ဝန်ထမ်းရေးရာဦးစီးဌာနသည် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏လက်အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်ပြီး တည်ဆဲဝန်ထမ်းဆိုင်ရာ ဥပဒေနည်းဥပဒေများ၊ စည်းမျဉ်းများ၊ လုပ်ထုံး လုပ်နည်းများနှင့် ညွှန်ကြားချက်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ စီမံခန့်ခွဲရန်၊ ဝန်ထမ်းတက္ကသိုလ်များနှင့် ဝန်ထမ်းအဖွဲ့အစည်းများတွင် ဖွင့်လှစ်သည့် ဌာနဆိုင်ရာသင်တန်းများ၌ ဝန်ထမ်းသမိုင်း၊ ဝန်ထမ်းများ၏ တာဝန်နှင့် ရပိုင်ခွင့်များဆိုင်ရာ စည်းမျဉ်းများ၊ ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေး၊ ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ နည်းဥပဒေများနှင့် ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု ဘာသာရပ်များကို ဆွေးနွေးပို့ချရန်၊ ဝန်ထမ်းရေးရာ စာရင်းအင်းနှင့် ဝန်ထမ်းမှတ်တမ်းများ စုဆောင်း ထိန်းသိမ်းထားရှိရန်၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သုတေသနပြုရန်နှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အား အထောက်အကူပြုရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

အုပ်ချုပ်ရေးယန္တရား ပြန်လည်ဖွဲ့စည်းရေး၊ ဝန်ထမ်းများအား ခေတ်မီသော ပြည်သူ့အုပ်ချုပ်ရေး ပညာရပ်များ လေ့ကျင့် ပညာပေးရေးလုပ်ငန်းများကို ဌာနတစ်ခုမှ စုစည်းအကောင်အထည်ဖော် တွန်းအားပေး ဆောင်ရွက်နိုင်ရေးတို့အတွက် ဤဦးစီးဌာနကို ၁၉၅၅ ခုနှစ်တွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်၌ ပြည်သူ့အုပ်ချုပ်ရေးဌာန အဖြစ် စတင် ဖွဲ့စည်းခဲ့သည်။ ပြည်သူ့အုပ်ချုပ်ရေးဌာန၏ လုပ်ငန်းများမှာ ဝန်ထမ်းဌာန အဖွဲ့အစည်းအားလုံးနှင့် ပတ်သက်သည့်လုပ်ငန်းရပ်များ ဖြစ်သဖြင့် ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဤဦးစီးဌာနကို ၁၉၅၈ ခုနှစ်တွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်မှ ဝန်ကြီးချုပ်ရုံး၏ တိုက်ရိုက်ကွပ်ကဲမှုအောက်သို့ လွှဲပြောင်းထားရှိခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အုပ်ချုပ်ရေးစနစ်သစ် ဖော်ထုတ်ခြင်းနှင့် စပ်လျဉ်းသည့် တော်လှန်ရေးကောင်စီ၏ ၁၅-၃-၁၉၇၂ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၉၇)အရ ဝန်ကြီးချုပ်ရုံးအောက်ရှိ ပြည့်သူ့အုပ်ချုပ်ရေးဌာနအား ၎င်း၏ လုပ်ငန်းများအပြင် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနက တာဝန်ခံ ဆောင်ရွက်ခဲ့သော ဝန်ထမ်းစည်းမျဉ်းကဏ္ဍနှင့် ပတ်သက်သည့် လုပ်ငန်းရပ်များကို တာဝန်ယူ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူ့ဝန်ထမ်းရေးရာဦးစီးဌာန အဖြစ်ပြုပြင်ဖွဲ့စည်းပြီး ပြည်ထဲရေး ဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုအောက်သို့ ပြန်လည်ပြောင်းလဲ ထားရှိခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ပြည်သူ့ဝန်ထမ်းရေးရာဦးစီးဌာနကို ဦးစီးဌာနအဆင့် (၁)အဖြစ် သတ်မှတ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်ကောင်စီ၏ ၁၉၇၇ ခုနှစ် မတ်လ ၃၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၂၈/၇၇ အရ ဦးစီးဌာနအမည်ကို ဝန်ထမ်းရေးရာဦးစီးဌာနအဖြစ် သတ်မှတ်ကာ နိုင်ငံတော်ကောင်စီအောက်သို့ လွှဲပြောင်းပေးခဲ့ပြီး ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၏ အုပ်ချုပ်ကွပ်ကဲမှုအောက်တွင် ထားရှိခဲ့သည်။ ထို့နောက် ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပသော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အစည်းအဝေးအမှတ် ၈/၈၈ ဆုံးဖြတ်ချက်အရ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့မှ စ၍ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အောက်သို့ လွှဲပြောင်းရောက်ရှိခဲ့သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၈ ရက်စွဲပါ ဥပဒေအမှတ် ၂၄/၂၀၁၀ ဖြင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ဥပဒေ (၁၉၇၇ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် ၄) ကို ရုပ်သိမ်းခဲ့သည်။ ၁၉၅၅ မှ ယနေ့အထိ ဦးစီးဌာနအား ဌာနအကြီးအကဲ (၁၁)ဦးမှ အဆင့်ဆင့် တာဝန်ယူ အုပ်ချုပ်ခဲ့သည်။ ဝန်ထမ်းရေးရာဦးစီးဌာနသည် လုပ်ငန်းတာဝန်များကို နေပြည်တော်တွင် ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစ၍ စတင် ဆောင်ရွက်ခဲ့သည်။ [၁]

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ဝန်ထမ်းရေးရာဦးစီးဌာနအား ညွှန်ကြားရေးမှူးချုပ်က ဌာနအကြီးအကဲအဖြစ် တာဝန်ယူပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (၁)ဦး၊ ညွှန်ကြားရေးမှူး (၃)ဦး၊ ဒုတိယညွှန်ကြားရေးမှူး (၃)ဦးနှင့် လက်ထောက် ညွှန်ကြားရေးမှူး(၆)ဦးတို့အပါအဝင် အရာထမ်း (၂၃)ဦး၊ အမှုထမ်း (၁၀၀)ဦး၊ စုစုပေါင်း (၁၂၃)ဦးဖြင့် ဖွဲ့စည်းထားသည်။ ဦးစီးဌာနတွင် ဌာနခွဲ (၃)ခုဖြင့် လုပ်ငန်းတာဝန်များကို ခွဲဝေဆောင်ရွက်လျက်ရှိသည်။ ယင်းဌာနခွဲများမှာ-

  • ဌာနခွဲ(၁)၊ စီမံခန့်ခွဲရေးဌာနခွဲ၊
  • ဌာနခွဲ(၂)၊ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းဌာနခွဲ၊
  • ဌာနခွဲ(၃)၊ သုတေသန၊ လေ့ကျင့်ရေးနှင့် ဝန်ထမ်းမှတ်တမ်းဌာနခွဲ တို့ဖြစ်သည်။[၂]

လုပ်ငန်းတာဝန်များ ပြင်ဆင်ရန်

ဝန်ထမ်းရေးရာဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[၃]

  • မြို့ပြဝန်ထမ်းများအား ခွင့်ပေးခြင်း၊ လစာနှင့်စရိတ် ခံစားခွင့်၊ ဉာဏ်ပူဇော်ခနှင့် အခကြေးငွေ ချီးမြှင့်ခြင်း၊ ပြင်ပဝန်ထမ်းစည်းကမ်းချက်များဖြင့် လွှဲပြောင်းတာဝန်ထမ်းဆောင်ခြင်း၊ အလုပ်ကူးပြောင်းချိန်၊ နှစ်တိုးနှင့်ကြိုတင်နှစ်တိုးခွင့်ပြုခြင်းစသော ဝန်ထမ်းမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် မြို့ပြဝန်ထမ်းစည်းမျဉ်းများ၊ မူလအခြေခံနည်းဥပဒေများ၊ နောက်ဆက်တွဲနည်းဥပဒေများ၊ ခွင့်ဆိုင်ရာ နည်းဥပဒေများ၊ အငြိမ်းစားယူမှုဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ဆုံးဖြတ်ချက် ရယူဆောင်ရွက်ခြင်း၊
  • စည်းကမ်းထိန်းသိမ်းရေးနှင့် အယူခံနည်းဥပဒေ၊ အစိုးရဝန်ထမ်းများကျင့်ဝတ်နည်းဥပဒေနှင့် ဌာနဆိုင်ရာ အရေးယူအပြစ်ပေးခြင်းဆိုင်ရာ စည်းမျမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဆုံးဖြတ်ချက်ရယူ ဆောင်ရွက်ခြင်း။
  • ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများသတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ်နိုင်ရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့အား အထောက်အကူ ပြုခြင်း။
  • ဝန်ထမ်းအဖွဲ့အစည်းများက မေးမြန်းလာသည့် ဝန်ထမ်းရေးရာကိစ္စရပ်များကို လေ့လာစိစစ်ပြီး တည်ဆဲ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်ကြားနိုင်ရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဆုံးဖြတ်ချက်ရယူ ဆောင်ရွက်ခြင်း။
  • ပြည်ထောင်စုရာထူးဝန်အဖွဲ့ကသာ ရွေးချယ်ရန် သတ်မှတ်ထားသော ရာထူးအဆင့်မှအပ ကျန်ရာထူးအဆင့်ရှိ ဝန်ထမ်းများအား အဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများက ရွေးချယ်ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဆုံးဖြတ်ချက် ရယူဆောင်ရွက်ခြင်း။
  • လိုအပ်သော ဝန်ထမ်းဥပဒေ၊ ဝန်ထမ်းဆိုင်ရာ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ပြန်နိုင်ရေးအတွက် အထောက်အကူပြုခြင်း။
  • ဝန်ထမ်းများအား အရေးယူခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မှတ်တမ်းများကို စနစ်တကျထိန်းသိမ်း ထားရှိခြင်း။
  • ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သုတေသန ပြုလုပ်ခြင်း။
  • ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဝန်ထမ်းဆိုင်ရာ နည်းဥပဒေများ၊ စည်းမျဉ်းများနှင့် ပတ်သက်၍ တည်ဆဲပြဋ္ဌာန်းချက်များအား ဌာနဆိုင်ရာ သင်တန်းများတွင် ပို့ချပေးခြင်း။
  • ဝန်ထမ်းနှင့် သက်ဆိုင်သည့် စာရင်းများပြုစုခြင်း။
  • ပြည်ထောင်စုရာထူးဝန်အဖွဲ့က အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ဆောင်ရွက်ခြင်း။

စီမံခန့်ခွဲရေးဌာနခွဲ၏လုပ်ငန်းတာဝန်များ ပြင်ဆင်ရန်

ဌာနခွဲ(၁) စီမံခန့်ခွဲရေး စီမံရေးရာဌာနခွဲ၏ လုပ်ငန်းတာဝန်များ အောက်ပါအတိုင်း ဖြစ်သည်။

  • ဦးစီးဌာန၏ နှစ်စဉ် ငွေလုံးငွေရင်းအသုံးစရိတ်၊ သာမန် ရသုံးမှန်းခြေငွေစာရင်းနှင့် ဝန်ထမ်းအင်အား စီမံကိန်းများကို ရေးဆွဲ၍ သက်ဆိုင်ရာ အဖွဲ့အစည်းသို့ တင်ပြခြင်း။
  • ဦးစီးဌာန၏ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ဦးစီးဌာန၏ ခွဲဝေချထားငွေနှင့် အရအသုံးဆိုင်ရာ ငွေစာရင်းများကို စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်း။
  • ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိရေးအတွက် လိုအပ်သော ပစ္စည်းပစ္စယများကို ထောက်ပံ့ကူညီပေးခြင်း။
  • ဦးစီးဌာနပိုင် ရုံးသုံးပရိဘောဂများ၊ မော်တော်ယာဉ်များ၊ စာရေးကိရိယာများကို စနစ်တကျ ကိုင်တွယ်သုံးစွဲရေးဆိုင်ရာ စီမံခန့်ခွဲရေးနှင့် ရုံးအဆောက်အဦးလုံခြုံရေး၊ ပြုပြင်ထိန်းသိမ်းရေး ကိစ္စများကို ဆောင်ရွက်ခြင်း။
  • ဝန်ထမ်းအားလုံးနှင့် သက်ဆိုင်သည့် အစည်းအဝေးများ၊ တွေ့ဆုံဆွေးနွေးပွဲများနှင့် ပညာပေး သင်တန်းများ ပြုလုပ်ရာတွင် အထောက်အကူပြုခြင်း။
  • ဦးစီးဌာန ဝန်ထမ်းများ၏ အရည်အချင်း တိုးတက်မြင့်မားရေးအတွက် ပြည်တွင်း/ ပြည်ပ လေ့ကျင့်ရေးသင်တန်းများ၊ ဆွေးနွေးပွဲများသို့ တက်ရောက်နိုင်ရေးနှင့် လေ့လာရေးခရီး စေလွှတ်ရေးတို့အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးခြင်း။
  • ဦးစီးဌာနရှိ ဝန်ထမ်းများ စည်းကမ်းထိန်းသိမ်းရေး ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ခြင်း။
  • ဦးစီးဌာနရှိ ဝန်ထမ်းများ၏ သက်သာချောင်ချိရေး ကိစ္စရပ်များကို စီစဉ်ဆောင်ရွက်ပေးခြင်း။

ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းဌာနခွဲ၏ လုပ်ငန်းတာဝန်များ ပြင်ဆင်ရန်

ဌာနခွဲ (၂)၊ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းဌာနခွဲ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်းဖြစ်သည်။

  • ဝန်ထမ်းဆိုင်ရာ ဥပဒေများကို ခေတ်နှင့်အညီ အသစ်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း လုပ်ငန်းများအတွက် အထောက်အကူပြုခြင်း။
  • ဝန်ထမ်းဆိုင်ရာ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို လေ့လာစိစစ်၍ ဝန်ထမ်းဆိုင်ရာဥပဒေနှင့် လိုက်လျောညီထွေဖြစ်စေရန် အသစ်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ရေးဆွဲခြင်း လုပ်ငန်းများအတွက် အထောက်အကူပြုခြင်း။
  • ဝန်ထမ်း အဖွဲ့အစည်းအသီးသီးရှိ ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေး ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်း များနှင့်အညီဖြစ်စေရန် အထောက်အကူပြုခြင်း။
  • ဝန်ထမ်းအဖွဲ့အစည်းများက မေးမြန်းလာသည့် ဝန်ထမ်းရေးရာကိစ္စရပ်များကို လေ့လာစိစစ်ပြီး တည်ဆဲစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်ကြားနိုင်ရေးအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ဆုံးဖြတ်ချက်ရယူဆောင်ရွက်ခြင်း။
  • ဝန်ထမ်းအဖွဲ့အစည်းများက ဝန်ထမ်းရေးရာကိစ္စရပ်များဖြစ်သည့် လစာနှင့်နှစ်တိုးသတ်မှတ်ခြင်း၊ ကူးပြောင်းချိန်ကာလသတ်မှတ်ခြင်း၊ ဉာဏ်ပူဇော်ခနှင့် အခကြေးငွေချီးမြှင့်ခြင်းနှင့် ပြင်ပဝန်ထမ်းမှု ဆိုင်ရာကိစ္စရပ်များ စသည်တို့ကို ညှိနှိုင်းအကြံပေး ဆောင်ရွက်ပေးခြင်း။
  • ဝန်ထမ်းအဖွဲ့အစည်းများ၌ ဝန်ထမ်းများအားခွင့်ပေးရာတွင် မြန်မာနိုင်ငံ ခွင့်ပေးရေးနည်းဥပ‌ေဒများနှင့် အညီဖြစ်စေရန် အထောက်အကူပြုခြင်း။
  • ဝန်ထမ်းအဖွဲ့အစည်းများက ဝန်ထမ်းများအား ဌာနဆိုင်ရာ အရေးယူအပြစ်ပေးရာတွင် သက်ဆိုင်ရာ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်စေရန် အထောက်အကူပြုခြင်း။
  • အယူခံဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ ဝန်ထမ်းအဖွဲ့အစည်းများမှ မေးမြန်းညှိနှိုင်းလာသည်များကို တည်ဆဲပြဋ္ဌာန်းချက်များနှင့်အညီ ရှင်းလင်းပြန်ကြားပေးခြင်း။
  • ဌာနဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်း၊ ပြစ်ဒဏ်၏ အကျိုးသက်ရောက်မှုနှင့် ပြန်လည်ခန့်ထားခြင်းတို့နှင့် စပ်လ‌ျဉ်း၍ အကြံဉာဏ်နှင့် သဘောထားမှတ်ချက်များ ပေးခြင်း။
  • ရာထူးမှ ခေတ္တချထားခြင်း၊ တာဝန်မှယာယီရပ်ဆိုင်းခြင်း၊ ဝန်ထမ်းဟောင်းများအား ပြန်လည်ခန့်ထားခြင်းတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာနည်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီ အကြံပြု ပြန်ကြားနိုင်ရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဆုံးဖြတ်ချက်ရယူ ဆောင်ရွက်ခြင်း။
  • ဝန်ထမ်းကျင့်ဝတ်နှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်၊ အမိန့်နှင့် လုပ်ထုံးလုပ်နည်းအသစ်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ထုတ်ပြန်နိုင်ရေးအတွက် လေ့လာပြုစုတင်ပြခြင်း။
  • ဝန်ထမ်းတက္ကသိုလ်များနှင့် ဝန်ထမ်းအဖွဲ့အစည်းများက ဖွင့်လှစ်သော ဌာနဆိုင်ရာသင်တန်းများတွင် ဝန်ထမ်းရေးရာဘာသာရပ်များကို ပို့ချ‌ပေးခြင်း။

သုတေသန၊ လေ့ကျင့်ရေးနှင့် ဝန်ထမ်းမှတ်တမ်း ဌာနခွဲ၏ လုပ်ငန်းတာဝန်များ ပြင်ဆင်ရန်

ဌာနခွဲ(၃) သုတေသန၊ လေ့ကျင့်ရေးနှင့် ဝန်ထမ်းမှတ်တမ်း ဌာနခွဲ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဝန်ထမ်းရေးရာ သုတေသနလုပ်ငန်းများနှင့် လေ့ကျင့် ပညာပေးရေးဆိုင်ရာလုပ်ငန်းများ ခေတ်မီတိုးတက်စေရေးအတွက် သုတေသနပြု တင်ပြခြင်း။
  • နိုင်ငံတော်၏ မူဝါဒလမ်းစဉ်နှင့်အညီ ခေတ်မီစီမံခန့်ခွဲမှု နည်းစနစ်များကို ကျင့်သုံးပြီး နိုင်ငံတော်၏ အကျိုးစီးပွားကို ထိရောက်စွာ အထောက်အကူပြု အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ဝန်ထမ်းအဖွဲ့အစည်းများ ပေါ်ထွန်းလာစေရေးအတွက် အပြည်ပြည်ဆိုင်ရာ စီမံခန့်ခွဲမှုနည်းစနစ်များကို သုတေသနပြု၍ လေ့လာတင်ပြခြင်း။
  • ဦးစီးဌာနအတွင်း ဝန်ထမ်းများ၏ အရည်အချင်း မြှင့်တင်ရန်ကိစ္စနှင့် ပတ်သက်၍ အမြဲတစေ နည်းလမ်းရှာဖွေ တင်ပြခြင်း။
  • ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ ဝန်ထမ်းများ၏ ရာထူးအဆင့်အလိုက် စာရင်းဇယားများနှင့် ကိုယ်ရေးဖြစ်စဉ်မှတ်တမ်းများကို ခေတ်မီနည်းစနစ်အရ စနစ်တကျ ထိန်းသိမ်းနိုင်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ခြင်း။
  • ဝန်ထမ်းအဖွဲ့အစည်းအသီးသီးက ရာထူးမှထုတ်ပယ်ခြင်းနှင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်းခံရသူ ဝန်ထမ်းများ၏စာရင်းကို မှတ်တမ်းတင်ထိန်းသိမ်းခြင်း။
  • ဝန်ထမ်းရေးရာဦးစီးဌာန၏ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များကို စဉ်ဆက်မပြတ် မှတ်တမ်းတင် ထိန်းသိမ်းခြင်း။
  • ဝန်ထမ်းရေးရာ သုတေသနလုပ်ငန်းများနှင့် လေ့ကျင့်ပညာပေးရေးဆိုင်ရာ လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း။
  • ဝန်ထမ်းကျင့်ဝတ်နှင့် စည်းကမ်းများ၊ ဌာနဆိုင်ရာအရေးယူခြင်း၊ အပြစ်ပေးခြင်း၊ အယူခံဆိုင်ရာ ပြဋ္ဌာန်းချက်များကို ခေတ်စနစ်နှင့် ညီညွတ်စေရန် အခါအားလျော်စွာ ပြင်ဆင်နိုင်ရေးအတွက် အချက်အလက်များ ရှာဖွေစုဆောင်းခြင်း၊ လေ့လာသုံးသပ်ခြင်းနှင့် သုတေသနပြုလုပ်ငန်းများကို ဆောင်ရွက်ခြင်း။
  • ဝန်ထမ်းတက္ကသိုလ်များနှင့် ဝန်ထမ်းအဖွဲ့အစည်းများက ဖွင့်လှစ်သော ဌာနဆိုင်ရာသင်တန်းများတွင် ဝန်ထမ်းရေးရာ ဘာသာရပ်များကို ပို့ချ‌ပေးခြင်း။

လေ့ကျင့်ရေး ပြင်ဆင်ရန်

နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများသည် မိမိတို့ဌာနမှ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် အရာထမ်း၊ အမှုထမ်းများ၏ အရည်အသွေး တိုးတက်မြင့်မားရေးအတွက် ဌာနတွင်း မွမ်းမံသင်တန်းများကို ဖွင့်လှစ်လျက်ရှိရာ ဌာနအဖွဲ့အစည်းများ၏ မေတ္တာရပ်ခံချက်အရ အဆိုပါသင်တန်းများတွင် ဝန်ထမ်းများနှင့်ပတ်သက်သည့် အောက်ပါဘာသာရပ်များကို သွားရောက်ဆွေးနွေးပို့ချပေးနေသည်။[၄]

  • နိုင်ငံ့ဝန်ထမ်းသမိုင်း
  • ဝန်ထမ်းစည်းမျဉ်း
  • ဝန်ထမ်းစည်းကမ်း
  • ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု

ထို့အပြင် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် အောက်ပါဘာသာရပ်များကို ဆွေးနွေးပို့ချပေးနေသည်။

  • နိုင်ငံဝန်ထမ်းသမိုင်း
  • ဝန်ထမ်းစည်းမျဉ်းနှင့်စည်းကမ်း
  • ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု
  • ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Good Governance)

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

အကိုးအကား ပြင်ဆင်ရန်

  1. ဦးစီးဌာနသမိုင်း။ ပြည်ထောင်စုရာထူးဝန်အဖွဲ့။ ၂၀၁၄-၁၀-၂၁ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ဖွဲ့စည်းခြင်း။ ပြည်ထောင်စုရာထူးဝန်အဖွဲ့။ ၂၀၁၄-၁၀-၂၁ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. လုပ်ငန်းတာဝန်များ။ ပြည်ထောင်စုရာထူးဝန်အဖွဲ့။ ၂၀၁၄-၁၀-၂၁ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  4. လေ့ကျင့်ရေး။ ပြည်ထောင်စုရာထူးဝန်အဖွဲ့။ ၂၀၁၄-၁၀-၂၁ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]