ဝါဒ၊ ဝါဒီ (Ism)

မြန်မာနိုင်ငံမှာ မော်ဒန်ဝါဒ (Modernism)၊ ပို့စ်မော်ဒန်ဝါဒ (Post-modernism)၊ Constructionism, Deconstructionism, Structuralism, Poststructuralism စတာတွေကို စာပေ၊ ကဗျာ သဘောတရား နဲ့ ဝေဖန်ရေးသုံးလောက်ပဲ ဘောင်ကျဉ်းကျဉ်း မှတ်ထင်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဝါဒတွေကို စတင်မိတ်ဆက်ခဲ့စသူများက စာပေဘောင်ထဲက စတင်ခဲ့တာမို့ပါ။

ဒီလိုဘောင်ကျဉ်းကျဉ်းမှတ်ထင်ခြင်းဟာ မလိုလားအပ်တဲ့ စွပ်စွဲ၊ အပြစ်တင်မှုမျိုးတွေ ပေါ်ပေါက်စေပါတယ်။ ဥပမာ အနောက်ကို ပုံတူကူးချတယ်၊ ဒါတွေကူးချပြီး ကိုယ့်ကိုယ်ကို ခေတ်မီတယ် ထင်နေတယ် စသဖြင့်။ ဒီလို အစပျိုးပုံ မလှတာကြောင့် တချို့အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်များကတောင် ဒီဝါဒတွေဟာ အသိဉာဏ်ကို ပိတ်ဆို့စေတဲ့ မှိုင်းတွေလို့ အထင်ရှိမျိုး တွေ့ရပါတယ်။

တကယ်တော့ ဒီဝါဒတွေဟာ သူ့နယ်ပယ်၊ သူ့အသုံးချမှုနဲ့သူ အသိဉာဏ်ကို ပွင့်စေတဲ့၊ အသုံးဝင်တဲ့ ဝါဒတွေဖြစ်ပါတယ်။ စာပေသဘောတရားနဲ့ ဝေဖန်ရေးမှာ ဒီဝါဒတွေကို ဆရာဇော်ဇော်အောင်၊ မင်းခက်ရဲ စသူတို့က စတင်ဖွင့်ဆို မိတ်ဆက်ခဲ့ပါတယ်။ ဒီဝါဒတွေထဲက တချို့ကို ဆရာမောင်စူးစမ်း၊ ဆရာကျော်ဝင်းတို့က နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်တွေမှာ စတင်လမ်းကြောင်း မိတ်ဆက်ခဲ့ပါတယ်။ ဒီဝါဒတွေ ဖြစ်တည်စ ကာလတုန်းက သူ့နယ်ပယ်နဲ့သူ ဆိုတာတော့ မေ့ထားလို့ မရပါဘူး။ နောက်ပိုင်း အသုံးချမှုအပေါ်မူတည်ပြီး နယ်ပယ် ကျယ်လွင့်သွားတာဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုသိပ္ပံ၊ ဖွံဖြိုးရေး၊ ဘောဂဗေဒ၊ နိုင်ငံရေးဘောဂဗေဒ၊ နိုင်ငံရေးဂေဟဗေဒ စတဲ့ ပညာရပ်တွေကို နိုင်ငံတကာစံချိန်နဲ့ သင်တော့၊ လေ့လာတော့မယ်ဆိုရင် ဒီဝါဒဘောင်တွေထဲက ပြေးမလွတ်ပါဘူး။ Poststructuralism ဟာ ဖွံဖြိုးရေးစီမံကိန်းတွေ၊ NGO တွေရဲ့ စီမံခန့်ခွဲပုံတွေကို ဝေဖန်ဆန်းစစ်ရာမှာ ပြောင်မြောက်လှတာကို တွေ့ရပါမယ်။ ထို့အတူ Constructionism ဟာ လူမျိုးစုများရဲ့စရိုက် သင်္ကေတ၊ ကျားမ ကွဲပြားမှု (Gender) စတာတွေကို လေ့လာရာမှာ အသုံးဝင်တာ တွေ့ရပါလိမ့်မယ်။


(အမ်.အမ်.သင်ကာမှ ပံ့ပိုးကူညီသည်။)