ထပ်မံရွေးကောက်ခံခဲ့ရပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

စာပေညီလာခံ ကျင်းပရေး ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူ၍ နှစ်ပေါင်းများစွာ အတွင်း စာပေညီလာခံကို ပထမအကြိမ်အဖြစ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ - ၁၇ အထိ ပြန်လည် ကျင်းပနိုင်ခဲ့သည်။ ယင်းစာပေညီလာခံ ကျင်းပရာတွင် စာပေအဖွဲ့အစည်း (၁၁) ခု ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ထိုမျှသာမက တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွ စုပေါင်းနေထိုင်သည့် ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးအတွက် ဖယ်ဒရယ် စနစ်ဆိုင်ရာ သိကောင်းဖွယ်ရာများကို စာရေးဆရာ ၊ ကဗျာဆရာ ၊ အနုပညာရှင်များစွာဖြင့် ပူးပေါင်း၍ တိုင်းနှင့် ပြည်နယ် များတွင် အသိပညာပေး ၊ ဗဟုသုတ ဖြန့်ဝေသည့် ရသပြည်ထောင်စုသစ် ဟူသော လှုပ်ရှားမှုတစ်ခု ကို အကောင်အထည်ဖော်ခဲ့သည်။

ပဲန်မြန်မာ အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်သည့် ၊ အသိပညာပေးသည့် အလုပ်ရုံဆွေးနွေးပွဲများကို အရပ်ဘက်အဖွဲ့အစည်းများ ၊ မီဒီယာအသင်းအဖွဲ့များ ဖြင့်လည်းကောင်း ၊တိုင်းနှင့် ပြည်နယ်အသီးသီးသို့ သွားရောက်၍ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များတွင် ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွတ်လပ်ပွင့်လင်းသည့် အသိပညာဖလှယ် ဆွေးနွေးပွဲများ လုပ်ဆောင်နိုင်ခဲ့သည်။

ဇနီး ‌ဒေါ်ဝင်း‌ဌေး၊ သားဇာနည်မျိုးမြင့်ညိမ်း၊ သမီး ဒါလီမျိုးမြင့်ညိမ်း၊ သားဘိုမျိုးမြင့်ညိမ်း၊ ‌မြေး ဟန်နီညိမ်း၊ အဂ္ဂမျိုးမြင့်ညိမ်းတို့နှင့်အတူ ရန်ကုန်မြို့တွင် ‌နေထိုင်လျက်ရှိသည်။

ကိုးကား ပြင်ဆင်ရန်