ပင်မမီနူးကို ဖွင့်ရန်

မြင်စိုင်းသည် ယခုအခါ ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အတွင်း မထင်မရှားတည်ရှိသော ရွာတစ်ရွာဖြစ်၍၊ အင်းဝမြို့ဟောင်း၏ တောင်ဖက် ၁၉ မိုင် အကွာတွင် တည်ရှိသည်။ သက္ကရာဇ် ၆၄၆ ခုနှစ်တွင် တရုတ်တို့ မြန်မာနိုင်ငံတွင်းသို့ ချဉ်းနင်းဝင်ရောက် တိုက်ခိုက်လာ၍ ပုဂံပြည် ပျက်ပြီးသည့်နောက်တွင် မြန်မာ့အင်အားကို ရုံးစုကာ တရုတ်စစ်ကို အကြိမ်ကြိမ် တွန်းလှန်ခဲ့သောရှမ်းညီနောင် ၃ ဦးအနက် အကြီးဆုံးဖြစ်သူ အသင်္ခယာ စောယွန်း မင်းပြုသော မြို့ဖြစ်၍ မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းတစ်ခုလည်း ဖြစ်ခဲ့သည်။

မြင်စိုင်းမြို့သည်ကား အနော်ရထာမင်းစောသည် တရုတ်၊ ရှမ်း၊ ယွန်းတို့နှင့် မရောစွက် မနှောင့်ယှက်စိမ့်သောငှာ သက္ကရာဇ်၃၉၅ ခုနှစ်တွင် ဗန်းမော်ခရိုင် ကောင်းစင်ကောင်းတုံမှစ၍ ရမည်းသင်းခရိုင်ဆွာမြို့အထိ ခံမြို့ကြီး ၄၃ မြို့တည်ခဲ့ရာတွင်တစ်ခုအပါအဝင် ဖြစ်သည်။ ထိုစဉ်က ရှမ်းနယ်စပ်၊ မြန်မာနယ်စွန်၌ တည်ရှိသည်။ ရှမ်းအမြောက်အမြား မှီခိုနေထိုင်သော အရပ်ဖြစ်၏။ မြင်စိုင်းမြို့သည် ပုဂံမင်းများလက်ထက်က မြစ်သား ၁၁ ခရိုင်ဟု ခေါ်အပ်သော လယ်တွင်း ၁၁ ရွာ တွင်ပါဝင်သည် ။ မြစ်သား ၁၁ခရိုင်ကား စမုန်မြစ်ပန်းလောင်မြစ်ဒုဋ္ဌဝတီမြစ်တို့ဖြင့် တင့်တယ်လျက် ထိုမြစ်တို့ ၏ကျေးဇူးကြောင့် ထိုနယ်တွင် ကောက်ပဲသီးနှံ ဖွံ့ဖြိုးကြီးပွားသည် ။ ထိုကြောင့် ထိုအရပ်သည် ပုဂံမင်းတို့၏ အားထားရာ တိုင်းခြေပြည်မြစ် ဖြစ်လေသည်။ ထိုအကြောင်းကြောင့်လည်း ရှမ်းညီနောင် ၃ ပါး အားကောင်းနိုင်ခဲ့ခြင်း ဖြစ်၏။ တရုတ်တို့ ဝင်လာသောအခါ တရုတ်ပြေးမင်းဟု တွင်လာမည့် နရသီဟပတေ့ ထွက်ပြေးတိမ်းရှောင်သည်မှစ၍ မြင်စိုင်းထင်ရှားလာသည်။ မြင်စိုင်းကား နရသီဟပတေ့မင်းကြီးက မိမိထံ ခစားထမ်းရွက်လာသည့် ရှမ်းညီနောင် ၃ ဦးအနက် အကြီးဆုံးအသင်္ခယာအား ပေးထားသောမြို့ဖြစ်၏။ နရသီဟပတေ့မင်းကြီးသည် အလတ်ရာဇသင်္ကြံကို မက္ခရာမြို့နှင့် အငယ်သီဟသူကို ပင်လယ်မြို့ အသီးအသီး ပေးထားသေးသည်။

သက္ကရာဇ် ၆၆၁ ခုနှစ်တွင် နရသီဟပတေ့၏ သား ကျော်စွာကို နန်းချပြီးနောက် ရှမ်းညီနောင် ၃ ဦးတို့သည် မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်တို့တွင် အသီးအသီး မင်းပြိုင် ပြုကြလေရာ၊ အကြီးဆုံးဖြစ်သူ အသင်္ခယာမင်းသည်မြင်စိုင်း၌ သက္ကရာဇ် ၆၆၂ ခုနှစ်တွင် ထီးနန်း စိုက်ထူသည်။ သက္ကရာဇ် ၆၇၂ ခုနှစ်တွင် ညီတော် သီဟသူက ဆေးဖြင့် အန္တရာယ်ပြု၍ အနိစ္စရောက်သည်။ ရှမ်းညီနောင်တို့မှာ အဖ ရှမ်း၊ အမိ မြန်မာတို့မှ ပေါက်ဖွားကာ မြန်မာမင်းခစား ဗုဒ္ဓအယူဝါဒီများဖြစ်၍ မြန်မာမင်းတို့၏ကျေးဇူးကို မမေ့ကြပေ။ မြန်မာပြည်နှင့် မြန်မာလူမျိုတို့ကို တရုတ်စစ်ဘေးမှ ကာကွယ်ရမည့်တာဝန်နှင့် မြန်မာမင်းဆက်ကို ဆက်လက်ပြုစုရမည့်တာဝန်သည် သူတို့ ၃ ဦး၏ တာဝန်ဖြစ်သည်ဟု ယုံမှတ်ကြသည်။ မြန်မာနိုင်ငံနှင့် ဗုဒ္ဓသာသနာကို ကာကွယ်စောင့်ရှောက်ကြသည်။ ထိုကြောင့်လည်း ထိုခေတ်က စည်ပင်ဝပြောသည်။ မြင်စိုင်းမြို့သည် ကောင်းစားခဲ့စဉ်က ပန်းမာလ်ဥယျာဉ်တို့ဖြင့် တင့်တယ်သည်။ ပြောင်ခင်း၊ လူးခင်းတို့ဖြင့် စိမ်းစိုသည်။ တောင်ထွတ် တောင်ထိပ်တို့သည် ဘုရားတန်ဆောင်း ကျောင်းပြသာဒ်တို့ဖြင့် ကြည်ညိုဖွယ်ရှိသည်။ အိမ်တော် နန်းတော်တို့ဖြင့် ခမ်းနားသည်။ ဤသည့်အကြောင်းများကို တာဝတိံသာ၊ နတ်ရွာလော၊ နတ်ရွာလော အစချီသည့် မြင်စိုင်းငါးစီးရှင် ကာချင်းတစ်ပုဒ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ဘိုးတော်ဘုရားလက်ထက်တွင် ကျောက်ဆည်ခရိုင်တစ်ခုလုံးကို ၉ ခရိုင်ဖွဲ့တော်မူ၍ လယ်တွင်းကိုးခရိုင်ခေါ်တွင်စေခဲ့ရာ၊ ထိုအခါ မြင်စိုင်းသည် ခရိုင်မြို့စာရင်းတွင် ပါဝင်ခဲ့လေသည် ။


ယခုအခါ မြင်စိုင်းကားမြို့ပျက်မြို့ဟောင်းဖြစ်၍ မြို့ရိုးပျက်များကို တွေ့နိုင်ပေသေးသည် ။ [၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)