ချိန်၊ ဦး (လှေသင်းအတွင်းဝန်)

(လှေသင်းအတွင်းဝန် မှ ပြန်ညွှန်းထားသည်)

ဦးချိန် (လှေသင်းအတွင်းဝန် မဟာဇေယသင်္ခယာ) (ကောဇာ ၁၁၉၈-၁၂၁၇) သည် ရှေးမြန်မာမင်းမျာလက်ထက်က အရာထမ်းအဖြစ် တာဝန်ရွက်သူ ဖြစ်သည်။ ဒီပနီအမည်ခံ အကျယ်ဖွင့်ကျမ်းများကို ရေးသားခဲ့သော စာဆိုလည်း ဖြစ်၏။

ငယ်ဘဝ ပြင်ဆင်ရန်

ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၅၈ ခု၊ အလုံမြို့စီရင်စု၊ မုံရွာတွင် ဖွားမြင်သည်။

မုံရွေး ဇေတဝန်ဆရာတော်ဟု ထင်ရှားသော ရှင်အရိယာဝံသအာဒိစ္စရံသီထံတွင် အန္တေဝါသိက အတွင်းနေတပည့်အဖြစ် ကာလရှည် စာသင်ယူသည်။

အမှုထမ်းဘဝ ပြင်ဆင်ရန်

ဘကြီးတော်လက်ထက်တွင် မဟာဇေယသင်္ခယာဘွဲ့နှင့် သံတော်ဆင့်အရာ ခန့်အပ်ခြင်းခံရသည်။ ထို့နောက် သာယာဝတီမင်းပုဂံမင်းနှင့် မင်းတုန်းမင်းလက်ထက်တိုင် အမှုတော်ကို ဆက်လက်ထမ်းဆောင်သည်။ မင်းတုန်းမင်းလက်ထက်တော်တွင် မဟာဇေယသင်္ခယာဘွဲ့နှင့် လှေသင်းအတွင်းဝန် ရာထူးတို့ဖြင့် မြှောက်စားခံရသည်။

စာပေရေးသားခြင်း ပြင်ဆင်ရန်

မုံရွေးဇေတဝန်ဆရာတော်ရေးသော သမန္တစက္ခုဒီပနီတွင် ရှင်သာမဏေဝတ်နေသော ဦးချိန် (ရှင်သီရိမာလာ) မေးမြန်းသော ပုစ္ဆာများကို တွေ့နိုင်သည်။ ဦးချိန်သည် ပါဠိ၊ သင်္သကရိုက်စာပေများတွင် နှံ့စပ် ကျွမ်းကျင်သည်။ သာသနာပိုင် ဗားကရာဆရာတော်၏ တိုက်တွန်းတော်မူချက်အရ မာဂဓအဘိဓာန်၏အဖွင့်ဖြစ်သော အဘိဓာနတ္ထဝိသောဓနီကို ပြုစုသည်။

ပုဂံမင်းလက်ထက် မကွေးဝန်ထောက် မင်းကြီး မဟာမင်းလှစည်သူ တိုက်တွန်းချက်အရ ဝေါဟာရလိနတ္ထဒီပနီကို ပြုစုသည်။ ဤကျမ်းမှာ မြန်မာဝေါဟာရများ၏ အရင်းအစကို ဖော်ပြထားသောကျမ်း ဖြစ်သည်။ စာလုံးတို့၏ နောက်ခံသမိုင်းကို လှန်ရာတွင် ကြိုးကြိုးစားစား စုံစမ်းထားကြောင်း ၎င်းကျမ်းတွင် မြင်နိုင်သည်။ သို့ရာတွင် ပါဠိ မာဂဓတို့တွင် အားသန်သူဖြစ်ရာ ၎င်းဘာသာများဘက်မှ အရင်းအမြစ်ကို အဓိကယူကြောင်း တွေ့ရသည်။

တဇ္ဇတ္ထဒီပနီအမည်ဖြင့် တစ္ဆေ ညွန့်ပေါင်းကျမ်းကိုလည်း ရေးသားခဲ့သေးသည်။ ဦးချိန်၏ တစ္ဆေဝတ္ထုများမှာ ဖတ်ရှုဖွယ်ကောင်းသော ရှေးဟောင်းတစ္ဆေဝတ္ထုများ ဖြစ်ပေသည်။ သူ၏တစ္ဆေပုံပြင်ဝတ္ထုများကို ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက၊ ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။

ကဝိလက္ခဏာဒီပနီဆရာ မြောင်လှမြို့စား မင်းကြီးသီရိမဟာဇေယျသူဘွဲ့ခံ ဦးခြိမ့်က ၎င်းကျမ်းဦးတွင် ခြီးကျူးထားသည်မှာ

မာဂဓဘာသာ၊ သက္ကဋဘာသာမျိုးနှင့်တကွ ဂန္ထန္တရဗဟုသုတ အရာတွင် ကမ်းတဘက်ရောက် ဆိုတန်ဆိုထိုက်သော ငါတို့ ဆရာ ၁၁၅၈ ခုဖွား၊ လှေသင်းအတွင်းဝန်မင်းကြီး မဟာဇေယျသင်္ခယာ

ဟူ၍တည်း။

ဘဝနိဂုံး ပြင်ဆင်ရန်

သက္ကရာဇ် ၁၂၁၇ ခုတွင် အနိစ္စရောက်သည်။ ဦးချိန်သည် ကျမ်းဂန်တတ်မြောက်သော်လည်း မာန်မာန ထောင်လွှားခြင်းမရှိ၊ မိမိကိုယ်ကို နှိမ့်ချတတ်၍ သီလဂုဏ်၊ သမာဓိဂုဏ်တို့နှင့် ပြည့်စုံသည်။ ပညာရှာမှီး ဆည်းပူးတတ် သော ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်ဟု မှော်ပီဆရာသိန်းရေးသားသော "'ပညာယှိကြီများအကြောင်း"'၌ ဖော်ပြပါရှိသည်။ [၁]

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)