တကောင်းခေတ် နတ်အက၊ မြင်စိုင်းခေတ် ကာအက၊ ကုန်းဘောင်ခေတ် မြေဝိုင်းအက များမှ တစ်ဆင့်တက်၍ အစုအရုံးဖြင့် ကပြရသည့် အကတစ်မျိုး ပေါ်ပေါက်ခဲ့သည်။ ထိုအကသည် ခေါင်း၊ ခါး၊ ခြေ၊ လက် စသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းတို့ကို ဘယ်မှ ညာ၊ ညာမှဘယ်သို့ ညီညီညာညာ ယိမ်းကာ နွဲ့ကာ ဆိုင်းချက် စည်းချက်အလိုက် စံနစ်တကျ စုပေါင်း ကပြရသည်ကို အကြောင်းပြု၍ 'ယိမ်း'ဟူ၍ ခေါ်ထွင်ခဲ့ခြင်း ဖြစ်ပေသည်။

ရှေးခေတ် ယိမ်း (မြေဝိုင်းဇာတ်/မြေဝိုင်းအငြိမ့်)

'ယိမ်း'အကမှာ အရွယ်တူညီသူ အမျိုးသားများ၊ သို့မဟုတ် အမျိုးသမီးများ စုပေါင်း၍ ကပြခြင်း ဖြစ်သည်။ ကကြိုးခက်သည် လွယ်သည်မှာ ပဓာနမဟုတ်။ လက်၊ ခြေ၊ ခေါင်းနှင့် ခါးအကွေးအညွတ်၊ အတိမ်း အစောင်း၊ အရွေ့အပြောင်းတို့တွင် ညီညာမှုရှိရန်သာ အဓိက ဖြစ်သည်။ တစ်နည်း ယိမ်းဆိုသော စကားသည် အရှေ့မှ အနောက်သို့ တောင်မှ မြောက်သို့ ဥခေါင်း၊ လက်၊ ခြေတို့ကို ရွေ့ရှားလှုပ်ခြင်းကို ဆိုသည်။

ပုံပမာတစ်တန်းလျှင် လေးယောက်စီ လေးယောက်တန်း၊ လူပေါင်း ၁၆ ယောက်သည် အရပ်တူ၊ အလုံးတူ၊ အဝတ်တန်ဆာဆင်တူ၊ တညီတညွတ်ဖြစ်ခြင်း၊ ဦးခေါင်းလက်မြှောက်၊ ကိုယ်ဟန်ခြေလှမ်း ညီညွတ်ခြင်းကို ယိမ်းကောင်းဟု ခေါ်လေသည်။ ယိမ်းမှာ သံတိုင်သောသူ လိုသည်။ ထိုသူ ညံ့လျှင် ယိမ်းညံ့၏။ ထိုသူကောင်းလျှင် ယိမ်းကောင်း၏။ သို့အတွက် အသံကောင်းကောင်း၊ အသံမြည်မြည်၊ စည်းဝါးကျကျ အဆိုတတ်သူကို ခေါင်းဆောင်သံတိုင် ခိုင်းရ၏။ ငယ်သားများက သံတိုင်သော လေပေါက်ကို မီအောင် ဆိုကြရလေသည်။ သို့အတွက် သံတိုင်သူကို အထူး ရွေးချယ်ရလေသည်။

ကုန်းဘောင်ခေတ်၌ 'ဟန်ချင်း'ဟူ၍ ပေါ်ပေါက်လာခဲ့ပြီးလျှင် ထိုဟန်ချင်းကို တစ်ဦးချင်း ဟန်ရေးပြရာတွင်၎င်း၊ စုပေါင်း၍ ဟန်ရေးပြရာတွင်၎င်း သီဆိုလေ့ရှိခဲ့သည်ဟု ဆိုသည်။ အကဆိုသည်မှာလည်း ဟန်အမူအရာများကို စည်းချက်၊ ဆိုင်းချက်နှင့် လိုက်လျောအောင် ပြုလုပ်ရခြင်းမျိုးဖြစ်၍ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ခေါင်း၊ ခါး၊ ခြေနှင့် လက်တို့၏ ပြောင်းလဲလှုပ်ရှားပုံများသည် ကကြိုးကကွက် အသွင်ထင်မြင်လာရသည်။ ထိုသို့ ကပြရာတွင် တစ်ဦးချင်း ကပြသည်ကို 'တပင်တိုင်'၊ အများစုပေါင်းကာ ညီညီညာညာ ကပြခြင်းကို 'ယိမ်း'ဟူ၍ ရတနာပုံခေတ် နောက်ပိုင်း သဘင်ပညာရှင်များက မှည့်ခေါ်ခဲ့ကြပေသည်။

တော၊ ကျေးလက်တို့တွင် ဘုန်းကြီးပျံ၊ ဘုရားပွဲ၊ စွယ်တော်လှည့်ပွဲ၊ အလှူ၊ ဆွမ်းကြီးလောင်း စသည့် ပွဲများကျင်းပသည့်အခါ ရပ်သူရွာသားတို့ အားရဝမ်းသာ စုပေါင်းကခုန်ရာမှ အစပြု၍ 'ယိမ်း'အကတို့ ပေါ်ပေါက်လာခဲ့သည်။ ဦးစွာ၌ ယောက်ျားများချည်း သက်သက် ကပြသည့် ယိမ်းများ ပေါ်ထွက်လာသည်။ ထိုယိမ်းများမှာ သိုင်းအကဟန်များ ပါဝင်ပြီးလျှင် အနည်းဆုံး ရှစ်ယောက်မှ ၁၆ ယောက်အထိ ပါဝင်ကပြလေ့ရှိသည်။ ဝတ်စားဆင်ယင်ပုံမှာ ခါးတောင်းကျိုက်၊ ဖျင်ရင်စိလက်တို၊ သျှောင်တစောင်းနှင့် လက်ကိုင်ပုဝါ ခေါင်းစည်းထားလေ့ ရှိသည်။ နောက်ခေတ်များတွင် ကတ္တီပါဘောင်းဘီ၊ ပိုးပုဆိုး ခါးတောင်းကျိုက်၊ ထိုင်မသိမ်းများ ဝတ်ဆင်လာကြပြီးလျှင် ဓားရေး၊ လှံရေးလည်းမဟုတ်၊ ဗန်တိုဗန်ရှည်၊ ဓားသိုင်း၊ တုတ်သိုင်းလည်းမဟုတ်သည့် ယခုခေတ် မင်းသားလတ် ယိမ်းအကနှင့် ဆင်ဆင်တူသောအကများ ခေတ်စားလာခဲ့သည်။ စလေနှင့် ပုပ္ပါးနယ်တို့တွင် ယောက်ျား ၁၆ ယောက်၊ လေးယောက်စီ တန်းစီပြီးလျှင် အထက်ဖော်ပြပါ အဝတ်အစားများကို ဝတ်ဆင်ကာ ကပြလေ့ရှိခဲ့သည်ဟု ဆိုသည်။ တူရိယာတို့မှာ ပုံတစ်လုံး၊ စည်းတစ်လက်၊ ဝါးလက်ခုပ် တစ်လက်မျှသာ ပါဝင်ပြီးလျှင် တောဘုန်းကြီးပျံများ၊ ဘုရားပွဲများတွင် သံချပ်ထိုး၍ ကလေ့ရှိခဲ့ကြပေသည်။ ယနေ့တိုင် မင်းဘူး၊ စလင်း ကျေးလက်များတွင် တွေ့မြင်နိုင်သေးသည့် ဇော်တုံး၊ ဇော်ယိမ်းမှာ ထိုယိမ်းမျိုး ဖြစ်လေသည်။

ရှေးအထက်က ယိမ်းများ ရှိခဲ့သော်လည်း မင်းတုန်းမင်း လက်ထက်မှ စ၍ တိုးတက်လာသည်ဟု ဆိုလေသည်။ နန်းတော်တွင်း နန်းတော်ပြင် သီတင်းကျွတ်လ မြင်းမိုရ်ပွဲတော်တွင် ကိုယ်ရံတော်သား ၁၆ ယောက်သည် အဝတ်ဆင်တူ၊ သျှောင်ထုံး ခေါင်းပေါင်းဖြူ ဖော့လုံး၊ ပုဆိုးဒူဖုံး အောက်ပိုးကျိုက်၍ လက်ဝါးပေါ်တွင် ဆီမီးခွက်တင်ပြီးလျှင် ထိုဆီမီးခွက် အလယ်တည့်တည့်တွင် ဖယောင်းတိုင်ကို ခိုင်စွာစိုက်ထောင်ရသည်။ ရှေးဦးစွာ ပုဆစ်တုပ်ထိုင်လျက် ဦးသုံးကြိမ်ချသည်မှ စ၍ ဘုရားဂုဏ်တော်ဘွဲ့သီချင်း သီဆိုရသည်။

တစ်ယောက်နှင့် တစ်ယောက်မှာလည်း သုံးတောင်ခန့် ခြား၍ တစ်ဦးလက်နှင့် တစ်ဦး၊ လက်ဟန်ချင်း ထိခိုက် မရှုပ်ထွေးစေရန် ထိုင်ရလေသည်။ ရှိခိုးရာမှ ဖြည်းညှင်းသိမ်မွေ့စွာ ရိပ်ရိပ်ကလေး မသိမသာ ဟန်ယူ၍ လက်ဝဲလက်ယာ ဦးခေါင်းငဲ့ခြင်း၊ လက်ဟန်လှုပ်ရှားခြင်း၊ ကိုယ်ကို ကျုံ့ခြင်း၊ နောက်သို့ယုံ့ခြင်းတို့ကို ဝိုင်းဝန်းနေအောင် လက်အုပ်ချီခြင်းများစွာဖြင့် ရှေ့တိုးနောက်ဆုတ်ထိုင်ရာမှ တရွေ့ရွေ့ ကြွမှန်းမသိ ကြွ၍ မတ်တပ်ရပ်သည်အထိ အဆိုနှင့် အတီး အမှုတ် သာယာနာပျော်ဖွယ် ရှိရသည်။

မတ်တပ်ရပ်မိလျှင် ဆီမီးခွက်တွင် စိုက်ထောင်ထားသော ဖယောင်းတိုင်ကို မီးထွန်းကာ ယိမ်းကသူ၏ လက်ဝါးပြင်ပေါ်တွင် တင်ပေးရသည်။ ထိုကပွဲတွင် လက်ဝါးပြင်ပေါ်ရှိ ဖယောင်းတိုင်မီး မသေစေရန်၎င်း၊ ဖယောင်းတိုင် မလဲစေရန်၎င်း၊ ဖယောင်းတိုင်အောက်သို့ မကျစေရန်၎င်း သတိပြုရသည်။ ကခြင်း၊ သီခြင်းလည်း မပျက်စေရပေ။ သို့သော် ယိုးဒယား ကတတ်သောသူများသည် မည်သို့ပင် လှည့်ပတ်၍ ကသော်လည်း လက်ဆစ်သာလည်၍ လက်ဝါးမှာ ပက်လက်ဖြစ်လေသည်။ ဤသို့သော ယိမ်းအကမျိုးသည် နန်းတွင်းမှ နန်းပြင်မြို့တွင်းမှ မြို့ပြင်၊ တဖြည်းဖြည်း ရပ်ရွာမြို့သုံး ဖြစ်လာသည်။ ထိုနောက် ရပ်ရွာတွင် ရှမ်းယိမ်း၊ ကရင်ယိမ်း၊ ပုဏ္ဏားယိမ်း၊ ရသေ့ယိမ်း၊ ဘီလူးယိမ်း၊ ကိန္နရာ ယိမ်း၊ မြင်းယိမ်း စသည်တို့ ထွင်လာကြသည်ဟု ဆိုလေသည်။

အမျိုးသမီးယိမ်းအကများလည်း အမျိုးသား ယိမ်းများနှင့် မရှေးမနှောင်းတွင် စတင်ပေါ်ပေါက်ခဲ့ရာ အမျိုးသမီးရှစ်ယောက်မှ ၁၆ ယောက် ၂ဝ အထိ ထဘီ၊ ပုဝါ၊ ထိုင်မသိမ်းအင်္ကျီ ဆင်တူများဖြင့် ဖျာများပေါ်တွင် ကပြလေ့ ရှိခဲ့ကြပေသည်။ အချို့ ကျေးရွာများတွင် ဗျာပါဆံ နှစ်ဘက်ချပြီးလျှင် ပါးစုံနှစ်ဘက် သနပ်ခါး ကွက်ကြားလိမ်းကာ ဆံကို ခွေ၍ ထုံးထားသည့် ဆံထုံးများတွင် ပန်းကုံးများ ပန်ဆင်လျက် ယိမ်းကလေ့ ရှိကြပေသည်။ 'လံစည်းအက'တွင် အင်းလေးသူတို့၏ စုပေါင်း ကဟန်မှာ ယိမ်းအသွင်ရှိသဖြင့် 'လံစည်ယိမ်း'ဟူ၍ ခေါ်ဆိုသင့်ပေသည်။ ရတနာပုံခေတ်တွင် ဆင်ဖြူရှင်မင်းလက်ထက်၌ ယိုးဒယားမှ ရရှိသော မူနှင့် မွန်တို့ထံမှ ရရှိထားသော မူများကို မှီး၍ မြန်မာသဘင်ဂီတတို့ ကြွယ်ဝ ထွန်းကားလာခဲ့ရာ ယိမ်းနှင့် စပ်လျဉ်း၍ ယိုးဒယားဟန်ကို ယူထားသောယိမ်းနှင့် မြန်မာဟန်စစ်စစ် ကပြသော ယိမ်းဟူ၍ နှစ်မျိုးရှိခဲ့သည်ဟု ဆိုသည်။ ဗြိတိသျှခေတ် မြန်မာဇာတ်သဘင်များ စင်ထိုး၍ ကပြသည့်အခါ ပထမဦးစွာ ဇာတ်ခုံပေါ်တွင် 'အဲ'ထူးသော အလေ့နှင့် စင်တင်သောအလေ့များကို သံပြိုင်ပြုခြင်းများ တီထွင်လာကြသည်။ ထိုနောက် အညီအညာ စုပေါင်းကပြသောအလေ့များ ပေါ်ပေါက်လာခဲ့ပြီးလျှင် ကပြရာတွင် ယိုးဒယားအကဟန်ကို မှီး၍ ကကြသည်။ ထိုသို့ကပြသည်ကို ထိုခေတ်က 'ယိုးဒယားဝိုင်းသည်'ဟူ၍ ခေါ်ဆိုခဲ့ကြလေသည်။ ထိုအကမျိုးကို ဦးဘိုးစိန်နှင့် ဦးစိန်ကတုံးတို့၏ ဇာတ်ပွဲများတွင် အများဆုံး တွေ့ရသည်ဟု ပြောစမှတ်ပြုကြသည်။ ယိုးဒယားဝိုင်းသည် ဟူသော အကမျိုးမှ တစ်ဆင့် အမည်အမျိုးမျိုး၊ အဝတ်အစားအမျိုးမျိုး၊ ဟန်အမျိုးမျိုးဖြင့် အမျိုးသား၊ သို့မဟုတ် အမျိုးသမီးများ ညီညီညာညာ စုပေါင်းကခုန် လာခဲ့ကြရာမှ မြန်မာဇာတ်သဘင်ပိုင်းတွင် 'ယိမ်း'ဟူသော ကဏ္ဍသစ်တစ်ရပ် တိုးပွားလာခဲ့ရာ ယနေ့ တိုင်ပင် ဖြစ်သည်။

ယိမ်းအကသည် မြန်မာဇာတ်သဘင်၌ ပါဝင်ကပြရာတွင် ဇာတ်လမ်း ဇာတ်ကွက်နှင့် သက်ဆိုင်သည်လည်း ရှိ၍ မသက်ဆိုင်သည်လည်း ရှိ၏။ ယိမ်းသည် ဇာတ်ပွဲကို ဝေဆာမြိုင်ဆိုင်စေသည်။ တစ်ခါတစ်ရံ လူငယ်ကာလသားသမီးများ စိတ်ကြည်ရွှင်စေရန် ကြားညှပ်၍ ထည့်သွင်းကပြသော အခန်းတိုတစ်ခုမျှသာ ဖြစ်သော်လည်း တစ်ခါတစ်ရံ ကိန္နရီ ကိန္နရာယိမ်း၊ နဂါးမယိမ်း၊ နတ်သမီးယိမ်း စသည်ဖြင့် ခင်းကျင်းကပြသော ဇာတ်လမ်းဇာတ်ကွက်အလိုက် ကပြခြင်းမျိုးလည်း ရှိလေသည်။ ၁၂၈၈ ခုနှစ်ခန့်က ယိုးဒယားဒေါ်သိန်းမေ အမှူးရှိသော အမျိုးသမီး ရွှေအိုးစည် ယိမ်းအကသည် ရွှေအိုးစည်တီး ယိမ်းသမတို့၏ အလယ်ဗဟိုတွင် မင်းသမီး ကောလိပ်စိန်သည် ခေတ်အလျောက် ပြုပြင်ကြသော ဘီးဆံပတ်ကြီး၌ စံပယ်ပန်းတို့ဖြင့် သရဖူပုံပန်ဆင်ပြီးလျှင် ကျားမြီးကြီးများ တပ်ထားသော လင်းကွင်းကို ရှေ့နောက်ထက်အောက် ကိုယ်ကိုနွဲ့ကာ တီးလျက် ဗယ်ညာပြောင်းလဲ ဒူးထောက်ပြီးလျှင် 'ချက်' ကျအောင် ကပုံမှာ ကြည့်ကောင်း၍ ထိုယိမ်းသည် အလွန်ခေတ်စားသော ယိမ်းတစ်ခု ဖြစ်လေသည်။

ယောက်ျားမင်းသမီး အောင်ဗလသည် ဦးဘိုးစိန်နှင့် ခွဲပြီးနောက် ဦးစိန်ကတုံးနှင့် တွဲခဲ့သေး၏။ ထိုအခါကလည်း ပွဲဦးထွက် ယိမ်းများတွင် ရိုးရိုးအမျိုးသမီး ယိမ်းများအပြင် ကိန္နရီယိမ်း၊ နတ်သမီးယိမ်း စသည့် အထူးအဆန်း ယိမ်းများဖြင့်လည်း ဧည့်ခံခဲ့သေးသည်။

ယိမ်းသည် ဇာတ်ပွဲအတွက် သင်တန်းသဖွယ်လည်း ဖြစ်သည်။ ယိမ်းတွင် ကပြရင်း အဆိုအကကျွမ်းကျုင်၍ ဇာတ်ရည်ဝလာကာ မင်းသား မင်းသမီး ဖြစ်လာသူ အများအပြားပင်ရှိသည်။ ကောလိပ်စိန်၊ စိန်မြကြည်၊ ဒေါ်ကြည်ယုံ စသည်တို့ မှာ ဦးဘိုးစိန်ဇာတ်၏ အမျိုးသမီးယိမ်းထဲမှ ပေါ်ထွက်လာသော မင်းသမီးများ ဖြစ်ကြသည်။ ခေတ်သစ်စိန်၊ လက်ရုံးစိန်၊ ဗိလတ်ပြန်ကိုဘလှ စသည်တို့သည်လည်း ဦးဘိုးစိန်ဇာတ် ယောက်ျားယိမ်းမှ ထိုးထွက်ထင်ရှားလာကြသော မင်းသားများ ဖြစ်လေသည်။ [၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)