ရေဒီယိုသတ္တိကြွပြိုကွဲမှု

အက်တမ်တခု တည်မြဲမှုမရှိတော့ပဲ အလိုအလျောက် ဓာတ်ရောင်ခြည်ထုတ်လွှတ်နေမှုဖြစ်စဉ်

ရေဒီယိုသတ္တိကြွပြိုကွဲမှု သို့မဟုတ် ရေဒီယိုဓာတ်သတ္တိကြွမှု ဆိုသည်မှာ တည်မြဲမှုမရှိသော အက်တမ်တစ်ခု၏ နျူကလိယမှ စွမ်းအင်ဆုံးရှုံးမှု ဖြစ်ပေါ်ပြီး ဓာတ်ရောင်ခြည်ထုတ်လွှတ်သည့် ဖြစ်စဉ်ကိုခေါ်သည်။ ဒြပ်ဝတ္တုတစ်ခုသည် အယ်လ်ဖာအမှုန်ဘီတာအမှုန်နှင့် ဂမ်မာအမှုန်များဖြင့် ဖွဲ့စည်းထားသည့် ရောင်ခြည်များ သူ့အလိုအလျောက် ထုတ်လွှတ်နေသည်ဆိုပါက ရေဒီယိုဓာတ်သတ္တိကြွနေသည်ဟု ဆိုနိုင်သည်။

အယ်လ်ဖာပြိုကွဲခြင်းသည် ရေဒီယိုသတ္တိကြွပြိုကွဲခြင်း အမျိုးအစားတစ်ခုဖြစ်ပြီး အက်တမ်၏ နျူကလိယသည် အယ်လ်ဖာအမှုန်တစ်ခုကို ထုတ်လွှတ်သည်။ ဤသို့ဖြင့် ဒြပ်ထုနံပါတ် ၄ ခု လျော့နည်းသွားပြီး ဒြပ်စင်နံပါတ် ၂ ခုလျော့နည်းသွားသည်။

ရေဒီယိုသတ္တိကြွပြိုကွဲမှု ဖြစ်စဉ်သည် အက်တမ်အဆင့်တွင် ဖြစ်ပွားသည့် ကြိုတင်ခန့်မှန်းတွက်ချက်၍ မရနိုင်သော ဖြစ်စဉ်ဖြစ်သည်။[][][][] ကွမ်​တမ်​သီ​အို​ရီအရ အက်တမ်တစ်ခုသည် မည်သည့်အချိန်တွင် ပြိုကွဲမည်ကို ကြိုတင်ခန့်မှန်း၍ မရနိုင်ပါ။ အက်တမ်တစ်ခုသည် မည်သည့်အချိန်တွင် ပြိုကွဲနိုင်သည်ဆိုသည့် အခွင့်အလမ်းသည် ၎င်းအက်တမ် မည်မျှကြာကြာ တည်ရှိခဲ့သည် ဆိုသည့်ကိစ္စနှင့် သက်ဆိုင်ခြင်းမရှိဘဲ လုံးဝပြောင်းလဲခြင်းမရှိပါ။ အရေအတွက် မြောက်မြားစွာ ရှိနေသော အက်တမ် အစုအဝေးအတွက်မူ အက်တမ်များ ပြိုကွဲပျက်စီးနှုန်းကို ၎င်းအက်တမ်တို့၏ ပြိုကွဲကိန်းသေ သို့မဟုတ် သက်တမ်းဝက်ဖြင့် တွက်ချက်နိုင်သည်။

ရေဒီယိုသတ္တိကြွပြိုကွဲမှု အမျိုးအစား များစွာရှိသည်။ ပထမဦးဆုံး ရှာဖွေတွေ့ရှိခဲ့သော ပြိုကွဲမှုဖြစ်စဉ်များမှာ အယ်လ်ဖာပြိုကွဲမှုဘီတာပြိုကွဲမှုနှင့် ဂမ်မာပြိုကွဲမှုများ ဖြစ်သည်။[][] နျူကလိယတစ်ခုသည် အယ်လ်ဖာအမှုန် ထုတ်လွှတ်ခြင်းကို အယ်လ်ဖာပြိုကွဲမှုဟုခေါ်သည်။ အယ်လ်ဖာအမှုန်ဆိုသည်မှာ ဟီလီယမ်ဒြပ်စင်၏ နျူကလိယဖြစ်သည်။ အက်တမ်တစ်ခု၏ နျူကလိယ(နျူကလိယွန်)ကို ရောင်ခြည်အဖြစ် ထုတ်လွှတ်သော ပြိုကွဲမှုသည် ယေဘုယျအကျဆုံး ဖြစ်စဉ် ဖြစ်သော်လည်း ၎င်းသည် ရှားပါးသောပြိုကွဲမှုအမျိုးအစားဖြစ်သည်။ နျူကလိယသည် အီလက်ထရွန် သို့မဟုတ် ပိုစီထရွန် သို့မဟုတ် နျူထရီနိုထုတ်လွှတ်ခြင်းကို ဘီတာပြိုကွဲမှုဟုခေါ်သည်။ ဤဖြစ်စဉ်တွင် အက်တမ်နျူကလိယရှိ ပရိုတွန်တစ်လုံးသည် နျူထရွန်သို့မဟုတ် အခြားတစ်ခုခုသို့ ပြောင်းလဲသည်။ နျူကလိယသည် လှည့်ပတ်နေသည့် အီလက်ထရွန်တစ်ခုကို ဖမ်းယူခြင်း ဖြစ်ပွားနိုင်သည်။ ဤတွင် ပရိုတွန်တစ်ခုသည် နျူထရွန်တစ်ခုအဖြစ် ပြောင်းလည်းသွားပြီး ၎င်းဖြစ်စဉ်ကို အီလက်ထရွန်ဖမ်းယူခြင်း ဟုခေါ်သည်။ ဤဖြစ်စဉ်များအားလုံးတွင် တိကျသေချာသော နျူကလိယ ရုပ်ခြေပြောင်းခြင်း ဖြစ်ပွားသည်။ နျူကလိယ ရုပ်ခြေပြောင်းခြင်း ဆိုသည်မှာ ရေဒီယိုသတ္တိကြွပြိုကွဲမှု ဖြစ်စဉ်တွင် မူလအက်တမ်၏ နျူကလိယ၌ ပရိုတွန်နှင့် နျူထရွန်အရေအတွက်များ ပြောင်းလဲသွားခြင်းကို ဆိုလိုသည်။ အချို့အခြေအနေတွင် အက်တမ်သည် မူလနှင့် ကွဲပြားခြားနားသော ဒြပ်စင်အဖြစ် ပြောင်းလဲသွားသည်။

နျူကလိယ ရုပ်ခြေပြောင်းခြင်း ဖြစ်ပွားမှုမရှိသော ရေဒီယိုသတ္တိကြွပြိုကွဲခြင်း ဖြစ်စဉ်များလည်း ရှိသည်။ ဂမ်မာပြိုကွဲခြင်းတွင် တက်ကြွနေသော နျူကလိယတစ်ခုသည် ဂမ်မာရောင်ခြည်ထုတ်လွှတ်သည်။ သို့မဟုတ် တက်ကြွနေသော နျူကလိယနှင့် တုံ့ပြန်မှုပြုပြီး ပတ်လမ်းကြောင်းရှိ အီလက်ထရွန်တစ်ခုကို ထုတ်လွှတ်သည်။ အခြားသော ပြိုကွဲမှုဖြစ်စဉ်မှ ပေါ်ပေါက်လာသည့် နျူထရွန်ကြွယ်ဝသော အလွန်တက်ကြွနေသည့် နျူကလိယတစ်ခုသည် တခါတရံတွင် နျူထရွန်ကို ထုတ်လွှတ်ခြင်းအားဖြင့် စွမ်းအင်လျော့ချမှု ပြုလုပ်သည်။ ဤသို့ဖြင့် အက်တမ်သည် တူညီသော ဒြပ်စစ်၏ အခြား အိုင်ဆိုတုပ် တစ်ခုဖြစ်လာသည်။

အခြား ရေဒီယိုသတ္တကြွပြိုကွဲခြင်း ဖြစ်စဉ်တွင် တိကျသောထုတ်လွှတ်မှုမရှိဘဲ မူလနျူကလိယ၏ အစိတ်အပိုင်းဖြစ်သော အပိုင်းအစများအဖြစ် ပြိုကွဲသည်။ ဤပြိုကွဲခြင်းတွင် ကြီးမားသော တည်ငြိမ်မှုမရှိသည့် နျူကလိယတစ်ခုသည် သဘာဝအတိုင်း သူ့အလိုလို ပိုမိုသေးငယ်သော နျူကလိယများအဖြစ် နှစ်ပိုင်း (တစ်ခါတစ်ရံတွင် သုံးပိုင်း) ပြိုကွဲသွားပြီး ထုတ်လွှတ်မှုအဖြစ် ဂမ်မာရောင်ခြည်၊ နျူထရွန် သို့မဟုတ် အခြားအမှုန်တစ်ခုခုကို ထုတ်လွှတ်သည်။

ကျမ်းကိုး

ပြင်ဆင်ရန်
  1. Decay and Half Life။ 2009-12-14 တွင် ပြန်စစ်ပြီး။
  2. Stabin၊ Michael G. (2007)။ "3"။ Radiation Protection and Dosimetry: An Introduction to Health Physics။ Springer Publishing။ doi:10.1007/978-0-387-49983-3ISBN 978-0387499826
  3. Best၊ Lara; Rodrigues၊ George; Velker၊ Vikram (2013)။ "1.3"။ Radiation Oncology Primer and Review။ Demos Medical Publishing။ ISBN 978-1620700044
  4. Loveland၊ W.; Morrissey၊ D.; Glenn T. Seaborg၊ G.T. (2006)။ Modern Nuclear Chemistry။ Wiley-Interscience။ p. 57။ ISBN 0-471-11532-0
  5. Kasimir Fajans, "Radioactive transformations and the periodic system of the elements". Chemische Berichte|Berichte der Deutschen Chemischen Gesellschaft, Nr. 46, 1913, p. 422–439
  6. Frederick Soddy, "The Radio Elements and the Periodic Law", Chem. News, Nr. 107, 1913, p.97–99